နိုင်ငံသားတိုင်း စစ်မှုထမ်းရန်တာဝန်ရှိပြီး  ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများရှိနေ၍ အမျိုးသားစစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား

နိုင်ငံသားတိုင်း စစ်မှုထမ်းရန်တာဝန်ရှိပြီး  ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများရှိနေ၍ အမျိုးသားစစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်ခြင်းဖြစ်ကြောင်း နစက ဥက္ကဋ္ဌ ပြောကြား
Published 3 February 2022

နိုင်ငံသားတိုင်း စစ်မှုထမ်းရန်တာဝန်ရှိပြီး ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများရှိနေ၍ အမျိုးသားစစ်မှုထမ်းဥပဒေကို မကျင့်သုံးနိုင်ခြင်းဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ဖေဖော်ဝါရီ ၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁/၂၀၂၂)သို့ တက်ရောက်အမှာစကားပြောကြားရာတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ထိုသို့ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။

မိမိတို့အတွက် ယခု ၂၀၂၂ ခုနှစ်သည် စိန်ခေါ်သည့် နှစ်တစ်နှစ်ဖြစ်လာနေကြောင်း၊ စီးပွားရေးကိုပြန်၍မတ်လာအောင်လုပ်မည်ဆိုပါက မိမိတို့အပေါ် ပြည်သူက ယုံကြည်မှုရှိလာမည်ဖြစ်ကြောင်း၊ မိမိ၏ရည်မှန်းချက်သုံးခုရှိကြောင်း၊ တစ်အချက်တွင် တိုင်းပြည်စီးပွားရေးကို ရအောင်ဆွဲတင်မည်ဟု ပြောထားကြောင်း၊ ပြီးခဲ့သည့်နှစ်အတွေ့အကြုံအရ မိမိတို့ မလုပ်နိုင်စရာအကြောင်းမရှိကြောင်း၊ ၂၀၂၂ ခုနှစ်တွင် စီးပွားရေးအားကောင်းအောင် တိုးတက်အောင်လုပ်မည်ဖြစ်ကြောင်း၊ ဒုတိယအချက်တွင် ရှေ့လုပ်ငန်းစဉ်၌ ဖော်ပြထားသည့် ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ရေးနှင့်ပတ်သက်၍ လုပ်ငန်းရပ်များမှာ မိမိတို့ရသည့် လမ်းကြောင်းများတွင် အကုန်လုပ်မည်ဖြစ်ကြောင်း ဗိုလ် ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

“အဲဒီနှစ်ခုနိုင်ငံရေးကလည်း ကောင်းနေတယ်။ စီးပွားရေးကလည်း အားကောင်းလာပြီဆိုရင် ဒီဘက်ကနိုင်ငံတော်ကာကွယ်ရေးအတွက်ကို အားလုံးပါဝင်တဲ့ ကာကွယ်ရေးစနစ်ကို နောင်ကျွန်တော်တို့သွားရမယ်။ အားလုံးပါဝင်တဲ့။ ကျွန်တော်တို့ ဥပမာ ကျွန်တော်တို့ဆီမှာ အမျိုးသားစစ်မှုထမ်းဥပဒေ မကျင့်သုံးရသေးဘူး။ နိုင်ငံသားတိုင်းဟာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်။ အမျိုးသားစစ်မှုထမ်းဥပဒေ ကျွန်တော်တို့မကျင့်သုံးရတာ ဘာဖြစ်လို့လဲဆိုတော့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေရှိလို့ ကျွန်တော်တို့လုပ်လို့မရဘူး။ ခုနကပြောတဲ့ တစ်ရယ်၊ နှစ်ရယ် ကျွန်တော်တို့က ကောင်းကောင်းထိန်းနိုင်ပြီ၊ လုပ်နိုင်ပြီဆိုလို့၊ လက်ထဲမှာပိုင်ပိုင်နိုင်နိုင်ရှိပြီဆိုလို့ရှိရင် တတိယဖြစ်တဲ့ ကာကွယ်ရေးစွမ်းပကားတွေကိုရအောင် ကျွန်တော်တို့က မြှင့်တင်ရမယ်။ အဲဒီမှာအမျိုးသားစစ်မှုထမ်းဥပဒေအရ နိုင်ငံသားတွေစစ်မှုထမ်းရမယ်။ ၂ နှစ် တန်သည်၊ ၃ နှစ်တန်သည်၊ ဒါသူ့ရဲ့ သတ်မှတ်ထားတဲ့ဟာအတိုင်း ကျွန်တော်တို့ စစ်မှုထမ်းရမယ်။ တစ်နှစ်လည်းဖြစ်ရင်ဖြစ်မှာပေါ့ဗျာ၊ တစ်နှစ်ခွဲလည်းဖြစ်ရင်ဖြစ်မှာပေါ့။ အခြေအနေပေါ်မူတည်ပြီးတော့ တိုင်းပြည်ရဲ့ အခြေအနေပေါ်မူတည်ပြီးတော့ လုပ်ရမှာပေါ့။ ဒါကလုပ်ရမှာ၊ မလုပ်လို့မရဘူး” ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

ကာကွယ်ရေး စွမ်းအားမကောင်းပါက မိမိတို့ခံရမည်ဖြစ်ကြောင်း၊ စီးပွားရေးအား မကောင်း၍ ပိုက်ဆံမရှိပါက မျက်နှာငယ်ရကြောင်း၊ နိုင်ငံရေးအားမကောင်းသည့်အခါ အခြားသူများက မိမိတို့ကိုမျိုးစုံပြဿနာများ ရှာမည်ဖြစ်ကြောင်း၊  စစ်ရေးအရကာကွယ်ရေးစွမ်းအား မကောင်းပါက ဖင်ပုတ်၊ ခေါင်းပုတ်လာလုပ်မည်ဖြစ်ကြောင်း၊ မိမိတို့စော်ကားခံရလိမ့်မည်ဖြစ်ကြောင်း၊  ခြံစည်းရိုးများ လုံမည်မဟုတ်ကြောင်း၊ အဆိုပါကိစ္စရပ်သုံးခုသည် မိမိတို့ မဖြစ်မနေလုပ်ရမယ့် ကိစ္စရပ်ဖြစ်ကြောင်း၊  အဆိုပါကိစ္စရပ်များကို မိမိတို့ ယခုနှစ်တွင်တတ်နိုင်သလောက် ဆွဲတင်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆိုသည်။

Most Read

Most Recent