မြန်မာ့စီးပွားရေးသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပွားမှုနှင့် ၂၀၂၁ ခုနှစ်တွင် ကိုဗစ်ရောဂါ ကူးစက်မှုများ တစ်ဟုန်ထိုးမြင့်တက်ခဲ့ခြင်းကြောင့် အပြင်းအထန် အစမ်းသပ်ခံနေရဆဲဖြစ်သည်။ လတ်တလောရရှိထားသော ညွှန်းကိန်းအချို့အရ လွန်ခဲ့သောလများအတွင်း အနည်းငယ်မျှ တိုးတက်မှု ပြသနေခဲ့သော်လည်း ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်စဉ်များ မဖြစ်မီ စီးပွားရေးအခြေအနေထက် နိမ့်နေသေးကြောင်း ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး လေ့လာစောင့်ကြည့်မှုအစီရင်ခံစာတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကူးစက်ခံရမှုအရေအတွက် လျော့ကျလာသည်နှင့်အမျှ (၂၀၂၂ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် အိုမီခရွန်ဗီဇပြောင်း ပိုးကူးစက်ခံမှု အနည်းငယ်ရှိကြောင်း ထုတ်ပြန်မှုများ ရှိခဲ့) ရွေ့လျားသွားလာမှုဆိုင်ရာ၊ ကုန်ထုတ်လုပ်မှုဆိုင်ရာနှင့် ပြည်ပတင်ပို့မှုဆိုင်ရာ ညွှန်းကိန်းများက စီးပွားရေးပြန်လည် လှုပ်ရှားလာသည့် အရိပ်လက္ခဏာများ ဖော်ပြနေသည်။
တစ်ဖက်တွင်မူ ယခင်က အတော်အတန်ငြိမ်းချမ်းခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များအပါအဝင် မြန်မာနိုင်ငံနေရာများစွာတွင် လုံခြုံရေးအခြေအနေ ပျက်ပြားလာကြောင်း တွေ့ရှိရသည်။ အဆိုပါ မတည်ငြိမ်မှုများက စီးပွားရေးလုပ်ငန်းများ၏ ဆက်သွယ်လုပ်ဆောင်မှုများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ရန် ယုံကြည်မှုနှင့် စိတ်ပါဝင်စားမှုတို့ကို ထိခိုက်စေကြောင်းလည်း ဖော်ပြထားသည်။
ဝင်ငွေလျော့ပါးလာခြင်းနှင့် အလုပ်လက်ခဲ့ များပြားလာခြင်း ကြောင့် ပြည်တွင်းဝယ်လိုအား အလွန်နည်းပါးနေဆဲဖြစ်ကြောင်း တွေ့ရသည်။ သွင်းအားစုအပိုင်းတွင်လည်း အခက်အခဲများရှိနေပြီး အချို့မှာ လွန်ခဲ့သောလများအတွင်း ပိုမိုဆိုးရွားလာသည်။
ငွေသားစီးဆင်းမှု၊ ချေးငွေနှင့် နိုင်ငံခြားငွေကြေးရရှိနိုင်မှုများတွင် အကျပ်အတည်းများ ဆက်လက်ရှိနေဆဲ ဖြစ်သည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာတွင် မြန်မာကျပ်ငွေတန်ဖိုး ဆိုးရွားစွာ ကျဆင်းလာခြင်းကြောင့် လောင်စာဆီနှင့် အခြားသော ကုန်ထုတ်လုပ်ရေးအတွက် အရေးပါသည့် ကုန်ကြမ်းစျေးနှုန်းများ မြင့်တက်လာခြင်းနှင့်အတူ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များလည်း တိုးမြင့်လာသည်။
လျှပ်စစ်ဓာတ်အားနှင့် အင်တာနက်ပြတ်တောက်မှုများ စိုးရိမ်ဖွယ်မြင့်တက်လာခဲ့ပြီး လုပ်ငန်းများနှင့် အိမ်ထောင်စုများ၏ သတင်းစီးဆင်းမှုနှင့် စျေးကွက်ချိတ်ဆက်နိုင်မှုတို့အပေါ် ယုံကြည်အားထားနိုင်မှု လျော့ကျလာခဲ့သည်။
အထက်ပါအခက်အခဲများ ရှိနေဆဲဖြစ်သော်လည်း လတ်တလောအားဖြင့် စီးပွားရေးတည်ငြိမ်လာမှု လက္ခဏာအချို့ တွေ့ရှိရသည်ဟုလည်း ဖော်ပြထားသည်။
မကြာသေးခင်က ကောက်ယူခဲ့သည့် စက်မှုထုတ်ကုန်စစ်တမ်းအရ ဇူလိုင်လနောက်ပိုင်းတွင် အဆိုပါကဏ္ဍ၏ ကျုံ့ဝင်သွားနှုန်းမှာ နှေးကွေးလာနေခဲ့ပြီး ထုတ်လုပ်မှုနှင့် အလုပ်အကိုင်များ တည်ငြိမ်စပြုလာသော်လည်း ပမာဏအားဖြင့် နည်းပါးနေသေးသည်။
စိုက်ပျိုးရေးနှင့် စက်မှုထုတ်ကုန်များ ပြည်ပတင်ပို့မှုမှာ ပြီးခဲ့သည့်လများအတွင်း ပြန်လည် အသက်ဝင်လာသည်ကို တွေ့ရသည်။ တရုတ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းအချို့ ပြန်လည် ဖွင့်လှစ်လာခဲ့သော်လည်း နယ်စပ်ကုန်သွယ်မှုတွင် အတားအဆီးများ ရှိနေဆဲဖြစ်သည်။ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကတိကဝတ်များနှင့် မှတ်ပုံတင်သည့်ကုမ္ပဏီအရေအတွက် အတော်အသင့် ရှိလာသည်။
“ညွှန်းကိန်းအများစုက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှု သိသိသာသာကျဆင်းသွားပြီး လျှပ်စစ်ကဏ္ဍအပါအဝင် ယခင်က ဖြစ်ထွန်းနိုင်ခြေရှိတဲ့ စီမံကိန်းများပင်လျှင် ဝယ်လိုအား လျော့ကျသွားတဲ့အတွက် ရပ်တည်ရန် ခက်ခဲလာတာကို တွေ့ရပါတယ်။ မြန်မာကျပ်ငွေတန်ဖိုးဟာ နိုင်ငံခြားငွေကြေးနဲ့တွက်ရင် တန်ဖိုးကျဆင်းသွားတဲ့အတွက် ပြည်ပက တင်သွင်းရတဲ့ကုန်ပစ္စည်း ကုန်ကျစရိတ် မြင့်တက်လာပါတယ်။ ဒါ့ပြင် လအတန်ကြာ ပညာသင်ကြားခွင့် ပြတ်တောက်သွားမှုနဲ့အတူ အလုပ်လက်မဲ့နှုန်း လျင်မြန်စွာ မြင့်တက်လာမှု၊ နေရပ်စွန့်ခွာရွှေ့ပြောင်းရမှုတွေကြောင့် ရေရှည်မှာ လူသားရင်းမြစ်၊ ကျွမ်းကျင်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေ သိသိသာသာ လျော့ကျသွားပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ အကြီးတန်းစီးပွားရေးပညာ ကင်မ်အဒ်ဝဒ်က ပြောကြားသည်။
ထို့ပြင် သွင်းအားစုအပိုင်းနှင့် ဝယ်လိုအားတို့တွင် အားနည်းချက်များ ရှိနေခြင်းက လုပ်ငန်းများ လည်ပတ်နိုင်မှုကို အတားအဆီးဖြစ်နေဆဲ ဖြစ်သည်။
လုပ်ငန်းများအနေဖြင့် အရောင်းပမာဏနှင့် အကျိုးအမြတ်တို့ သိသိသာသာကျဆင်းလာမှု၊ ငွေသား စီးဆင်းမှု အကျပ်အတည်း၊ ကုန်ကြမ်းရရှိနိုင်မှု၊ ဘဏ်ဝန်ဆောင်မှုနှင့် အင်တာနက်အသုံးပြုမှုစသည့် အခက်အခဲများစွာနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ ရာခိုင်နှုန်း ၈၀ သော လုပ်ငန်းများသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကတည်းက အရောင်းကျဆင်းလာသည်ဟု ဆိုသည်။ ပျမ်းမျှအားဖြင့် အရောင်းပမာဏ ၅၉ ရာခိုင်နှုန်း ကျဆင်းသွားသည်။ ဆိုးရွားလာသော ပြည်တွင်းမငြိမ်သက်မှု အခြေအနေနှင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုတို့ကြောင့် ဝင်ငွေနှင့် အလုပ်အကိုင်များကို ထိခိုက်ခဲ့သဖြင့် ပြည်တွင်းစားသုံးမှုမှာ ဆက်လက်လျော့ကျနိုင်ခြေရှိသည်။ စက်တင်ဘာတွင် မြန်မာကျပ်ငွေ တန်ဖိုးထိုးကျသွားခြင်းကြောင့် ကုန်ကျစရိတ်မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ရေးအခက်အခဲများ ပေါ်ပေါက်လာခြင်းကြောင့် လုပ်ငန်းထက်ဝက်ခန့်မှာ သွင်းအားစု/ ကုန်ကြမ်းအခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
အဆိုပါအကျပ်အတည်းများကြောင့် လုပ်ငန်းများသည် ၂၀၂၁ ခုနှစ် ဇွန်တွင် ၎င်းတို့လုပ်နိုင်စွမ်း၏ ၆၃ ရာခိုင်နှုန်းခန့် လည်ပတ်နေခဲ့ရာမှ ၅၇ ရာခိုင်နှုန်းသို့ ထပ်မံကျဆင်းလာခဲ့ကြောင်း တင်ပြခဲ့ကြသည်။ အောက်တိုဘာလက ပြုလုပ်ခဲ့သည့် စစ်တမ်းအရ လုပ်ငန်းများ၏ ထက်ဝက်ခန့်သည် ယခင်စီစဉ်ထားခဲ့သည့် ရင်းနှီးမြှုပ်နှံမှုများနှင့် စီးပွားရေးတိုးချဲ့မှုများကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရပ်ဆိုင်းခဲ့ကြသည်။
ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး နောက်ပိုင်းလများတွင် ကျပ်ငွေတန်ဖိုး တဖြည်းဖြည်းချင်း ကျဆင်းလာရာမှ စက်တင်ဘာတွင် ကျပ်ငွေတန်ဖိုး ထိုးကျသွားကာ နောက်ပိုင်းတည်ငြိမ်ခဲ့သည်။ သို့ရာတွင် ဇန်နဝါရီလလယ်မှစ၍ အမေရိကန်ဒေါ်လာ ရည်ညွှန်းလဲလှယ်တန်ဖိုးမှာ သြဂုတ်လနှင့်နှိုင်းယှဉ်လျှင် ငါးရာခိုင်နှုန်း လျော့ကျနေခဲ့ပြီး ပြီးခဲ့သည့် နှစ်နှင့် နှိုင်းယှဉ်လျှင် ၂၅ ရာခိုင်နှုန်း လျော့ကျသည်။
ရည်ညွှန်းနိုင်ငံခြားငွေလဲလှယ်နှုန်းနှင့် စျေးကွက်တွင်ဖြစ်ပေါ်နေသည့် ငွေလဲလှယ်နှုန်း ကွာခြားချက် ကြီးမားနေခြင်းက နိုင်ငံခြားငွေလဲလှယ်ခြင်းဆိုင်ရာ အကျပ်အတည်း ဆက်လက်ရှိနေကြောင်း ဖော်ပြနေသည်။
အချို့ဘဏ်များက ငွေသားထုတ်ယူမှုဆိုင်ရာ ကန့်သတ်ချက်များ ဖြေလျှော့ပေးခဲ့သော်လည်း အမေရိကန်ဒေါ်လာနှင့် မြန်မာကျပ်ငွေ ငွေသားနှစ်ခုစလုံး လိုအပ်ချက် ကြီးမားနေဆဲဖြစ်သည်။
ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် ဘဏ္ဍာနှစ်အဆုံး (၂၀၂၁ ခုနှစ် စက်တင်ဘာလ) ငွေကြေး ဖောင်းပွမှုနှုန်း ၇ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။ ဇန်နဝါရီမှ စတင်၍ လောင်စာဆီစျေးနှုန်းများ မြင့်တက်လာရာ အောက်တိုဘာတွင် အမြင့်ဆုံးဖြစ်ခဲ့ပြီး အနည်းငယ် ပြန်လည်ကျဆင်းလာခဲ့သည်။
အဆိုပါအကျပ်အတည်း နှစ်ခုပေါင်း ရိုက်ခတ်ခြင်းကြောင့် ဘဏ္ဍာငွေရရှိမှု သိသိသာသာ ထိုးကျသွားသည့်အတွက် ဘတ်ဂျက် သုံးစွဲနိုင်မှုကို အကန့်အသတ်ဖြစ်စေခဲ့သည်။ ဘဏ္ဍာငွေ ဖြည့်ဆည်းပေးနိုင်သည့် အရင်းအမြစ်အနည်းငယ်ရှိသော်လည်း ဘဏ္ဍာငွေလိုအပ်ချက် မြင့်တက်လာခဲ့သည်။
၂၀၂၁ ခုနှစ် ဇွန်လအထိ ကိုးလတာကာလအတွင်း ဘဏ္ဍာငွေ ရရှိမှုနှင့် သုံးစွဲနိုင်မှုတို့မှာ တစ်နှစ်စာ ဘဏ္ဍာငွေလျာထားချက်၏ ထက်ဝက်သာရှိသည်။ ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်အတွက် အခွန်ငွေ ကောက်ခံရရှိမှုမှာ ယခင်နှစ်က GDP ၏ ၆ ဒသမ ၉ ရာခိုင်နှုန်းရှိခဲ့ရာမှ ၄ ဒသမ ၅ ရာခိုင်နှုန်းသို့ လျော့ကျသွားမည်ဟု ခန့်မှန်းသည်။ ဘတ်ဂျက်သုံးစွဲနိုင်မှု လျော့နည်းလာသော်လည်း ဘဏ္ဍာငွေရရှိနိုင်မှု အလွန်နည်းပါးနိုင်သည့်အတွက် ၂၀၂၁ ဘဏ္ဍာနှစ်တွင် ဘဏ္ဍာရေး လိုငွေသည် GDP ၏ ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိနိုင်မည်ဟု ခန့်မှန်းသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဘဏ္ဍာရေးလိုငွေမှာ GDP ၏ ၆ ဒသမ ၆ ရာခိုင်နှုန်းရှိခဲ့သည်။ ယင်းတို့မှာ ဘဏ္ဍာရေးအခြေပြုနှုန်း (the fiscal anchor) ဖြစ်သည့် GDP ၏ ငါးရာခိုင်နှုန်းထက် သိသိသာသာမြင့်မားခဲ့သည်။
စီးပွားရေးသည် ၂၀၂၁ ဘဏ္ဍာနှစ် (စက်တင်ဘာတွင် ကုန်ဆုံးသည့်ဘဏ္ဍာနှစ်) တွင် ၁၈ ရာခိုင်နှုန်း ကျုံ့သွားမည်ဟု ခန့်မှန်းထားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် စက်တင်ဘာလ ဘဏ္ဍာနှစ်အဆုံးတွင် GDP သည် အချို့သော တည်ငြိမ်လာမှုများနှင့်အတူ တစ်-ရာခိုင်နှုန်းသို့ ရောက်ရှိလာမည်ဟု မျှော်မှန်းထားသည်။
အဆိုပါမျှော်မှန်းချက်သည် လတ်တလောကာလ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု လှိုင်းသစ် (များ)၊ ပဋိပက္ခများ၏ ကျယ်ပြန့်မှုနှင့် သက်ရောက်မှု၊ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှင့် ဘဏ္ဍာရေးကဏ္ဍ အခက်အခဲများ ဆက်လက်တည်ရှိမှု အနိမ့်အမြင့်တို့နှင့်အတူ လျှပ်စစ်မီး၊ ကုန်စည်ပို့ဆောင်ရေးနှင့် အင်တာနက်ဝန်ဆောင်မှုကဲ့သို့သော အတားအဆီးအခက်အခဲများအပေါ် မူတည်လိမ့်မည်ဖြစ်ကြောင်း၊ ယင်းမျှော်မှန်းချက်သည် နောင်လာမည့်ကာလအတွင်း ကုန်ထုတ်လုပ်ခြင်းနှင့် ဝန်ဆောင်မှုကဏ္ဍများတွင် တည်ငြိမ်လာသည့်လက္ခဏာများ ဆက်လက်တည်ရှိနေမည် ဟူ၍လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကို ထိခိုက်စေနိုင်သည့်ပဋိပက္ခများ ထပ်မံမြင့်တက်လာခြင်း မရှိဟူ၍လည်းကောင်း စသည့်ယူဆချက်များအပေါ် အခြေခံတွက်ချက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အထည်ချုပ်နှင့် သဘာဝဓာတ်ငွေ့တင်ပို့မှု ဆက်လက်ရှိနေပြီး ဆောက်လုပ်ရေးကဏ္ဍတွင် ပြန်လည်သက်ဝင်လှုပ်ရှားမှုအချို့ကြောင့် စက်မှုကဏ္ဍတွင် သုံးရာခိုင်နှုန်းခန့် တိုးတက်မည်ဟု မျှော်မှန်းထားသည်။
ဝန်ဆောင်မှုကဏ္ဍမှာမူ ပြည်တွင်းဝယ်လိုအား နည်းပါးနေခြင်းနှင့် ငွေရေးကြေးရေးအခက်အခဲများ ဆက်လက်တည်ရှိနေမှုကြောင့် အနည်းငယ်မျှသာ တိုးတက်မည်ဟု မျှော်မှန်းထားသည်။
စိုက်ပျိုးရေးကဏ္ဍမှာမူ ၂၀၂၁ ခုနှစ်က စိုက်ပျိုးလုပ်ကိုင်မှုလျော့ ကျသွားခဲ့သည့်အတွက် ထုတ်ကုန် လျော့နည်းပြီး ဆက်လက်ကျုံ့သွားမည်ဟု မျှော်မှန်းထားသည်။
ခြုံငုံသုံးသပ်ကြည့်မည်ဆိုပါက ၂၀၂၁ ခုနှစ် ဘဏ္ဍာနှစ်တွင် စီးပွားရေး ၁၈ ရာခိုင်နှုန်းအထိ ကျုံ့သွားမည်ဟူသော ခန့်မှန်းချက်နှင့် ၂၀၂၂ ခုနှစ်တွင် တိုးတက်မှု တစ်ရာခိုင်နှုန်းရှိမည်တို့ကို ပေါင်းစုလိုက်ပါက စီးပွားရေးသည် ၂၀၁၉ ခုနှစ် အဆင့်အတန်းထက် ၁၅ ရာခိုင်နှုန်းခန့် သေးငယ်သွားမည်ဖြစ်ကြောင်းလည်း ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
သို့သော် ၂၀၂၂ ခုနှစ်အတွက် ခန့်မှန်းချက်များတွင် ၂၀၂၁ ခုနှစ် ရလဒ်မျှော်မှန်းချက်အပေါ် အရိပ်ထိုးနေသည့် မရေရာမှုများအပြင် ထိခိုက်နိုင်ခြေအန္တရာယ်များ သိသိသာသာရှိနေသေးကြောင်း၊ အထူးသဖြင့် သိသာထင်ရှားသည့် ထိခိုက်နိုင်ခြေအန္တရာယ်နှစ်ခုမှာ ကိုဗစ်- ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှင့် ပဋိပက္ခဖြစ်ပွားမှု ပိုမိုဆိုးရွားလာနိုင်ခြေတို့ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။
“မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာရှိနေပါတယ်။ ပဋိပက္ခတွေ လတ်တလောမှာ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်း စာနာထောက်ထားရေးဆိုင်ရာ ရှုထောင့်မှ စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းများအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးထိုးနှံနိုင်မှု နည်းပါးသေးတာနဲ့ ကျန်းမာရေးကဏ္ဍမှာ လိုအပ်ချက်တွေရှိနေတာကြောင့် မြန်မာနိုင်ငံဟာ ကိုဗစ်-၁၉ ဗီဇမျိုးကွဲ အိုမီခရွန်ဒဏ်ကို ခံနိုင်ရည် အင်မတန်နည်းပါလိမ့်မယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ် ရှာမန်က ပြောကြားခဲ့သည်။
စီးပွားရေးဖိအားများ ဆက်လက်တည်ရှိနေခြင်းကြောင့် ထိခိုက်နိုင်ခြေနှင့် စားနပ်ရိက္ခာဖူလုံရေးတို့အပေါ် ကြီးစွာသက်ရောက်မှုရှိကြောင်း၊ အထူးသဖြင့် မကြာသေးခင်က ရင်ဆိုင်ခဲ့ရသည့် ဖြစ်စဉ်များကြောင့် စုဆောင်းထားသည်များ ကုန်ဆုံးသွားသည့် အောက်ခြေလူတန်းစား ဆင်းရဲသားများအပေါ် များစွာရိုက်ခတ်ကြောင်း၊ ဆင်းရဲမွဲတေမှုပမာဏသည် ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားခင်ကထက် နှစ်ဆပိုမိုများပြားလာသည်ဟု ခန့်မှန်းကြောင်း၊ စိုက်ပျိုးရေးထွက်ကုန် လျော့ကျလာခြင်း၊ အလျင်အမြန် ကုန်စျေးနှုန်းဖောင်းပွလာခြင်းနှင့် ချေးငွေရရှိနိုင်မှု နည်းပါးလာခြင်းတို့ကြောင့် စားနပ်ရိက္ခာဖူလုံနိုင်မှုကို ပိုမိုဆိုးရွားလာစေနိုင်ကြောင်းနှင့် ကာလရှည်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကပင် စတင်ဖြစ်ပွားခဲ့သည့်အခြေအနေများသည် မြန်မာနိုင်ငံ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်ခြေကို အဟန့်အတားဖြစ်စေလိမ့်မည်ဟု ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ဆိုသည်။










