အစုလိုက်အပြုံလိုက် ကူးစက်မှုရှိလာခြင်းနှင့်အတူ စိုးရိမ်ဖွယ်ရာအနေအထားသို့ရောက်ရှိလာသော အိုမီခရွန်

အစုလိုက်အပြုံလိုက် ကူးစက်မှုရှိလာခြင်းနှင့်အတူ စိုးရိမ်ဖွယ်ရာအနေအထားသို့ရောက်ရှိလာသော အိုမီခရွန်
လားရှိုးမြို့အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို တို့ဖတ်ယူစစ်ဆေးနေစဉ် (ဓာတ်ပုံ - စိုင်းထွန်းနေလှိုင်)
လားရှိုးမြို့အတွင်း တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများကို တို့ဖတ်ယူစစ်ဆေးနေစဉ် (ဓာတ်ပုံ - စိုင်းထွန်းနေလှိုင်)
Published 6 February 2022

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ပိုင်းမှစပြီး လက်ရှိအထိ ကိုဗစ်မျိုးကွဲ အိုမီခရွန် ရောဂါပိုးပျံ့နှံမှုကြောင့် နေ့စဉ်ကူးစက်ခံသူအရေအတွက်မှာ တစ်သန်းမှ သုံးသန်းကျော်အထိ ရှိလာခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်မှုဖြစ်ပွားခဲ့သည့် ပထမလှိုင်း၊ ဒုတိယလှိုင်းနှင့် တတိယလှိုင်းတို့တွင် ယင်းရောဂါကို ဖြစ်ပေါ်စေသည့် ဗိုင်းရပ်စ်များမှာ ပြည်ပနိုင်ငံများမှ စတင်ကူးစက်ပျ့ံနှံ့လာခဲ့ခြင်း ဖြစ်သည်။

အချို့နိုင်ငံများတွင် ယင်းရောဂါပိုး ကူးစက်ပျံ့နှ့ံမှုကို ထိန်းချုပ်နိုင်ရန် စည်းမျဉ်းစည်းကမ်းများ ပြန်လည်သတ်မှတ်ခဲ့ပြီး အချို့နိုင်ငံများတွင် ကာကွယ်ဆေးလွှမ်းခြုံနိုင်မှုအပေါ်မူတည်ပြီး ကိုဗစ်စည်းမျဉ်းများကို ဖြေလျှော့မှု စတင်လုပ်ဆောင်လာခဲ့ကြသည်။ သို့သော်လည်း အိုမီခရွန်ရောဂါပိုးက နိုင်ငံဒေသ အများအပြားတွင် ကူးစက်မြန်ရောဂါပိုးအဖြစ် ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။

အလားတူ ကိုဗစ်တတိယလှိုင်းကို ထိန်းချုပ်ထားနိုင်နေသည့် အနေအထားရှိချိန်တွင် မြန်မာနိုင်ငံ၌ ယင်းရောဂါပိုးကို တွေ့ရှိပြီးနောက် အစုလိုက်အပြုံလိုက် ပြည်တွင်း ကူးစက်မှုရှိလာခြင်းက ကိုဗစ်စတုတ္ထလှိုင်းအသွင် မဖြစ်ပေါ်လာစေရန် အထူးအလေးထားဆောင်ရွက်ရန် လိုအပ်လာပြီဖြစ်သည်။

 အိုမီခရွန်ပြည်တွင်းကူးစက်မှုနှင့် စိုးရိမ်ဖွယ်အခြေအနေ

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်တတိယလှိုင်း ထိန်းချုပ်နိုင်သည့်အနေအထားရှိနေသည့်တိုင် ပြည်ပမှခရီးသွား ဝင်ရောက်မှုနှင့် လေကြောင်းလိုင်း ဝင်ရောက်ခွင့်များ ကန့်သတ်ထားဆဲ ဖြစ်သည်။

သို့သော်လည်း မြန်မာနိုင်ငံတွင် COVID-19 မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် တွေ့ရှိခဲ့ပြီး ကယ်ဆယ်ရေးလေယာဉ်ဖြင့် ယူအေအီးနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ မြန်မာနိုင်ငံသားလေးဦးတွင် စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ပြည်တွင်းကူးစက်မှုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၈ ရက် ထုတ်ပြန်ချက်အရ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ ၇၂ ဦးမှာ စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့မှ ၄၈ ဦးနှင့် ကလေးမြို့မှ ၂၀ ဦး၊ အဆိုပါဒေသများမှ ရောက်ရှိလာသူများမှတစ်ဆင့် ထပ်မံကူးစက်ခံရသူ သုံးဦးနှင့် COVID-19 ရောဂါ သံသယလူနာများမှ ရောဂါအတည်ပြုလူနာတစ်ဦးတို့ ဖြစ်ကြောင်း သိရသည်။

အလားတူ မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် ကိုဗစ်ရောဂါ အစုလိုက်ဖြစ်ပွားခြင်းကြောင့် ဓာတ်ခွဲနမူနာ ၂၂၃၃ ခုကို စစ်ဆေးရာ ၇၁၈ ဦး ကိုဗစ်ရောဂါပိုး တွေ့ရှိကြောင်း ဖေဖော်ဝါရီ ၁ ရက် ညပိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ဆက်လက်ပြီး ဖေဖော်ဝါရီ ၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြည်တွင်းကူးစက်မှု ထပ်မံဖြစ်ပွားခဲ့သည့် မင်္ဂလာဒုံမြို့နယ်ရှိ စက်ရုံလုပ်ငန်းတစ်ခုတွင် အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူ ၁၀ ဦး တွေ့ရှိခဲ့မှာ ယင်းရောဂါပိုး၏ ကူးစက်မှုမှာ စိုးရိမ်ဖွယ်ရာ အနေအထားရောက်ရှိလာခဲ့သည်။

“ပြည်တွင်းကူးစက်မှုဖြစ်တယ်လို့ ကြားရပါတယ်။ ကူးစက်မှုလျော့ကျလာလို့ ပေ့ါပေါ့ပါးပါးနေရတော့ မယ်ထင်နေတာ။ အခုလို ရောဂါက ပြန်ထလာတော့ စိုးရိမ်မိတယ်။ အခုဆိုရင် နှာစေး၊ ချောင်းဆိုးဖြစ်ရင်တောင် ကိုယ်ဘာသာကိုယ် အဲဒီပိုး အကူးခံရပြီထင်ပြီး သံသယဝင်နေမိတယ်။ ကာကွယ်ဆေးထိုးထားပေမဲ့လည်း စိုးရိမ်စိတ်က ရှိနေတယ်” ဟု လှိုင်သာယာစက်မှုဇုန်တွင် လုပ်ကိုင်နေသည့် ကုမ္ပဏီဝန်ထမ်း အမျိုးသမီးတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ ကယ်ဆယ်ရေး လေယာဉ်များဖြင့် ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသူများအနက် အိုမီခရွန် ရောဂါပိုးတွေ့ရှိမှုအနေဖြင့် ဇန်နဝါရီ ၇ ရက်တွင် ၁၂ ဦး၊ ဇန်နဝါရီ ၉ ရက်တွင် သုံးဦး၊ ဇန်နဝါရီ ၁၂ ရက်တွင် နှစ်ဦး၊ ဇန်နဝါရီ ၁၃ ရက်တွင် ၄၅ ဦး၊ ဇန်နဝါရီ ၁၅ ရက်တွင် ၁၀ ဦး၊ ဇန်နဝါရီ ၁၇ ရက်တွင် ၄၂ ဦး၊ ဇန်နဝါရီ ၂၀ ရက်တွင်၂၈ ဦး၊ ဇန်နဝါရီ ၂၄ ရက်တွင် ၃၇ ဦး၊ ဇန်နဝါရီ၂ ၇ ရက်တွင်၂၈ ဦး၊ ဇန်နဝါရီ ၃၁ ရက်တွင်၂၇ ဦး၊ ဖေဖော်ဝါရီ ၃ ရက် တွင်၂၈ ဦးအပါအဝင် ပြည်တွင်းကူးစက်မှုမှ ရောဂါပိုးတွေ့ရှိထားသူမှာ ဖေဖော်ဝါရီ ၄ ရက်အထိ စုစုပေါင်း ၃၄၈ ဦးအထိ ရှိပြီဖြစ်သည်။

အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ များအား COVID-19 ကုသရေးစင်တာများနှင့် သတ်မှတ်ဆေးရုံကြီးများတွင် သီးသန့်ထားရှိကာ အထူးကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်းခရီးစဉ်တွင် အတူလိုက်ပါသည့် ခရီးသည်များကိုလည်း အသွားအလာ ကန့်သတ်ခြင်းနှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံရန် အရေးကြီးမှု

ကူးစက်မြန် ဒယ်လ်တာရောဂါပိုးကြောင့် မြန်မာနိုင်ငံတွင် ကိုဗစ် တတိယလှိုင်း ဖြစ်ပေါ်ခဲ့ပြီး ယင်းရောဂါပိုး၏ ပြင်းထန်မှုကြောင့် အနံ့၊ အရသာပျောက်ခြင်း၊ ဖျားနာခြင်း၊ ချောင်းဆိုးနှင့် အသက်ရှူမဝခြင်း စသည့်တို့ကို ခံစားခဲ့ရပြီး အသက်သေဆုံးသူ အများအပြား ရှိခဲ့သည်။

နိုင်ငံတကာမှ သုတေသနလေ့လာချက်များတွင် အိုမီခရွန်ရောဂါပိုး ကူးစက်ခံရသူမှာ တစ်ပတ်အတွင်း ၎င်းမှ အခြားလူကို ကူးစက်နိုင်ခြေ ရာခိုင်နှုန်း ပိုမိုများနေပြီး ဒယ်လ်တာရောဂါပိုးထက် ကူးစက်မှုနှုန်း အလွန်မြန်ဆန်ကြောင်း ပြောကြားထားကြသည်။

အိုမီခရွန်ဗိုင်းရပ်စ်က ဒယ်လ်တာဗိုင်းရပ်စ်ထက် ကူးစက်မှု ပိုမြန်ဆန်သော်လည်း ရောဂါလက္ခဏာ မပြင်းထန်ကြောင်း လေ့လာချက်အချို့က ဖော်ပြထားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ယင်းအိုမီခရွန်ကို မပေါ့ဆရန် ပြောကြားသည်။

လက်ရှိ အိုမီခရွန်ရောဂါပိုး ကူးစက်ခံရပါက ရောဂါလက္ခဏာအနေဖြင့် နှာစေး၊ ချောင်းဆိုး၊ လည်ချောင်းနာ၊ ကိုယ်လက်ကိုက်ခဲခြင်းနှင့် ပင်ပန်းနွမ်းနယ်ခြင်း စသည့် လက္ခဏာများဖြစ်တတ်ပြီး ပိုမိုဆိုးရွားလာသည့် လက္ခဏာများရှိလာပါက နီးစပ်ရာ ကျန်းမာရေးဌာနသို့ အကြောင်းကြား၍ ကုသမှုခံယူရန် လိုအပ်သည်။

ကိုဗစ်ရောဂါကူးစက်မခံရရေးနှင့် ရောဂါကာကွယ်ရန်အတွက် ရှောင်ရန်၊ ဆောင်ရန်၊ လိုက်နာရန် လိုအပ်နေဆဲဖြစ်ပြီး ကမ္ဘာ့ကျန်းမာအဖွဲ့၏ လမ်းညွန်ချက်များ ဖြစ်သည့် လူထူထပ်သောနေရာ၊ လူအများနှင့် အနီးကပ်နေထိုင် ပြောဆိုခြင်း၊ လေဝင်လေထွက်မ ကောင်းသောနေရာကို ရှောင်ကြဉ်ရန် လိုအပ်ပြီး လက်ဆေးခြင်း၊ နှာခေါင်းစည်းတပ်ဆင်ခြင်းနှင့် တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ခြင်းများကို လိုက်နာရန် စသည့် ရောဂါ ကာကွယ်ရေးလုပ်ဆောင်မှုများကို လိုအပ်မည် ဖြစ်သည်။

ဒိန်းမတ်နိုင်ငံ၏ လေ့လာချက်တစ်ခုအရ ကူးစက်မှု အလွန်မြန်သော အိုမီခရွန် ကိုရိုနာဗိုင်းရပ်စ်၏ မျိုးကွဲတစ်မျိုးသည် မူလအိုမီခရွန် မျိုးကွဲထက်ပင် ပိုမိုကူးစက်မြန်နေကြောင်း ဖော်ပြထားသည်။ အဆိုပါ မျိုးကွဲကို “ကိုယ်ပျောက်အိုမီခရွန်” ဟုလည်း အမည်ပေးထားပြီး ဒိန်းမတ်နိုင်ငံတွင် အဓိကကူးစက်နေသော မျိုးကွဲဗိုင်းရပ်စ်ဖြစ်သည်ဟု ဆိုသည်။

ကာကွယ်ဆေးအပြည့်ထိုးနှံထားသူများ အထူးသဖြင့် နောက်တိုး ကာကွယ်ဆေး ထိုးနှံထားသူများသည် ယင်းရောဂါပိုး ကူးစက်နိုင်ခြေ အတော်လေးနည်းကြောင်းကို အဆိုပါလေ့လာချက်မှ ဖော်ပြထားသည်။

ကိုဗစ်ရောဂါကူးစက်မှု ကာကွယ်ရာတွင် ကာကွယ်ဆေးထိုးနှံထားခြင်းက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး ရောဂါကူးစက်ခံရမှု ရှိလာချိန်တွင်လည်း အပြင်းအထန်ခံစားရမှုကို လျော့ကျနိုင်မည်ဖြစ်ကြောင်း ဆေးပညာကျွမ်းကျင်သူများက ပြောကြားသည်။

ကမ္ဘာ့နိုင်ငံအများအပြားတွင် COVID-19 ကာကွယ်ဆေး ထိုးနှံပြီးကြောင်း လက်မှတ်လိုအပ်ချက်များ ထုတ်ပြန်ခြင်း သို့မဟုတ် အချို့သော အလုပ်များတွင် ဝန်ထမ်းများကို ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးစီးရမည်ဖြစ်ကြောင်း ထုတ်ပြန်ခြင်း အစရှိသဖြင့် ပြဋ္ဌာန်းထားသည်။ သို့သော် နိုင်ငံအချို့မှာမူ ၎င်းတို့ နိုင်ငံသားအားလုံး မဖြစ်မနေ ကာကွယ်ဆေးထိုးနှံရမည့် စည်းမျဉ်းများ ထုတ်ပြန်ထားသည်။

အိုမီခရွန်မျိုးကွဲ ဗိုင်းရပ်စ်ကူးစက်မှု လှိုင်းအတွင်း COVID-19 ကာကွယ်ဆေးများနှင့် ထပ်တိုးကာကွယ်ဆေးများသည် ပြင်းထန်ရောဂါကူးစက်မှုအခြေအနေမှ ထိရောက်မှု မြင့်မားစွာ ဆက်လက်ကာကွယ်နိုင်စွမ်းရှိကြောင်း အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး စင်တာ (CDC) ၏ သုတေသန စစ်တမ်းတွေ့ရှိချက်တစ်ခုတွင် ဖော်ပြထားသည်။

ယင်းစစ်တမ်းအရ ဒယ်လ်တာ မျိုးကွဲ ဗိုင်းရပ်စ်လွှမ်းမိုးနေချိန်ကာလအတွင်း COVID-19 ကာကွယ်ဆေး ၏ဆေးရုံတက်ရောက်မှုအခြေအနေအပေါ် ထိရောက်မှုသည် ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီးနောက် ၁၄ ရက်မှ ၁၇၉ ရက်အတွင်း ထိရောက်မှု ၉၀ ရာခိုင်နှုန်းရှိပြီး ကာကွယ်ဆေး ဒုတိယတစ်လုံးထိုးနှံပြီးနောက် ရက်ပေါင်း ၁၈၀ ကျော်လျှင် ထိရောက်မှုနှုန်းမှာ ၈၁ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့်အပြင် ထပ်တိုး ကာကွယ်ဆေး တတိယတစ်လုံးထိုးနှံပြီးနောက် ၁၄ ရက်နှင့် အထက်အတွင်း ၉၄ ရာခိုင်နှုန်းအထိ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ် လွှမ်းမိုးပျံ့နှံ့ခဲ့ပြီးနောက် COVID-19 ကာကွယ်ဆေး၏ ဆေးရုံတက်ရောက်မှု အခြေအနေအပေါ် ထိရောက်မှုသည် ကာကွယ်ဆေး ဒုတိယတစ်လုံး ထိုးနှံပြီးနောက် ၁၄ ရက်မှ ၁၇၉ ရက် အတွင်း ထိရောက်မှုနှုန်း ၈၁ ရာခိုင်နှုန်းရှိပြီးရက် ပေါင်း ၁၈၀ ကျော်လျှင် ထိရောက်မှုနှုန်း ၅၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့ကာ ထပ်တိုးကာကွယ်ဆေး တတိယတစ်လုံးထိုးနှံပြီးနောက် ၁၄ ရက်နှင့် အထက်အတွင်း ရာခိုင်နှုန်း ၉၀ အထိ ထိရောက်မှုရှိကြောင်း တွေ့ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ COVID-19 ရောဂါ ကာကွယ်ဆေးလွှမ်းခြုံမှု ၅၃ ရာခိုင်နှုန်းကျော်အထိ ရှိလာပြီး ယခုနှစ်တွင်လည်း ကာကွယ်ဆေးလွှမ်းခြုံမှု ပိုမိုကောင်းမွန်ရန် သတ်မှတ်ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

မြန်မာနိုင်ငံတွင်ကာကွယ်ဆေးများကို ဦးတည်ဦးစားပေး အုပ်စုအလိုက် ထိုးနှံပေးလျက်ရှိရာ ဖေဖော်ဝါရီ ၁ ရက်အထိ ကာကွယ်ဆေးနှစ်ကြိမ်ပြည့်ထိုးနှံပြီးစီးသည့် လူဦးရေ ၁၈၉၇၆၈၉၇ (၁၈ ဒသမ ၉၇ သန်း) ၊ တစ်ကြိမ်ထိုးနှံပြီးစီးသည့် လူဦးရေ ၃၂၄၂၆၃၉ (၃ ဒသမ ၂၄ သန်း)၊ ထိုးနှံပြီးစီးသည့် လူဦးရေ စုစုပေါင်း၂၂၂၁၉၅၃၆ (၂၂ ဒသမ ၂၁ သန်း) နှင့် ကာကွယ်ဆေးအကြိမ်ရေ စုစုပေါင်း ၄၁၁၉၆၄၃၃( ၄၁ ဒသမ၁၉) သန်းရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

ထို့ပြင် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေး Booster ထိုးနှံခြင်းအတွက် အသက် ၆၅ နှစ် အထက်များကို ဦးစားပေးထိုးနှံပေးလျက်ရှိပြီး ကာကွယ်ဆေးမထိုးနှံရသေးသူများအနေဖြင့် မပျက်မကွက် ထိုးနှံကြရန် တိုက်တွန်းထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိမှု တစ်ရာခိုင်နှုန်းကျော် ရှိနေပြီး ၁၀ ရက်ကျော် သေဆုံးသူ မရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ပိုးတွေ့ရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင်၂ ဒသမ ၁၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၂ ရက်တွင် သုည ဒသမ ၅၃ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၃ ရက်တွင် ၁ ဒသမ ၄၅ ရာခိုင်နှုန်း၊ ဖေဖော်ဝါရီ ၄ ရက်တွင် ၁ ဒသမ ၃၄ ရာခိုင်နှုန်းရှိခဲ့ပြီး ဇန်နဝါရီ ၂၄ ရက် မှ ဖေဖော်ဝါရီ ၄ ရက်အထိ စုစုပေါင်း ၁၂ ရက်အတွင်း သေဆုံးသူ မရှိခဲ့ကြောင်း သိရသည်။

အလားတူ ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက်ပျမ်းမျှ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူဦးရေသည် စံချိန်တင်  သုံးသန်းအထိ ရှိလာခဲ့ပြီး ဗိုင်းရပ်စ်ကြောင့် သေဆုံးသူဦးရေမှာလည်း မြင့်တက်နေဆဲ ဖြစ်သည်။

ဖေဖော်ဝါရီ ၄ ရက်အထိ ယခုသီတင်းပတ်အတွင်း ကမ္ဘာတစ်ဝန်းတွင် နေ့အလိုက် ပျမ်းမျှ ကိုရိုနာဗိုင်း ရပ်စ်ကူးစက်ခံရသူ ဦးရေသည် စံချိန်တင် သုံးသန်းကျော်အထိ ရှိလာခဲ့ပြီး ယခင်သီတင်းပတ်နှင့် နှိုင်းယှဉ်လျှင် ၁၁ ရာခိုင်နှုန်းမြင့်တက်လာခဲ့သည်ဟု အေအက်ဖ်ပီသတင်းဌာန၏ စစ်တမ်းတွင် ဖော်ပြထားသည်။

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ဖြစ်ပွားမှုအနေဖြင့် ဖေဖော်ဝါရီ ၄ ရက်က တစ်ရက်အတွင်း ရောဂါကူးစက်ခံရသူ လူနာသစ် ၂၉၃၇၂၀၅ ဦးနှင့် သေဆုံးသူ ၁၁၅၂၇ ဦးရှိကြောင်း Worldometer က ထုတ်ပြန်ထားသော စာရင်းအရ သိရသည်။

ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်း အထိ ကမ္ဘာတစ်ဝန်း COVID-19 ရောဂါ ကူးစက်ခံရသူပေါင်း ၃၉၁၃၁၄၁၉၈ ဦးရှိပြီး သေဆုံးသူ ၅၇၄၃၃၉၆ ဦးရှိပြီး ပြန်လည်သက်သာ ကောင်းမွန်လာသူပေါင်း ၃၁၀၂၀၂၈၄၄ ဦးရှိပြီ ဖြစ်ကြောင်း သိရသည်။

မည်သို့ပင်ဆိုစေကာမူ ကမ္ဘာ့နိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများတွင် အိုမီခရွန်ရောဂါပိုး၏ ကူးစက်ပျံ့နှံမှုကို ကြုံတွေ့ရနေပြီး မြန်မာနိုင်ငံတွင်လည်း ပြည်တွင်းကူးစက်မှုများ ဖြစ်ပေါ်လာနေသည့်အတွက် စိုးရိမ်ဖွယ်အနေအထားသို့ ရောက်ရှိလာနေပြီ ဖြစ်သည်။

ကိုဗစ်ရောဂါလှိုင်းများကြောင့် ကျန်းမာရေးအပါအဝင် နိုင်ငံ၏ စီးပွားရေးထိခိုက်နစ်နာမှုကို သက်ရောက်စေခဲ့သဖြင့် မြန်မာနိုင်ငံအတွင်း အိုမီခရွန်ကူးစက်ပျ့ံနှံမှုမှ ကိုဗစ်စတုတ္ထလှိုင်းအသွင် မဖြစ်စေရန် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အထူး ကြပ်မတ်ဆောင်ရွက်ရန် လိုအပ်ပြီး ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါ ကူးစက်မှုကို ထိန်းချုပ်ဟန့်တားနိုင်ရန် ကာကွယ်ဆေးများထိုးနှံခြင်းအပြင် ရောဂါကာကွယ်နိုင်ရေးအတွက် ရှောင်ရန်ဆောင်ရန်များကိုလည်း အထူးသတိပြုလုပ်ဆောင်ကြရန် လိုအပ်မည်ဖြစ်သည်။

ပြည့်ဖြိုးအောင်

Most Read

Most Recent