၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း NLD ပါတီဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ ၆၈၆ ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း NLD ပါတီ ထုတ်ပြန်

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း NLD ပါတီဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ ၆၈၆ ဦးရှိပြီး လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း NLD ပါတီ ထုတ်ပြန်
Published 2 February 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း NLD ပါတီဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ ၆၈၆ ဦးရှိပြီး ထိုအထဲတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်ကော်မတီ၏ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ သိရသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားပြီး တစ်နှစ်တာအတွင်း ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပါတီခေါင်းဆောင်များ၊ ရွေးကောက်တင်မြှောက်ခံ လွှတ်တော်ကိုယ်စားလှယ်များ၊ NLD ပါတီလက်ထက် အစိုးရအဖွဲ့ဝင်များ၊ ပါတီဝင်များကို ဖမ်းဆီးအကျဉ်းချမှုများ လုပ်ဆောင်ခဲ့ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းထုတ်ပြန်ချက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) မှတ်တမ်းကောက်ယူရေးအဖွဲ့၏ ကောက်ယူရရှိသော စာရင်းများအရ အဖွဲ့ချုပ်အဖွဲ့ဝင်များထဲမှ ဖမ်းဆီးအကျဉ်းချခံရသူ စုစုပေါင်း ၆၈၆ ဦးတွင် လွှတ်တော်ကိုယ်စားလှယ် ၁၀၇ ဦးပါဝင်ကြောင်း ဖော်ပြထားသည်။

ထို့ပြင် အကျဉ်းထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှုများကြောင့်  သေဆုံးသူ ၁၄ ဦးရှိသည့်အနက် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးပါဝင်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်အရ သိရသည်။

NLD ဗဟိုရုံးချုပ်အပါအဝင် ပါတီရုံးများအား ဖျက်ဆီးခြင်း၊ မီးရှို့ခြင်း၊ ပါတီပိုင်ပစ္စည်းများနှင့် စာရွက်စာတမ်းများကို ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်ယူဆောင်ခြင်းမှာ ၉၁ ကြိမ်ရှိပြီး ၁၁၇ ဦးထက်မနည်းသော ပါတီဝင်များ၏ အိုးအိမ်၊ မြေနေရာ၊ တိုက်ခန်းတို့ကို အကြောင်းအမျိုးမျိုးဖြင့် ချိတ်ပိတ်မှုများရှိခဲ့ကြောင်း NLD ပါတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး တစ်နှစ်တာအတွင်း ပြည်တွင်းပဋိပက္ခများနှင့် မလုံခြုံမှုများကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရသော တိုင်းရင်းသားပြည်သူ ၃၈၅၇၀၀ ကျော်ရှိပြီဖြစ်ကြောင်း၊ ချင်းပြည်နယ် ထန်တလန်မြို့ဖြစ်စဉ်၊ ကယားပြည်နယ် ဖရူဆိုမြို့နယ်ဖြစ်စဉ်၊ ထိုဖြစ်စဉ်များနှင့်ပတ်သက်၍ ပါဝင်ကျူးလွန်သူများကို တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက် နိုင်ရန် NLD ပါတီအနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့်လည်း နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး၊ ပြည်သူတို့၏ စစ်မှန်သော အချုပ်အခြာအာဏာပြန်လည်ရရှိစေရေး၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကြေညာစာတမ်းပါ ကတိကဝတ်တို့ကို ဖော်ဆောင်လျက် ဒီမိုကရေစီရှင်သန်ထွန်းကားရေး၊ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးလုပ်ငန်းတို့ကို မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း NLD ပါတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

Most Read

Most Recent