ကရင်ပြည်နယ် မြဝတီမြို့ရဲ့ တောင်ဘက် ကိုးမိုင်ခန့်အကွာက လေးကေ့ကော်ဒေသမှာ တစ်လကျော်ကြာ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ အသက်လုပြေးခဲ့ရသူ သောင်းနှင့်ချီ ရှိခဲ့ပါတယ်။
ယခုအခါ ယမ်းငွေ့မပြေသေးပေမဲ့ တစ်ဒင်္ဂ စစ်သံတိတ်ချိန်မို့ စစ်ဘေးရှောင်အချို့ နေရပ်ရင်း နေအိမ်သို့ ပြန်လာခဲ့ကြပေမဲ့ အချို့ကတော့ ပြန်လာဖို့မဖြစ်နိုင်သေးဘဲ စစ်ဘေးရှောင်စခန်းနဲ့သောင်ရင်း မြစ်ကမ်းစပ်နှစ်ဖက်မှာ တာလဘတ်အမိုး၊ ရွက်ဖျင်တဲလေးနဲ့ ရှင်သန်နေရဆဲဖြစ်ပါတယ်။
မြဝတီမြို့အနီး သောင်ရင်း မြစ်တစ်ဖက်ကမ်း၊ မဲဆောက်မြို့ရဲ့ တောင်ဘက် မယ့်ကိုကင်း စစ်ရှောင်စခန်းမှာ ယခင်က စစ်ဘေးရှောင် မြန်မာနိုင်ငံသား ၃၀၀၀ နီးပါး ခိုလှုံခဲ့ကြပါတယ်။ နေရပ်ပြန်သူတွေကြောင့် ယခုအခါ စစ်ရှောင် ၄၀၀ ခန့်ခိုလှုံနေရဆဲဖြစ်တယ်လို့ ထိုင်းဘက်က လာတဲ့သတင်းတွေအရ သိရပါတယ်။
မိမိတို့ရဲ့နေရပ်ရင်းရွာသို့ ပြန်သူတွေကတော့ အင်ကြင်းမြိုင်၊ မင်းလက်ပန်နဲ့ မယ့်ထော်သလေးကျေးရွာက လူတွေသာ ပြန်လာလို့ရပြီး လေးကေ့ကော်၊ ထီးမယ်ဝါးခီ၊ ရသေ့ဂူစတဲ့ ကျေးရွာတွေက ဒေသခံတွေ ပြန်လာလို့ မရသေးဘူးလို့ သိရပါတယ်။
ထီးမယ်ဝါးခီ၊ လေးကေ့ကော် မြို့သစ်က ဒေသခံတွေနေရပ်ပြန် ခွင့်မရကြပေမဲ့ ၎င်းတို့ရဲ့နေအိမ်၊ ခြံဝင်းအတွင်းမှာ ကျန်ခဲ့တဲ့ ကား၊ ဆိုင်ကယ်နဲ့ အိမ်တွင်းအသုံးအဆောင်ပစ္စည်းတွေ ပျောက်ဆုံးမှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
ဒီဇင်ဘာ ၁၅ ရက် လေးကေ့ကော်ဒေသမှာ KNU/KNLA ၊ မဟာမိတ်တပ်ဖွဲ့နဲ့ တပ်မတော် စစ်ကြောင်းတို့ တိုက်ပွဲစတင်ဖြစ်ပွားကတည်းက လက်နက်ကြီး၊ လက်နက်ငယ်သံတွေကြားက အသက်လု ထွက်ပြေးခဲ့ကြတာဖြစ်တဲ့အတွက် ကားနဲ့ ဆိုင်ကယ်အများအပြားက နေအိမ်တွေမှာ ကျန်ရစ်ခဲ့တယ်လို့ ဆိုကြပါတယ်။
“ညီမတို့ ခြံထဲမှာ ကားသုံးစီး ကျန်ခဲ့ပါတယ်။ အိမ်ကိုလည်းပြန်လို့မရသေး။ ခုဆိုရင် တစ်စီးကတော့ မြဝတီမြို့ထဲမှာ တွေ့လို့ပြန်ရပါပြီ။ နောက်နှစ်စီးကတော့ လိုက်စုံစမ်းနေတုန်းပါ။ ညီမတို့လိုပဲ အခြားလူတွေမှာလည်း ပျောက်ဆုံးနေကြတယ်” ဟု ထီးမယ်ဝါးခီးကျေးရွာမှ စစ်ဘေးရှောင်သူတစ်ဦးက ဆိုပါတယ်။
ပျောက်ဆုံးသွားတဲ့ ကားတွေထဲမှာ Ambulance ကားအထိပါဝင်တာကိုလည်း စိတ်မချမ်းမြေ့ဖွယ် သိရပါတယ်။ ထို့အတူပဲ ရေပေးဝယ်ရေး ရေသန့်စက်ရုံကရေသယ်ယာဉ် သုံးစီး အပါအဝင် နေအိမ်တွေမှာ ကျန်ခဲ့တဲ့ မော်တော်ယာဉ်တွေ၊ ဆိုင်ကယ်တွေ အများအပြားပျောက်ဆုံးနေသလို နေအိမ်များမှာလည်း အိမ်တွင်းပစ္စည်းတွေ ပျောက်ဆုံးမှုတွေနဲ့ ကြုံနေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ကား၊ ဆိုင်ကယ် အိမ်တွင်းပစ္စည်း ပျောက်ဆုံးမှုအပါအဝင် ကျပ်သိန်းလေး၊ ငါးရာကျော်အထိ ဆုံးရှုံးသူတွေအနေနဲ့ နေအိမ်ကိုလည်း ပြန်မရ၊ ရှိစုမဲ့စုတွေလည်း ကုန်ဆိုတော့ ဘဝပြန်စဖို့ အခက်တွေ့နေကြတယ်လို့ ဆိုပါတယ်။
“ညီမတို့က ထီးမယ်ဝါးခီးကနေ ဖလူးစစ်ဘေးရှောင်စခန်း၊ ဖလူးကနေ ကျောက်ခတ်စစ်ဘေးရှောင် စခန်း၊ ကျောက်ခတ်ကနေ ခုမြဝတီမြို့မှာ ရှောင်တိမ်းနေရပါတယ်။ ရွာကိုပြန်လို့တော့ မရသေးဘူး။ အိမ်မှာကျန်ခဲ့တဲ့ ကားတွေ၊ အိမ်တွင်းပစ္စည်းတွေလည်း ပျောက်ဆုံးကုန်ပြီ။ ဘဝကို ဘယ်လိုပြန်စရမှန်းကို မသိတော့ဘူး။ မိအေးနှစ်ခါနာဆိုတာ ညီမတို့စစ်ဘေးရှောင်တွေပါပဲ။ တိုက်ပွဲဖြစ်တော့ အသက်လုပြီးလည်း ပြေးရတယ်။ အိမ်ရှိပစ္စည်းတွေလည်း အခိုးခံရတယ်။ အိမ်တိုင်းပါပဲ။ စစ်ဘေးရှောင်တွေ မိမိနေအိမ်ကို ပြန်လာလို့ရရင်တောင် နာလန်ထူဖို့ အတော်ခက်မယ်။ အတော်ရုန်းကန်ကြရပါမယ်။ အမြန်ဆုံးလည်း အေးချမ်းချင်ပါပြီ”ဟု ထီးမယ်ဝါးခီးရွာမှ စစ်ဘေးရှောင် လာသူတစ်ဦးက ဆိုပါတယ်။
ထို့အတူ လေးကေ့ကော်ဒေသစစ်ပွဲကြောင့် ထောင်နဲ့ ချီတဲ့ စစ်ရှောင်ပြည်သူတွေ အိမ်မပြန်နိုင်သေးဘဲ သောင်ရင်းကမ်းစပ်မှာ ခိုလှုံနေကြရပေမဲ့ စားသောက်ရေးအတွက် ထိုင်းဘက်က လာရောက်ကူညီနေရတယ်လို့ ဆိုပါတယ်။
သောင်ရင်းမြစ်ကမ်းစပ်မှာ စစ်ဘေးရှောင်နေသူ လေးကေ့ကော် ဒေသခံတစ်ဦးက “တိုက်ပွဲစဖြစ်တာ၊ စပစ်ကြတာကတော့ ရွာအနောက်ပိုင်းလမ်းဆုံကပါ။ ကျွန်တော်တို့နဲ့တော့ဝေးပါတယ်။ တကယ်တမ်းပစ်ကြတော့ ဟိုဘက် ဒီဘက် ပစ်ကြတာလေ။ နေလို့မရတော့ဘူး။ ကျည်ကွယ်ရာ ပြေးရမယ်ဆိုတော့ ဒီထိုင်းဘက်ကမ်းကို ပြေးလာခဲ့ကြတာပါ။ ဗြုန်းစားကြီး ဝုန်းဒိုင်းကြဲကြတာဆိုတော့ ဘာမှ မယူခင်ဘူး။ အသက်လုပြေးရတာပါ။ ကမန်းကတန်း ပြေးရတာဆိုတော့ ဘာမှ မယူနိုင်ပါဘူး။ အခက်အခဲပေါင်းစုံကြုံရတာပေါ့။ နေရေး၊ စားရေး အခက်အခဲဖြစ်တာပေါ့၊၊ စောင်မရှိဖျာမရှိ၊ ခေါင်းအုံးမရှိ ဖြစ်သလိုပေါ့လေ။ နောက်နေ့တော့ ဒီထိုင်းဘက်ကလူတွေ တာဝန်ရှိသူတွေလာလှူလို့ အဆင်ပြေသွားပါတယ်။ ဆုံးရှုံးမှုလား မသိသေးပါဘူး။ အိမ်မှာဆိုရင်ဆိုင်ကယ်နှစ်စီး ကျန်ခဲ့တယ်။ တစ်စီးက အိမ်ထဲမှာ တစ်စီးက အပြင်မှာ။ ပရိဘောဂတွေ၊ အသုံးအဆောင်တွေ ဘာတွေ ဆုံးရှုံးသလဲဆိုတာ အိမ်ပြန်ရောက်မှ သိပါတော့မယ်။ တချို့ဆိုရင်ကားတွေကျန်ခဲ့တယ်။ လက်ဝတ်ရတနာ ပစ္စည်းတွေ ကျန်ခဲ့တဲ့လူတွေရှိ တယ်။ အိမ်ပြန်ရောက်မှပဲ ဘာတွေဆုံးရှုံးမှုရှိလဲ သိရမှာပါ။ တိုက်ပွဲတွေမဖြစ်ဘဲ အေးအေးချမ်းချမ်း ဖြစ်ချင်ပါတယ်။ ကျွန်တော်တို့လည်း အိမ်ပြန်ချင်တာပေါ့နော်။ တိုက်ပွဲတွေမဖြစ်တော့ရင် ကျွန်တော်တို့လည်း ကိုယ်ရွာကိုပြန်ပြီး လုပ်ကိုင်စားသောက်လို့ ရတာပေါ့၊၊ ခုလိုဖြစ်နေတဲ့အခါကျတော့ ကျွန်တေည်တို့လည်း ရွာမပြန်ရဲဘူးလေ” လို့ ဆိုပါတယ်။
ယခုအခါ စစ်ရှောင်အချို့ နေရပ်သို့ပြန်လာနေပြီ ဖြစ်ပေမဲ့ အချို့သော ထောင်နှင့်ချီတဲ့ စစ်ရှောင်ပြည်သူတွေ နယ်ခြားသောင်ရင်းမြစ် မြန်မာဘက်ခြမ်းနဲ့ ထိုင်းဘက်ခြမ်းတို့မှာ ယနေ့တိုင် တိမ်းရှောင်နေကြရဆဲဖြစ်ပါတယ်။
လေးကေ့ကော်မြို့သစ်က ကျောက်ခတ်ကျေးရွာမှာ စစ်ဘေးရှောင်နေသူတစ်ဦးက “သမီးတို့ ကျောက်ခတ် စစ်ဘေးရှောင် စခန်း (၂) နေရာမှာ စစ်ရှောင်ပြည်သူ ၁၀၀၀ ကျော်ရှိပါတယ်။ စားသောက်ရေး အခက်အခဲဖြစ်တယ်။ ထိုင်းဘက်နေ လာလှူပေးတဲ့အတွက် အဆင်ပြေတယ်လို့ ပြောရမှာပေါ့။ ထိုင်းဘက်က လာလှူတယ်ဆိုပေမဲ့ မြန်မာအလုပ်သမားတွေ၊ ပရဟိတအဖွဲ့တွေက လှူတာများပါတယ်။ ကူညီပေးသူအားလုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နေရပ်ကိုတော့ပြန်လို့ မရသေးပါဘူး” လို့ ဆိုပါတယ်။
မဲဆောက်မြို့မှ ပရဟိတအဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက “နှစ်ဖက်မြစ်ကမ်းစပ်အနီးမှာ တိမ်းရှောင်နေကြတဲ့ စစ်ဘေးရှောင်တွေအတွက် အသင့်စား ထမင်းဘူး ၅၀၀၀ ခန့်ကို ညမနက်စာအတွက် နေ့စဉ်ပေးပို့နေရတာပါ” လို့ ဆိုပါတယ်။
မြဝတီမြို့တောင်ဘက် ငြိမ်းချမ်းရေးသင်္ကေတမြို့သစ်ဖြစ်တဲ့ လေးကေ့ကော်ဒေသမှာဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် အသက်လုပြေးခဲ့ရတဲ့ စစ်ရှောင်တွေအနက် ယခုအခါပစ်ခတ်မှုငြိမ်နေပြီ ဖြစ်တဲ့အတွက် အင်ကြင်းမြိုင်၊ မယ်ထော်သလေး၊ မင်းလက်ပန်၊ ဖလူး စတဲ့ ကျေးရွာများမှ စစ်ရှောင်များ နေအိမ်သို့ ပြန်လာခွင့်ရသော်လည်း လေးကေ့ကော်၊ ထီးမယ်ဝါးခီး၊ ရသေ့ဂူ၊ ပဟိကလော်စတဲ့ကျေးရွာတွေက စစ်ဘေးရှောင်တွေကနေ အိမ်သို့ပြန်ခွင့်မရသေးဘဲ သောင်ရင်းမြစ်နံဘေးနဲ့ စစ်ရှောင်စခန်းတွေမှာ ခိုလှုံနေရဆဲဖြစ်ပါတယ်။
ထိုင်းနိုင်ငံဘက် သောင်ရင်းကမ်းစပ်အနီးမှာ ခိုလှုံနေရသူတစ်ဦးက “စစ်ရှောင်တွေကို ဦးဆောင် ဦးရွက်လုပ်သူက လာပြောတယ်။ အစည်းအဝေးလုပ်ပြီး လေးကေ့ကော်ပြန်လို့ရပြီ။ မယ်ထော်သလေး ပြန်လို့ရပြီ။ ဒါပေမဲ့ လေးကေ့ကော်ကို ပြန်မယ့်လူတွေကတော့ မြဝတီဘက်ကပြန်ရမယ်။ မြဝတီမှာ ကိုဗစ် စစ်ဆေးရမယ်။ ဥက္ကဋ္ဌကို စာရင်းပေးရမယ်။ လေးကေ့ကော်မှာ အမှန်တကယ်အိမ်ရှိတယ် ဆိုပြီးတော့ပေါ့။ ဥက္ကဋ္ဌကလည်း ဟုတ်တယ်။ ဒါ ငါတို့ရွာသားဆိုမှ ပြန်လို့ရမယ်။ ဒီအကြောင်းတွေကို ဥက္ကဋ္ဌ သိလား မသိလား ကျွန်တော်တို့မသိဘူး။ ကျွန်တော်တို့ ဘယ်ပြန်လို့ရဲပါ့မလဲ” လို့ ဆိုပါတယ်။
ယခုအခါ စစ်ရှောင်တွေကို နေရပ်ကိုပြန်လာဖို့ ပြန်ခေါ်နေပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ရွာအလိုက် အုပ်ချုပ်ရေးမှူးတွေက လာကြိုမယ်လို ့ စစ်ရှောင်အမျိုးသမီးတစ်ဦးက ဆိုပါတယ်။
“စစ်ရှောင်စခန်းမှာအစည်းဝေးလုပ်ပြီးတော့ အကုန်ပြန်ခေါ်တယ်လို့ပြောတယ်။ ကျေးရွာဥက္ကဋ္ဌတွေက လာကြိုတယ်ပေါ့နော်။ မြဝတီဘက်ကမ်းကို ပို့ပေးမယ်။ လေးကေ့ကော်ဆို လေးကေ့ကော် ဥက္ကဋ္ဌ လာကြိုမယ်ပေါ့။ မယ်ဝါးခီးဆိုရင်လည်း မယ်ဝါးခီးရွာရဲ့ ဥက္ကဋ္ဌ လာကြိုမယ်ပေါ့။ ကိုယ့်အိမ်တွေကို လူမနေရင် အခြားလူတွေကို ပေးနေမယ်လို့ပြောတယ်” လို့ဆိုတယ်။
သောင်ရင်းကမ်းစပ်ရှိ စစ်ရှောင်စခန်းမှာ စစ်ဘေးရှောင်ပြည်သူတွေနဲ့အတူ စစ်ဘေးရှောင်နေရတဲ့ ကျေးရွာဥက္ကဋ္ဌဆိုသူတစ်ဦးက “လေးကေ့ကော်ဘက်ရဲ့အခြေအနေက ဘယ်လိုမှ ပြန်လို့မရသေးပါဘူး။ အထဲမှာ မိုင်းကိစ္စတွေက ခုအထိ ရှိနေတုန်းပါ။ လက်ရှိ ရှိနေတဲ့ သူတို့တောင် အိမ်ပြင်မထွက်ရဲဘူး။ အဲဒီကို မဖြစ်မနေပြန်ရမယ်ဆိုရင်တော့ ကျွန်တော်တို့ ကျောက်ခတ်ဘက်ကိုဖြစ်ဖြစ် ပို့ပေးဖို့ စဉ်းစားထားပါတယ်။ အထူးသဖြင့်တော့ လေးကေ့ကော်က လူတွေ၊ မယ်ဝါးခီးက လူတွေပေါ့။ အမှန်တကယ်တော့ ကိုယ့်အိမ်ပဲလေ။ မပြန်ချင်ပဲ ဘယ်ရှိပါ့မလဲ” လို့ ဆိုပါတယ်။
ယခုအခါ စစ်ရှောင်စခန်းတွေမှာထက် သောင်ရင်းကမ်းစပ်တစ်လျှောက် ထိုင်းဘက်ခြမ်းနဲ့ မြန်မာဘက်ခြမ်းတွေမှာ စစ်ဘေးရှောင် ပြည်သူထောင်နဲ့ချီ ခိုလှုံနေဆဲဖြစ်သလို နေအိမ်ကို သွားပြန်ကြည့်သူတွေလည်း ရှိတယ်။ သွားမကြည့်ရဲသူတွေလည်း ရှိပါတယ်။ သေချာတာတစ်ခုကတော့ တံခါးပိတ်ထားခဲ့တဲ့အိမ်တွေက တံခါးတွေပွင့်၊ ခြံအတွင်း၊ အိမ်အတွင်းမှာ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေမရှိတော့တဲ့အခြေအနေကို ဘယ်လိုကုစားမလဲဆိုတာက အဖြေမရှိတဲ့ ပုစ္ဆာလိုပါပဲ။
နေအိမ်ကို ပြန်ခွင့်ရနေပေမဲ့ အသက်အန္တရာယ်ကိုစိုးရိမ်စိတ်နဲ့ မပြန်ရဲကြသလို တစ်လကျော်ကြာ စစ်တလင်းဖြစ်ခဲ့တဲ့ နေရာက ဗလာကျင်းနေတဲ့နေအိမ်နဲ့ တစ်အိုးတစ်အိမ် ဘယ်လိုနာလန် ပြန်ထူနိုင်မလဲ ဆိုတာကတော့ စစ်ဘေးရှောင်တိုင်းရဲ့ ရင်ထဲမှာ ပဲ့တင်ထပ်လို့ နေပါတော့တယ်။










