၁၇ လ ဆက်တိုက် ကျဆင်းခဲ့သည့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ဆက်လက်ရှိနေဆဲ စီးပွားရေးဆိုင်ရာဖိအားများ

၁၇ လ ဆက်တိုက် ကျဆင်းခဲ့သည့် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်ရေးကဏ္ဍနှင့် ဆက်လက်ရှိနေဆဲ စီးပွားရေးဆိုင်ရာဖိအားများ
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင်  လုပ်ငန်းခွင်မှပြန်လာကြသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ သီဟအောင်)
ရန်ကုန်မြို့ စက်မှုဇုန်တစ်ခုတွင်  လုပ်ငန်းခွင်မှပြန်လာကြသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ သီဟအောင်)
Published 6 February 2022
နီလာ

၂၀၁၇-၂၀၁၉ ခုနှစ်ကာလ အတွင်း မြန်မာနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း (GDP) သည် ယေဘုယျအားဖြင့် တစ်နှစ်လျှင် ၆ ဒသမ ၃ ရာခိုင်နှုန်း ပုံမှန်ရှိခဲ့ရာမှ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၃ ဒသမ ၂ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးလေ့လာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။

၂၀၂၁ ခုနှစ်တွင် ကပ်ရောဂါနှင့် ပြည်တွင်း၌ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအခြေအနေများကြောင့် အနုတ် ၁၈ ရာခိုင်နှုန်းသို့ ရောက်ရှိခဲ့သည်။

၂၀၂၂ ခုနှစ်တွင် အနိမ့်ဆုံးစီးပွားရေး နာလန်ထူလာမည့်အရိပ် လက္ခဏာဖြင့် GDP မှာ တစ်ရာခိုင်နှုန်းသို့ ရောက်လာမည်ဟု ကမ္ဘာ့ဘဏ်က ခန့်မှန်းထားသည်။

အဆိုပါမျှော်မှန်းချက်သည် လတ်တလောကာလ ကိုဗစ်-၁၉  ရောဂါကူးစက်ပြန့်ပွားမှုလှိုင်းသစ် (များ)၊ ပဋိပက္ခများ၏ ကျယ်ပြန့်မှုနှင့် သက်ရောက်မှု၊  နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေး ကဏ္ဍအခက်အခဲများ ဆက်လက်တည်ရှိမှု အနိမ့်အမြင့်တို့နှင့်အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အင်တာနက်ဝန်ဆောင်မှု ကဲ့သို့သော အတားအဆီးအခက်အခဲများအပေါ် မူတည်လိမ့်မည်ဖြစ်သည်။

ယင်းမျှော်မှန်းချက်သည် နောင်လာမည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင်  တည်ငြိမ်လာသည့်လက္ခဏာများ ဆက်လက်တည်ရှိနေမည် ဟူ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့်ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်း မရှိဟူ၍လည်းကောင်း စသည့်ယူဆချက်များအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏  ကုန်ထုတ်လုပ်ငန်းများနှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၁ ရက်က ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers’ Index) စစ်တမ်းတွင်မူ ၂၀၂၂ ခုနှစ်၏ အဖွင့်လဖြစ်သည့် ဇန်နဝါရီတွင် မြန်မာနိုင်ငံ၏ထုတ်လုပ်ရေးကဏ္ဍအတွင်း လုပ်ကိုင်မှုအခြေအနေများ ပိုမိုမြန်ဆန်စွာ ဆုတ်ယုတ်လာကြောင်း ဖော်ပြထားသည်။

“၂၀၂၂ ခုနှစ်ရဲ့အဖွင့်လက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍအတွင်း ရုန်းကန်ရမှုတွေနဲ့ PMI မှာ ၁၇ လဆက်တိုက် ကျဆင်းမှုနယ်ပယ်ထဲမှာရှိနေခြင်းကို ဆက်ညွှန်ပြလိုက်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုက ထုတ်လုပ်မှုနဲ့ ပြည်တွင်းဝယ်လိုအားကို ထပ်မံခြိမ်းခြောက်နေကာ လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ ကုန်ကြမ်းပစ္စည်း ရှားပါးမှုတွေကြောင့် လက်ကျန်အလုပ်များ စံချိန်တင်စုစည်းလာစေခဲ့ပါတယ်။ ထည့်ကုန်တွေ ရှားပါးနေတာ၊ ပို့ဆောင်ခနှုန်းတွေ မြင့်တက်လာတာနဲ့ ဒေါ်လာနဲ့ယှဉ်ရင် ကျပ်ငွေနှုန်း ကျဆင်းလာနေခြင်းတို့က စျေးနှုန်းရဲ့ဖိအားပေးမှုများမှာ မြင့်မားလျက်ကျန်ရှိနေပါတယ်” ဟု IHS Markit ၏ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

နိုင်ငံရေးအခြေအနေက ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များကို ထိခိုက်စေနေပြီး လျှပ်စစ်မီးပြတ်တောက်မှုများ၊ ကုန်ကြမ်းရှားပါးမှုများနှင့် ငွေသားပြတ်တောက်မှုများကို ကုမ္ပဏီများက မကြာခဏ ထောက်ပြနေကြသည်။

အကျိုးဆက်အနေဖြင့် လက်ကျန်အလုပ်များမှာ ဒေတာကို စုစည်းလာခဲ့သည့် ခြောက်နှစ်ကျော်ကာလအတွင်း အများဆုံးနှုန်းဖြင့် မြင့်တက်လာခဲ့ချိန်မှာ ပြင်းထန်သည့် ကြန့်ကြာမှုများ ရှိမြဲရှိနေခဲ့သည်ဟုလည်း စစ်တမ်းတွင် ဖော်ပြထားသည်။

အပြုသဘောဆောင်သည့်အချက်အဖြစ် ဖော်ပြရလျှင် ကုမ္ပဏီများက အလုပ်သမားဦးရေကို တစ်လချင်း ယှဉ်ကြည့်လျှင် တိုးခန့်ခဲ့ကြောင်း အစီရင်ခံခဲ့ကြပြီး အနာဂတ်ဆီကို အကောင်းမြင်နေကြကြောင်း အတည်ပြုကြသည်ဟု ဆိုသည်။

စျေးနှုန်းများနှင့်ပတ်သက်လျှင်  အခြေမသာသည့် ငွေလဲလှယ်နှုန်းများ၊ ကုန်ကြမ်းရှားပါးမှုနှင့် ပို့ဆောင်ခများ မြင့်တက်လာခြင်းက ကုန်ကျစရိတ်များကို မြှင့်တင်ရန်  ဖိအားပေးမှုများ ဖြစ်လာကြသည်။ မိမိတို့၏အမြတ်အစွန်းများကို ကာကွယ်သည့်အနေနှင့် ကုမ္ပဏီများက ရောင်းစျေးများကို အရှိန်ဖြင့် မြှင့်တင်ခဲ့ကြသည်။

အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း-ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် တစ်ခုတည်းသော ကိန်းဂဏန်းကို ဇန်နဝါရီတွင် ၄၈ ဒသမ ၅ ၌ မှတ်တမ်းတင်ခဲ့ရာ ဒီဇင်ဘာ ၏ ၄၉ ဒသမ ၀ ထက် မသိမသာနိမ့်ကျသွားခဲ့ပြီး ၁၇ လဆက်တိုက် အပြောင်းအလဲမရှိ အမှတ် ၅၀ အောက်တွင်သာ ရှိနေသည်။

သို့သော် ယခု နောက်ဆုံးကျဆင်းမှုမှာ ဒသမဂဏန်းမျှသာရှိခဲ့ပြီး လက်ရှိကျဆင်းမှုအစဉ်ထဲတွင် ဒုတိယ အားအပျော့ဆုံးဖြစ်သည်။

ဆုတ်ယုတ်မှုအတွက် အဓိကအကျဆုံးမှာ ထုတ်လုပ်မှုပမာဏများ ထပ်မံကျဆင်းမှုဖြစ်သည်။ အချို့သော ကုမ္ပဏီများက ထုတ်လုပ်မှု တိုးလာခြင်းကို မှတ်တမ်းတင်ခဲ့ကြသော်လည်း အခြားသူတို့ကမူ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် ထည့်ကုန်ဝယ်ယူမှုအခက်အခဲများကိုထောက်ပြလျက် ထုတ်လုပ်မှုကျလာကြောင်း ဆိုကြသည်။

အလားတူပင် မြန်မာကုန်စည်ထုတ်လုပ်သူတို့ ရရှိခဲ့ကြသည့် အော်ဒါအသစ်များပါ ၁၇ လဆက်တိုက် ကျဆင်းလာခဲ့ပြီး သုံးလအတွင်း ကျဆင်းနှုန်း အများဆုံးဖြစ်သည်။ စျေးဝယ်များ၏ ဘဏ္ဍာရေးပြဿနာများ နှင့် နိုင်ငံရေးမတည်ငြိမ်မှုများက ပြည်တွင်းစျေးကွက်ရှိ ဝယ်လိုအားအပေါ် ဖိစီးနေကြသည်။

ထုတ်လုပ်မှုနှင့်အော်ဒါအသစ်များ ထပ်မံကျဆင်းလာနေသောကြောင့် ကုမ္ပဏီများက မိမိတို့၏ ဝယ်ယူမှုများကို ပြန်ထိန်းချုပ်လာကြရသည်။

လက်ရှိအချိန်တွင် ဝယ်ယူမှုများမှာ ၂၃ လဆက်တိုက် ကျဆင်းလာခဲ့ပြီး နောက်ဆုံးကျဆင်းမှုမှာ ပြင်းထန်ကာ ဒီဇင်ဘာထက် အရှိန်ပိုရလာသည်။ ထုတ်လုပ်မှုအကြို လက်ကျန်စာရင်းများပါ ကျဆင်းသွားခဲ့ပြီး မှတ်တမ်းသမိုင်းထဲတွင် အပြင်းထန်ဆုံး ကျဆင်းမှုနှုန်းဖြစ် သည်။

“ဒေတာတွေက စိုးရိမ်စရာ ကဏ္ဍတွေကို ဆက်လက်ဖော်ပြနေပေမဲ့ မျှော်လင့်ချက်လက္ခဏာတွေ လည်းရှိကြပါတယ်။ ကုမ္ပဏီတွေက ထုတ်လုပ်မှုကို တိုးမြှင့်နိုင်မယ်လို့ မျှော်လင့်ချက်နဲ့ အလုပ်သမားဦးရေကို တိုးချဲ့ခဲ့ကြတယ်။ ထုတ်လုပ်မှုနဲ့ အော်ဒါအသစ်တွေထဲက ကျဆင်းမှုမှာ ခြုံပြောရရင် အနည်းမျှသာ ဖြစ်ခဲ့ပါတယ်” ဟု စီးပွားရေးပညာရှင် Shreeya Patel က သုံးသပ်ပြောကြားခဲ့သည်။

ထို့ပြင် ပို့ဆောင်ရေးအခြေအနေများ ခက်ခဲလာခဲ့ခြင်းက ရှိမြဲရှိနေသည့် ကုန်ကြမ်းရှားပါးမှုများနှင့် ပေါင်းမိခြင်းကြောင့် ပစ္စည်းပေးသွင်းသူတို့၏ ပစ္စည်းပေးသွင်းမှုကြာမြင့်ချိန်များမှာ ထပ်ပြီး တိုးလာခဲ့ပြန်သည်။ စင်စစ်တွင် ပစ္စည်းပေးသွင်းသူတို့၏ စွမ်းဆောင်မှုမှာ ခြောက်နှစ်အတွင်း တတိယအားအပျော့ဆုံးဖြစ်သည်။

ပစ္စည်းပေးသွင်းမှုကြန့်ကြာမှုများ၊ ကုန်ကြမ်းပစ္စည်းရှားပါးမှုများနှင့် လျှပ်စစ်မီးပြတ်တောက်မှုများကို  ရင်ဆိုင်နေကြရသည့် မြန်မာနိုင်ငံတွင်း ထုတ်လုပ်ရေးကုမ္ပဏီများသည် မပြီးဘဲ ကျန်ခဲ့သည့်အလုပ်များ စုစည်းလာမှုဆိုင်ရာ စစ်တမ်းစံချိန်အသစ်ကို တင်လိုက်ကြသည်။ သို့ဖြစ်၍ ထုတ်လုပ်မှုအပြီး လက်ကျန်စာရင်းများပါ တစ်ဟုန်ထိုး ကျဆင်းသွားခဲ့သည်။

အလားတူ ကုန်ကြမ်းစျေးများ၊ ပို့ဆောင်ခများနှင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာမှုကို ရည်ညွှန်းခဲ့ကြသည့်အပြင် ဒေါ်လာ-ကျပ်ငွေလဲလှယ်မှုနှုန်း ဆိုးရွားခြင်းကိုပါ ဖော်ပြခဲ့ကြသည်။

ကုမ္ပဏီအချို့က မိမိတို့၏ ရောင်းစျေးများကို ဆယ့်လေးလဆက်တိုက်အဖြစ် မြှင့်ပေးလိုက်ကာ စရိတ်စက ဝန်ထုပ်ဝန်ပိုးများကို တစ်ဆင့် လွှဲချခဲ့ကြကြောင်း ထောက်ပြခဲ့ကြသည်။ ထို့ပြင် ငွေကြေးဖောင်းပွနှုန်းသည် ပြီးခဲ့သည့်အောက်တိုဘာမှစပြီး အနက်ရှိုင်းဆုံးဖြစ်လာကာ စစ်တမ်းသမိုင်းထဲတွင် အများဆုံး ဖြစ်လာသည်။

ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ စားသောက်ကုန်နှင့် လောင်စာဆီစျေးနှုန်းများ မြင့်တက်လာသည့်အတွက် ၂၀၂၂ ခုနှစ် စက်တင်ဘာအထိ တစ်နှစ်အတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၈ ဒသမ ၇ ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု ခန့်မှန်းထားသည်။

ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟူသော ခန့်မှန်းချက်နှင့် ၂၀၂၂ ခုနှစ်တွင် တိုးတက်မှုတစ်ရာခိုင်နှုန်းရှိမည်တို့ကို ပေါင်းစုလိုက်ပါက စီးပွားရေးသည် ၂၀၁၉ ခုနှစ်အဆင့်အတန်းထက် ၁၅ ရာခိုင်နှုန်းခန့် သေးငယ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

စီးပွားရေးဖိအားများ ဆက်လက်တည်ရှိနေခြင်းကြောင့် ထိခိုက်နိုင်ခြေနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အပေါ် ကြီးစွာသက်ရောက်မှုရှိကြောင်း၊ အထူးသဖြင့် မကြာသေးခင်က ရင်ဆိုင်ခဲ့ရသည့်ဖြစ်စဉ်များကြောင့် စုဆောင်းထားသည်များ ကုန်ဆုံးသွားသည့် အောက်ခြေလူတန်းစား ဆင်းရဲသားများအပေါ် များစွာရိုက်ခတ်ကြောင်း၊ ဆင်းရဲမွဲ တေမှုပမာဏသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားခင်ကထက် နှစ်ဆပိုမိုများပြားလာသည်ဟု ခန့်မှန်းကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် လျော့ကျလာခြင်း၊ အလျင်အမြန် ကုန်စျေးနှုန်း ဖောင်းပွလာခြင်းနှင့် ချေးငွေရရှိနိုင်မှုနည်းပါးလာခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံနိုင်မှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းနှင့် ကာလရှည်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်ဖြစ်ပွားခဲ့သည့်အခြေအနေများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ခြေကို အဟန့်အတား ဖြစ်စေလိမ့်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။

ထုတ်လုပ်မှုတိုးချဲ့ရေးစီမံကိန်းများကြောင့် ကုမ္ပဏီများက ဇန်နဝါရီလတွင် ၎င်းတို့၏ အလုပ်သမားဦးရေကို တိုးမြှင့်ခဲ့ကြသည်။ အကောင်းမြင်မှုမှာ သုံးလအတွင်း အနိမ့်ဆုံးတွင် ရှိနေခြင်းက မည်သို့ပင်ဖြစ်စေ၊ ကူးစက်မြန်ကပ်ရောဂါ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ငွေကြေးဖောင်းပွမှု၏ ဖိအားပေးမှုများက ထုတ်လုပ်ရေး မျှော်လင့်ချက်များအပေါ်တွင် ဆက်လက်ဖိစီးနေခြင်းကို ပြသနေသည်ဟု မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers’ Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ကုမ္ပဏီများက ၂၀၂၂ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထုတ်လုပ်ရေးအလားအလာကောင်းများကို ယူဆောင်လာမည်ဟု မျှော်လင့်လိုကြသော်လည်း လတ်တလောတွင် ငွေသားပြတ်တောက်မှုများ၊ ကုန်ကြမ်းမလုံလောက်မှုနှင့် နိုင်ငံရေး မတည်ငြိမ်မှုက နောက်ကို ပြန်ဆွဲလျက်ရှိနေကြောင်း IHS Markit ၏ စီးပွားရေးပညာရှင် Shreeya Patel က ပြောကြားခဲ့သည်။

Most Read

Most Recent