ငွေပြဿနာ၊ ငွေနှိုးဆွမှုသံသရာနှင့် ငွေတွင်းနက်မည်းကြီး

ငွေပြဿနာ၊ ငွေနှိုးဆွမှုသံသရာနှင့် ငွေတွင်းနက်မည်းကြီး
ရန်ကုန်မြို့ ယုဇနပလာဇာဝန်းကျင်တွင် သွားလာလှုပ်ရှားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
ရန်ကုန်မြို့ ယုဇနပလာဇာဝန်းကျင်တွင် သွားလာလှုပ်ရှားနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 30 January 2022

မြန်မာ့စီးပွားရေးကတော့ သုတေသနလုပ်စရာမလိုဘူး။ အင်စတီကျူတွေရဲ့ အစီရင်ခံစာကို ကိုးကားစရာမလိုဘူး။ လက်တွေ့မျက်မြင်အရ ဇောက်ထိုးကို ထိုးကျနေတာ။ လက်လီစျေးကွက်မှာ ဝယ်လိုအားတွေ ကျဆင်း၊ မြို့ပြစီးပွားရေးလုပ်ငန်းတွေ ရပ်ဆိုင်း၊ လုပ်ငန်းပြန်စဖို့ အရင်းအနှီးချို့တဲ့၊ စက်မှုလုပ်ငန်းတွေ လည်ပတ်ဖို့ကျတော့လည်း ကုန်ကြမ်းတွေမဝင်၊ ဆောက်လုပ်ရေး ကန်ထရိုက်လုပ်ငန်းတွေ စတင်ဖို့ကျတော့လည်း ပိုက်ဆံက ဘယ်မှာမှ ထုတ်မရ၊ ဝန်ဆောင်မှု လုပ်ငန်းတွေ လည်ပတ်ဖို့ကျတော့လည်း ဒေသတိုင်းမှာ မတည်ငြိမ်၊ လုပ်ငန်းကြီးတွေ စတင်ဖို့ကျတော့လည်း ပေါ်လစီတည်ငြိမ်မှု၊ ပေါ်လစီ အာမခံမှု ဘယ်သူပေးမလဲ မေးခွန်းထုတ်စရာဖြစ်၊ ကိုယ်ဖြစ်ကိုယ်ခံ၊ ကိုယ်နည်းကိုယ့်ဟန်နဲ့ စတင်နေကြရတဲ့ စီးပွားရေးလုပ်ငန်းများ၊ ဒီလိုလိမ်ဖည်လိမ်ဖည်နဲ့ အခုအထိ စခန်းသွားနိုင်သေးတာ အတော့်ကို ချီးကျူးရမယ်။

အဲဒီတော့ အခုချိန် စီးပွားရေး ကုစားမှုကို ရေတိုကုစားမှု ဘယ်လိုနည်းလမ်းက အဖြေတွေ့နိုင်မလဲဆိုတာ မြင်မိတာ နှစ်ခုပဲရှိတယ်။ အစိုးရ ကမကထလုပ်ပြီး စျေးကွက်ကို နှိုးဆွဖို့၊ လူထုဝယ်လိုအားကို ဆွဲတင်ဖို့ (၁) ဘတ်ဂျက်နဲ့ Stimulus လုပ်တဲ့နည်းနဲ့ (၂) ပုဂ္ဂလိက ပိုက်ဆံ ငွေသေတွေကို ပုဂ္ဂလိကလက်ထဲ ပြန်ပြောင်းထည့်တဲ့ Bailout နည်း အဲဒီနည်းပဲ ရှိတယ်လို့မြင်တယ်။

ဘတ်ဂျက်နဲ့ Stimulus လုပ်တဲ့နည်း

ဘတ်ဂျက်နဲ့ စျေးကွက် Stimulus လုပ်တဲ့နည်းဟာ အစိုးရ ပိုက်ဆံ ပိုပိုသုံး၊ ကိန်းရဲ့ စုစုပေါင်း ဝယ်လိုအား ပြေးပြေးချိတ်ကြတယ်။ ခက်တာက နှစ်ပေါင်း ၅၀ လောက် ကိန်းနဲ့ကုစားလာတာ အစိုးရကြွေးမြီ တက်လာတယ်။ ငွေဖောင်းပွမှုကြောင့် ကျပ်တန်ဖိုး တဖြည်းဖြည်းကျတယ်။ Money Supply ပွထလာတယ်။ တိုင်းပြည်က ဆင်းရဲလာတာပဲ အဖတ်တင်ခဲ့တယ်။ ကျင့်ဝတ်ပိုင်းမှာဆိုရင် အဂတိ၊ အကျင့်ပျက်ခြစားမှု၊ Crony စနစ်ပဲ အဖတ်တင်ခဲ့တယ်။ အယိုအဖိတ်တွေများခဲ့တယ်။ အရည်အသွေး၊ စွမ်းဆောင်ရည်ကတော့ ဇီးရိုးအဆင့်သာသာ။ Good Governance နိမ့်ကျဆိုတဲ့ ဘတ်ဂျက်ကြီးလေလေ အစိုးရယန္တရားကြီး စွမ်းဆောင်ရည် နိမ့်လေလေ ဆိုတဲ့ဖြစ်စဉ်ကြီး သမိုင်းမှာ အဖတ်ခဲ့တယ်ဆိုတာကိုတော့ မေ့ထားလို့မရ။ နောက်ဆုံးတော့ စျေးကွက်ဝန်ထုပ်ဝန်ပိုးဟာ အစိုးရယန္တရားကြီးဖြစ်နေတာမျိုးနဲ့ ဇာတ်သိမ်းနေရတဲ့ Stimulus ကြီးကို ဂရုစိုက်မျက်ခြည် မပြတ်ကြဖို့လည်း လိုနေတယ်။

ဘာကြောင့်လဲဆိုတော့ စီးပွားရေးနှိုးဆွမှု Stimulus နဲ့ ကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် မချိတ်ဆက် နိုင်ခဲ့လို့ပဲ။ စီးပွားရေးနှိုးဆွမှုတွေ လုပ်ပေမဲ့ တစ်ဖက်က အဂတိ၊ အကျင့်ပျက်ခြစားမှု တစ်ဆက်တည်း မကိုင်တွယ်ခဲ့။ ပိုဆိုးတာက ဘတ်ဂျက်နဲ့ Rent Seeking ဖြစ်နေတဲ့ အစဉ်အလာကို နိဂုံးမသတ်နိုင်ခဲ့။ ဒါကြောင့် အစိုးရဲ့ Stimulus တိုင်းဟာ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှု၊ Rent Seeking ဖြစ်စဉ် တွေထဲမှာ ဘတ်ဂျက်ရဲ့ တစ်ဝက်လောက်က ရေစုန်မျောသွားခဲ့ကြတာ။ ဒါကြောင့်လည်း ဗျူရိုကရက်တိုင်းဟာ Stimulus ကိုပဲ မျှော်နေခဲ့ကြပြီး စီးပွားရေးကျဆင်းမှုတွေဖြစ်လာရင် ဘတ်ဂျက်နှုန်းဆွမှုတွေလုပ်ဖို့ ဘေးတီးခဲ့ကြတာနဲ့ပဲ သံသရာလည်ခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့် စီးပွားရေးနှိုးဆွမှုအစီအစဉ်ကို လုပ်မယ်ဆိုတာနဲ့ တစ်ပြိုင်နက်တည်း Good Governance ဘယ်လောက် တက်လာအောင် လုပ်ရမလဲဆိုတဲ့ ပေါ်လစီကို တစ်ချိန်တည်းဆောင်ရွက်သင့်ပါတယ်။

ဘတ်ဂျက်ပမာဏကို တိုး၊ အစိုးရ ယန္တရားကိုလျှော့ သီအိုရီရှုထောင့်က ပြောမယ်ဆိုရင် နည်းသုံးနည်းနဲ့ လုပ်ရပါလိမ့်မယ်။ အေဂျင်စီနည်း၊ Human Resources Allocation နည်းနဲ့ ပုဂ္ဂလိကအရင်းအနှီး အစိုးရပရောဂျက်ထဲ ဆွဲသွင်းနည်း ဒီသုံးနည်းနဲ့ ဘတ်ဂျက် Stimulus လုပ်မှသာ အောင်မြင်နိုင်လိမ့်မယ်။

အေဂျင်စီနည်းကတော့ စျေးကွက်နဲ့ဆက်စပ်နေတဲ့ ဌာနတွေကို ယန္တရားထဲက ဆွဲထုတ်၊ ကော်ပိုရေး ရှင်းဆန်တဲ့ စီမံခန့်ခွဲမှုကို သုံး၊ ပရောဂျက်တွေ၊ တင်ဒါလုပ်ငန်းစဉ်တွေ ဖြစ်နိုင်ရင် ဌာနယန္တရားထဲက ဆွဲထုတ်ပြီး အေဂျင်စီတွေဖွဲ့၊ အေဂျင်စီတွေကို ကန်ထရိုက်ပေး မော်ဒယ်အသစ် ထုတ်သုံး၊ စီးပွားရေးဌာနတွေ စီမီးဂါးဗားမန့်အသွင် မြန်မြန်ပြောင်းတဲ့ နည်းပါ။ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း၊ စျေးကွက်နဲ့ ဆက်စပ်လုပ်နေရတဲ့ ဌာနတွေအားလုံးကို အေဂျင်စီ မော်ဒယ်အဆင့်လိုက် ပြောင်းတဲ့ နည်းကို ဆိုလိုရင်းဖြစ်ပါတယ်။

Resource Allocation နည်းကတော့ အဲဒီအေဂျင်စီတွေမှာ ပုဂ္ဂလိကပညာရှင်တွေ၊ ပါမောက္ခတွေ၊ တတ်သိပညာရှင်တွေ ထည့်သွင်းထားတဲ့ Management Allocation ကို ဆိုလိုရင်းဖြစ်တယ်။ စိတ်ကောင်းစေတနာရှိတဲ့ ပြင်ပပုဂ္ဂိုလ်လူကောင်းတွေ နိုင်ငံအကျိုးကိုကြည့်မယ့် အရပ်ဘက်လူတွေ ထည့်သုံးမှ၊ လူမှန်တွေ နေရာပေး၊ လူမနိုင်ရင်လည်း မူအတိုင်းလုပ်နိုင်မယ့်သူ၊ လုပ်ပိုင်ခွင့်တွေပေးမှ၊ တာဝန်ယူမှုတွေ တာဝန်ခံမှုတွေနဲ့ ချည်နှောင်သင့်ပါပြီ။ ၂၁ ရာစုဘဏ္ဍာရေးအကြောင်း၊ အိုင်တီနည်းပညာတွေအကြောင်း၊ ခေတ်သစ်ငွေကုန်ကူးမှုတွေအကြောင်း၊ နိုင်ငံတကာငွေသားစီးဆင်းမှုတွေ အကြောင်း၊ အရင်းအနှီးစျေးကွက်၊ ငွေကြေးနှင့် စတော့စျေးကွက်အကြောင်း တီးမိခေါက်မိ လူငယ်၊ လူသစ်တွေထုတ်သုံးမှ အောင်မြင်ပါလိမ့်မည်။ နိုင်ငံဟာ ကိုယ်ပိုင်ပစ္စည်း မဟုတ်ဘူးဆိုတဲ့ စိတ်အခံနဲ့ နိုင်ငံသားအားလုံး လုပ်ဖော်ကိုင်ဖက်လို့ သဘောထားပြီး လုပ်ရမယ်ဆိုတဲ့ Mindset မွေး လုပ်မှသာ ဘတ်ဂျက်နဲ့ Stimulus လုပ်တဲ့နည်းဟာ အောင်မြင်နိုင်ပါလိမ့်မယ်။အခုချိန်ထိတော့ ဆိုရှယ်လစ်နို့နံ့မစင်သူများ၊ အစိုးရ ယန္တရားကသာ စျေးကွက်ကို ကယ်တင်နိုင်မယ့်သူများ၊ စျေးကွက်ရဲ့ အကျိုးစီးပွားဖြစ်မှုကို လက်မလွှတ်ချင်သူများက Policy Maker Level ၊ Policy Decision Level မှာ နေရာယူထားကြလို့ အေဂျင်စီအသွင်ပြောင်းဖို့၊ လူသစ်တွေထည့်သုံးဖို့ ဆော်သြရခြင်းဖြစ်ပါတယ်။

ပုဂ္ဂလိကအရင်းအနှီးများ အစိုးရပရောဂျက်ထဲ ဆွဲထည့်နည်းကတော့ ပရောဂျက်ခပ်ကြီးကြီးတွေကို ပုဂ္ဂလိက ကော်ပိုရေးရှင်းများ၊ ခရိုနီကြီးများ၊ ငွေရှင်ကြေးရှင်များရဲ့ ပိုက်ဆံနဲ့သုံးပြီး ဆောင်ရွက်တဲ့နည်းပဲ ဖြစ်ပါတယ်။ PPP သဘောဆောင်ပါတယ်။ အစိုးရပရောဂျက်ကြီးများကို အစိုးရပိုက်ဆံနဲ့ မဆောင်ရွက်တော့ဘဲ ပုဂ္ဂလိကပိုက်ဆံနဲ့ ဆောင်ရွက်ပြီး ငွေရှာတဲ့နည်းသာ အဆင်ပြေပါလိမ့်မယ်။ ငွေသေတွေကို ပရောဂျက်နဲ့ ပုံဖော်လိုက်ပါ။ အဲဒီ ခရိုနီကြီးတွေ၊ ငွေရှင်ကြေးရှင်များရဲ့ ကုမ္ပဏီကြီးတွေ စီးပွားရေးလုပ်ငန်းတွေကိုလည်း ကော်ပိုရိတ် အသွင်ပြောင်းပေးဖို့၊ အများပိုင်အဖြစ် အသွင်ပြောင်းပေးဖို့ လိုတယ်။ ဒီလို ကော်ပိုရိတ်အသွင်ပြောင်းခြင်းဖြင့် စတော့စျေးကွက်မှာ စာရင်းဝင်မယ်၊ စတော့တွေ အများပြည်သူဝယ်မယ်ဆိုရင် ဒီလိုစီးပွားရေးအသီးအပွင့်ကို နိုင်ငံသားတွေအားလုံး ခံစားမယ်။  အစိုးရပရောဂျက်ကြီးကြီးတွေကို အများပိုင်လုပ်ထားတဲ့၊ ကော်ပိုရိတ် အသွင်ပြောင်းထားတဲ့ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းတွေကို လုပ်ပိုင်ခွင့်၊ ပါမစ်ချပေးဖို့၊ လွတ်လပ်တဲ့ အေဂျင်စီတွေက ကိုင်တွယ်ထိန်းကျောင်းလိုက်ရင် အစိုးရရဲ့ဘတ်ဂျက်နဲ့ Stimulus လုပ်တဲ့နည်းဟာ အောင်မြင်လာပါလိမ့်မယ်။ အစိုးရဟာ ပုဂ္ဂလိက လုပ်ရမယ့် စီးပွားရေးအလုပ်တွေ မလုပ်ရတော့ဘူးဆိုရင် အချိန်ပိုတွေ ပိုထွက်လာမယ်။ အစိုးရဟာ ပေါ်လစီအလုပ်၊ စောင့်ကြည့်ခြင်း အလုပ်၊ ဥပဒေ၊ နည်းဥပဒေပြုခြင်း အလုပ်တွေကို ခပ်သွက်သွက်လုပ်နိုင်ပါလိမ့်မယ်။

ယုံကြည်မှု

ယုံကြည်မှုဆိုတာ ဘဏ်နဲ့ ငွေကြေးလောက ယုံကြည်မှုကို ရည်ညွှန်းခြင်းဖြစ်တယ်။ လတ်တလောတော့ စီးပွားရေးဟာ ငွေကျုံ့မှုဖြစ်စဉ် တစ်ခုနဲ့တင် ဘာမှစတင်လို့မရသေးတဲ့ အခြေအနေမျိုးကို တွေ့ရတယ်။ ငွေတွေထုတ်ထားပါလျက် စျေးကွက်ထဲ ငွေပျောက်နေခြင်း၊ ငွေဖြစ်လွယ်မှုအချိုး နိမ့်ကျနေခြင်းဟာ ထုတ်ထားတဲ့ငွေတွေ ဘယ်မှာသေနေသလဲ ဆိုတဲ့မေးခွန်းကနေ အဖြေစရှာရမယ်ထင်ပါတယ်။ အခုပြောတဲ့ ပုဂ္ဂလိကလက်ထဲ ငွေသေပိုက်ဆံနဲ့ လုပ်ငန်းအတွက်လိုနေတဲ့ ပုဂ္ဂလိက လက်ထဲ ပြန်ပြောင်းစီးဆင်းရေး အစိုးရ ကမကထလုပ်ရမယ့် Bailout နည်းက ငွေသေတွေနဲ့ ဆက်စပ်နေလို့ ဒီနေရာမှာ နားလည်မိသလောက် ရှင်းလင်းရခြင်းဖြစ်တယ်။

ငွေသေတွေအကြောင်းပြောရင် ငွေသေတွေ ဘယ်ရောက်၊ ဘယ်ပျောက်ဆိုတဲ့ ပဟေဠိနဲ့ ဘဏ် NPL ပြဿနာကြီးကတော့ အီလည်လည်နဲ့ ၂၀၁၄ နှစ်လောက်ကတည်းက ဆိုတော့ ရှစ်နှစ်နီးပါးရှိခဲ့ပါပြီ။ နှစ်အလိုက် ငွေစက္ကူတွေ တိုးရိုက်နှိပ်ထုတ်ဝေခဲ့ပြီး စျေးကွက်ထဲမှာတော့ ကျပ်ငွေရှားပါးနေ၊ ငွေကျု့ံမှုဖြစ်ပေါ်နေ၊ လက်လီစျေးကွက်မှာ ကျပ်ငွေ ပျောက်နေတာဟာ သီအိုရီပြင်ပကနေ အဖြေရှာရမလို ဖြစ်နေပါတယ်။ ကျပ်တွေ ဘယ်ပျောက်နေသလဲ၊ ဘယ်မှာအောင်းနေသလဲ။ ဒီလိုအောင်းနေတဲ့ကျပ်တွေ အပြင်ထွက်လာအောင် လုပ်ရမယ့်နည်းဟာ ရေတိုစီးပွားရေးကုထုံး ဖြစ်နေပါတယ်။

စျေးကွက်ထဲ ငွေဖြစ်လွယ်မှု အရှိန်သွက်စေဖို ့ လုပ်မလားဆိုတော့လည်း နိုင်ငံရေးကိစ္စက ဘဏ်ကိစ္စကို လာဆွဲထည့်ထားလို့ အခုထိ အလုပ်မဖြစ်သေး။ ဘဏ်ကိုယ်တိုင်ကလည်း ကျပ်ငွေရှားနေပုံရ။ မြန်မာနိုင်ငံ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်သာ ဘဏ်ငွေစုတဲ့အကျင့်၊ ဘဏ်အကောင့်ရှိတယ်ဆိုတဲ့ စာတမ်းတွေ သိထားရတော့လည်း ဘဏ်မှာ ကျပ်ငွေ အဲဒီလောက်တောင်လိုပုံ မရှိနိုင်လောက်ဘူးလို့ သုံးသပ်ရတယ်။ ကျပ်ငွေ ရွှင်လာအောင်လုပ်ပြီး စျေးကွက်ကို နှိုးဆွဖို့ ဘဏ်တစ်ခုတည်းနဲ့ မလုံလောက်တော့ပါ။ ဘဏ်တွေလည်း NPL နပန်းလုံးနေရတော့ နာလန်ထူနိုင်စရာ အကြောင်းမရှိသေး။ ကြွေးသစ်ချဖို့၊ ချေးငွေတိုးချဲ့ဖို့ ဆိုတာ တစ်ခါသေဖူး ပျဉ်ဖိုးနားလည်ဆိုသလို အတော်အထိနာထား။ လူလုပ်ဘဏ်ကောလာဟလလှိုင်းနဲ့ လုပ်စားသူတွေကများ၊ ကုန်သွယ်မှုက ထိုးရပ်၊ ဝယ်လိုအားကျလို့ လုပ်ငန်းတွေပိတ်သိမ်း၊ စီးပွားရေးက ပိန်လိန်နေတော့ ပုဂ္ဂလိကဘဏ်တွေ ငွေကြေးလောကမှာ ထပ်စွန့်စားဖို့ အလားအလာမရှိဘူးဆိုတာ သေချာသလောက် ပြောလို့ရတယ်။

အခု ကိုဗစ်ကပ်ဆိုးနဲ့ နဂိုရှိရင်းစွဲ ဘဏ်ပြဿနာကြီး၊ အရင်းအနှီး ချို့တဲ့မှုကြီး စျေးကွက်ကြီး ကြုံကြိုက်နေရပြီ။ အဆိုးဆုံးကတော့ ဘဏ်အပေါ် ယုံကြည်မှုကျဆင်းနေတဲ့အချက်ပဲ။ ဘဏ်တွေအပေါ် ယုံကြည်မှု ကျဆင်းနေတာနဲ့ပတ်သက်ပြီး ဗဟိုဘဏ်ကလည်း စွမ်းဆောင်နိုင်စွမ်း မရှိသေးဘူး။ လူထုစိတ်ထဲ ဘဏ်ယုံကြည်မှု ကျဆင်းနေခြင်းဟာ စီးပွားရေးမှာ ကောင်းတဲ့လက္ခဏာ မဟုတ်။ ယုံကြည်မှုပြန်ရဖို့ နှစ်ချီကုစားရပါလိမ့်ဦးမယ်။ ဆိုရလျှင် ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စကို နိုင်ငံရေးထဲ ရောစွက်ထားလို့ ရေရှည်မှာ မသင့်တော်ဘူးဆိုတာ ဆုံးဖြတ်ချက် ချနိုင်သူတွေ နားလည်သင့်ပါပြီ။

ငွေပြဿနာက နှစ်ခု

ငွေကဏ္ဍမှာ ပြဿနာနှစ်ခုဖြစ်တဲ့ ထုတ်ထားတဲ့ငွေကြေးပမာဏ (Money Supply) က များပြီး လက်လီစျေးကွက်ထဲ ကြက်ပျောက်ငှက်ပျောက်ဖြစ်နေတဲ့ ပြဿနာကတစ်ခု၊ ငွေပေါတဲ့သူတွေကျ ဒေါ်လာ၊ မြေ၊ ရွှေ ဝယ်လိုအားတက်နေတဲ့ပြဿနာကတစ်ခု တစ်ပြိုင်နက်တည်း ကြုံနေရတယ်။ ဆင်းရဲတဲ့သူအတွက် ကျပ်ငွေက ရှားပြီး၊ ချမ်းသာတဲ့သူအတွက် ငွေက အပေါဆုံးဖြစ်နေတဲ့ အခြေအနေ။ ထုတ်ထားတဲ့ငွေပမာဏ (Money Supply) များပြီး စျေးကွက်ထဲ ကြက်ပျောက်ငှက်ပျောက်ကိစ္စကြီးကတော့  စကော့တလန်စုံထောက်ကြီး ရှားလော့ဟုမ်းလည်း မကယ်နိုင်ဖြစ်နေပြီ။ ဒီတော့ အစိုးရက စျေးကွက်ထဲ ငွေရွှင်လာဖို့၊ အစိုးရကိုယ်တိုင် Bailout လုပ်မလား (တစ်နည်း တိုက်ရိုက်ငွေချေးမလား)၊ ငွေသေတွေတွင်း ထဲကနေ ကုန်းပေါ်တက်လာအောင် လုပ်တဲ့နည်းကို သုံးမလား ဒါမှမဟုတ် နှစ်နည်းစလုံး တစ်ပြိုင်နက်တည်း သုံးမလားဆိုတဲ့ ပေါ်လစီလက်နက် နှစ်ခု ခိုင်ခိုင်မာမာ သန္နိဋ္ဌာန်ချ ဆောင်ရွက်ဖို့လိုတယ်။ ရေတိုမှာ အခြားနည်းမမြင်ပါ။ တစ်နည်းဆိုရရင် ငွေစက္ကူအသစ်ထုတ်ပြီး စျေးကွက်ထဲ တိုက်ရိုက်ပစ်ထည့်မလား၊ အောင်းနေတဲ့ငွေသေတွေ ကုန်းပေါ်တက်လာအောင် လုပ်မလား။

ဒီအရှုပ်ထုပ်ကြီး ဖြေရှင်းဖို့ အစိုးရကိုယ်တိုင် ကမကထလုပ်ပြီး Bailout လုပ်မှပဲ တခြားရွေးချယ်စရာ မရှိဘူးလို့မြင်တယ်။ အစိုးရ Bailout လုပ်ဖို့ကလည်း ‘ရော့’ ‘အင့်’ ဆိုပြီး စျေးကွက်ငွေပစ်ချရုံနဲ့ မလုံလောက်ပါ။

သေချာတာကတော့ လက်လီစျေးကွက်မှာ ဝယ်လိုအားကျဆင်းနေတဲ့၊ အရင်းအနှီးမဲ့နေတဲ့၊ ချေးငွေ တိုးချဲ့ဖို့ ခက်ခဲနေတဲ့ဘဏ်၊ စီးပွားရေးလုပ်ငန်းတွေ၊ တစ်နိုင်တစ်ပိုင် အသေးစားလုပ်ငန်းတွေ၊ ဝန်ဆောင်မှုလုပ်ငန်းတွေ အဲဒီလုပ်ငန်းတွေထဲ ပိုက်ဆံ ဘယ်လိုပစ်ထည့်ပေးရမလဲ။

ဒီနည်းကနေ စျေးကွက်ထဲ ငွေသွက်လာစေနိုင်မယ့် Bailout လုပ်နည်းကတော့ အစိုးရကိုယ်တိုင် ပိုက်ဆံချေးပေးမလား၊ ပုဂ္ဂလိက ငွေသေပိုင်ရှင်တွေကို ချေးခိုင်းမလားဆိုတာကို အစိုးရက စဉ်းစားရုံပါပဲ။ ဒီနည်းကတော့ စျေးကွက်ထဲ တိုက်ရိုက်ငွေပစ်ထည့်နည်း ဖြစ်ပါတယ်။

နောက်တစ်နည်းကတော့ ပုဂ္ဂလိကတချို့လက်ထဲ ဂိုဒေါင်ထဲ အောင်းထားတဲ့ ငွေတွေကနေ အစိုးရငွေတိုက် စာချုပ်၊ ငွေတိုက်လက်မှတ်တွေ မဖြစ်မနေဝယ်ယူရအောင် အတင်းအကျပ် စီစဉ်တဲ့နည်း ဖြစ်ပါတယ်။

ပုဂ္ဂလိကဂိုဒေါင်ထဲ အောင်းနေတဲ့ ငွေသေတွေ စာချုပ်လက်မှတ်အဖြစ် အသွင်ပြောင်းဖို့ အစိုးရကိုယ်တိုင်က တခြားမက်လုံးတွေ စီစဉ်ပေးသင့်ပါတယ်။ စာချုပ်လက်မှတ်ဝယ်ယူသူတွေကို ပရောဂျက်ကြီးတွေ ချပေးတာမျိုး၊ အခွန်ကင်းလွတ်ခွင့် ကာလတစ်ခုအထိ သတ်မှတ်ပေးတာမျိုး၊ ပြည်တွင်းပြည်ပ ထွက်ခွာတဲ့နေရာမှာ အထူးအရေးကြီးပုဂ္ဂိုလ်အဖြစ် အသိအမှတ်ပြုပေးလိုက်တာမျိုး၊ အစိုးရရဲ့ PPP လုပ်ငန်းတွေမှာ အစုရှယ်ယာဝင်ခိုင်းတာမျိုး၊ ဖော်ထုတ်ပြီးသား မြေလွတ်မြေရိုင်းတွေအပေါ်မှာ စီမံကိန်းအကြီးကြီးတွေ အကောင်အထည်ဖော်ခိုင်းတာမျိုးနဲ့ အပေးအယူလုပ်မယ်ဆိုရင် ငွေသေတွေဟာ အစိုးရငွေတိုက်လက်မှတ်၊ စာချုပ်တွေအဖြစ် အပြင်ထွက်လာပြီး ငွေရှင်တွေ ဖြစ်သွားနိုင်စရာရှိပါတယ်။

ငွေသေ ငွေရှင်

ငွေသေကနေ စာချုပ်လက်မှတ်အဖြစ် အသွင်ပြောင်း၊ စီမံကိန်းအကြီးအကြီးနဲ့ ကုမ္ပဏီတွေကို မက်လုံးပေး၊ ကုမ္ပဏီတွေဟာ စတော့ရှယ်ယာ၊ အများပိုင်အဖြစ် စတော့အိတ်ချိန်းမှာ မှတ်ပုံတင်၊ လူထုက အဲဒီရှယ်ယာတွေ ပြန်ဝယ်၊ ဒီလို လှည့်ပတ်မှုမှန်သွားရင် စီးပွားရေး ထိုးတက်လာမှာ ဖြစ်ပါတယ်။ အစိုးရ စိုက်ရမှာက ငွေတိုက်စာချုပ်/လက်မှတ်အတွက် အတိုးနှုန်းကျခံခြင်းတစ်ခုသာ စိုက်ရမှာပါ။ အချိန်ကာလတစ်ခု ကန့်သတ်ပြီး ငွေသေနဲ့ စာချုပ်လက်မှတ်လဲလိုက်ရင် စျေးကွက်ထဲ ငွေရွှင်လာမယ်။ ငွေသွက်လာပြီး စျေးကွက်ဟာ ပြန်လည်ပတ်လာနိုင်ပါလိမ့်မယ်။ စီးပွားရေး ပြန်လည်ဦးမော့လာနိုင်ခြေရှိပါတယ်။ ဒါကို ပြတ်ပြတ်သားသား လုပ်ရဲကိုင်ရဲရှိတဲ့လူ လက်ထဲအပ်လိုက်ရုံပါပဲ။ 

လက်ရှိ တစ်ကမ္ဘာလုံးကျပ်တည်း နေတဲ့အချိန်မှာ နိုင်ငံတိုင်းဟာ ကိုယ့်ပြဿနာ ကိုယ်ရှင်းနေကြတဲ့အချိန် ဖြစ်ပါတယ်။ ဒါပေမဲ့ တူညီတာကတော့ အစိုးရ ကူရှင်းခံပေးပြီး ငွေပိုမိုစိုက်ထုတ်သုံးစွဲတဲ့နည်းနဲ့ စီးပွားရေးကို ဆွဲတင်နေကြတာဖြစ်ပါတယ်။ နိုင်ငံတိုင်းဟာ ဒီအချိန်မှာ အင်ဖလေးရှင်းဖိအားကို ဂရုမစိုက်နိုင်အားဘူးလို့မြင်တယ်။

နိုင်ငံထဲရှိတဲ့ ဘဏ္ဍာရေး အရင်းအမြစ်၊ ငွေကြေးအရင်းအမြစ်တွေကို ကောင်းကောင်းကိုင်တွယ် အသုံးချပြီး စနစ်တကျဆောင်ရွက်တတ်ဖို့ပဲ လိုတယ်လို့ မြင်ပါတယ်။

Most Read

Most Recent