တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်ကြရာတွင် မိမိတို့ တတ်ကျွမ်းသည့် ဘာသာရပ်များအပေါ်တွင် မူတည်ကာ အယူအဆအမျိုးမျိုး ဖြစ်ပေါ်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်ပါသည်။ ထိုကဲ့သို့သော ဘာသာရပ်များမှ အယူအဆ အမျိုးမျိုးကို ပေါင်းစပ်နိုင်စေရေးအတွက် ဆွေးနွေးပွဲ၊ ညှိနှိုင်းပွဲ၊ အပြန်အလှန်ငြင်းခုံပွဲများ ပြုလုပ်ပြီးလျှင် မိမိတို့တိုင်းပြည်နိုင်ငံတော် လျှောက်လှမ်းမည့်လမ်းကြောင်းအတွက် အများသဘောတူ လက်ခံနိုင်စေမည့် ဒီဇိုင်းမိုဒယ်ပုံစံကိုတည်ဆောက်ကြရပါသည်။
စာရေးသူ လေ့လာသင်ယူခဲ့ရသည့် ဘာသာရပ်မှာ စာရင်းအင်းပညာဖြစ်သည့်အတွက် ရရှိနိုင်သည့် Data နှင့် သတင်းအချက်အလက်များအပေါ်တွင် မူတည်ကာ ဒီဇိုင်းမိုဒယ်ပုံစံကို တည်ဆောက်ရသည့် ဘာသာရပ်ဖြစ်ပါသည်။
ဤတွင် နိုင်ငံရေးစနစ်အတွက် တည်ဆောက်မည့် ဒီဇိုင်းမိုဒယ် ပုံစံနှင့် စီးပွားရေးစနစ်အတွက် တည်ဆောက်မည့် ဒီဇိုင်း မိုဒယ်ပုံစံတို့ သဟဇာတဖြစ်ပြီး ကိုက်ညီစေရန် လိုအပ်လာပါသည်။ ထို့ကြောင့် ကမ္ဘာပေါ်တွင် တည်ရှိ ဖြစ်ပေါ်စေခဲ့သည့်၊ ဖြစ်ပေါ်နေဆဲဖြစ်သည့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့၏ အဆက်အစပ်အား တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်မည့်သူများအတွက် မဖြစ်မနေ လေ့လာသင့်သည်ဟု စာရေးသူအနေဖြင့် ယူဆမိပါသဖြင့် စတင်လေ့လာနိုင်စေရေးအလို့ငှာ စာရေးသူ လက်လှမ်းမီသမျှ မိတ်ဆက်တင်ပြနိုင်ရန် ကြိုးစားပြီး တင်ပြပေးခြင်းဖြစ်ပါသည်။
စာဖတ်သူများ သတိပြုမိမည်ဟု ယူဆပါသည်။ မိမိတို့တိုင်းပြည်နိုင်ငံတွင် ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံရေးစနစ်များမှာ သက်ဦးဆံပိုင်ဘုရင်စနစ်၊ ကိုလိုနီအရင်းရှင်စနစ်၊ ပါလီမန်ဒီမိုကရေစီစနစ်၊ စစ်အုပ်ချုပ်ရေးစနစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်စနစ်၊ စစ်အုပ်ချုပ်ရေးစနစ်၊ စစ်မှန်၍ စည်းကမ်း ပြည့်ဝသော ပါတီစုံ ဒီမိုကရေစီ စနစ်စသည်ဖြင့် မည်သို့မျှဆက်စပ်၍ မရနိုင်သည့်၊ မည်သို့မျှ တည်ငြိမ်စွာ ပြောင်းလဲနိုင်ရန် မဖြစ်နိုင်စေသည့် နိုင်ငံရေးစနစ်များကို ရုတ်ခြည်း ပြောင်းလဲကျင့်သုံးစေလျက် ရှိရာ နိုင်ငံရေးစနစ်များနှင့် လိုက်လျောညီထွေ ဖြစ်စေမည့် စီးပွားရေးစနစ်များမှာ မည်သို့မျှတည်ငြိမ်စွာ လိုက်ပါနိုင်ခြင်းမရှိတော့ဘဲ ဗွက်ထလျက်ရှိပြီး ပရမ်းပတာ ဖြစ်ပေါ်လျက် ရှိနေသည်ကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်ပါသည်။
အထက်တွင် ဖော်ပြသကဲ့သို့ နိုင်ငံရေးစနစ်များ ရုတ်ခြည်းပြောင်းလဲခြင်း၏ အကျိုးဆက်များကို တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများမှာ အလူးအလဲ ခါးစည်းပြီး ခံစားကြရပါသည်။ ထိုစဉ်အချိန်အခါက အုပ်ချုပ်ရေးအာဏာကို ရယူထားခဲ့ကြသည့် လူတန်းစား တစ်ရပ်သာ လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်ခဲ့သည့် အခြေအနေ ဖြစ်ပါသည်။ အုပ်ချုပ်ရေးအာဏာကို ရယူထားခဲ့ကြသူများဖြစ်ပါသော်လည်း အာဏာရယူရာတွင် ပါဝင်ခဲ့သော်လည်း ဂုဏ်သိက္ခာဖြင့် ရပ်တည်နိုင်ရန် ကြိုးပမ်းအားထုတ်ခဲ့သူများပင်လျှင် လူမှုဒုက္ခအပေါင်းမှ လွတ်မြောက်နိုင်ခြင်း မရှိခဲ့ပါ။
စာရေးသူအနေဖြင့် တွေးမြင် ယူဆမိသည့်အချက်မှာ အကယ်၍ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်မည့်သူများ (အုပ်ချုပ်ရေး အာဏာသက်သက်အား ရယူထားသူများကို ရည်ညွှန်းခြင်းမပြုပါ) အနေဖြင့် အထက်ဖော်ပြပါအခြေအနေကို သိမြင်နားလည်ပြီး အချိန်မီ ထိန်းသိမ်းနိုင်စေခဲ့ပါက မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူ ပြည်သားများ၏ အသက်ပေါင်းများစွာ သေကျေကြခြင်းမှ ကာကွယ်ရာရောက်စေမည့်အပြင် နိုင်ငံတော်နှင့် နိုင်ငံသားများ ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများ ပျက်စီးခြင်းမှလည်း ကာကွယ်သည့် အဖြစ်သို့ ရောက်ရှိစေနိုင်ပါလိမ့်မည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်မည့် တိုင်းကျိုးပြည်ပြု လူပုဂ္ဂိုလ်ကြီးများအနေဖြင့် တိုင်းပြည်နိုင်ငံတော်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်ကို ရုတ်ခြည်းပြောင်းလဲခြင်းမပြုဘဲ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအား သိမြင်နားလည်ပြီး အလွယ်တကူ လိုက်ပါနိုင်စေရေးအလို့ငှာ တဖြည်းဖြည်းချင်း ပြောင်းလဲကြစေရန်နှင့် ကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ကိုက်ညီစေမည့် စီးပွားရေးစနစ်ကို ပြောင်းလဲ ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအား ရုတ်တရက် လုံးဝပျက်စီးစေခြင်း၊ ဘဝပျက်၊ စီးပွားပျက်မည့် အခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြောင်းလဲကျင့်သုံးမည့် စီးပွားရေးစနစ်သစ်အား အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်စေရေးကို သိမြင်နားလည်ပြီး ဒီဇိုင်းမိုဒယ်ပုံစံကို စနစ်တကျ ချမှတ်ပြဋ္ဌာန်းနိုင်စေရန် ရည်ရွယ်ပါသည်။
ဤတွင် နိုင်ငံရေးစနစ်နှင့် ပတ်သက်သည့် အကြောင်းအရာအချို့ကို ရှင်းလင်းတင်ပြပါမည်။ နိုင်ငံရေးသဘောတရားများသည် ဂရိတို့၏ စံချိန်စံနှုန်းဖြစ်သည့် နိုင်ငံရေးကို အခြေခံသော ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် ရောမတို့၏ စံနှုန်းဖြစ်သည့် နိုင်ငံတော်ကို အခြေခံသော တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပါ၀ါတို့ကို မူလတည်ရှိနေသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများအား အခြေခံကာ ပေါင်းစပ်ကျင့်သုံးသည့် ပုံစံအပေါ် မူတည်ပြီး နိုင်ငံရေးစနစ်များ ဖြစ်ထွန်းပေါ်ပေါက်လာစေခြင်း ဖြစ်ပါသည်။
စီးပွားရေးစနစ်များသည်လည်း ကျင့်သုံးအကောင်အထည် ဖော်ဆောင်ရွက်သည့် နိုင်ငံရေး စနစ်များအပေါ်တွင် မူတည်ကာ လိုက်လျောညီထွေ ပြောင်းလဲကျင့် သုံးကြသကဲ့သို့ တစ်ခါတစ်ရံ နိုင်ငံရေးစနစ်များနှင့် လိုက်လျောညီထွေမဖြစ်ပါသော်လည်း စီးပွားရေးစနစ်များ ပြောင်းလဲလာခြင်းကို လက်ခံကျင့်သုံးသည့် အခြေအနေများကိုလည်း တွေ့ရှိရပါသည်။ အများအားဖြင့် စီးပွားရေးစနစ်များသည် ဂရိတို့၏ နိုင်ငံရေးသဘော တရားထက် ရောမတို့၏ နိုင်ငံတော်နှင့်သက်ဆိုင်သည့် အစိတ်အပိုင်းတွင် အကျုံးဝင်လျက်ရှိနေပြီးလျှင် နိုင်ငံတော် သို့မဟုတ် အစိုးရက ပါဝင်ဆောင်ရွက်မှု အခြေအနေအပေါ်တွင် မူတည်ကာ စီးပွားရေးစနစ်အမျိုးအစားများ ဖြစ်ပေါ်လာစေခဲ့ပါသည်။
ပထမဦးစွာ ကမ္ဘာပေါ်တွင် တည်ရှိဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးစနစ်များနှင့် စီးပွားရေးစနစ်များ၏ အဆက်အစပ် အကျဉ်းချုပ်ကို တင်ပြပါမည်။ စာရေးသူမှာ စီးပွားရေး တက္ကသိုလ်များတွင် လေ့လာသင်ယူခဲ့ရသူတစ်ဦးဖြစ်သည့် အားလျော်စွာ စီးပွားရေးစနစ်များအား စီးပွားရေးပညာဘာသာရပ် တစ်နည်းအားဖြင့် ဘောဂဗေဒဘာသာရပ်တွင် ဖော်ပြထားသည်များကိုအခြေခံကာ လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။ တစ်ခါတစ်ရံ စီးပွားရေး ပညာရှင်ကြီးများ၊ နိုင်ငံရေးပညာရှင်ကြီးများ၏ အမည်များကို အသုံးပြုကာ စီးပွားရေးစနစ်များနှင့် နိုင်ငံရေးစနစ်များ၏ အဆက်အစပ် အကျဉ်းချုပ်ကို လေ့လာတင်ပြသွားမည် ဖြစ်ပါသည်။ သို့သော်လည်း အဆက်အစပ်များ၏ အသေးစိတ်အချက်အလက်များကိုမူ ယခုဆောင်းပါးအဆင့်ဖြင့် တင်ပြနိုင်ရန် မဖြစ်နိုင်ပါ။
နိုင်ငံရေးစနစ်များနှင့် စီးပွားရေးစနစ်များ၏ အဆက်အစပ်ကို အခြေခံကာ စီးပွားရေးစနစ်များကို အောက်ဖော်ပြပါ သုံးမျိုးဖြင့် အလွယ်တကူ ခွဲခြားနိုင်ပါသည်။
(က) နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို လုံးဝခွဲခြားကျင့်သုံးခြင်း-အရင်းရှင်စီးပွားရေးစနစ် (Capitalist Economic System) ဟု ခေါ်ဆိုကြပြီး ဆရာကြီး အက်ဒမ်စမစ် (Adam Smith) နှင့် ဆရာကြီး ဒေးဗစ်ရီကာဒို (David Ricardo) တို့က တင်ပြခဲ့သည့် ကျမ်းရိုး ဘောဂဗေဒ (Classical Economics) သည် နိုင်ငံတော်အနေနှင့် စျေးကွက်တွင် ဝင်ရောက်စွက်ဖက်ခြင်း မပြုစေဘဲ လေဆယ်ဖဲယား(စ်) မူဝါဒ (Policy of Laissez-faire) ကို ကျင့်သုံးစေကာ စျေးကွက်တို့၏ စွမ်းရည်ဖြင့် အလိုအလျောက်လည်ပတ် ဆောင်ရွက်စေခြင်း ဖြစ်ပါသည်။ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို လုံးဝခွဲခြားကျင့်သုံးစေခြင်း ဖြစ်ပါသည်။ လုံးဝ လွတ်လပ်သည့်စျေးကွက်စီးပွားရေးစနစ် (Free market Economic System) ဟုလည်း ခေါ်ဆိုကြပါသည်။
(ခ) နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ပေါင်းစပ်ကျင့်သုံးခြင်း- အမိန့်ပေးစီးပွားရေးစနစ် သို့မဟုတ် ဘုံစီးပွားရေးစနစ် (Command Economic System) ဟု ခေါ်ဆိုကြပြီး ဆရာကြီး ကားလ်မာ့(ခ်)(စ်) (Karl Marx) က စတင်အဆိုပြုတင်ပြခဲ့ခြင်းဖြစ်ပါသည်။ နိုင်ငံတော်က စီးပွားရေးစနစ်အတွင်းသို့ အလုံးစုံ ပါဝင်ဝင်ရောက် ဆောင်ရွက်စေခြင်းဖြစ်ပါသည်။ နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်တို့ အားလုံးကို လုံးဝပေါင်းစည်း ပေါင်းစပ်ဆောင်ရွက်စေခြင်း ဖြစ်ပါသည်။
(ဂ) နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ခွဲခြားကျင့်သုံးခြင်း ဖြစ်ပါသော်လည်း လိုအပ်ပါက နိုင်ငံတော် သို့မဟုတ် အစိုးရက ဝင်ရောက်စွက်ဖက်စေခြင်း-စျေးကွက် စီးပွားရေးစနစ် (Market Economic System) ဟု ခေါ်ဆိုကြပြီး ဆရာကြီး ဂျွန်မေနာ့ (ဒ်) ကိန်း (John Maynard Keynes) တင်ပြခဲ့သည့် ကျမ်းရိုးသစ်ဘောဂဗေဒ (Neoclassical Economics) သည် ပုံမှန်အားဖြင့် နိုင်ငံရေးစနစ်နှင့် စီးပွားရေးစနစ်ကို ခွဲခြားကျင့်သုံးခြင်း ဖြစ်ပါသော်လည်း စျေးကွက်များ ပျက်ယွင်းချိန်တွင် နိုင်ငံတော် သို့မဟုတ် အစိုးရက ဝင်ရောက်စွက်ဖက်စေရေး အဆိုပြုချက်ဖြစ်ပါသည်။
အလျဉ်းသင့်သဖြင့် စာဖတ်သူများ အလွယ်တကူ သိမြင်နားလည်နိုင်စေရေးအလို့ငှာ ရှင်းလင်းတင်ပြပါမည်။ အထက်တွင် ဖော်ပြထားသည့် စီးပွားရေးစနစ်သည် စျေးကွက်စီးပွားရေးစနစ်ဟု ဆိုထားပါသော်လည်း လုံးဝလွတ်လပ်သည့် စျေးကွက်စီးပွားရေးစနစ် မဟုတ်တော့ဘဲ စျေးကွက်များသည် ဗဟိုဘဏ်များနှင့် ဘဏ္ဍာရေး အင်စတီကျူးရှင်းများ၏ ကြီးကြပ်မှုလက်အောက်သို့ ရောက်ရှိသွားပါသည်။ စျေးကွက်နှင့် နိုင်ငံတော်ကို မူဝါဒပိုင်းအရ ခွဲခြားကျင့်သုံးသည့်အခြေအနေမှာ နိုင်ငံတော် သို့မဟုတ် အစိုးရကို ဘဏ္ဍာရေးမူဝါဒ စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်အာဏာနှင့် ဗဟိုဘဏ်ကို ငွေကြေးမူဝါဒ စီမံခန့်ခွဲရေး လုပ်ပိုင်ခွင့်အာဏာများအား အပ်နှင်းထားရှိစေပြီးလျှင် ဗဟိုဘဏ်အား စျေးကွက်ကို အခြေခံကာ လွတ်လပ်သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် လုပ်ပိုင်ခွင့် အာဏာများ ပေးအပ်ထားရှိပါသည်။
နိုင်ငံတကာ အသိုင်းအဝိုင်းတွင်လည်း ကမ္ဘာ့ဘဏ် (The World Bank) နှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (International Monetary Fund (IMF)) စသည်တို့အား ဖွဲ့စည်းထားရှိပြီးလျှင် နိုင်ငံတကာစျေးကွက်အတွင်းသို့ ဝင်ရောက်ဆောင်ရွက်စေခဲ့ပါသည်။ သို့သော်လည်း ယနေ့အချိန်အခါတွင် လုံးဝလွတ်လပ်သည့် စျေးကွက် ဖြစ်ထွန်းပေါ်ပေါက်လာစေရေး ကြိုးပမ်းမှုအဖြစ် ခရစ် (ပ်) တို ငွေကြေး (Cryptocurrency) အမျိုးအစား ပေါ်ပေါက်လာစေခဲ့ပါသည်။
အဆင်ပြေသင့်တော်သည့် အချိန်တွင် စျေးကွက်၏အရေးပါပုံ၊ အရေးကြီးပုံနှင့် လွတ်လပ်သည့် စျေးကွက်နှင့် ငွေရေးကြေးရေး၊ ဘဏ္ဍာရေးတို့နှင့် ပတ်သက်သည့် ဆောင်းပါးများကို သီးခြားခေါင်းစဉ်များနှင့် တင်ပြပေးပါမည်။
ဒုတိယအနေဖြင့် မိမိတို့တိုင်းပြည်နိုင်ငံက လက်ခံကျင့်သုံး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် အခြေအနေဖြစ်ရပ်အချို့ အား စာရေးသူ၏ အမြင်သက်သက်ဖြင့်တင်ပြပါမည်။ စာဖတ်သူတို့ သိမြင်ကြပြီးဖြစ်မည်ဟု ယူဆပါသည်။ လွတ်လပ်ရေး ရရှိပြီးနောက်ပိုင်း မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးကို ခေတ်အဆက်ဆက် တာဝန်ယူခဲ့ကြသူအများစုသည် တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ကြခြင်းထက် တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေး အာဏာကိုရယူခြင်းနှင့် အုပ်ချုပ်ရေးအာဏာ တည်မြဲစေရေးအတွက်သာ အစွမ်းကုန်ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။
လောလောဆယ် ဥပမာဖြစ် ရပ်တစ်ခုအနေနှင့် မိမိတို့တိုင်းပြည် နိုင်ငံတော်တွင် နိုင်ငံတော်အဆင့်ဖြင့် နိုင်ငံတော်အတွင်းရှိ ကဏ္ဍပေါင်းစုံ တစ်နိုင်ငံလုံးက တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်မည့် အချိန်ကာလမှာလည်း တူညီနေပြီး ရည်ရွယ်ချက်နှင့် ချဉ်းကပ်အကောင်အထည်ဖော်ဆောင်ရွက်မည့် အခြေအနေမတူညီသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်အစိုးရ၏ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကြီး နှစ်ခုကို ပုံတွင် ဖော်ပြထားပါသည်။ စာဖတ်သူများအနေဖြင့် ဖော်ပြပါ စီမံကိန်းကြီးနှစ်ခုကို နှိုင်းယှဉ်လေ့လာကြည့်ပါရန် အကြံပြုပါသည်။
အထက်တွင် ဖော်ပြထားသကဲ့သို့ နိုင်ငံတော်အတွင်း ကဏ္ဍပေါင်းစုံ နိုင်ငံတစ်နိုင်ငံတည်းအတွက် ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းကြီးနှစ်ခုကို တစ်ချိန်တည်း၊ တစ်ပြိုင်နက်တည်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန် ရေးဆွဲပြဋ္ဌာန်းထားရှိသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတွင်သာ ရှိနိုင်မည်ဟု စာရေးသူ အနေနှင့် ထင်မြင်ပါသည်။ သေချာစေသည့်အချက်မှာ ဤစီမံကိန်းကြီး နှစ်ခုကို ရေးဆွဲပြဋ္ဌာန်းနိုင်စေရန်အတွက် ငွေကြေး၊ ပစ္စည်း၊ လူအင်အား၊ အချိန် အမြောက်အမြားကို အသုံးပြုခဲ့ရမည်ဆိုသည့်အချက် တစ်နည်းအားဖြင့် တိုင်းပြည်နိုင်ငံတော်၏ အရင်းအမြစ်များကိုအသုံးပြုခဲ့ရပါသည်ဆိုသည့် အခြေအနေပင်ဖြစ်ပါသည်။ အကျိုးရလဒ်များအနေနှင့်မူ စာဖတ်သူများကပင် စဉ်းစားဝေဖန်သုံးသပ်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။
တတိယအနေဖြင့် စာရေးသူ သာမန်နိုင်ငံသားတစ်ဦး၏ လေ့လာသိမြင်မိသည့် အခြေအနေနှင့် အတွေ့အကြုံများကို အခြေခံကာ အဆိုပြုတင်ပြပါမည်။
တိုင်းပြည်နိုင်ငံတော်၏ အုပ်ချုပ်ရေးအာဏာကို ရယူကြသူများအနေဖြင့် တိုင်းပြည်နိုင်ငံတော်၏ မျက်နှာနှင့် တိုင်းသူပြည်သားများ၏ မျက်နှာလေးများကို ကြည့်ကြစေလိုပါသည်။ မိမိတို့ အာဏာရရှိစေရေး၊ မိမိတို့ အာဏာတည်မြဲစေရေး၊ မိမိတို့ ချမ်းသာကြွယ်ဝစေရေးတို့အတွက် တိုင်းပြည်နိုင်ငံတော်ကြီးက ပိုင်ဆိုင်သည့် အရင်းအမြစ်များ ပျက်စီးစေရုံသာမက မည်သို့ဆုံးရှုံးသည်ဖြစ်စေ၊ တိုင်းပြည် နိုင်ငံတော်ကြီး ပျက်စီးစေရုံသာမက တိုင်းသူပြည်သားများ ဆင်းရဲမွဲတေစေကာ မည်သည့် အခြေအနေသို့ ရောက်ရှိသွားသည်ဖြစ်စေ၊ မိမိတို့ လူတစ်ဦး၊ လူတစ်စု ရှင်သန်ရပ်တည်စေနိုင်စေရေးဆိုသည့် ရက်စက်၊ ကြမ်းကြုတ်သည့် အပြုအမူများ၊ အလေ့အကျင့်များ၊ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းများကို စွန့်လွှတ်ပေးကြပါရန် မေတ္တာရပ်ခံ အကြံပြုတင်ပြပါသည်။
နိဂုံးချုပ်အနေဖြင့် တိုင်းပြည် နိုင်ငံတော်ကို တည်ဆောက်မည့် တိုင်းကျိုးပြည်ပြု လူပုဂ္ဂိုလ်ကြီးများအနေနှင့် တိုင်းပြည် နိုင်ငံတော်တွင် ကျင့်သုံးအကောင်အထည်ဖော်လျက်ရှိသည့် နိုင်ငံရေးစနစ်ကို ရုတ်ခြည်းပြောင်းလဲခြင်းမပြုဘဲ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအား သိမြင်နားလည်ပြီး အလွယ်တကူ လိုက်ပါနိုင်စေရေး အလို့ငှာ တဖြည်းဖြည်းချင်း ပြောင်းလဲကြစေရန်နှင့် ကျင့်သုံးအကောင်အထည်ဖော်ဆောင်ရွက်မည့် နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ကိုက်ညီစေမည့် စီးပွားရေးစနစ်ကို ပြောင်းလဲကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးလုပ်ငန်းများအား ရုတ်တရက် လုံးဝပျက်စီးစေခြင်း၊ ဘဝပျက်၊ စီးပွားပျက်မည့် အခြေအနေများကို ထည့်သွင်းတွက်ချက်ကာ ပြောင်းလဲကျင့်သုံးမည့် စီးပွားရေးစနစ်သစ်အား အလွယ်တကူ လိုက်ပါဆောင်ရွက်နိုင်စေရေးကို သိမြင်နားလည်ပြီး ဒီဇိုင်းမိုဒယ်ပုံစံကို စနစ်တကျ ချမှတ်ပြဋ္ဌာန်းနိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference:
1. Caporaso, J. A and Levine, D. P. (1992), “Theories of Political Economy”, Cambridge University Press.










