ငြိမ်းချမ်းရေး (Peace)

ငြိမ်းချမ်းရေး (Peace)
Published 30 January 2022
ပါမောက္ခ ဒေါက်တာသောင်းဌေး (စာရင်းအင်းပညာ)

လူတစ်ဦး ကိုယ်ခံစွမ်းအား ကောင်းမွန်နေပါလျှင် ပြင်ပမှ ဝင်ရောက်လာသည့် ရောဂါများကို ကာကွယ်ခုခံနိုင်စွမ်း မြင့်မားသကဲ့သို့ပင် တိုင်းပြည်နိုင်ငံတော်အနေနှင့် ကိုယ်ခံစွမ်းအား ကောင်းမွန်နေပါလျှင် ရှော့(ခ်)များ (Shocks) ကို ခံနိုင်ရည်ရှိစေပါမည်။ သို့သော်လည်း ကိုယ်ခံစွမ်းအား ကောင်းမွန်နေစေရန်မှာ တစ်နေ့၊ တစ်ရက် အချိန်တိုအတွင်း တည်ဆောက်ရန် မဖြစ်နိုင်သကဲ့သို့ ရေရှည် တဖြည်းဖြည်းချင်း တည်ဆောက်ပြုပြင်နေရမည့် အခြေအနေ ဖြစ်ပါသည်။

စာရေးသူသည် ၂၀၂၀ ပြည့်နှစ် ဇွန် ၂၄ ရက်က ပြုလုပ်ခဲ့သည့် ၁၃ ကြိမ်မြောက် BAG (Bussiness, Academy, Government) Online Seminar တွင် မိမိတို့တိုင်းပြည်နိုင်ငံတွင် ဖြစ်ပေါ်ခဲ့သည့် ရှော့ (ခ်) များ (Shocks) ဖြစ်ကြသည့် (က) ၂၀၀၈ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နာဂစ်မုန်တိုင်း၊ (ခ) ၂၀၁၅ ခုနှစ် တွင် ဖြစ်ပေါ်ခဲ့သည့် ရေကြီးခြင်းနှင့် (ဂ) ၂၀၁၉ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ စသည်တို့ကြောင့် မိမိတို့ တိုင်းပြည်နိုင်ငံတော်အပေါ်တွင် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ခဲ့သည်ကို လေ့လာတင်ပြခဲ့ပါသည်။

အဆိုပါ တင်ပြစဉ် အချိန်အခါက ကိုဗစ်-၁၉ ရောဂါကြောင့် ဖြစ်ပေါ်ခဲ့သည်များကိုမူ အပြည့်အစုံ လေ့လာတင်ပြနိုင်ခြင်း မပြုနိုင်ခဲ့ပါ။ ယနေ့အချိန်အခါတွင်မူ စာဖတ်သူတို့အနေနှင့် အဆိုပါ ကိုဗစ် -၁၉ ရောဂါ ရှော့ (ခ်) ကြောင့် မည်ကဲ့သို့ အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လျက်ရှိသည်ကို စာဖတ်သူတို့ ကိုယ်တိုင် တွေ့မြင်ခံစားရလျက် ရှိမည်ဟု ထင်မြင်ပါသည်။

တိုင်းပြည်နိုင်ငံ တစ်နိုင်ငံအနေဖြင့် အထက်ဖော်ပြပါ ရှော့(ခ်)များကို ခံနိုင်ရည်ရှိနိုင်စေရန်မှာ တိုင်းပြည်နိုင်ငံတော်၏ ကိုယ်ခံစွမ်းအား သို့မဟုတ် ခံနိုင်ရည်အား မြင့်မားကောင်းမွန်နေစေရန် လိုအပ်လှပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံကဲ့သို့ ငြိမ်းချမ်းခြင်းအပြည့်အဝ မရရှိနိုင်သေးသည့် နိုင်ငံများအတွက်မူ တိုင်းပြည်နိုင်ငံတော်၏ ကိုယ်ခံစွမ်းအားကို မြင့်မားတိုးတက်ရရှိနိုင်စေမည့် အရေးအကြီးဆုံးအချက်တစ်ချက်မှာ ငြိမ်းချမ်းရေး ရရှိရန်ပင်ဖြစ်ပါသည်။

ဤတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သိမြင်နားလည်ရှုမြင်ပုံမှာ ယနေ့တွေ့မြင်နေရသော မိမိတို့ တိုင်းပြည်နိုင်ငံတွင် ဆောင်ရွက်လျက်ရှိသည့် သဘောတရားများ၊ အခြေအနေများနှင့် စာရေးသူ၏ သိမြင်နားလည်ရှုမြင်ပုံမှာ လွန်စွာကွာခြားလျက်ရှိနေပါသည်။ မည်သည့် ရှုမြင်ပုံက မှန်ကန်ကောင်းမွန်ပြီး ရလဒ်ကောင်းများ ရရှိစေနိုင်ပါသည်ဆိုသော အဖြေကိုမူ စာဖတ်သူများ ကိုယ်တိုင်ပင် ဝေဖန်သုံးသပ်ပေးကြစေလိုပါသည်။

စာရေးသူအနေဖြင့် ယနေ့ မိမိတို့ တိုင်းပြည်နိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ငြိမ်းချမ်းရေး ဒီဇိုင်းမိုဒယ် ပုံစံအတိအကျ တည်ဆောက်ထားခြင်းကို တွေ့မြင်ခဲ့ဖူးခြင်းမရှိပါ။ ရေးသားတင်ပြထားချက်များနှင့် ထုတ်ပြန်ခဲ့သည့် သတင်းများကိုသာ လေ့လာခွင့်ရရှိခဲ့ပါသည်။

စာရေးသူအနေဖြင့် မေးခွန်းထုတ်လိုသည့်အချက်မှာ (၁) ငြိမ်းချမ်းရေးဆိုသည်မှာ ရလဒ်ဖြစ်ပါသလား ဆိုသော မေးခွန်းနှင့် (၂) ငြိမ်းချမ်းရေးဆိုသည်မှာ အကောင်အထည်ဖော် ဆောင်ရွက်ရသည့် လုပ်ငန်း ဖြစ်ပါသလား။ သို့မဟုတ် ငြိမ်းချမ်းရေး ဆိုသည်မှာ ငြိမ်းချမ်းရေး လုပ်ငန်းအစီအစဉ် လုပ်ငန်းအဆင့်ဆင့် (Peace Processes) များနှင့် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသလား ဆိုသော မေးခွန်းများ ဖြစ်ကြပါသည်။ စာရေးသူအနေနှင့် တွေ့မြင်နေရသည်မှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများသည် နိုင်ငံတကာက အသိုင်းအဝိုင်းက ကမ္ဘာပေါ်ရှိ နိုင်ငံများတွင် အသုံးပြုလျက် ရှိသည် နံပါတ် (၂) ကိုသာ အသုံးပြုလျက်ရှိနေပါသည်။ ယနေ့ထက်တိုင် အောင်မြင်ခြင်း ရှိ-မရှိကိုမူ စာဖတ်သူများကသာ ဝေဖန်ဆုံးဖြတ်ပေးကြစေလိုပါသည်။

သို့သော်လည်း စာဖတ်သူများ သိမြင်ပြီးဖြစ်မည်ဟု ယူဆပါသည်။ စာရေးသူတို့၏ တိုင်းပြည်နိုင်ငံအတွက် ရေးသားပြုစုခဲ့သော နိုင်ငံတော်သီချင်းတွင် “များလူခပ်သိမ်း ငြိမ်းချမ်းစေဖို့” ဆိုသော စကားလုံး စကားရပ်ကို တွေ့မြင်နိုင်ပါသည်။ “ငြိမ်းချမ်းစေရန်” ဆိုသည့် အဓိပ္ပာယ်ဆောင်ပါသည်။ ဖော်ပြထားချက်အရ ဆိုပါလျှင် ငြိမ်းချမ်းရေးဆိုသည်မှာ “ရလဒ်” ဖြစ်ပါသည်ဆိုသော အဓိပ္ပာယ် ဖြစ်ပါသည်။ အဓိပ္ပာယ် အပြည့်အစုံကို နိုင်ငံတော်သီချင်းတွင် ပါဝင်သည်များအား ဆက်စပ်ဖော်ဆောင်ပါက တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေး တန်းတူညီမျှခြင်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပါက ငြိမ်းချမ်းရေး ရရှိပါမည်ဟု အာမခံထားရှိခြင်းဖြစ်ပါသည်။

အခြားသော ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် အဓိပ္ပာယ်မှာ ယနေ့ မိမိတို့တိုင်းပြည်နိုင်ငံတွင် အသုံးပြုလျက်ရှိသည့် “ ငြိမ်းချမ်းရေး ဆိုသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းအစီအစဉ် လုပ်ငန်းအဆင့်ဆင့် (Peace Processes) တို့နှင့် အကောင်အထည်ဖော်ဆောင်ရွက်ရသည့် လုပ်ငန်းဖြစ်ပါသည်” ဆိုသည့် သဘောတရားဖြစ်ပါသည်။

ဤသဘောတရားသည် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် နိုင်ငံတစ်နိုင်ငံအား ငြိမ်းချမ်းရေး ရရှိနိုင်စေရေးအလို့ငှာ ပြင်ပမှ ဝင်ရောက်ပါဝင်ဆောင်ရွက်ပေးခြင်းမျိုး ဖြစ်ပါသည်။ တစ်နည်းအားဖြင့် စစ်နှင့် ငြိမ်းချမ်းရေးကို တွဲဖက်စဉ်းစားသည့် ချဉ်းကပ်မှုမျိုး ဖြစ်ပါသည်။ အခြေခံအားဖြင့် အုပ်ချုပ်သူ အစိုးရနှင့် အစိုးရကို လက်နက်ကိုင် ဆန့်ကျင်သည့်အုပ်စုတို့အကြား ညှိနှိုင်းဆောင်ရွက်ပေးသည့် လုပ်ငန်းများ ဖြစ်ကြပါသည်။

စာရေးသူ တစ်ဦးတည်း၏ အမြင်အရဆိုပါလျှင် ဤသဘော တရားတစ်ခုတည်းဖြင့် ချဉ်းကပ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် မိမိတို့တိုင်းပြည်နိုင်ငံတွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေနှင့် ကိုက်ညီခြင်းမရှိဟု ထင်မြင်ပါသည်။ စာဖတ်သူများအနေဖြင့်လည်း မိမိတို့၏ အထင်အမြင်အတွက် လေ့လာစေလိုပါသည်။

စာရေးသူ အဆိုပြု ရှင်းလင်းတင်ပြမည့် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် သဘောတရားများမှာ စာရင်းအင်းပညာ ဘာသာရပ်ကို ဖော်ထုတ်လေ့လာခဲ့သည့် ဖြစ်စဉ်ဖြစ်ရပ်များ၊ အဓိပ္ပာယ် ထုတ်ဖော်ချက်များနှင့် တိုက်ရိုက်သက်ဆိုင်လျက်ရှိနေပါသဖြင့် စာရင်းအင်းပညာ ဘာသာရပ်ကို အထူးပြုလေ့လာခဲ့သည့် လူတစ်ဦးဖြစ်သည့်အတွက်သာ အလွယ်တကူ လေ့လာတင်ပြနိုင်ခြင်းဖြစ်ပါသည်။

စာရေးသူ၏ အဆိုပြုတင်ပြမည့် ငြိမ်းချမ်းရေးဆိုသည်မှာ ဂရိတို့၏ စံချိန်စံနှုန်းဖြစ်သည့် နိုင်ငံရေး၊ ဒီမိုကရေစီ၊ လွတ်လပ်ခွင့်နှင့် ရောမတို့၏ စံနှုန်းဖြစ်သည့် နိုင်ငံတော်၊ တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပါ၀ါတို့ကို မူလတည်ရှိနေသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို အခြေခံကာ ပေါင်းစပ်ကျင့်သုံးခြင်းပင်ဖြစ်ပါသည်။ စာရေးသူ၏ တင်ပြချက်အရဆိုပါလျှင် ယနေ့ မိမိတို့တိုင်း ပြည်နိုင်ငံက ချဉ်းကပ်သည့်နည်းလမ်းမှာ ရောမတို့၏ စံချိန်စံနှုန်း တစ်မျိုးတည်းသာ ဖြစ်နေသည့်အပြင် အရေးကြီးသည့် ဂရိတို့၏ စံချိန်စံနှုန်းဖြစ်သည့် နိုင်ငံရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီနှင့် မူလတည်ရှိနေသည့် ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ငြင်းပယ် ပစ်ပယ်သည့် သဘောဆောင်နေပါသည်။

စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့ တိုင်းပြည် နိုင်ငံတော်ကြီးအား ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသာယာဝပြောသော တိုင်းပြည် နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေးအလို့ငှာ ယနေ့တည်ရှိဖြစ်ပေါ်လျက် ရှိနေသည့် မငြိမ်းချမ်းသော အခြေအနေများမှ ကျော်လွှားလွန်မြောက်စေလျက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကောင်းကို ရရှိရောက်ရှိနိုင်စေရန် စာရေးသူ၏ အမြင်သက်သက်ဖြင့် ချဉ်းကပ်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ဝေမျှလိုသည့် ရည်ရွယ်ချက်ဖြင့် ရှင်းလင်းတင်ပြခြင်း ဖြစ်ပါသည်။

စာရေးသူ၏ ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်သည့် သဘောတရားများနှင့် ချဉ်းကပ်မှုပုံစံများကို ပုံတွင် ဖော်ပြထားပါသည်။ ပုံတွင် အပိုင်းသုံးပိုင်း ပါဝင်ပြီး (က) ဂရိတို့၏ စံချိန်စံနှုန်းများကို အခြေခံကာ ငြိမ်းချမ်းရေးရရှိနိုင်စေရန် ချဉ်းကပ်မှုများ၊ (ခ) ရောမတို့၏ စံချိန်စံနှုန်းများကို အခြေခံကာ ငြိမ်းချမ်းရေး ရရှိနိုင်စေရန် အကောင်အထည်ဖော်ဆောင်ရွက်မှုများနှင့် (ဂ) ဂရိတို့၏ စံချိန် စံနှုန်းများနှင့် ရောမတို့၏ စံချိန်စံနှုန်းများကို ပေါင်းစပ်ကာ ငြိမ်းချမ်းရေးရရှိနိုင်စေရန် ချဉ်းကပ်အကောင်အထည်ဖော် ဆောင်ရွက်မှုများ ဖြစ်ကြပါသည်။

(က) ဂရိတို့၏ စံချိန်စံနှုန်းများကို အခြေခံကာ ငြိမ်းချမ်းရေး ရရှိနိုင်စေရန် ချဉ်းကပ်မှုများကို အဓိပ္ပာယ်ဖွင့်ဆိုရပါလျှင် နိုင်ငံရေး၊ ဒီမိုကရေစီအရေးနှင့် လွတ်လပ်ရေးတို့ကို အခြေပြုကာ ငြိမ်းချမ်းရေးကို ရရှိစေရန်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ မိမိတို့တိုင်းပြည်နိုင်ငံ၏ အတွေ့အကြုံအရ  တင်ပြရပါလျှင် လောကပါလတရားများဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်း၊ အခွင့်အရေးတန်းတူညီမျှခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဆိုပါက ငြိမ်းချမ်းရေးရရှိမည်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပါသည်။

ဆရာကြီး ဟင်နရီကစ်ဆင်ဂျာ၏ လွတ်လပ်ခြင်းနှင့် ငြိမ်းချမ်းရေး ဆက်သွယ်ချက်ကို တင်ပြရပါလျှင် “Freedom cannot be secured or sustained without a framework of order to keep the peace.” (Reference: 1, pp-8). ဖော်ပြထားချက်အရ “ငြိမ်းချမ်းရေးကို ထိန်းသိမ်းနိုင်စေရန် အလို့ငှာ လက်တွေ့ကာကွယ်စောင့်ရှောက်မည့် အစီအစဉ်ကို အသုံးပြုနိုင်သည့် မူဘောင်တည်ဆောက်ထား ရှိခြင်း မပြုခဲ့ပါလျှင် လွတ်လပ်ခြင်းသည် လုံခြုံမှု အာမခံခြင်း မရှိနိုင်သကဲ့သို့ ရေရှည် ရှင်သန် ရပ်တည်နိုင်ခြင်းလည်း မရှိနိုင်ပါ။”

တစ်ဖန် စာဖတ်သူများအတွက် အလွန်ထူးခြားဆန်းကြယ်သည့် အခြေအနေတစ်ရပ်ကိုတင်ပြပါမည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း အထူးသဖြင့် ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းတွင် မိမိတို့တိုင်းပြည်နိုင်ငံ၏ တိုင်းရင်းသား နိုင်ငံသား ခေါင်းဆောင်ကြီးများ အုပ်ချုပ်ချိန်ကာလ နယ်ပယ်ကဏ္ဍအသီးသီး၌ လောကပါလ တရားများဖြစ်ကြသည့် တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေး တန်းတူညီမျှခြင်းများကို ပျောက်ကွယ်သွားစေရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသည်။

အထက်ပါကဲ့သို ကြိုးပမ်းအားထုတ်ခြင်းများကို ထိုစဉ်အချိန်အခါက ကျင့်သုံးအကောင်အထည် ဖော်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင်သော်လည်းကောင်း၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မရှိဘဲ အုပ်ချုပ်ခဲ့ကြသည့် အချိန်ကာလများတွင်သော်လည်းကောင်း တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း ကိုလိုနီခေတ်အင်္ဂလိပ်တို့ အုပ်ချုပ်ချိန်ကာလ လောကပါလတရားများအား ထိန်းသိမ်းစောင့်ရှောက်ခဲ့သည်ကို အောက်ပါအတိုင်း တွေ့ရှိခဲ့ရပါသည်။

“တရားမျှတမှုသည် အုပ်ချုပ်ရေးတစ်ရပ်တွင် အရေးကြီးလှသကဲ့သို့ အခွန်စည်းကြပ်ရာတွင်လည်း အလွန်အရေးကြီးလှပေတော့သည်။ ………..ရာခိုင်နှုန်း ပြည့်နှင့် အနီးကပ်ဆုံး တရားမှု၊ အနီးကပ်ဆုံး ညီမျှမှု၊ အနီးကပ်ဆုံး လွတ်လပ်မှုကို ရအောင်သာ လူတို့ ကြိုးစား၍ ရနိုင်ပေသည်။” (Reference:2). ဤတွင် မေးခွန်းများမှာ အောက်ပါအတိုင်း တစ်သီတစ်တန်းကြီး ပေါ်ပေါက်လာစေပါသည်။

တိုင်းတစ်ပါးသား အင်္ဂလိပ်တို့က ကိုလိုနီကျွန်ပြု အုပ်ချုပ်နေချိန်တွင်ပင် လောကပါလတရားများကို တန်ဖိုးထား လေးစားလိုက်နာကျင့် သုံးနိုင်ပါလျက် မိမိတို့၏ တိုင်းရင်းသား နိုင်ငံသား ခေါင်းဆောင်ကြီးများ အုပ်ချုပ်ချိန်တွင် အဘယ့်ကြောင့် လျစ်လျူရှု ပစ်ပယ်ကွယ်ပျောက်စေရန် ကြိုးပမ်းအားထုတ်ခဲ့ကြပါသလဲ။ မိမိတို့၏ တိုင်းရင်းသား နိုင်ငံသား ခေါင်းဆောင်ကြီးများသည် လောကပါလတရားများကို လျစ်လျူရှုကာ တိုင်းပြည်နိုင်ငံတော်နှင့် ပြည်သူပြည်သားများအပေါ်တွင် ကိုလိုနီကျွန်ပြုအုပ်ချုပ်ခဲ့သည့် တိုင်းတစ်ပါးသား အင်္ဂလိပ်တို့ထက်ပင် ပိုမိုပြီး ရက်စက် ကြမ်းတမ်းသော စိတ်နေသဘောထားများနှင့် အုပ်ချုပ်ခဲ့ကြသည်မှာ အဘယ့်ကြောင့်ဖြစ်ပါသလဲ စသည်ဖြင့် မေးခွန်းများဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါမေးခွန်းများအတွက် အဖြေများ စာရေးသူတွင် မရှိပါ။ စာဖတ်သူများကပင် စဉ်းစားပြီး ဖြေကြားပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အကယ်၍ တစ်ဖွဲ့တစ်စုံတစ်ဦး တစ်ယောက်က အထက်ဖော်ပြပါ အခြေအနေများအတွက် မည်သူ့တွင် တာဝန်ရှိပါသလဲဆိုသော မေးခွန်းကို စာရေးသူအား မေးမြန်းခဲ့မည်ဆိုပါလျှင် စာရေးသူ၏အဖြေမှာ နိုင်ငံတော်၏ အချုပ်အခြာ အာဏာသုံးရပ်စလုံးတွင် ရာထူးမျိုးစုံ၊ နေရာမျိုးစုံတည်ရှိသည့်အနက် အုပ်ချုပ်ရေးအာဏာတွင် ခန့်အပ်တာဝန်ပေးသည့် ရာထူးနှင့် နှိုင်းယှဉ်ကာ ဝန်ကြီး၊ ဝန်ကလေး အဆင့်နှင့်အထက် တာဝန်ယူခဲ့ကြသူ အားလုံးတွင် တာဝန်ရှိပါသည်ဟု ဖြေကြားမည် ဖြစ်ပါသည်။

(ခ) ရောမတို့၏ စံချိန်စံနှုန်းများကို အခြေခံကာ ငြိမ်းချမ်းရေး ရရှိနိုင်စေရန် အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြပါမည်။ ရောမတို့၏ စံချိန်စံနှုန်းများသည် နိုင်ငံတော်တည်ငြိမ်မှု၊ စည်းလုံးညီညွတ်မှု၊ စည်းကမ်းရှိမှု၊ ပါ၀ါ စသည်တို့ကို အခြေခံထားခြင်းဖြစ်သည့်အတွက် အများအားဖြင့် စစ်နှင့် ငြိမ်းချမ်းရေးကို တွဲဖက်စဉ်းစားကြရသည့် သဘောတရားများ ဖြစ်ကြပါသည်။ ထို့ကြောင့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ဖော်ပြပါ သဘောတရားအရ ထာဝရငြိမ်းချမ်းရေး (Perpetual Peace) ရရှိနိုင်ခြင်းကို ဆရာကြီး ဟင်နရီကစ်ဆင်ဂျာက ၎င်း၏စာအုပ်တွင် ဆရာကြီး အီမင်နူရယ်ကန့်၏ ရှင်းလင်းတင်ပြထားချက်ကို ဖော်ပြထားသည်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

“Perpetual peace would eventually come to the world one of two ways: by human insight or by conflict and catas-trophes of a magnitude that left humanity no other choice.” (Reference: 3). တင်ပြထားချက်အရ “ကမ္ဘာပေါ်တွင် အမြဲထာဝရ ငြိမ်းချမ်းရေးဆိုသည်မှာ နည်းလမ်း နှစ်သွယ်ရှိသည့်အနက် နည်းလမ်းတစ်ခုခုဖြင့် နောက်ဆုံးတွင် ဝင်ရောက်ရရှိ ဖြစ်ပေါ်လာလေ့ရှိပါသည်။ နည်းလမ်းနှစ်သွယ်အနက် ပထမနည်းလမ်းမှာ လူသားတို့၏ ထိုးထွင်းသိမြင်နိုင်သည့်ဉာဏ်စွမ်း သို့မဟုတ် ပဋိပက္ခများမှ ဖြစ်ပေါ်လာစေပြီး ဒုတိယနည်းလမ်းမှာ ကပ်ဘေးကြီးများ၏ ဆိုက်ရောက်မှု အရွယ်အစား ပမာဏကြောင့် ဖြစ်ပေါ်လာစေပါသည်။ လူသားတို့မှာ အခြားရွေးချယ်စရာ နည်းလမ်းမရှိနိုင်ဘဲ လက်ခံပြီး အသက်ရှင် ရပ်တည်နေထိုင်ကြရသည့် အခြေအနေဖြစ်ပါသည်။”

အထက်တွင် ဖော်ပြထားသည့် သဘောတရားသည် ပြည်တွင်းငြိမ်းချမ်းရေးသာမက နိုင်ငံတကာ ငြိမ်းချမ်းရေးအတွက်လည်း အကျုံးဝင်လျက်ရှိနေပါသည်။ ယခုဖော်ပြပါ နည်းလမ်းကို မိမိတို့ တိုင်းပြည်နိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် မြိန်ရေယှက်ရေ အသုံးပြုနေခြင်းမှာ အန္တရာယ်ကြီးလှပါသည်။ မိမိတို့၏ တိုင်းရင်းသား နိုင်ငံသားခေါင်းဆောင်ကြီးများအနေနှင့် အထက်တွင် ဖော်ပြထားသော လူသားတို့၏ ထိုးထွင်းသိမြင်နိုင်သည့် ဉာဏ်စွမ်းကို အစွမ်းကုန်အသုံးပြုနိုင်ပါစေကြောင်းကိုသာ စာရေးသူအနေဖြင့် ဆုတောင်းနေမိပါသည်။

(ဂ) ဂရိတို့၏ စံချိန်စံနှုန်းများနှင့် ရောမတို့၏ စံချိန်စံနှုန်းများကို ပေါင်းစပ်ကာ ငြိမ်းချမ်းရေးရရှိနိုင်စေရန်  ချဉ်းကပ်အကောင်အထည်ဖော် ဆောင်ရွက်မှုများကို တင်ပြပါမည်။ ယခုတင်ပြမည့် အကြောင်းအရာသည် မိမိတို့တိုင်းပြည်နိုင်ငံအတွက် အရေးကြီးလှပါသည်။ မိမိတို့ တိုင်းပြည်နိုင်ငံ၏ အခြေအနေအရဆိုပါလျှင် ဂရိတို့၏ စံချိန်စံနှုန်းများနှင့် ရောမတို့၏ စံချိန်စံနှုန်းများ သာမက တိုင်းပြည်နိုင်ငံတော်တွင် နေထိုင်လျက်ရှိကြသည့် တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကိုပါ ထည့်သွင်းစဉ်းစားပြီး အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရမည် ဖြစ်ပါသည်။

အထက်ဖော်ပြပါ တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်ခြင်းနှင့် ငြိမ်းချမ်းရေးရရှိနိုင်စေရန် ချဉ်းကပ်အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ် သို့မဟုတ် တိုင်းပြုပြည်ပြု ပုဂ္ဂိုလ် (Great Statesman) ကြီးများကို ရှာဖွေရရှိနိုင်ရန်မှာ အရေးကြီးဆုံးနှင့် မဖြစ်မနေ ပြုလုပ်ရမည့် အချက်ဖြစ်နေပါသည်။ စာရေးသူအနေနှင့် အလေးထားတင်ပြလိုသည်မှာ “No Great Statesman, No Peace” ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ “တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ် သို့မဟုတ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်များ မရှိလျှင် ငြိမ်းချမ်းရေး မရရှိနိုင်ပါ” ဆိုသည့်အချက်ဖြစ်ပါသည်။

ဤတွင် တိုင်းကျိုးပြည်ပြု ပုဂ္ဂိုလ်အဖြစ် ရရှိလာနိုင်စေရန်မှာ နည်းလမ်းနှစ်မျိုးဖြစ်နိုင်ပါသည်။ ပထမနည်းလမ်းမှာ အထက်ဖော်ပြပါ စံချိန်စံနှုန်းနှစ်မျိုးနှင့် တိုင်းရင်းသား လူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများအား သိမြင်ကျွမ်းကျင်သည့် လူပုဂ္ဂိုလ်ဖြစ်ရပါမည်။ အဆိုပါကဲ့သို့ ကျွမ်းကျင်သည့် လူပုဂ္ဂိုလ်မျိုးသည် လူ့လောကတွင် မရှိနိုင်ပါ။ စာရေးသူတို့၏ ရေခံမြေခံ တိုင်းပြည်အမျိုးအစားတွင် ပို၍ပင် အလှမ်းကွာဝေးလှပါသည်။ ဒုတိယနည်းလမ်းမှာ ဂရိတို့၏စံချိန်စံနှုန်းများကို ကျွမ်းကျင်သည့်လူ ပုဂ္ဂိုလ်ပညာရှင်ကြီးများ၊ ရောမတို့၏ စံချိန်စံနှုန်းများကို ကျွမ်းကျင်သည့် လူပုဂ္ဂိုလ်ပညာရှင်ကြီးများနှင့် တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ကျွမ်းကျင်သည့် လူပုဂ္ဂိုလ် ပညာရှင်ကြီးများကို ရှာဖွေပြီး တာဝန်ပေးအပ်ရန်ဖြစ်ပါသည်။

စာဖတ်သူတို့အတွက် အကျဉ်းမျှတင်ပြပါမည်။ အမေရိကန်ပြည်ထောင်စုကို တည်ဆောက်စဉ် အချိန်အခါက တိုင်းရင်းသားလူမျိုးစုများ၏ ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထည့်သွင်းစဉ်းစားခဲ့ခြင်း မပြုဘဲ ဂရိတို့၏ စံချိန်စံနှုန်းများနှင့် ရောမတို့၏ စံချိန်စံနှုန်းများ နှစ်မျိုးကိုသာ အခြေခံထားခဲ့ခြင်း ဖြစ်ပါသော်လည်း သက်ဆိုင်ရာဘာသာရပ်အလိုက် ကျွမ်းကျင်သည့် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများ ပါဝင်ခဲ့သည့် အခြေအနေကို စိတ်ဝင်စားသူများအနေနှင့် အသေးစိတ် လေ့လာကြည့်ကြပါရန် အကြံပြုပါသည်။

နောက်ဆုံးအချက်အနေဖြင့် စာရေးသူအား မိတ်ဆွေအချို့က မေးခွန်းမေးတတ်ကြသည်မှာ “မိမိတို့ တိုင်းပြည်နိုင်ငံတော်အနေနှင့် လောကပါလတရားများကို လက်ကိုင်ထားရှိကာ အစိုးရတစ်ရပ် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည် ဖြစ်စေ အလိုအလျောက်လည်ပတ်နေစေမည့် ဗျူရိုကရေစီယန္တရား၊ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို အပြည့်အဝ ထမ်းဆောင်နေမည့် တပ်မတော်၊ နိုင်ငံတော်လုံခြုံရေး တာဝန်ကို အပြည့်အဝထမ်းဆောင်နေမည့် ရဲတပ်ဖွဲ့၊ စီးပွားရေး လုပ်ငန်းရပ်ကြီးများကို အပြည့်အဝ လည်ပတ်နေစေရန် ဆောင်ရွက်နေမည့် စီးပွားရေးသမားကြီးများ၊ နိုင်ငံတော်ကို အပြည့်အဝဦးဆောင်မှုပေးနေမည့် နိုင်ငံရေးသမားကြီးများနှင့် တိုင်းပြည်နိုင်ငံတော် တည်ဆောက်ခြင်းကို မည်သည့်အချိန်ကာလတွင် စတင်နိုင်ပါမည်လဲ” ဆိုသည့် မေးခွန်းဖြစ်ပါသည်။

ဖော်ပြပါ မေးခွန်းအတွက် စာရေးသူ၏ အဖြေမှာ ယနေ့တည်ရှိနေသော ပညာရေးစနစ်၊ လေ့ကျင့်သင်ကြားပေးနိုင်မှု အခြေအနေနှင့် ခေတ်အဆက်ဆက် ခေါင်းဆောင်ခဲ့ကြသည့် လူပုဂ္ဂိုလ်ကြီးများ၏ ဉာဏ်ရည်ဉာဏ်သွေးများနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှု အရည်အချင်းများအရ လွတ်လပ်ရေးရရှိပြီးချိန်က စတင်ပြီး တွက်ချက်ခဲ့ပါလျှင် အနည်းဆုံး အနှစ် ၁၀၀ ခန့် ကြာမြင့်နိုင်ပါသည်။ ယခုပင်လျှင် ၇၄ နှစ်ခန့် ရှိနေပြီ ဖြစ်ပါသည်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး စသည့် နယ်ပယ်အသီးသီးကို တစ်ပြိုင်နက်တည်း ဖွံ့ဖြိုးလာစေရေးအတွက် စာရေးသူ၏ ခန့်မှန်းချက်အရ ကျန်ရှိနေသည့် ၂၆ နှစ်ခန့် ၂၀၄၈ ခုနှစ် မတိုင်မီ မျှော်မှန်းကြံဆနိုင်သည့် ဉာဏ်ရည်အလွန်ထက်မြက်သော တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်ကြီးများ သို့မဟုတ် တိုင်းပြုပြည်ပြုပုဂ္ဂိုလ်ကြီးများ (Great Statesman) ပေါ်ထွက်လာပြီး တိုင်းပြည်နိုင်ငံတော်ကို တည်ဆောက်နိုင်ခဲ့ပါလျှင် နှစ်တစ်ရာ မပြည့်မီ ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်ပါသည်။ စာရေးသူအနေနှင့် ထိုကာလကို မျှော်မှန်းတမ်းတကာ ထာဝရ မျက်စိမပိတ်ခင် မြင်တွေ့သွားလိုပါသေးသည်။

နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတော်ကြီးအား ကမ္ဘာ့အလယ်တွင် ငြိမ်းချမ်းသာယာဝပြောသော တိုင်းပြည်နိုင်ငံတစ်နိုင်ငံအဖြစ် ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်စေရေး အလို့ငှာ ယနေ့တည်ရှိဖြစ်ပေါ်လျက်ရှိနေသည့် မငြိမ်းချမ်းသော အခြေအနေများမှ ကျော်လွှားလွန် မြောက်စေလျက် ငြိမ်းချမ်းသော ပတ်ဝန်းကျင်ကောင်းကို ရရှိရောက်ရှိနိုင်စေရန် ချဉ်းကပ်ဆောင်ရွက်သင့်သည့် နည်းလမ်းများကို ရှာဖွေတွေ့ရှိပြီးလျှင် အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ကြပါစေကြောင်း ရေးသားတင်ပြအပ်ပါသည်။

Reference: 1. Henry Kissinger, (2014),“World Order”, “Reflec- tions on the Character of Nations and the Course of History”, Allen Lane, Penguin Books.

2. ဦးချမ်းသာ (၂၀၁၁), “ကျွန်တော် အိုင်စီအက်စ်” စာအုပ်စျေး စာအုပ်တိုက်၊ စာမျက်နှာ ၃၄၀။

3. Henry Kissinger, (2011), “On China”, The Penguin Press, pp-530.

Most Read

Most Recent