အသက်အရွယ် ရလာလို့လား၊ အတွေ့အကြုံ စုံလာလို့လားတော့ မပြောတတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဝေဖန်သုံးသပ်ကြည့်တဲ့အခါ ကိုယ်ကိုယ်တိုင်လည်း ဟိုတုန်းက လူကြီးသူမတွေကို ပြောဆိုဝေဖန် ခဲ့သလို ဖြစ်နေတာကို သတိထားမိတယ်။ ကျွန်တော် ဝေဖန်ပြောဆိုခဲ့တဲ့ လူကြီးသူမတွေဟာ သူ့ခေတ် သူ့အခါတုန်းကတော့ တက်ကြွလှုပ်ရှားခဲ့သူတွေ၊ တိုးတက်ထူးချွန်တဲ့သူတွေ ဖြစ်ကြတယ်။ ကျွန်တော်နဲ့ သူတို့ တွေ့ခဲ့တဲ့အချိန်မှာတော့ သူတို့နှုတ်ကနေ သံဝေဂ စကားသံတွေကိုကြားရတယ်။ သူတို့ကို ကျွန်တော်ဝေဖန်ပြောဆိုမိတယ်။ “ပညာတတ်တွေရဲ့ ထွက်ပြေးတဲ့လမ်းနဲ့ ထွက်ပြေးနေသူတွေ”လို့။ ယခုတော့ ကျွန်တော်လည်း ဝဋ်လည်နေပြီထင်ပါရဲ့ ။
“မျိုးဆက် ကွာဟခြင်း” ဆိုတဲ့ ဝေါဟာရကို ကြားဖူးကြမှာပါ။ အမှန်တကယ်တော့ အဲဒါဟာ မျိုးဆက် ကွာဟတာ မဟုတ်ပါဘူး။ မျိုးဆက်တစ်ခုနဲ့ တစ်ခု နားမလည်နိုင်ကြတာပါပဲ။ ကျောင်းသားဘဝတုန်းက စာပေဟောပြောပွဲတွေကို လိုက်ပြီး နားထောင်ရင်း ရန်ကုန်စက်မှု တက္ကသိုလ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲကို ရောက်သွားတယ်။ ကြို့ကုန်းဆောင်များ သဟာယကော်မတီဆိုလားမသိ အဲဒီအဖွဲ့က ပြုလုပ်တာပါ။ အဲဒီမှာ ဆရာမြသန်းတင့် ဟောပြောတာကို နားထောင်ခဲ့ရတယ်။
ဆရာ မြသန်းတင့်က သူရေးခဲ့တဲ့ “ဓားတောင်ကိုကျော်၍ မီးပင်လယ်ကို ဖြတ်မည်” ဆိုတဲ့ စာအုပ်နဲ့ ပတ်သက်ပြီး ဟောပြောသွားခဲ့တယ်။ လူကြီးနဲ့ လူငယ်ကြားက မျိုးဆက်ကွာဟမှုကို တွေ့မြင်ရလို့ ရေးမိတာလို့ ဆိုတယ်။ မြင်ပုံ၊ ကြည့်ပုံ၊ ခံစားပုံတွေက လူကြီးနဲ့ လူငယ်ကြားမှာ အတော်ကလေး ကွာဟနေတာကို အဲဒီအချိန်က ဆရာမြသန်းတင့် တွေ့မြင်ခဲ့ရတယ်လို့ဆိုတယ်။ အဲဒီလို မျိုးဆက်ကွာဟနေတာကို ကျဉ်းပစ်ချင်တဲ့အတွက် အဲဒီဝတ္ထုကို ရေးမိတာလို့ ဆိုပါတယ်။
မျိုးဆက်ကွာဟမှုနဲ့ ယဉ်ကျေးမှု ခေတ်ရေစီးကြောင်း မတူညီမှုတွေက အတွေးအခေါ် ပြောင်းလဲမှု ဖြစ်လာပါတယ်။ ဆရာဒဂုန်တာရာကတော့ မျိုးဆက်ကွာဟမှုနဲ့ပတ်သက်ပြီး “ ကောင်းကင်က ရွှေပိန်ညင်းရယ်” ဆိုတဲ့ ဆောင်းပါးထဲမှာ အောက်ပါအတိုင်း ရေးသားခဲ့တာကို ဖတ်ရှုခဲ့ရဖူးတယ်။
“မျိုးဆက်ကွာဟသည်ဟု ပြောနေရခြင်းသည် မျိုးဆက်တစ်ခုနှင့် တစ်ခု နားမလည်ခြင်းကြောင့် ဖြစ်သည်။ သမိုင်းခေတ် ပြောင်းလဲခြင်းတရားကို နားလည်သိရှိလျှင် တစ်ဖက်နှင့် တစ်ဖက်၊ မျိုးဆက်တစ်ခုနှင့် တစ်ခု အပြစ်တင်ရန် မလိုတော့ပေ။ သမိုင်းသည် လူ့အလိုဆန္ဒအရ ပြောင်းလဲနေသည်မဟုတ်။ စီးပွားရေးစနစ်အရသာ ပြောင်းလဲနေခြင်းဖြစ်သည်”
ဒီ့အပြင် “မိုးခေါ်လို့ ဆင်း” ဆိုတဲ့ ဆောင်းပါးထဲမှာတော့ ဆရာဒဂုန်တာရာက ယခုလို ရေးခဲ့ပါသေးတယ်။
“ မကောင်းသောလူငယ်ကို ‘မျိုးဆက်သစ်’ ဟု သဘောထားရန် မလိုပေ။ လူပင်ငယ်သော်လည်း အသစ်မဟုတ်၊ အဟောင်းဖြစ်သည်။”
ပြောင်းလဲဖို့မလိုတဲ့ အရာတွေကို ပြောင်းလဲလိုတဲ့ စိတ်ဆန္ဒတွေဟာ လူငယ်တွေထဲမှာ အများဆုံး ရှိနေတတ်တယ်။ လူငယ်တွေရဲ့ ဗီဇထဲမှာ အသစ်ကို စိတ်ဝင်စားတာ၊ အာရုံခံစားမှုပြင်းပြတာ၊ အနှောင်အဖွဲ့အဟန့်အတားတွေကို မကြိုက်နှစ်သက်တာတွေလည်း ပါဝင်နေတယ်။ လူကြီးတွေမှာတော့ အတွေ့အကြုံရှိတယ်။ အဲဒီအတွေ့အကြုံပေါ် မူတည်ပြီး သိခဲ့၊ မှတ်သားခဲ့တာတွေရှိတယ်။ လူကြီးရဲ့ အသိအမြင်နဲ့ လူငယ်ရဲ့အသိအမြင် အတွေးအခေါ်တွေ ကွာခြားတဲ့အခါ လူကြီးနဲ့ လူငယ်ကြားမှာ ပဋိပက္ခတွေ ပေါ်ပေါက်လာတတ်တယ်။ ခေတ်စနစ်တိုင်း သမိုင်းတိုင်းမှာလည်း အဲဒီပြဿနာတွေ ရှိခဲ့တယ်။
Generation Gap ဆိုတဲ့ မျိုးဆက်ကွာဟမှုဟာ ကွာဟမှုအများအပြားထဲမှာ သေးငယ်တဲ့ကွာဟမှု ဖြစ်တယ်လို့ ဆိုတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ရေးဆွဲထားတဲ့ ကာတွန်းပုံတစ်ပုံကို အင်္ဂလိပ်စာအုပ် တစ်အုပ်မှာ တွေ့ခဲ့ဖူးတယ်။ အဲဒါကတော့ လူကြီးတွေက ဘောင်းဘီဝတ်တဲ့အခါ အပေါ်ကို ဆွဲတင်ပြီး ဝတ်တယ်။ လူငယ်ကတော့ သူ့ရဲ့ ဘောင်းဘီကို တရွတ်တိုက်ဆွဲဝတ်တယ်။ အောက်ကိုလျှောချပြီး ဝတ်တယ်။
အသက် ၆၀ အရွယ် လူကြီးတစ်ယောက်နဲ့ အသက် ၂၂ အရွယ် လူငယ်တစ်ယောက်ရဲ့ ခြားနားချက်တွေကို အင်္ဂလိပ်လိုရေးထားတဲ့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒီစာအုပ်က ၁၉၇၀ ပတ်ဝန်းကျင်က ထွက်ခဲ့တဲ့စာအုပ်ဖြစ်ပါတယ်။ အဲဒီအထဲက တချို့ကို ကောက်နုတ်ဖော်ပြပါရစေ။
အသက် ၆၀ အရွယ် လူကြီးက ကျောင်းပညာနဲ့ ပတ်သက်ရင် မူလတန်းအဆင့်လောက်ပဲ သင်ယူခဲ့ရတယ်။ အသက် ၂၂ နှစ်အရွယ် လူငယ်ကတော့ အထက်တန်းပညာတွေ သင်ယူခဲ့ရတယ်။ လူကြီးဖြစ်တဲ့ သူက ဘဝ အတွေ့အကြုံကနေ သင်ယူခဲ့ရတယ်။ လူငယ်ကတော့ စာအုပ်တွေထဲကနေ သင်ယူတယ်။
( ဒီနေ့ ဒီခေတ်မှာတော့အင်တာနက်ကနေ သင်ယူကြတာတွေလည်း ရှိနိုင်ပါတယ်)။ လူကြီးက အမိန့်ကို နာခံတတ်တယ်။ လူငယ်ကတော့ သူလုပ်ချင်ရာကို လုပ်တယ်။ လူကြီးက ဘဝနဲ့ ပတ်သက်ရင် ပြင်းထန်စွာ ကြိုးစားလုပ်ဆောင်တယ်။ လူငယ်ကတော့ ကြိုးစားပမ်းစားလုပ်ဆောင်မှု မပြုဘဲ ဘဝကို ဖြတ်သန်းတယ်။ လူကြီးက သူ့ရဲ့နိုင်ငံကို ချစ်မြတ်နိုးတယ်။ လူငယ်က တစ်ကမ္ဘာလုံးကို သဘောကျနှစ်ခြိုက်သူဖြစ်တယ်။ လူကြီးက သပ်ရပ်စွာနေထိုင်တယ်။ လူကြီးက လူငယ်ကို မယုံသလို လူငယ်ကလည်း လူကြီးကို မယုံဘူး။ လူကြီးက မိန်းမတစ်ယောက်ရဲ့နေရာဟာ သူ့ရဲ့ အိမ်ထဲမှာပဲ ဖြစ်သင့်တယ်လို့ယူဆတယ်။ လူငယ်ကတော့ မိန်းမတွေအနေနဲ့လည်း သူတို့ စိတ်ပျော်ရွှင်တဲ့ နေရာမှာ နေသင့်တယ်လို့ဆိုတယ်။ လူကြီးက သူ့ရဲ့နည်းလမ်းကို အကောင်းဆုံးလို့ ယူဆတယ်။ လူငယ်ကတော့ လူကြီးရဲ့ နည်းလမ်းဟာ ခေတ်မမီတော့ဘူးလို့ ထင်မြင်ယူဆတယ်။ လူကြီးက အသက်ကြီးလာလေလေ ဉာဏ်ပညာရှိလာ လေလေတဲ့။ လူငယ်ကတော့လူကြီးတွေဟာ အသုံးမကျတဲ့သူတွေလို့ ထင်မြင်ယူဆတယ်။
ဒီနေ့ဒီအချိန်မှာတော့ လူကြီးနဲ့ လူငယ်မျိုးဆက်ကွာဟမှုဟာ အထက်မှာ ဖော်ပြခဲ့တဲ့ ခြားနားချက်တွေနဲ့ ပိုပြီး ပြင်းထန်နေတယ်လို့ ယူဆမိတယ်။ ကျွန်တော်တို့ အသက်အရွယ် အပိုင်းအခြားကို ဂျန်- ီး လို့ ရင့်ရင့်သီးသီး ရိုင်းရိုင်းပျပျ ခေါ်ဝေါ်သုံးနှုန်းနေတာကို ကြားရ တွေ့ရတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်းကတော့ ကိုယ့်ထက် အသက်အရွယ်ကြီးတဲ့သူတွေကို မနှစ်သက်တဲ့အခါ အဲဒီလို ရင့်ရင့် သီးသီး ရိုင်းရိုင်းစိုင်းစိုင်း မခေါ်ခဲ့ကြဘူး။ အများဆုံး သုံးနှုန်းခေါ်ခဲ့တာ ‘အဘိုးကြီးတွေ’၊ ‘အဘွားကြီးတွေ’ ပေါ့။ ဒီ့ထက် ရင့်ရင့်သီးသီး ခေါ်တာ ‘ဘဲနာကြီး’၊ ‘ဘဲအိုကြီး’ ဆိုတာပါပဲ။
ဒီနေ့ဒီအချိန် လူငယ်တွေကြားမှာ ရေပန်းစားနေတဲ့ ဝေါဟာရက Zee ( ဇီး) – Generation Z ဆိုတဲ့ ဝေါဟာရ ဖြစ်တယ်။ ခေတ်အလိုက် မျိုးဆက်တွေကို မျိုးဆက် ငါးဆက် ခွဲခြားသတ်မှတ်ထားတယ်လို့ ဆိုပါတယ်။ အဲဒီမျိုးဆက်ငါးဆက်က အောက်ပါအတိုင်းဖြစ်တယ်လို့ သိရတယ်။
(1) Silent Gerentaion
အဲဒီမျိုးဆက်က ၁၉၂၈ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့သူတွေဖြစ်တယ်။ အဲဒီမျိုးဆက်က လူတွေဟာ အသက် ၇၇ နှစ်ကနေ ၉၄ နှစ်အတွင်း ရှိကြတယ်။ လူဦးရေအားဖြင့် အနည်းငယ်သာ ရှိပါတော့တယ်။
(2) Baby Boomers
အဲဒီမျိုးဆက်ကတော့ ၁၉၄၆ ခုနှစ်ကနေ ၁၉၆၄ ခုနှစ်အတွင်း မွေးဖွားခဲ့သူတွေ ဖြစ်တယ်။ ဒီနေ့ဒီအချိန်မှာ အသက် ၅၈ နှစ်ကနေ ၇၆ နှစ်အတွင်း ရှိနေပြီဖြစ်တယ်။ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်တိုးတက်တဲ့ နိုင်ငံတွေမှာ အရေအတွက် အတော်အတန်ရှိသေးတယ်။ ပျမ်းမျှ လူ့သက်တမ်းတိုတောင်းတဲ့ နိုင်ငံတွေမှာတော့ အရေအတွက်နည်းပါးတယ်လို့ ဆိုတယ်။
(3) Generation X
အဲဒီမျိုးဆက်ကတော့ ၁၉၆၅ ခုနှစ်ကနေ ၁၉၈၀ အတွင်း မွေးဖွားခဲ့တဲ့သူတွေဖြစ်ကြတယ်။ ဒီနေ့ ဒီအချိန်မှာ အသက် ၄၂ နှစ်ကနေ ၅၇ နှစ်အတွင်းရှိနေပြီ ဖြစ်တယ်။ ကမ္ဘာတစ်ဝန်းမှာလည်း အရေအတွက် တော်တော်များများ ရှိနေသေးတယ်။
(4) Generation Y
၁၉၈၁ ခုနှစ်ကနေ ၁၉၉၆ ခုနှစ်အတွင်း မွေးဖွားခဲ့တဲ့သူတွေ ဖြစ်တယ်။ ဒီနေ့ဒီအချိန်မှာတော့ အသက် ၂၆ နှစ်ကနေ အသက် ၄၀ အတွင်း ရှိနေကြပါပြီ။ ကမ္ဘာကြီးကို မောင်းနှင်နေတဲ့ နေရာမှာ အဓိက မျိုးဆက်ဖြစ်တယ်လို့ ဆိုတယ်။
(6) Generation Z
အဲဒီလူငယ်တွေကတော့ ၁၉၉၆ ခုနှစ် နောက်ပိုင်းမှာ မွေးဖွားသူတွေ ဖြစ်ကြတယ်။ အရေအတွက်အားဖြင့် နည်းပါးသေးတယ်။ အသက် ၁၇ နှစ်ကနေ ၂၅ နှစ်အကြား လူငယ်တွေ ဖြစ်ကြတယ်။ အသက် ၂၀ အရွယ်မှာ အလုပ်လုပ်တယ်ဆိုရင်တောင်မှ အလုပ်လုပ်တဲ့ လူဦးရေအနေနဲ့ နည်းပါးသေးတယ်။
ပထမမျိုးဆက်က မရှိသလောက် ဖြစ်နေပြီဆိုတော့ ကျန်တဲ့ မျိုးဆက်လေးခုကိုပဲ စဉ်းစားရတော့ မှာဖြစ်တယ်။ Baby Boomers တွေက အတွေးအခေါ်ကို ဦးစားပေးတဲ့သူတွေ ဖြစ်ကြတယ်။ Generation X ကတော့ ရုပ်ဝတ္ထုကို ဦးစားပေးတယ်။ Generation Y ကတော့ ကမ္ဘာကြီးကို ရွာကြီးတစ်ရွာလို့ သတ်မှတ်ထားသူတွေ ဖြစ်တယ်လို့ ဆိုတယ်။ Generation Z ကတော့ ဘယ်လိုလူစားမျိုးဆိုတာ သေသေချာချာ ဖော်ပြလို့မရတဲ့ အခြေအနေမှာ ရှိနေတယ်။
Generation Z တွေဟာ Social Network နဲ့ ပတ်သက်ရင် အားကောင်းတယ်။ ဒီဂျစ်တယ်နဲ့ ပတ်သက်ပြီး အလွန်ရင်းနှီးတယ်။ ဒါပေမဲ့ Generation Z တွေဟာ တစ်ခုခုနဲ့ပတ်သက်ရင် စူးစိုက်မှု အားနည်းတယ်လို့ဆိုတယ်။ တစိုက်မတ်မတ် မရှိဘူးတဲ့။ စိတ်ခံစားမှုနဲ့ ပတ်သက်ရင်တော့ မြင့်မားစွာ ရှိနေတယ်။ ဆွဲဆောင်သိမ်းသွင်းတဲ့ဘက်ကို အလွယ်တကူပါသွားနိုင်တယ်။
Generation Z တွေဟာ ငယ်ရွယ်တက်ကြွလွန်းတဲ့အတွက် သွေးဆောင်တဲ့ဘက်ကို ပါသွားနိုင်တာဟာ ကောင်းမွန်တဲ့အချက်တော့ မဟုတ်ဘူး။ အသုံးချခံ သားကောင်တွေ ဖြစ်သွားဖို့အတွက် လွယ်ကူတဲ့ အနေအထားမှာရှိနေတယ်။ ရူးရူးမိုက်မိုက် အစတေးခံတွေ ဖြစ်သွားမှာကို စိုးရိမ်ရပါတယ်။ ရှည်ရှည်ဝေးဝေးတွေးတောတတ်သူတွေ မဟုတ်တဲ့အတွက် ယုံကြည်အောင် ဆွဲဆောင်နိုင်သူရဲ့ စကားအတိုင်း လိုက်ပါလုပ်ဆောင်ဖို့ ဝန်မလေးကြပါဘူး။ အမှားအမှန်ထက် လတ်တလော စိတ်ခံစားမှုနောက်ကို လိုက်ဖို့ အားသန်နေသူတွေ ဖြစ်ကြတယ်။
ဒီ့ပြင် GZ တွေကို အသာထားဦး။ ကျွန်တော်နဲ့ အနီးစပ်ဆုံးရှိတဲ့ GZ ကတောင် ကျွန်တော့်ကို အမြင် မကြည်တဲ့သူပါ။ သူ့လောက် စွန့်စားချင်စိတ် မရှိခဲ့ဘူးလို့ယူဆတယ်။ အမှန်တော့ သူ့ထက် ပိုပြီးတော့ ပြေးလွှားရှောင်ပုန်းခဲ့ရတယ်။ ကျွန်တော့်သူငယ်ချင်း Baby Boomer ကိုတော့ သူ့သားက ပြောသတဲ့။ သူ့ရဲ့သားက GZ လား GY လား ဆိုတာကိုတော့ ကျွန်တော်မသိဘူး။ သူ့သားက သူ့ကို “အဖေတို့ အသုံးမကျခဲ့လို့ ကျွန်တော်တို့ ဆက်လုပ်နေရတာ” လို့ ပြောတယ်ဆိုပဲ။ ဘာတွေ ဆက်လုပ်တာလဲတော့ မသိ။ သူများယောင်လို့ လိုက်ယောင်နေတာလား မသိ။ ထားလိုက်ပါတော့။
ကျွန်တော်ကတော့ လူ့သက်တမ်းရဲ့ သုံးပုံနှစ်ပုံနီးပါးနင်းပြီးခဲ့သူပါ။ မနေ့ကထက်စာရင် သေဖို့ပိုပြီး နီးလာပြီ ဆိုတာကိုလည်း လက်ခံနိုင်တဲ့ အနေအထားကို ရောက်လာပါပြီ။ မနက်ဖြန်က ဝေးသေးတယ်။ နောက်ဘဝက နီးတယ်ဆိုတာကိုလည်း တွေ့ကြုံခဲ့ရတဲ့ အခြေအနေတွေအရ သိလာခဲ့ပြီ။ အချိန်တိုင်းမှာ မွေးနေ၊ သေနေကြတာကိုလည်း တွေ့ကြုံခဲ့ရပြီလေ။ အချိန်ကာလကို လူက မစားနိုင်ဘူးဆိုရင် အချိန်ကာလက လူကိုဝါးမျိုစားသောက် သွားမှာကိုလည်း နားလည်ဆင်ခြင်မိပြီ ဖြစ်တယ်။ လက်ရှိအခြေအနေမှာတော့ GZ လေးတွေကို အချိန်ကာလက ၀ါးမျိုစားသောက်နေတာ တွေ့ရတော့ ရင်နာလို့မဆုံး ဖြစ်မိတယ်။
ဘဝဆိုတာက တိုတောင်းပါတယ်။ အချိန်ကာလတွေကတော့ မြန်ဆန်နေလေရဲ့။ အချိန်ကာလကို ပြန်ပြီးကုစားလို့ မရနိုင်ပါဘူး။ နောက်ပြန်လှည့်လို့လည်း မရပါဘူး။ ရှိနေတဲ့ အချိန်ခဏလေးကိုပဲ နှစ်လိုဖွယ်ဖြစ်အောင် ပြုလုပ်ရမှာ ဖြစ်တယ်။ ကျွန်တော့်ဘဝမှာတော့ နောင်တတွေမရှိဘူး။ သင်ခန်းစာတွေပဲ ရှိခဲ့တယ်လို့ မှတ်ယူနေမိပါတော့တယ်။










