(၁)
“ဒီဘက်မှာ စပါးတွေရိတ်တဲ့သူတွေက ရိတ်နေကြတုန်းပဲရှိသေးတယ်။ အချို့ ရိတ်ပြီးတဲ့သူတွေလည်း ပြီးကြပြီပေါ့။ ဒီဘက်မှာက နယ်မြေတည်ငြိမ်အေးချမ်းမှု မရှိသေးတော့ တောင်သူတွေမှာ အခက်အခဲတွေအများကြီး ဖြစ်နေကြတယ်။ စပါးရိတ်သိမ်းပြီးတဲ့သူတွေ လတ်တလောကာလမှာ ဘယ်လိုတွေကြုံနေရလဲဆိုတော့ တောင်သူတွေမှာ လယ်ရိတ်သိမ်းပြီးလို့ ငွေပေါ်ချင်တာကို စပါးလာဝယ်ကြမယ့် ပွဲစားတွေက မရှိသလောက်ဖြစ်နေတာ။ ရိတ်သိမ်းခတွေပေးဖို့အတွက် စပါးလာဝယ်သူ တွေမရှိတော့ တောင်သူတွေ ငွေကြေးခက်ခဲနေကြတယ်။ ငွေလိုလို့ ဆန်စက်မှာ ဆန်ကြိတ် ပြီးရောင်းတော့လည်း စျေးအနှိမ်ခံရတယ်။ နယ်မြေဒေသ မတည်ငြိမ်တော့ စပါးလာ မဝယ်ရဲကြတဲ့ ပွဲစားတွေကအများအပြားပေါ့။ တောင်သူတွေမှာ နယ်မြေအခြေအနေက မအေးချမ်းတဲ့အခါမှာ ထွက်ပြေးတိမ်းရှောင်ရတာ၊ စိုးရိမ်ထိတ်လန့်မှုတွေလည်းရှိနေကြတာ၊ ငွေကြေးအခက်အခဲတွေလည်း ဖြစ်နေ ကြတာနဲ့ အခက်အခဲမျိုးစုံနဲ့ ကြုံနေရတာပေါ့” ဟု ရွှေဘိုခရိုင်အတွင်းမှ တောင်သူကြီးတစ်ဦးက ညည်းတွားစကားဆိုသည်။
ရွှေဘိုခရိုင်မှာ မြန်မာနိုင်ငံတွင် အရည်အသွေးကောင်းမွန်သည့် ရွှေဘိုပေါ်ဆန်းမွှေး ဆန်ထွက်ရှိရာဒေသဖြစ်ပြီး စျေးကွက်အတွင်း စျေးကောင်းရသည့် ဆန်စပါးကို အဓိကအားထားကာ စိုက်ပျိုးလုပ်ကိုင်နေကြသည့် ဒေသ တစ်ခုဖြစ်သည်။ ယခင်က စပါးရိတ်သိမ်းချိန် သည် တောင်သူများအတွက် ငွေပေါ်ချိန်ဖြစ်ခြင်းကြောင့် ပျော်ရွှင်ရသည့် အချိန်အခါကာလတစ်ခုဖြစ်ခဲ့သည်။ ယခုတွင် စပါးရိတ်သိမ်းချိန်ဖြစ်သော်လည်း တောင်သူများမှာ အခက်အခဲမျိုးစုံဖြင့် ကြုံတွေ့နေကြရသည်။ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီး နောက် ထိုဒေသသည်လည်း ကျွဲကူးရေပါဆိုသလို အခြားသောဒေသများကဲ့သို့ နယ်မြေမှာ တည်ငြိမ်အေးချမ်းမှုမရှိတော့ပေ။
(၂)
ရွှေဘိုခရိုင်အတွင်းရှိ ဒေသခံတောင်သူများမှာ ရွှေဘိုပေါ်ဆန်းမွှေးဆန် (ဘေးကြား စပါး)၊ မနော်၊ မဂျမ်းတော၊ ဧရာမင်း အစရှိသည့် မျိုးစပါးများကို အဓိကစိုက်ပျိုးကြပြီး ယာသီးနှံများဖြစ်သည့် မြေပဲ၊ ပြောင်း၊ ပဲအမျိုး မျိုး၊ ကြံ စသည့်သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ လတ်တလောတွင် အဆိုပါဒေသအတွင်း ဘေးကြားစပါး တင်း ၁၀၀ လျှင် ကျပ် ၁၀ သိန်းအထက် ပေါက်စျေးရှိနေသော်လည်း နယ်မြေဒေသမတည်ငြိမ်မှုကြောင့် စပါးလာ ရောက်ဝယ်ယူမှု လျော့နည်းသွားကာ တောင်သူများမှာ ငွေကြေးအခက်အခဲများဖြင့် ကြုံတွေ့နေရသည်။ ထို့ပြင် နယ်မြေဒေသတည် ငြိမ်အေးချမ်းမှုမရှိသဖြင့် တောင်သူများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရမှုများဖြင့် လည်း ကြုံတွေ့နေရသည်။
“ကျွန်တော်တို့ဒေသမှာ နယ်မြေအခြေ အနေက ဘာမှပြောလို့မရဘူး။ ရွာတွေထဲမှာ PDF အဖွဲ့တွေ ရောက်နေတယ်လို့ တပ်က သတင်းရလို့ ရောက်လာရင် ရွာထဲမှာဘယ်သူမှ မနေရဲတော့ဘူး။ အကုန်ထွက်ပြေးကြရတယ်။ ဖြစ်ချင်တာကတော့ ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်းနဲ့ အရင်လိုပြန်ပြီးတော့ လုပ်ကိုင်စားသောက်ချင်နေကြပြီ။ ဒါပေမဲ့ လက်ရှိအနေအထားမှာက ဒေသမှာ တည်ငြိမ်မှုမရှိသေးဘူး။ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာလည်း ဘယ်သူမှ မခန့်မှန်းနိုင်သေးဘူး” ဟု ခင်ဦးမြို့နယ်အတွင်းမှ ဒေသခံတောင် သူတစ်ဦးက ဆိုသည်။
လက်ရှိတွင် ရွှေဘိုခရိုင်အတွင်းရှိ နယ် မြေဒေသအချို့၌ ဒေသတွင်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏ မိုင်းခွဲတိုက်ခိုက်ခြင်း နှင့် တိုက်ပွဲဖြစ်ပွားခြင်းတို့ကြောင့် ဒေသခံ တောင်သူများမှာ ထွက်ပြေးတိမ်းရှောင်ရမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ထို့ပြင် အချို့တောင်သူများမှာ နယ်မြေဒေသတည်ငြိမ်မှုမရှိသဖြင့် စပါးရိတ်သိမ်းရန်ခက်ခဲနေခြင်း၊ ရိတ်သိမ်းပြီး စပါးများ ရောင်းချရန်ခက်ခဲနေခြင်း၊ ရိတ်သိမ်းပြီးစပါးများကို စပါးကျီများအတွင်း သိုလှောင်ထားရာတွင်လည်း နယ်မြေဒေသ မတည်ငြိမ်ဖြစ်ပေါ်လာပါက ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်မည်ကိုပါ စိုးရိမ်နေကြကြောင်း တောင်သူများထံမှ သိရသည်။
(၃)
“တောင်သူတွေက အခက်အခဲတွေ အများကြီးနဲ့ လုံးလည်ချာခတ်ဖြစ်နေကြပြီ။ ရိတ်သိမ်းပြီးတဲ့ စပါးတွေမရောင်းရလို့ အခက်အခဲဖြစ်တဲ့သူတွေ၊ ရိတ်သိမ်းခတွေပေးဖို့ ငွေကြေးခက်ခဲနေတာတွေ၊ ရိတ်သိမ်းပြီးစပါးတွေ နယ်မြေမတည်မငြိမ်ဖြစ်တာနဲ့ ကြုံလာရင် ဖျက်ဆီးခံရမှာစိုးရိမ်ကြတာတွေ စတဲ့ အခက် အခဲတွေနဲ့ကြုံနေရတယ်။ အရင်တုန်းကတိုက်ပွဲဆိုတာ ကိုယ့်ဒေသနဲ့ အဝေးကြီးမှာဖြစ်တာ တွေပဲ ကြားခဲ့ရတယ်။ အခုတော့ ကိုယ့်ဒေသမှာ ကိုယ့်အနီးအနားမှာကို ဖြစ်နေတော့ အရင်က ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်ကိုင်စားသောက်ခဲ့ရတဲ့အချိန်တွေကို ပြန်လိုချင်နေမိတယ်” ဟု ရေဦးမြို့နယ်အတွင်းမှ တောင်သူ ကြီးတစ်ဦးက ညည်းတွားပြောဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှစ၍ နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်လာခဲ့ပြီးနောက် ယခင်က တိုက်ပွဲမဖြစ် ပေါ်ခဲ့ဖူးသည့် မြေပြန့်ဒေသများအထိပါ တိုက်ပွဲများက မကြာခဏဖြစ်ပွားခဲ့သည်။ ယခင်က တိုင်းရင်းသားလက်နက်ကိုင်များရှိရာဒေသများ၌ နှစ်ဖက်တိုက်ပွဲများဖြစ်ပွားပါက ဒေသခံတိုင်းရင်းသားများ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရခြင်း၊ ရိတ်သိမ်းရန် ကျန်ရှိနေသည့် သီးနှံစိုက်ခင်းများကို ရိတ် သိမ်းနိုင်မှုမရှိခြင်း၊ နေအိမ်များ ထိခိုက်ပျက်စီးခြင်းစသည့် စစ်ဘေးသင့်သည့်ဒဏ်ကို သတင်းများတွင်သာ ကြားသိကြည့်ရှုခဲ့ရဖူးသည့် အညာဒေသနေ တောင်သူများမှာ လက်ရှိတွင် မိမိတို့၏ဒေသအတွင်း၌ ထိုကဲ့ သို့အခြေအနေများဖြင့် ကြုံတွေ့နေကြရသည်။ ယမ်းငွေ့တို့သည် မြေပြန့်ဒေသများ၌ ဆောင်းနှင့်အတူ ဝေနေဆဲဖြစ်သည်။
ပြီးခဲ့သည့် မိုးရာသီကာလအတွင်း ရွှေဘိုခရိုင်အတွင်း မိုးခေါင်မှုကြောင့် မိုးကောင်းသောက် တောင်သူများမှာ မိုးစပါးနှင့် မိုးသီးနှံများစိုက်ပျိုးရန် အခက်အခဲများကြုံတွေ့ခဲ့ရသည်။ ဆည်ရေဖြင့်စိုက်ပျိုးသည့် တောင်သူများမှာလည်း မိုးစပါးစိုက်ပျိုးနိုင်သော်လည်း အထွေထွေကုန်စျေးနှုန်း မြင့်တက်မှုဒဏ်ကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဒဏ်များကိုလည်း ခံစားနေရသကဲ့သို့ နိုင်ငံရေးအပြောင်းအလဲ၏ ဒဏ်၊ ဓာတ်မြေသြဇာစျေးနှုန်းများ အဆမတန်မြင့်တက်မှုအပါအဝင် ကုန်စျေးနှုန်း မြင့်တက်မှုဒဏ်၊ ဒေသတွင်း နယ်မြေတည်ငြိမ်မှုမရှိသည့်ဒဏ် စသည့် ဒဏ်ပေါင်း စုံကြောင့် တောင်သူများမှာ မိအေးအခါခါ နာနေရသော ဘဝများဖြစ်နေကြရသည်။
(၄)
စိုက်ပျိုးရေးကို အဓိကအားထားကာ လုပ်ကိုင်နေရသည့်ဒေသများတွင် လက်နက်ကိုင် တိုက်ပွဲများဖြစ်ပွားလာပါက နိုင်ငံ၏အဓိကအားထားရာများအနက် တစ်ခုအပါ အဝင်ဖြစ်သည့် ဆန်စပါးလုပ်ငန်းကိုပါ ထိခိုက်လာသည်မှာ ဧကန်အမှန်ပင်ဖြစ်သည်။ ထိုကဲ့သို့ တိုက်ပွဲများကြောင့် ဒေသတွင်း ထိခိုက်နစ်နာမှုများလည်း တွေ့ကြုံရမည်ဖြစ်ပြီး နယ်မြေမတည်ငြိမ်မှုဒဏ်ကြောင့် ဒေသခံများ၏ လူမှုစီးပွားဘဝများကိုလည်း ရိုက်ခတ်လာမည်ဖြစ်သည်။
မြန်မာနိုင်ငံ၏လူဦးရေ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေးလက်ဒေသများတွင် အများစု နေထိုင်ကြပြီး လယ်ယာစိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိက အသက်မွေးဝမ်းကျောင်းပြုကြသည်။ ထိုကဲ့သို့ လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်းပြုသော်လည်း တောင်သူများမှာ ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများဖြစ်သည့် မိုးခေါင်မှု၊ ရေကြီးမှုတို့ကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုဖြင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍမှ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး၏ ရာခိုင်နှုန်း ၃၀ နှင့် ပြည်ပပို့ကုန်၏ ပို့ကုန်ဝင်ငွေ ၂၅ ရာ ခိုင်နှုန်းကို ရှာဖွေပေးလျက်ရှိသဖြင့် စိုက်ပျိုး ရေးကဏ္ဍသည် နိုင်ငံ၏အရေးပါသောအခန်း ကဏ္ဍ၌ တည်ရှိနေသည်ကို ပြသလျက်ရှိသည်။ ထိုကဲ့သို့ စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံ၏ အရေးပါသောနေရာ၌ ရပ်တည်လျက်ရှိသော်လည်း ရာသီဥတုပြောင်းလဲဖောက်ပြန်မှုများဖြစ်သည့် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပြိုခြင်း၊ ပိုးမွှားကျရောက်ဖျက်ဆီးခြင်း စသည်တို့ အပြင် လက်နက်ကိုင်ပဋိပက္ခ ဖြစ်စဉ်များကြောင့်လည်း စိုက်ပျိုးရေးကဏ္ဍကို ထိခိုက်မှုများဖြစ်ပေါ်စေသည်။
ထို့ပြင် ပြီးခဲ့သည့်နှစ်က အညာဒေသတွင် မိုးခေါင်မှုကြောင့် ဆည်ရေရရှိသောဒေသများမှ တောင်သူများသာ မိုးစပါးကိုစိုက်ပျိုးနိုင်ခဲ့ကြပြီး မိုးကောင်းသောက်ဒေသများရှိ တောင်သူများမှာ မိုးစပါးစိုက်ပျိုးနိုင်ခဲ့ခြင်း မရှိဘဲ အနည်းစုသာ စက်ရေတင်စနစ်ဖြင့် စရိတ်ကြီးစွာ စိုက်ပျိုးခဲ့ရသည်။ မိုးခေါင်မှုကြောင့် မိုးစပါးနှင့်မိုးသီးနှံအထွက်နှုန်းလည်း လျော့ကျခဲ့ရသည်။ မိုးခေါင်မှုအကျိုးဆက် အဖြစ် ဆည်ရေလျော့ကျသွားခြင်းကြောင့် နွေစပါးစိုက်ပျိုးနိုင်ခြင်းမရှိခဲ့ပေ။ ယခုနှစ်တွင်လည်း မိုးကောင်းသောက်ဒေသရှိတောင်သူများမှာ မိုးဦးနှင့်မိုးလယ်ကာလက မိုးခေါင်မှုကြောင့် မိုးစပါးစိုက်ပျိုးနိုင်မှုမရှိဘဲ မိုးနှောင်းကာလမှသာ တောင်သူများ မိုးစပါးစိုက်ပျိုးနိုင်ခဲ့ကြသည်။ သို့သော် အဆိုပါမိုးနှောင်းကာလ အတွင်းကလည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စိုက်ပျိုးပြီးစပါးခင်းများ ရေကြီးနစ် မြုပ်မှုဒဏ်ကိုခံခဲ့ရကာ သီးနှံစိုက်ခင်းအချို့လည်း ထိခိုက်ပျက်စီးခဲ့သည်။
(၅)
အညာဒေသတွင် မိုးစပါးများရိတ်သိမ်းနေကြဆဲဖြစ်သည်။ အများစုမှာ မိုးစပါးကို ရိတ်သိမ်းပြီးကြပြီဖြစ်သည်။ ယခင်နှစ်များဆီက တောင်သူများ၏ မိုးစပါးရိတ်သိမ်းချိန်မှာ မျှော်လင့်ချက်များဖြင့် ပျော်ရွှင်ဖွယ်ရာအချိန် ကာလများဖြစ်ခဲ့သည်။ ရှင်ပြုနားသမပြုလုပ်ရသေးသည့် သားသမီးများအတွက် အလှူကြီးပေးသူကပေးရန် စိတ်ကူးအိပ်မက်များဖြင့် ကြိုတင်ပြင်ဆင်နေကြပြီဖြစ်သည်။ ဘုရားပွဲ၊ ကျောင်းပွဲများ၊ ဘာသာရေးအခမ်းအနား များဖြင့်လည်း စည်ကားသည့် အချိန်ကာလတစ်ခုလည်း ဖြစ်ခဲ့သည်။ သို့သော် ယခုတွင် ကိုဗစ်ကပ်ရောဂါဆိုးနှင့်အတူ နိုင်ငံရေးအပြောင်းအလဲ ဖြစ်စဉ်များအောက်ဝယ် တောင်သူများမှာ အခက်အခဲမျိုးစုံတို့ဖြင့် ရုန်းကန် လှုပ်ရှားကာ နေကြရသည်။ ဆက်လက်၍လည်း အခက်အခဲမျိုးစုံတို့ဖြင့် ရင်ဆိုင်ဖြတ်သန်းကြရဦးမည်လည်း ဖြစ်သည်။
တောင်းဆုပြု၍ ပြည့်ခဲ့မည်ဆိုပါက လက်ရှိနိုင်ငံအတွင်း ပြည်သူများ ကြုံတွေ့နေ ရသည့် အခက်အခဲအကျပ်အတည်းများအားလုံး ကျော်ဖြတ်နိုင်ပြီး တောင်သူများအပါအဝင် အမိမြန်မာနိုင်ငံ အမြန်ဆုံးငြိမ်းချမ်းသာယာတိုးတက်သော နှစ်သစ်ကို အမြန်ဆုံး ပိုင်ဆိုင်ရပါစေဟုသာ ဆုတောင်းနေမိပါသည်။










