လုံခြုံရေးကောင်စီနှင့် ယူကရိန်းအရေးအပေါ် ဆီနိတ်တာများနှင့် ရုရှား၏အသံ

လုံခြုံရေးကောင်စီနှင့် ယူကရိန်းအရေးအပေါ် ဆီနိတ်တာများနှင့် ရုရှား၏အသံ
Published 1 February 2022
မိုးဧအောင်

၂၀၂၂ ခု ဇန်နဝါရီ ၃၀ ရက် တနင်္ဂနွေနေ့။

အမေရိကန်ပြည်ထောင်စုက ယူကရိန်းကိစ္စနှင့်ပတ်သက်၍ ရုရှားအပေါ် သံတမန်ရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားပေးမှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစည်းအဝေးခေါ်ယူထားသော ကုလသမဂ္ဂလုံခြုံ ရေးကောင်စီတွင် မော်စကို၏ ခုခံကာကွယ်မှု ပေါ်ထွက်လာရန် အလားအလာရှိနေသည်။ တစ်ချိန်တည်းတွင် ၀ါရှင်တန်ဒီစီ၊ Capitol Hill ရှိ ဥပဒေပြု အမတ်မင်းများက ‘ပိတ်ဆို့မှု တကာတို့၏ထိပ်ခေါင်’  (the mother of all sanctions) ကို ပြဋ္ဌာန်းနိုင်ရေး သဘောတူညီချက် ရလုနီးပါးဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်နိုင်ငံ သံအမတ်ကြီးက တနင်္လာနေ့တွင် ကျင်းပမည့်အစည်းအဝေး၌ ယူကရိန်းအနီး ထုနှင့်ထည်နှင့်တပ်ဖွဲ့များ ချထားခြင်း၊ ကျူးကျော်သိမ်းပိုက်မှုဖြစ်လာမည်ကို စိုးရိမ်ရခြင်းတို့ကြောင့် လုံခြုံရေးကောင်စီသည် ရုရှားအပေါ် လေးလေးနက်နက် ဖိအားပေးသွားရန် ပြောဆိုခဲ့သည်။

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါသောမတ်စ်-ဂရင်းဖီးက “ရုရှားတွေ သူတို့အကြောင်းသူတို့ ရှင်းပြစေဖို့ တောင်းဆိုတဲ့အခါ ကျွန်မတို့အားလုံး တစ်သံတည်းပါ” ဟု  ၏ ‘ABC’ ၏ အစီအစဉ်သို့ ပြောခဲ့၏။ “ကျွန်မတို့တစ်တွေ သူတို့ပြောတာနားထောင်ဖို့ အခန်းထဲဝင်ပြီး အဆင်သင့်ပဲ။ ဒါပေမဲ့ သူတို့ဝါဒဖြန့်မှုထဲတော့ မျောပါသွားမှာမဟုတ်ဘူး။”

ကုလသမဂ္ဂဆိုင်ရာ ယူကရိန်းသံအမတ်ကြီး အော့စနာမာကာရိုဗာက ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ‘ဒီမိုကရေစီအပေါ် ထိုးနှက်မှု’ ကို စိတ်အားထက်သန်စွာ ဆင်နွှဲနေခြင်းဖြစ်ပြီး နိုင်ငံတစ်ခုတည်းကို ရည်ရွယ်ခြင်းမဟုတ်ကြောင်း သတိပေးခဲ့သည်။ ဤကိစ္စနှင့်ပတ်သက်၍ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အထင်ကရပုဂ္ဂိုလ်များက သမ္မတဂျိုးဘိုင်ဒင်ကို တိုက်တွန်းခဲ့ရာမှ ပြဿနာစယခဲ့ခြင်းဖြစ်ပြီး ယခုအခါ လုံခြုံရေးကောင်စီသည်လည်း အပါအဝင်ဖြစ်လာ၏။

“တကယ်လို့များ ယူကရိန်းကို ရုရှားက နောက်ထပ်ဝင်တိုက်မယ်ဆိုရင် သူတို့ဟာ ယူကရိန်းတစ်နိုင်ငံတည်းနဲ့တော့ ရပ်သွားမယ့်ပွဲ မဟုတ်ဘူး” ဟု မာကာရိုဗာက CBS သတင်းဌာန၏ “Face the Nation” အစီအစဉ်သို့ ပြောကြားခဲ့သည်။

ပုံမှန်ကျင်းပလေ့ရှိသော လုံခြုံရေးကောင်စီအစည်းအဝေး၏ ဆုံးဖြတ်ချက်များတွင် ရုရှားအနေနှင့် ဗီတိုသုံးစွဲခွင့်ရှိပြီး ကောင်စီအတွင်း အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ၌ တရုတ်နိုင်ငံပါဝင်ကာ အလှည့်ကျအဖွဲ့ဝင် ၁၀ နိုင်ငံရှိပါသည်။ အမေရိကန်အနေနှင့် ရုရှားတပ်ဖွဲ့များ သူ့နိုင်ငံအတွင်း ဖြန့်ကြက်ခြင်းအပေါ် ကုလသမဂ္ဂ၏ သြဇာအကြီးဆုံးအဖွဲ့အစည်းသို့ ယခုကဲ့သို့ ‘ပုဏ္ဏားတိုင်’ ပြုခြင်းမှာ နှစ်ဘက်လုံးအနေနှင့် ကမ္ဘာ့ထင်မြင်ချက်ကို ရယူရန်အတွက် စင်ပေါ်သို့တက်လာခြင်း သို့မဟုတ် အမေရိကန်က ရုရှားကို စင်ပေါ်သို့ ဖိတ်ခေါ်လိုက်ခြင်းဟု ဆိုနိုင်၏။

ယူကရိန်းနယ်စပ်အနီး ရုရှားတို့က အင်အား ၁၀၀,၀၀၀ ဝန်းကျင်ရှိ စစ်သည်အင်အား တပ်ဖြန့်ထားသည့်ကိစ္စအပေါ် မော်စကိုသည် ယူကရိန်းအား ကျူးကျော်သိမ်းပိုက်ရန် ရည်ရွယ်သည်ဟုဆိုကာ အနောက်အုပ်စု၏ သတိပေးသံ ဆူဆူညံညံထွက်ပေါ်နေသည်။ ရုရှားက NATO အနေနှင့် ယူကရိန်းကို မဟာမိတ်အဖွဲ့အတွင်း မည်သည့်အခါမှ ဝင်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း ကတိပေးရန်၊ ရုရှားနယ်စပ်အနီး NATO ၏ လက်နက် ဖြန့်ကြက်ထားမှုများ ရပ်တန့်ရန်နှင့် အရှေ့ဥရောပမှ ယင်း၏တပ်များ ပြန်လည်ရုပ်သိမ်းပေးရန် တောင်းဆိုထားသည်။ NATO နှင့် အမေရိကန်ပြည်ထောင်စုတို့က ထိုတောင်းဆိုချက်များမှာ မဖြစ်နိုင်ကြောင်း တညီတညွတ်တည်း တုံ့ပြန်ခဲ့ကြသည်။

ရုရှားလုံခြုံရေးကောင်စီအကြီးအကဲ နီကိုလိုင်ပက်ရူရှက်က အနောက်နိုင်ငံများက ပြောဆိုနေကြသော ကျူးကျော်သိမ်းပိုက်ခြင်းဆိုသည့် သတိပေးချက်ကို တနင်္ဂနွေနေ့က ပယ်ချခဲ့၏။ “ဒီအချိန်မှာ ရုရှားက ယူကရိန်းကို ခြိမ်းခြောက်တယ်ဆိုပြီး သူတို့ပြောနေကြတယ်။ အဲဒီစကားတွေအကုန်လုံး လေဖမ်းပြီး ၀ါးတန်းချည်နေကြတာ။ ကျုပ်တို့ စစ်ကို မလိုလားသလို ကျန်တာတွေလည်း ကျုပ်တို့ မလိုချင်ဘူး” ဟု အစိုးရသတင်းဌာန Tass သို့ ပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမီထရိုကူလယ်ဗာက ‘အကယ်၍ ရုရှားအစိုးရ အရာရှိကြီးများက သူတို့ပြောသည့်အတိုင်း စစ်ကို မလိုလားရိုး မှန်ခဲ့ပါလျှင် ရုရှားသည် သံတမန်ရေးရာလမ်းကြောင်းကို မလွဲမသွေ ဆုပ်ကိုင်လျက် တပ်များ နောက်ဆုတ်သွားရန်လိုသည်’ ဟု တွစ်တာတွင် ရေးခဲ့၏။

အမေရိကန်ပြည်ထောင်စုနှင့် ဥရောပနိုင်ငံများက ရုရှား၏ကျူးကျော်မှု စတင်သည်နှင့်တစ်ပြိုင်နက် ပြင်းထန်သော ကန့်သတ်ပိတ်ဆို့မှုများနှင့် ရင်ဆိုင်ရမည်ဟု ပြောဆိုထားသည်။

ဤတနင်္ဂနွေ ဇန်နဝါရီ ၃၀ ရက်၌ပင် အမေရိကန်အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဆီနတ်တာဘော့ဘ်မင်နင်ဒက်ဇ်က တိုက်ခိုက်မှုသာ ပေါ်ပေါက်ခဲ့သည်ရှိသော် ရုရှားတို့ ‘ပိတ်ဆို့မှု တကာတို့၏ထိပ်ခေါင်’ နှင့် ရင်ဆိုင်သွားစေရန် ဥပဒေပြုအမတ်များက ဆန္ဒရှိကြောင်း ဆိုခဲ့သည်။ ထိုသို့ရည်ရွယ်ထားသော ကန့်သတ်ပိတ်ဆို့မှုတွင် ရုရှားဘဏ်လုပ်ငန်း လည်ပတ်မှုများကို တားဆီးခြင်း၊ ရုရှားစီးပွားရေး အဆောက်အအုံကို ကြီးမားစွာထိခိုက်စေခြင်းနှင့် ယူကရိန်းတပ်မတော်သို့ လက်နက်ထောက်ပ့ံခြင်းများ ပါဝင်သည်။

ယခုပြုလုပ်မည့် ပိတ်ဆို့ကန့်သတ်မှုများသည် ၂၀၁၄ ခုနှစ်၊ ရုရှားတို့ ယူကရိန်းထံမှ ခရိုင်းမီးယားကို ကျူးကျော်ဝင်ရောက် သိမ်းပိုက်ချိန်က ချမှတ်ခဲ့သော ဆန်ရှင်များထက် ပိုမိုပြင်းထန်မည်ဖြစ်သည်။ ထိုအချိန်က ဆန်ရှင်များသည် ထိရောက်မှုအားနည်းသည်ဟု သုံးသပ်ခဲ့ကြ၏။

မင်နင်ဒက်ဇ်အနေနှင့် ကျူးကျော်ဝင်ရောက်မှုမပြုမီကပင် အချို့သောဒဏ်ခတ်မှုမျိုးကို ကြိုတင်ချမှတ်သွားနိုင်ရန် စိတ်စောလျက်ရှိသည်။ “ဆန်ရှင်တစ်ခုချမှတ်ဖို့က အချိန်ယူရတယ်။ အဲဒီအချိန်အတွင်း ရုရှားဘက်က စလုပ်နေပြီ။ ယူကရိန်းကို ဆိုင်ဘာတိုက်ခိုက်မှုလုပ်တာ၊ ယူကရိန်းအစိုးရ အလုပ်တွေကို ဟန့်တားနှောက်ယှက်တာမျိုးတွေက စနေပြီ” ဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းအား ကျူးကျော်ခဲ့လျှင် ရုရှားအပေါ် ဘဏ္ဍာရေးအရ ထိခိုက်အောင် အရေးယူလိုသောဆန္ဒမှာ အမေရိကန် ကွန်ဂရက်လွှတ်တော်အတွင်း အာဏာရရော၊ အတိုက်အခံပါ နှစ်ပါတီလုံး သဘောညီကြပါသည်။ သို့သော်ဒီမိုကရက်နှင့် ရီပက်ဘလစ်ကင်တို့သည် ဆန်ရှင်အသစ်ကို ချမှတ်မည့် အချိန်ဇယားနှင့်ပတ်သက်၍ အနည်းငယ် ကွဲလွဲမှုရှိကြသည်။

ရီပက်ဘလစ်ကင်အမတ်များက ယူကရိန်းသို့ ရုရှားတပ်များ ဝင်ရောက်ချိန်ထိ စောင့်ဆိုင်းနေမည့်အစား ယခုအချိန်ကပင် အမေရိကန်၏ အရေးယူမှုများကို အဆောတလျင် လုပ်စေလိုသည်။ ဘိုင်ဒင်အစိုးရနှင့် ဒီမိုကရက်အမတ်များကမူ ယခုချက်ချင်း ပိတ်ဆို့မှုများကို ပြုလုပ်ပါက ပူတင်၏ ကျူးကျော်မှုကို ဟန့်တားနိုင်မည်မဟုတ်ဟု ထင်မြင်ယူဆကြသည်။

ရီပက်ဘလစ်ကင်၏ နိုင်ငံခြားဆက်ဆံရေးကော်မတီဝင် ဆီနိတ်တာ ဂျိမ်းရစ်ချ်က သူသည် ‘သတိရှိရှိအကောင်းမြင်’ ပါကြောင်းနှင့် ရီပက်ဘလစ်ကင်ရော၊ ဒီမိုကရက်များပါ ဆန်ရှင်ပြုလုပ်ရမည့် အချိန်သတ်မှတ်ချက်အပေါ် ပြေလည်အောင် ညှိနှိုင်းသွားနိုင်စွမ်းရှိကြောင်း CNN သို့ ပြောကြားခဲ့သည်။

တစ်ချိန်က ဆိုဗီယက်ယူနီယံ၏ အစိတ်အပိုင်းဖြစ်ခဲ့သော တိုင်းပြည်များကို NATO က အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခွင့်ပြုခြင်း သို့မဟုတ် ၀ါဆောစာချုပ်ဝင်နိုင်ငံများအကြား သြဇာသက်ရောက်မှုကို ထိပါးလာခြင်းအတွက် ရုရှား၏ခံပြင်းမှုမှာ နှစ်လရာသီ တာရှည်ခဲ့ပြီဖြစ်သည်။

“NATO ဟာ ယူကရိန်းနဲ့ သိပ် ‘ပလူး’ နေတယ်။ ဒီတိုင်းပြည်ကို သူတို့အဖွဲ့ထဲ ဆွဲသွင်းချင်နေတာ။ ယူကရိန်းက အဆင်သင့် မဖြစ်သေးမှန်း လူတိုင်းနားလည်တယ်။ NATO ရဲ့ လုံခြုံရေးအတွက် သူတို့တစ်တွေ ဘာမှထည့်ဝင်ပ့ံပိုးနိုင်မှာ မဟုတ်သေးဘူး” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့က ပြောခဲ့သည်။

ယူကရိန်းအနေနှင့် NATO အဖွဲ့ဝင် ဖြစ်လိုသောဆန္ဒမှာ နှစ်ကာလကြာမြင့်ခဲ့ပြီဖြစ်သည်။ သို့သော် တိုင်းပြည်အတွင်း နိုင်ငံရေးမတည်ငြိမ်မှုများ၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးများကြောင့် အဖွဲ့ဝင်ဖြစ်လာရေးမှာ နီးမယောင်နှင့် ဝေးနေခဲ့ရသည်။

အမေရိကန်အထက်လွှတ်တော်ယူက ရိန်းရေးရာကော်မတီဝင်၊ ဒီမိုကရက်အမတ်ဒစ်ခ်ဒါဘင်က လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ရန် ယူကရိန်းအနေနှင့် NATO သို့ ဝင်ရောက်လိုသော ဆန္ဒပြင်းပြမှုကို မြိုသိပ်ထားကာ သံတမန်ရေးရာအဖြေတစ်ရပ် ရှာဖွေသင့်ကြောင်း၊ ယူကရိန်းသမ္မတ ဇယ်လင်စကီးအနေနှင့် အနာဂတ်ကာလတွင် အဖွဲ့ဝင်ဖြစ်ရန် ဆုံးဖြတ်ခဲ့ပါက ထိုအချိန်ကျမှသာ NATO က ယူကရိန်းအတွက် တသားတည်းဖြစ်သွားနိုင်ကြောင်း၊ အကယ်၍ ရုရှားက ဝင်ရောက်သိမ်းပိုက်ခဲ့လျှင် စားပွဲပေါ်၌ ဆွေးနွေးအဖြေရှာကြရန်သာ ဖြစ်ကြောင်း NBC သတင်းဌာနသို့ ပြောကြားခဲ့သည်။

ယူကရိန်းအနေနှင့် NATO အဖွဲ့ဝင် ဖြစ်လာရေးတည်းဟူသော အလားအလာကို စိတ်လျှော့လက်လျှော့ စွန့်လွှတ်မည့်ပုံ မပြသေးပါ။ ဒါဘင်၏ အကြံဉာဏ်မှာလည်း ကျယ်ပြန့်သော နောက်ခံအကြောင်းတရားများအပေါ် ကိုယ်စားပြုမပြု မရေရာလှသေးပါ။

ရုရှားနိုင်ငံခြားရေးဝန်ကြီး လက်ဗ်ရော့က NATO ၏ ချဲ့ထွင်မှုသည် ရုရှားအတွက် ခြိမ်းခြောက်မှုဖြစ်ကြောင်း၊ မဟာမိတ်အဖွဲ့သည် သူ့အဖွဲ့ဝင်မဟုတ်သော နိုင်ငံတစ်နိုင်ငံကို အကြောင်းပြုကာ စော်ကားတိုက်ခိုက်နေခြင်းဖြစ်ကြောင်း ယခုလိုအလေးအနက်ထား စကားဆိုခဲ့ပါ၏။

“ဒါက ခုခံကာကွယ်တယ်လို့ ပြောဖို့ခက်ပါတယ်။ မမေ့မလျော့ သတိရကြဖို့က ယူဂိုဆလားဗီးယားမှာ သုံးလလုံးလုံး ဗုံးကြဲခဲ့တာလည်း သူတို့ပဲ။ လစ်ဗျားကို ဝင်သိမ်းတာလည်း သူတို့ပဲ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာလည်း သူတို့ပဲ။ ကဲနောက်ဆုံး အာဖဂန်နစ္စတန်မှာရော သူတို့ဘယ်လိုပုံမျိုး ပြုမူဆောင်ရွက်ခဲ့ကြသလဲ။”

Most Read

Most Recent