တရုတ်၏မြို့တော် ပေကျင်းသည် ယူကရိန်း၏မြို့တော် ကိယက်ဗ်နှင့် ကီလိုမီတာ ၆၅၀၀ ခန့်ကွာဝေးသော်လည်း ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုများ မြင့်တက်နေမှုသည် တရုတ်အတွက် ပထဝီနိုင်ငံရေးအရ အရေးကြီးလွန်းသည့်အခြေအနေတစ်ရပ်တော့ မဟုတ်ပေ။ အကယ်၍ရုရှားသည် ယူကရိန်းကိုကျူးကျော်ဝင်ရောက်ပြီး အမေရိကန်နှင့် ၎င်း၏ အနောက်မဟာမိတ်နိုင်ငံများနှင့် တိုက်ရိုက်ရင်ဆိုင်တွေ့သည့် စစ်ပွဲမဟုတ်သည့်တိုင် ပုံစံတစ်မျိုးမျိုးဖြင့် ထိပ်တိုက်တွေ့ခဲ့မည်ဆိုသည့်တိုင် တရုတ်သည် အကျိုးရှိစေမည့်ဘက်မှ ရပ်တည်မည်ဖြစ်သည်။
အမေရိကန်သည် တရုတ်ကို ရင်ဆိုင်ရန် မဟာဗျူဟာမြောက် အရင်းအမြစ်များကို လမ်းကြောင်းလွှဲရန်လိုအပ်မည်ဖြစ်ပြီး ၎င်း၏ဥရောပမဟာမိတ်များသည်လည်း အမေရိကန်၏ တရုတ်ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့ထဲသို့ ပူးပေါင်းဝင်ရောက်ရန် အမေရိကန်၏မေတ္တာရပ်ခံချက်များကို အရေးတယူလုပ်ဆောင်ရန် တွန့်ဆုတ်ဖွယ်ရှိနေသည်။
သို့သော်လည်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်၏ တောင်းဆိုချက်အချို့ကို လိုက်လျောပြီး ယူကရိန်းပဋိပက္ခကို လျှော့ချမည်ဆိုပါက ယင်းသည် တရုတ်အတွက် မဟာဗျူဟာအရ ထိခိုက်စေနိုင်မည်ဖြစ်သည်။ ပူတင်သည် ခြိမ်းခြောက်သံပါသည့် ၎င်း၏သံတမန်ပရိယာယ်ကို အသုံးချပြီး အမြတ်ထုတ်မည်ဖြစ်သကဲ့သို့ ဘိုင်ဒင်သည် အရှေ့ဥရောပတွင် ဖြစ်နိုင်ခြေရှိသည့် ရှုပ်ထွေးသည့်အခြေအနေကို ရှောင်လွှဲနိုင်မည်ဖြစ်ကာ ယင်းအခြေအနေတွင် တရုတ်သည် အမေရိကန်၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာ၏ တစ်ခုတည်းသောပစ်မှတ် ဖြစ်လာလိမ့်မည်ကို တရုတ်အစိုးရက သိရှိထားသည်။
တရုတ်အတွက် ပိုဆိုးစေနိုင်သည့်အ ချက်က ပူတင်သည် ရုရှား၏ သြဇာအာဏာရပ်ဝန်းကို ပြန်လည်ထူထောင်ရန် တရုတ်ကို တန်ပြန်ရန်ကြိုးပမ်းနေသည့့် အမေရိကန်၏မဟာဗျူဟာကို ကျွမ်းကျင်ပိုင်နိုင်စွာ အမြတ်ထုတ်ခဲ့မည်ဆိုပါက ရုရှား၏အောက်ဖဲတစ်ချပ်ဖြစ်သည့် တရုတ်၏မဟာဗျူဟာမြောက်တန်ဖိုးသည် သိသာစွာလျော့ကျသွားမည်ဖြစ်သည်။
ပူတင်အတွက် ရုရှားနှင့် ပဋိပက္ခဖြစ်ရမည့်အခြေအနေကို စိုးရိမ်နေပုံပေါ်သည့် ဘိုင်ဒင်၏ တွန့်ဆုတ်မှုကို အသုံးချပြီး ရုရှား၏လုံခြုံရေးတောင်းဆိုချက်များကို အရယူသည့် လှုပ်ရှားမှုသည် အလွန်အန္တရာယ်များသော်လည်း လိမ္မာပါးနပ်သည့် ရွှေ့ကွက်တစ်ခုဖြစ်သည်။
သို့သော်လည်း ပူတင်သည် ယူကရိန်းကို ကျူးကျော်ရန် အမိန့်ပေးမည်ဆိုပါက ယင်းအခြေအနေတွင် အမေရိကန်၏ ပထဝီနိုင်ငံရေး ရန်ဘက်များက အချိန်အတိုင်းအတာတစ်ခုအထိ ရုရှားဘက်မှ ပါဝင်မည်ဖြစ်သော်လည်း ရုရှား၏ အကျိုးစီးပွားအတွက် ခက်ခဲစေလိမ့်မည်ဖြစ်သည်။
အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများနှင့် ယူကရိန်းတွင် ဖြစ်ပွားနေသည့် သောင်းကျန်းမှုအတွက် ငွေကုန်ကြေးကျများနေသည့် ရုရှားသည် အင်အားလျော့နည်းနေဖွယ်ရှိပြီး ယင်းအခြေအနေသည် ပူတင်ကို ပြည်တွင်းထောက်ခံမှုလျော့ကျစေကာ တရုတ်သမ္မတ ရှီကျင်းပင်အပေါ် ပိုမိုမှီခိုရမည့်အခြေအနေသို့ ရောက်ရှိစေခဲ့သည်။
ယင်းအခြေအနေမျိုးတွင် ယူကရိန်းပဋိပက္ခသည် တရုတ်အတွက် မြင့်မားသည့် လောင်းကြေးတစ်ခုဖြစ်နေသည့်တိုင် တရုတ်အစိုးရသည် ၎င်း၏သဘောထားကို ပြသမည့် အခြေအနေကို အလွန်သတိကြီးစွာထားခဲ့သည်။ အနောက်နိုင်ငံများမှ မီဒီယာများ၏ ခေါင်းကြီးပိုင်းသတင်းများတွင် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တင်းမာမှုမြင့်တက်နေသည့် အခြေအနေများကို အလေးပေးဖော်ပြနေချိန်တွင်လည်း တရုတ်၏ နိုင်ငံပိုင်မီဒီယာတွင် ယူကရိန်းအရေးကို မထင်မရှားဖော်ပြခဲ့သည်။
ပူတင်နှင့် ရှီတို့ အွန်လိုင်းမှတစ်ဆင့် အစည်းအဝေးပြုလုပ်ခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်မှစပြီး ယခုနှစ် ဇန်နဝါရီ ၂၄ ရက်အထိ တရုတ်ကွန်မြူနစ်ပါတီ၏ တရားဝင်သတင်းစာ The People’s Daily သတင်းစာတွင် ယူကရိန်းပြဿနာနှင့်ပတ်သက်သည့် ဆောင်းပါးတစ်ပုဒ်သာ ဖော်ပြခဲ့ပြီး ယင်းဆောင်းပါးမှာ ဇန်နဝါရီလလယ်ပိုင်းက ရုရှား -အမေရိကန်နှင့် နေတိုးမဟာမိတ်များအကြား အဖြေမပေါ်ခဲ့သည့် ဆွေးနွေးပွဲများအကြောင်းဖြစ်သည်။
ယင်းသတင်းစာ၏ အယ်ဒီတာအာဘော်များ သို့မဟုတ် အတွေးအမြင်ကဏ္ဍများတွင်လည်း တရုတ်က ရုရှားကို ထောက်ခံသည့်ရေးသားဖော်ပြချက်များ မပါဝင်ခဲ့ပေ။
ပို၍စိတ်ဝင်စားဖွယ်ကောင်းသည့်အချက်မှာ ရှီနှင့်ပူတင်တို့၏ အွန်လိုင်းအစည်းအဝေးအပြီးတွင် နေတိုးမဟာမိတ်အဖွဲ့ကို အရှေ့ဘက်သို့ အင်အားချဲ့ထွင်မလာစေရန် တောင်းဆိုချက်အပါအဝင် အနောက်နိုင်ငံများကို လုံခြုံရေးအာမခံချက်များ တောင်းဆိုခဲ့သည့် ပူတင်၏တောင်းဆိုချက်ကို ရှီက ထောက်ခံခဲ့သည်ဟု ကရင်မလင် နန်းတော်က ထုတ်ပြန်ခဲ့သော်လည်း တရုတ်နိုင်ငံပိုင် စင်ဟွာသတင်းအေဂျင်စီ၏ ဖော်ပြချက်တွင်မူ ယင်းသို့ရည်ညွှန်းဖော်ပြခြင်းမရှိခဲ့ပေ။
ရှီသည် ပူတင်၏ရပ်တည်ချက်ကို လူသိရှင်ကြားထောက်ခံမည့်အစား ၎င်းထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင် ၎င်းတို့နှစ်နိုင်ငံ၏ အဓိကအကျိုးစီးပွားများအပါအဝင် အပြန်အလှန် ခိုင်မာသည့်ထောက်ခံမှုနှင့်ပတ်သက်ပြီး တိကျပြတ်သားမှုမရှိသည့် အကြောင်းအရာများကိုသာ ဖော်ပြခဲ့သည်။
ဇန်နဝါရီ ၂၇ ရက်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိသည် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်နှင့် စကားပြောဆိုခဲ့ချိန်ကလည်း မရေရာသည့် သဘောထားများကိုသာ ပြောကြားခဲ့သည်။
အနောက်နိုင်ငံများ၏မီဒီယာများတွင်မူ ယူကရိန်းအရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ခဲ့သည့် ဝမ်၏ အစီရင်ခံစားသည် ရုရှားကို ထောက်ခံသည့်သဘောမျိုး ဖော်ပြခဲ့သည်။
အမှန်စင်စစ် ဝမ်သည် ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်၏ သံတမန်ဆိုင်ရာ ရပ်တည်ချက်မှာ ကြားနေပုံစံမျိုးဖြင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ရုရှား၏ ကျိုးကြောင်းသင့်လျော်သည့် လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများကို အလေးအနက်ထားပြီး ဖြေရှင်းသင့်ကြောင်းသာ ပြောကြားခဲ့သည်။
ယူကရိန်းအရေးနှင့်ပတ်သက်ပြီး တရုတ်၏ နှုတ်ဆိပ်နေမှုသည် ရှီအနေဖြင့် ၎င်း၏လောင်းကြေးကို စိတ်ချသေချာစေရန် နှစ်ဖက်ခွထားသည့် အခြေအနေကို ညွှန်ပြရာရောက်နေသည်။ ရုရှား၏ ရန်လိုသည့် သံတမန်ပရိယာယ်သည် အနည်းဆုံးတော့ လက်ရှိတွင် တရုတ်၏ အကျိုးစီးပွားနှင့် သက်ဆိုင်နေသည်။ ပူတင်သည် ယူကရိန်းကို ကျူးကျော်ရန် ဆုံးဖြတ်ပြီး တရုတ်အပေါ် အာရုံစိုက်ထားသည့် အမေရိကန်၏မဟာဗျူဟာကို အာရုံလွှဲရန် လုပ်ဆောင်မည်ဆိုပါက တရုတ်အတွက် အကျိုးရှိစေမည်ဖြစ်သည်။
သို့သော်လည်း ရှီသည် ယူကရိန်းအ ရေးနှင့်ပတ်သက်ပြီး ရုရှား၏ ရည်ရွယ်ချက်အမှန်ကို မသိရသေးသဖြင့် သူ၏သဘောထားကိုလည်း ပြသဦးမည်မဟုတ်သေးပေ။
ရှီအနေဖြင့် ပူတင်၏ လုံခြုံရေးတောင်းဆိုချက်များကို ပြတ်ပြတ်သားသားထောက်ခံခဲ့မည်ဆိုပါက တရုတ်အနေဖြင့် ရွေးချယ်စရာနည်းပါးသွားမည်ဖြစ်သည်။
မဟာဗျူဟာအရ မသေချာသေးသည့် အခြေအနေတွင် တရုတ်၏ခေါင်းဆောင်များသည် ပူတင်ကို ပြတ်ပြတ်သားသားထောက်ခံလိုက်မည်ဆိုလျှင် လက်ရှိ တရုတ်၏ ဒုတိယအကြီးဆုံးကုန်သွယ်ဖက်ဖြစ်သည့် ဥရောပသမဂ္ဂနှင့် ထိတ်တိုက်တွေ့မည့်အရေးကို သိရှိနားလည်ထားသည်။
တရုတ်၏ မူဝါဒချမှတ်သူများ၏ မဟာဗျူဟာမြောက်တွက်ချက်မှုတွင် အမေရိကန်၏ တရုတ်ဆန့်ကျင်ရေးညွန့်ပေါင်းအဖွဲ့ထဲကို ဥရောပသမဂ္ဂ ပါဝင်မသွားစေရန် ဟန့်တားရေးသည် အဓိကကျသည့် အချက်တစ်ခုဖြစ်သည်။
ယူကရိန်း၏ လွတ်လပ်ရေးနှင့် လုံခြုံရေးသည် ဥရောပသမဂ္ဂအတွက် အရေးကြီးသည့်ကိစ္စရပ်ဖြစ်ပြီး တရုတ်က ပူတင်ကို ထောက်ခံမည့် အားထုတ်ကြိုးပမ်းမှုများသည် ဥရောပသမဂ္ဂ၏ တုံ့ပြန်မှုများကို ကြုံတွေ့ရနိုင်သည်။ ဥရောပသမဂ္ဂ၏ တုံ့ပြန်မှုများတွင် တရုတ်ကို နည်းပညာလွှဲပြောင်းမှုများကို ကန့်သတ်ပြီး ထိုင်ဝမ်ကို သံတမန်ရေးအရ ပိုမိုထောက်ခံကြောင်းပြသမှုများ ပါဝင်ဖွယ်ရှိသည်။
လက်တွေ့တွင်လည်း ဥရောပသမဂ္ဂ၏ အရှေ့ဘက်ပိုင်းမှ အဖွဲ့ဝင်နိုင်ငံများသည် တရုတ်နှင့် ကုန်သွယ်ရေးမှာ အနည်းငယ်သာရှိနေပြီး ယင်းနိုင်ငံများသည်လည်း ရုရှား၏ ခြိမ်းခြောက်မှုအောက်တွင် ရှိနေသဖြင့် တရုတ်သည် ရုရှားအားထောက်ခံပါက ယင်းဥရောပနိုင်ငံများသည်လည်း ထိုင်ဝမ်ကို ဝှက်ဖဲအဖြစ် အသုံးချဖွယ်ရှိနေသည်။
ယင်းအချက်ကို တရုတ်ခေါင်းဆောင်အချို့က သိရှိနားလည်ဖွယ်ရှိသည်။ တရုတ်ခေါင်းဆောင်များသည် ယထာဘူတဝါဒီများဖြစ်ပြီး ယူကရိန်းအရေးတွင် ၎င်းတို့၏ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားဖော်ပြမည့် လမ်းစဉ်ကို ရွေးချယ်ခဲ့မည်ဆိုသည့်တိုင် တရုတ်၏ သြဇာလွှမ်းမိုးမှုကို အနည်းငယ်သာ တည်ဆောက်နိုင်လိမ့်မည်ကို သိရှိနားလည်ထားသည်။
ထို့ကြောင့် တရုတ်သည် ယူကရိန်းအရေးတွင် နိုင်ငံရေးကစားနေကြသည့် အဓိက ဇာတ်ကောင်များဖြစ်သည့် အမေရိကန်၊ နေတိုးနှင့် ရုရှားတို့၏ ရွှေ့ကွက်များကို ဂရုတစိုက် လေ့လာစောင့်ကြည့်နေပြီး နှုတ်ဆိတ်နေခြင်း ဖြစ်နိုင်ပေသည်။










