COVID-19 ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လျက်ရှိပြီး ကိုးရက်ဆက်တိုက် သေဆုံးသူမရှိခဲ့

COVID-19 ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လျက်ရှိပြီး ကိုးရက်ဆက်တိုက် သေဆုံးသူမရှိခဲ့
Published 2 February 2022

မြန်မာနိုင်ငံတွင် COVID-19 ပိုးတွေ့ရှိမှု ပြန်လည်မြင့်တက်လျက်ရှိပြီး ကိုးရက်ဆက်တိုက် သေဆုံးသူမရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပိုးတွေ့ရှိမှုအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်တွင် ၂ ဒသမ ၁၅ ရာခိုင်နှုန်းရှိခဲ့ပြီး ဇန်နဝါရီ ၂၄၊ ဇန်နဝါရီ ၂၅၊ ဇန်နဝါရီ ၂၆၊ ဇန်နဝါရီ ၂၇ ရက်၊ ဇန်နဝါရီ ၂၈ ရက်၊ ဇန်နဝါရီ ၂၉ ရက်၊ ဇန်နဝါရီ ၃၀ ရက်၊ ဇန်နဝါရီ ၃၁ ရက်၊ ဖေဖော်ဝါရီ ၁ ရက်တို့တွင် သေဆုံးသူမရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ပိုးတွေ့ရှိမှုအနေဖြင့် နေ့စဉ်ပျမ်းမျှ (တစ်) ရာခိုင်နှုန်းကျော်သာ တွေ့ရှိခဲ့သော်လည်း ဇန်နဝါရီ ၂၈ ရက်တွင် ပိုးတွေ့ရှိမှု ၂ ဒသမ ၂၀ ရာခိုင်နှုန်းနှင့် ဇန်နဝါရီ ၃၁ ရက်တွင် ၃ ဒသမ ၃၅ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး COVID-19 ကြောင့် သေဆုံးသူ ဇန်နဝါရီ ၁ ရက်မှ ဇန်နဝါရီ ၂၃ ရက်အထိ စုစုပေါင်း ၄၂ ဦးရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်း ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျခဲ့ပြီး နေ့စဉ်ပျှမ်းမျှအားဖြင့် ပိုးတွေ့ရှိမှု နှစ်ရာခိုင်နှုန်းနှင့်အောက်အထိ လျော့ကျခဲ့သည်။

ဒီဇင်ဘာလအတွင်း သေဆုံးသူအနေဖြင့် နေ့စဉ် သေဆုံးသူသုံးဦးမှ ကိုးဦးအတွင်း သေဆုံးခဲ့ပြီး စုစုပေါင်း ၁၆၂ ဦး ရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာတွင် ရောဂါပိုးစစ်ဆေးနိုင်မှု အခြေအနေအရ ပိုးတွေ့ရှိမှုမှာ ပထမပတ်မှစ၍ ငါးရာခိုင်နှုန်းအောက် လျော့ကျခဲ့ပြီး ဒုတိယပတ်၊ တတိယပတ်နှင့် နောက်ဆုံးပတ်အထိ ပိုးတွေ့ရှိမှု သိသိသာသာ လျော့ကျခဲ့ကာ နိုဝင်ဘာ ၁၈ ရက်နောက်ပိုင်း၌ ပိုးတွေ့ရှိမှုအနေဖြင့် နှစ်ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျခဲ့သည်။

နိုဝင်ဘာလအတွင်း သေဆုံးသူအနေဖြင့် ၂၀ ဦးအထိ လျော့ကျခဲ့ပြီး နိုဝင်ဘာ ၁ ရက်မှ နိုဝင်ဘာ ၃၀ ရက်အထိ သေဆုံးသူ စုစုပေါင်း ၄၀၇ ဦး ရှိခဲ့သည်။

ထို့ပြင် ရောဂါပိုးတွေ့ရှိမှုနှုန်း သိသိသာသာ လျော့ကျခဲ့သည့် အောက်တိုဘာလအတွင်း နေ့စဉ်သေဆုံးသူအနေဖြင့်  ၅၀ ကျော်မှ ၂၀ ဦးဝန်းကျင်အထိ လျော့ကျခဲ့ပြီး တစ်လအတွင်း သေဆုံးသူ စုစုပေါင်း ၉၆၀ ရှိခဲ့ကြောင်း သိရသည်။

ပိုးတွေ့ရှိမှု သိသိသာသာလျော့ကျခဲ့သည့် စက်တင်ဘာလ အစပိုင်းတွင် သေဆုံးသူ ဦးရေ ၁၀၀ ဝန်းကျင်ရှိခဲ့ပြီး လကုန်ပိုင်းတွင် သေဆုံးသူဦးရေ ၅၀ ဝန်းကျင်အထိ လျော့ကျကာ တစ်လအတွင်းသေဆုံးသူ စုစုပေါင်း ၂၃၄၆ ဦး ရှိခဲ့သည်။

မြန်မာနိုင်ငံ၌ မေ ၂၇ ရက်မှစ၍ COVID-19 ရောဂါပိုးတွေ့လူနာ ပြန်လည်များပြားလာပြီး ကိုဗစ်တတိယလှိုင်းကို အစပျိုး ဖြစ်ပွားလာကာ ဇွန်လအတွင်း ပိုးတွေ့လူနာ နေ့စဉ် ၁၀၀ ကျော်မှ ၁၅၀၀ ကျော်အထိ တွေ့ရှိခဲ့သည်။

ထို့နောက် ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှု ရာခိုင်နှုန်း ၂၀ မှ ရာခိုင်နှုန်း ၄၀ ကျော်အထိ မြင့်တက်ခဲ့ပြီး ရက်အလိုက် သေဆုံးသူမြင့်တက်ခဲ့ကာ သေဆုံးသူ စုစုပေါင်း ၆၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုအခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ပိုးတွေ့ရှိခဲ့ကြောင်း တရားဝင်ထုတ်ပြန်မှုအရ သိရသော်လည်း ယင်းကာလတွင် အခြေအနေ အကြောင်းအမျိုးမျိုးကြောင့် မိမိနေအိမ်တွင်ပင် ဆေးကုသမှုပြုလုပ်ခဲ့ကြကာ COVID-19 သံသယလက္ခဏာများဖြင့် အမြို့မြို့အနယ်နယ်တွင် သေဆုံးသူအများအပြားခဲ့ကြောင်း လူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။

ဇူလိုင်လအတွင်း ပိုးတွေ့ရှိမှုအခြေအနေအရ နေ့စဉ် ၂၀၀၀ ကျော်မှ ၆၀၀၀ ကျော်အထိ ရောဂါပိုးတွေ့ရှိခဲ့ပြီး နေ့စဉ် ရောဂါပိုးတွေ့ရှိမှု မြင့်တက်ခဲ့သည်။

သြဂုတ် ၅ ရက်နောက်ပိုင်းတွင် ပိုးတွေ့ရှိမှုရာခိုင်နှုန်း ပြန်လည်လျော့ကျပြီး ရာခိုင်နှုန်း ၂၀ ကျော်တွင် တွေ့ရှိလာပြီး သေဆုံးသူများအနေဖြင့် နေ့စဉ် ၁၀၀ ကျော်မှ ၂၀၀ ဝန်းကျင်အထိ ရှိကာ သြဂုတ်လတစ်လအတွင်း သေဆုံးသူ ၆၀၀၀ ကျော်ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရသည်။

Most Read

Most Recent