ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စီးပွားရေး ကြီးထွားမှုနှုန်း မြင့်တက်လာရန် နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ကြီးကြီးမားမား ဝင်ရောက်လာရန်လိုအပ်သည်။ FDI ဟူသည် ကုမ္ပဏီများက နိုင်ငံခြား တိုင်းပြည်တစ်ခု၌ အရင်းအနှီးဝယ်ယူခြင်းနှင့် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) က ထုတ်ပြန်ထားသည့် စာရင်းများအရ မြန်မာနိုင်ငံအနေဖြင့် ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှစတင်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါစာရင်းများအရ ၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကုန်အထိ နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံအတွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၉၀ ကျော်အထိရှိသည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံသို့ အာရှ၊ ဥရောပ၊ အမေရိကန်၊ အာဆီယံ၊ အာဖရိက စသည် နိုင်ငံပေါင်း ၅၀ ကျော် ဝင်ရောက်ထားပြီး နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ပုံစံများလည်း ကွာခြားလျက်ရှိသည်။
နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ဝင်ရောက်မှုအပေါ် သက်ရောက်သည့် အကြောင်းခြင်းရာများစွာ ရှိပြီး အရေးကြီးသည့် အချက်အချို့ကို ခြုံကြည့်လျှင် လုပ်အားခနှုန်းထား လျော့နည်းခြင်းသည် FDI ကို ဆွဲဆောင်နိုင်သည့် အဓိက မက်လုံးထဲ၌ ပါဝင်သည်။
ကျွမ်းကျင်လုပ်သား - အချို့သော လုပ်ငန်းများ (ဥပမာ-ဆေးဝါးထုတ်လုပ်ရေးနှင့် အီလက်ထရွန်နစ်) တို့အတွက် ကျွမ်းကျင်လုပ်သားများ လိုအပ်သည်။ အခွန်ကောက်ခံမှု ပြည်ပကုမ္ပဏီကြီးများသည် အခွန်ကောက်ခံမှု နိမ့်ပါးသည့်နိုင်ငံများ၌ ရင်းနှီးမြှုပ်နှံရန် ကြိုးပမ်းကြခြင်းဖြစ်သည်။
သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ်များနှင့် အခြေခံအဆောက်အအုံ အဆင့်အတန်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၌ လုပ်အားခ စျေးပေါနိုင်သော်လည်း ကုန်ပစ္စည်းများကို ကမ္ဘာ့စျေးကွက်သို့ တင်ပို့သည့်အခါ သယ်ယူပို့ဆောင်ရေးစရိတ် မြင့်မားမှုနှင့် မကာမိခြင်းဖြစ်နိုင်သည်။ ရေလမ်းမှ တင်ပို့ရမည့် ကုန်ပစ္စည်းမျိုးအတွက် ပင်လယ်ရေကြောင်းလမ်း အသုံးပြုနိုင်သည့် နိုင်ငံများက ကုန်းတွင်းပိုင်းနိုင်ငံများထက် ပို၍အားသာချက်ရှိသည်။
နိုင်ငံရေး တည်ငြိမ်မှု၊ မြေယာ ပိုင်ဆိုင်မှုဆိုင်ရာအခွင့်အလမ်း အထက်ပါအကြောင်းခြင်းရာများအပြင် ကုန်ကြမ်းပစ္စည်း ရရှိနိုင်မှုနှင့် ငွေလဲနှုန်းတို့ကလည်း FDI အပေါ် သက်ရောက်မှုရှိသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ လက်ရှိမြန်မာနိုင်ငံအပေါ် ထားရှိသောအမြင်
၂၀၁၁ ခုနှစ်၌ မြန်မာနိုင်ငံတွင် ဒီမိုကရေစီအသွင် ကူးပြောင်းမှုနှင့် စီးပွားရေးဆိုင်ရာ ဖြေလျှော့မှုများ လုပ်ဆောင်ခဲ့ပြီးနောက်ပိုင်း မြန်မာနိုင်ငံသို့ ပြည်ပရင်းနှီးမြှုပ်နှံသူများ စုပြုံဝင်ရောက်လာခဲ့ကာ ဆက်သွယ်ရေး၊ အခြေခံအဆောက်အအုံ၊ ကုန်ထုတ်လုပ်ငန်းနှင့် ဆောက်လုပ်ရေး စီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခဲ့ကြခြင်းဖြစ်သည်။
ဆယ်စုနှစ် နှစ်ခုအတွင်း နိုင်ငံတကာ အသိုင်းအဝန်းတွင် အခြေအနေကောင်းများ ရရှိထားသော မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကဏ္ဍသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ စတင်၍ ပြည်တွင်း၌ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများ ထွက်ခွာခြင်းနှင့် ထပ်မံဝင်ရောက်လာမည့် လုပ်ငန်းများ တုံ့ဆိုင်းသွားသည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။
ယင်းကဲ့သို့ ကြုံတွေ့နေရသည့် အခြေအနေများအနက် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီးများဖြစ်သည့် ပြင်သစ်နိုင်ငံမှ Total Energies နှင့် အမေရိကန်မှ Chevron တို့ မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရုပ်သိမ်းတော့မည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်က ကြေညာခဲ့သည်။
အဆိုပါကုမ္ပဏီများ၏ ကြေညာချက်၌ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း လူ့အခွင့်အရေးအခြေအနေများနှင့် တရားဥပဒေစိုးမိုးရေးအခြေအနေများ ဆိုးရွားလာမှုကြောင့် ရုပ်သိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း Total နှင့် Chevron တို့၏ ထုတ်ပြန်ချက်များတွင် ဖော်ပြထားသည်။
၎င်းကုမ္ပဏီနှစ်ခုက အန်ဒမန် ပင်လယ်အတွင်း ရတနာ ရေနံသဘာဝဓာတ်ငွေ့စီမံကိန်းအတွက် ပေးဆောင်ငွေနှင့် အခွန်အခမှာ ဒေါ်လာတစ်ဘီလျံကျော်ရှိပြီး မြန်မာနိုင်ငံ၏ စီမံကိန်းတစ်ခုချင်းအလိုက် အကြီးမားဆုံး နိုင်ငံခြားဝင်ငွေရပေါက်ရလမ်းလည်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး အော်ပရေတာတစ်ခု ဖြစ်သော နော်ဝေကုမ္ပဏီကြီး တယ်လီနောက မြန်မာနိုင်ငံမှ လုပ်ငန်းများကို ရောင်းချတော့မည်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ်အတွင်း ကြေညာခဲ့သည်။ သို့ရာတွင် သဘောတူညီမှုကို အပြီးသတ် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း ယခုသီတင်းပတ်ထဲတွင်လည်း တယ်လီနောက မြန်မာနိုင်ငံရှိ ဒစ်ဂျစ်တယ် ငွေပေးချေမှု ဝန်ဆောင်မှု လုပ်ငန်းတစ်ခုတွင် ရင်းနှီးမြှုပ်နှံထားမှုများကို ပြန်လည်ရောင်းချခဲ့သည်။
မြန်မာနိုင်ငံတွင် လူတစ်သိန်းကျော်ကို အလုပ်အကိုင်ပေးထားသည့် ဗြိတိန်အခြေစိုက် စီးကရက် ကုမ္ပဏီ British American Tobacco ကလည်း လုပ်ငန်းများကို ရပ်ဆိုင်းကြောင်း ပြီးခဲ့သည့်နှစ် အောက်တိုဘာလထဲတွင် ကြေညာခဲ့သည်။
ပြင်သစ်အခြေစိုက် ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင်ကုမ္ပဏီဖြစ်သည့် Voltalis သည်လည်း မြန်မာနိုင်ငံမှ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ဂျပန်ကားကုမ္ပဏီဖြစ်သည့် တိုယိုတာသည်လည်း မြန်မာနိုင်ငံရှိ စက်ရုံတစ်ရုံတွင် ထုတ်လုပ်မှုများ စတင်မည့် အစီအစဉ်ကို ရွှေ့ဆိုင်းထားခြင်းကို လုပ်ဆောင်ခဲ့သည်။
အီတလီမှ Benetton ကဲ့သို့ ဖက်ရှင်ကုမ္ပဏီများသည်လည်း မြန်မာနိုင်ငံမှ အပ်ထည်အသစ် မှာယူမှုများကို ရပ်ဆိုင်းခဲ့သည်။
ပြင်သစ် စွမ်းအင်ကုမ္ပဏီကြီး EDF သည်လည်း ဂျပန်နိုင်ငံမှ Marubeni ၊ မြန်မာမှ ဧရာဟင်္သာကုမ္ပ ဏီတို့နှင့် အကျိုးတူ ပူးပေါင်းကာ ရွှေလီ (၃) ရေအားလျှပ်စစ်ဆည်တစ်ခုကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ အသုံးပြု၍ တည်ဆောက်မည့် စီမံကိန်းတွင် ပါဝင်မှုကို ဆိုင်းငံ့ခဲ့သည်။
မြန်မာနိုင်ငံတွင် ဟိုတယ်ကိုးခု ဖွင့်လှစ်ထားသည့် ပြင်သစ်ဟိုတယ် လုပ်ငန်းစု Accor ကမူ လတ်တလောတွင် မြန်မာနိုင်ငံ၌ ဆက်လုပ်ဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ဝန်ထမ်းတစ်ထောင်ကို ဆက်လက်ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၁ ရက်တွင် ကြေညာခဲ့သည်။
ဂျပန်ဘီယာကုမ္ပဏီကြီး ကီရင်သည် မြန်မာ့တပ်မတော်နှင့် စီးပွားရေး ဆက်ဆံမှုများကို ရပ်ဆိုင်းရန် လပေါင်းများစွာ ကြိုးပမ်းနေခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသား ၄၅၀ ခန့်ကို အလုပ်အကိုင်ပေးထားသည့် ဒိန်းမတ်အခြေစိုက် Carlsberg ကုမ္ပဏီ သည် ရောင်းအားကျဆင်းလာသည့်အတွက် ထုတ်လုပ်မှုကို လျှော့ချထားသည်ဟု ပြောကြားထားပြီး မြန်မာနိုင်ငံမှ ထွက်ခွာမည့် အစီအစဉ်များကိုမူ ကြေညာခြင်း မရှိသေးကြောင်း သိရသည်။
သြစတြေးလျစွမ်းအင်လုပ်ငန်း Woodside သည်လည်း မြန်မာနိုင်ငံမှထွက်ခွာတော့မည်ဟု ဇန်နဝါရီ ၂၇ ရက်က ကြေညာခဲ့သည်။
“Woodside ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီအကျိုးစီးပွားတွေကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်” ဟု အစုရှယ်ယာရှင်များထံ ထုတ်ပြန်ပေးခဲ့သော ထုတ်ပြန်ချက်တွင် ယင်းကုမ္ပဏီက ဖော်ပြခဲ့သည်။ Woodside သည် မြန်မာနိုင်ငံတွင် ကိုးနှစ်ကြာ လုပ်ကိုင်ခဲ့သော ကုမ္ပဏီ ဖြစ်သည်။
ယခုကဲ့သို့ လုပ်ဆောင်ရသည့် အကြောင်းရင်း၏ အစိတ်အပိုင်းအဖြစ် ပါ့သ်မြို့အခြေစိုက် ရေနံ ကုမ္ပဏီကြီး Woodside က ယိုယွင်းလာနေသော လူ့အခွင့်အရေးအခြေအနေကို ကိုးကားဖော်ပြကာ မြန်မာနိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့သည့်အတွက် ကုမ္ပဏီအနေဖြင့် အနည်းဆုံး အမေရိကန်ဒေါ်လာ သန်း ၂၀၀ နစ်နာလိမ့်မည်ဟုဆိုသည်။
Woodside သည် မြန်မာနိုင်ငံတွင် ရေနံနှင့် သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ကွက်အများအပြားကို လုပ်ကိုင်နေသော ကုမ္ပဏီဖြစ်သည်။
A-6 သည် Woodside နှင့် Total တို့ ပူးပေါင်းလုပ်ဆောင်နေသည့် လုပ်ငန်းဖြစ်ကာ မြန်မာနိုင်ငံ၏ အနောက်ကမ်းရိုးတန်းရှိ ရေနက်သဘာဝဓာတ်ငွေ့စီမံကိန်းတစ်ခု ဖြစ်သည်။
မြန်မာ့ဓာတ်ငွေ့လုပ်ငန်းသည် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ တစ်ဘီလျံခန့် ရရှိနေသည့် လုပ်ငန်း ဖြစ်သည်။
အနောက်နိုင်ငံများ၏ကုမ္ပဏီများ ထွက်ခွာမှုက စီးပွားရေးအကျပ်အတည်းကြုံနေချိန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်းရာဂဏန်းအထိ ယာယီဆုံးရှုံးစေမည့် အနေအထားဖြစ်စေမည်ဖြစ်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။
ထိုင်းအစိုးရပိုင် PTT နှင့် တောင်ကိုရီးယား၏ POSCO တို့ကမူ မြန်မာနိုင်ငံရှိ လုပ်ငန်းများကို ဆက်လက်ထိန်းထားသည်ဟု သိရသည်။
မြန်မာနှင့် စီးပွားရေးလုပ်ကိုင်နေသော ကုမ္ပဏီများအနေဖြင့် သိသာထင်ရှားသော နာမည် ဂုဏ်သမားအားဖြင့်လည်းကောင်း၊ ဘဏ္ဍာရေးပိုင်းအရလည်းကောင်း၊ တရားဥပဒေအရလည်းကောင်း အန္တရာယ်များရှိလာနိုင်သည်ဟု ယခုသီတင်းပတ်ထဲတွင် အမေရိကန်အစိုးရက ကမ္ဘာတစ်ဝန်းရှိ ကုမ္ပဏီများကို သတိပေးခဲ့သည်။
ရင်းနှီးမြှုပ်နှံသူများ၊ ကုန်သည်များအနေဖြင့် အထူးသဖြင့် နိုင်ငံပိုင်လုပ်ငန်းများ ဖြစ်သည့် ကျောက်မျက် ရတနာကဏ္ဍ၊ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးစီမံကိန်းများ၊ လက်နက်လုပ်ငန်းများကို ရှောင်ကြရန် သတိပေးခံထားရသည်ဟု AFP သတင်း တွင်ဖော်ပြခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုဝန်းကျင်တွင် ယေဘုယျအားဖြင့် အနောက်နိုင်ငံများနှင့် အီးယူနိုင်ငံများသည် တာဝန်ယူမှုရှိသော ကုမ္ပဏီများဟု သတ်မှတ်နိုင်ပြီး အာရှနိုင်ငံများ အထူးသဖြင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများမှာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိမရှိအပေါ် စိုးရိမ်မှုများကလည်း ရှိနေခဲ့သည်။
လက်ရှိတွင် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ လူ့အခွင့်အရေးကို အလေးထား ဆောင်ရွက်လျက်ရှိသော ဥရောပ၊ အမေရိကန် စသည့်အနောက်အုပ်စု နိုင်ငံများက ရင်းနှီးမြှုပ်နှံသူများ လာရောက်ရင်းနှီးမြှုပ်နှံမှုမှာ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရခြင်းပင်ဖြစ်သည်။
ပြည်တွင်းသို့ ဝင်ရောက်ထားသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခြေအနေ
မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ လုပ်ခလစာသက်သာမှုရှိခြင်း၊ သဘာဝအရင်းအမြစ် ကြွယ်ဝခြင်း၊ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် မရရှိသော အခွန်သက်သာခွင့် (EBA ကဲ့သို့သော လက်နက်ရောင်းဝယ်မှုမှအပ ဥရောပနိုင်ငံများသို့ ကုန်သွယ်မှုပြုလုပ်ရာတွင် တစ်ဖက်သတ်အခွန်ကင်းလွတ်ခွင့်ရခြင်း) စသည့် အခွင့်အလမ်းများက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများကို အဓိကဆွဲဆောင်နေခြင်းဖြစ်သည်။
နှစ်ပေါင်း ၃၃ နှစ်အတွင်း နိုင်ငံခြားရင်းမြှုပ်နှံသူများသည် မြန်မာနိုင်ငံ၏ စွမ်းအင်လုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ကုန်ထုတ်လုပ်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးလုပ်ငန်း၊ အိမ်ခြံမြေလုပ်ငန်း၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း၊ သတ္တုတွင်းထွက်လုပ်ငန်း၊ မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည့်လုပ်ငန်းကဏ္ဍ ၁၂ ခုတွင် အဓိက လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
ယင်းကဏ္ဍများအနက် သဘာဝအရင်းအမြစ်ကို အခြေခံသည့် စွမ်းအင်လုပ်ငန်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းတို့တွင် ရင်းနှီးမြှုပ်နှံပမာဏ ဒေါ်လာ ၄၈ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၅၀ ကျော်အထိ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
လုပ်သားအင်အားကို အခြေခံသော ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမပမာဏ ဒေါ်လာ ၁၃ ဘီလျံနီးပါးရှိပြီး စုစုပေါင်းပမာဏ၏ ၁၄ ရာခိုင်နှုန်းကျော်ရှိသည်။
အခြေခံ အဆောက်အအုံများအပေါ် အခြေခံသည့် သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၁ ဘီလျံကျော်ရှိပြီး စုစုပေါင်း ပမာဏ၏ ၁၂ ရာခိုင်နှုန်း ကျော်ရှိသည်။
အိမ်ခြံမြေလုပ်ငန်းတွင် ဒေါ်လာ ၆ ဒ သမ ၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ခုနစ်ရာခိုင်နှုန်းကျော်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတွင် ဒေါ်လာသုံးဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ သုံးရာခိုင်နှုန်းကျော်၊ သတ္တုတွင်းထွက်လုပ်ငန်းတွင် ဒေါ်လာသုံးဘီလျံနီးပါးရှိပြီး စုစုပေါင်းပမာဏ၏ သုံးရာခိုင်နှုန်းကျော်ရှိသည်။
မွေးမြူရေးနှင့် ရေလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဝန်ဆောင်မှုလုပ်ငန်း စသည်တို့တွင် ဝင်ရောက်မှုပမာဏမှာ တစ်-ရာခိုင်နှုန်းနှင့် တစ်-ရာခိုင်နှုန်းအောက်သာ ရှိသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် သဘာဝအရင်းအမြစ်အပေါ် အခြေခံသည့်လုပ်ငန်း၊ လုပ်သားအင်အားအပေါ် အခြေခံသည့်လုပ်ငန်းနှင့် အခြေခံအဆောက်အအုံအပေါ် အခြေခံသည့် လုပ်ငန်းများတွင် အများဆုံး စိတ်ဝင်စားလျက်ရှိခြင်းကို အထက်ပါ အချက်အလက်များက ဖော်ပြနေခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် အများဆုံး ဝင်ရောက်ထားသည့် ရင်းနှီးမြှုပ်နှံသူများ
၁၉၈၈-၁၉၈၉ ဘဏ္ဍာနှစ်မှ လက်ရှိအချိန်အထိ နှစ်ပေါင်း ၃၃ နှစ်အတွင်း မြန်မာနိုင်ငံ၏ အဓိက စီးပွားရေးကဏ္ဍ ၁၂ ခုတွင် နိုင်ငံပေါင်း ၅၀ ကျော်က ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၉၀ အထိ လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
ယင်းအနက် အာရှစီးပွားရေး အင်အားကြီးများ ဖြစ်ကြသည့် တရုတ်၊ ဂျပန်၊ ကိုရီးယားနှင့် ဟောင်ကောင်တို့၏ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ဒေါ်လာ ၃၇ ဘီလျံရှိပြီး စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၄၀ ကျော်အထိ ရှိသည်။
အဆိုပါကာလအတွင်း တရုတ်နိုင်ငံက ဒေါ်လာ ၂၁ ဘီလျံကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ၏ ၂၃ ရာခိုင်နှုန်းဖြင့် ဒုတိယအများဆုံးဖြစ်သည်။
ဟောင်ကောင်က ဒေါ်လာ ၁၀ ဘီလျံခန့်ဖြင့် စုစုပေါင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းကျော်၊ ကိုရီးယားနိုင်ငံက ဒေါ်လာလေးဘီလျံကျော်ဖြင့် စုစုပေါင်းပမာဏ၏ လေးရာခိုင်နှုန်းကျော်၊ ဂျပန်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကျော်ဖြင့် စုစုပေါင်း ပမာဏ၏ နှစ်ရာခိုင်နှုန်း အသီးသီးရှိသည်။
အာဆီယံဒေသတွင်းနိုင်ငံများတွင် ပါဝင်သည့် နိုင်ငံများအနက် ရှစ်နိုင်ငံတို့က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ဒေါ်လာဘီလျံ ၄၀ ကျော် လာရောက်ရင်းနှီးမြှုပ်နှံထားပြီး စုစုပေါင်းပမာဏ၏ ၄၅ ရာခိုင်နှုန်းနီးပါးအထိ ရှိသည်။
ယင်းအနက် စင်ကာပူနိုင်ငံက ဒေါ်လာ ၂၄ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၂၆ ရာခိုင်နှုန်းဖြင့် မြန်မာနိုင်ငံတွင် အများဆုံးလာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။ အနောက်နိုင်ငံအချို့သည် စင်ကာပူတစ်ဆင့်ခံ၍ မြန်မာနိုင်ငံသို့ ဝင်ရောက်မြှုပ်နှံခြင်းဖြစ်သဖြင့် မြန်မာနိုင်ငံတွင် စင်ကာပူ၏ ရင်းနှီးမြှုပ်နှံမှု မြင့်တက်နေခြင်းဖြစ်သည်။
ထိုင်းနိုင်ငံက ဒေါ်လာ ၁၁ ဘီလျံရှိပြီး စုစုပေါင်းပမာဏ၏ ၁၂ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်သည်။
ဗီယက်နမ်နိုင်ငံက ဒေါ်လာ ၂ ဒသမ ၂ ဘီလျံကျော်၊ မလေးရှားနိုင်ငံက ဒေါ်လာနှစ်ဘီလျံနီးပါး၊ အင်ဒိုနီးရှားနိုင်ငံက ဒေါ်လာသန်း ၂၈၀ ကျော်၊ ဖိလစ်ပိုင်နိုင်ငံက ဒေါ်လာသန်း ၁၅၀ ခန့်၊ ဘရူနိုင်းနိုင်ငံက ဒေါ်လာ ၁၂၆ သန်းကျော်၊ ကမ္ဘောဒီးယားနိုင်ငံက ဒေါ်လာ ၂၄ သန်းဖြင့် အသီးသီး လာရောက်ရင်းနှီးမြှုပ်နှံထားခြင်း ဖြစ်သည်။
အဆိုပါကာလအတွင်း မြန်မာနိုင်ငံ၌ ဗြိတိန် (UK) ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ ၇ ဒသမ ၄ ဘီလျံ ကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၁၀ ရာခိုင်နှုန်းကျော်ရှိသည်။ မြန်မာနိုင်ငံအတွင်း လာရောက်ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံများအနက် အဆင့် ၅ နေရာတွင်ရှိသည်။
နယ်သာလန်နိုင်ငံက ဒေါ်လာ ၁ ဒသမ ၅ ဘီလျံကျော်ရှိပြီး စုစုပေါင်းပမာဏ၏ ၁ ဒသမ ၇၃ ရာခိုင်နှုန်း၊ အမေရိကန်နိုင်ငံက ဒေါ်လာသန်း ၅၇၀ ကျော်ရှိပြီး စုစုပေါင်းပမာဏ၏ သုည ဒသမ ၆၃ ရာခိုင်နှုန်းသာ ရှိသည်။ ပြင်သစ်နိုင်ငံက ဒေါ်လာသန်း ၅၅၀ ကျော်ဖြင့် သုည ဒသမ ၆၁ ရာခိုင်နှုန်း၊ ကနေဒါနိုင်ငံက ဒေါ်လာသန်း ၂၀၀ ကျော်သာ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။
မြန်မာနိုင်ငံတွင် အခြားသော ဥရောပနိုင်ငံများ၏ နိုင်ငံတစ်ခုချင်းစီ၏ ရင်းနှီးမြှုပ်နှံမှုမှာ ဒေါ်လာ သန်း ၁၀၀ အောက်တွင်သာ ရှိသည်။
မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် အာဆီယံဒေသတွင်း နိုင်ငံများက ၄၅ ရာခိုင်နှုန်းနှင့် အာရှစီးပွားရေးအင်အားကြီး လေးနိုင်ငံက ၄၁ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။
ဥရောပအဖွဲ့ဝင်နိုင်ငံများနှင့် အမေရိကန်အပါအဝင် အခြားနိုင်ငံများ၏ ပါဝင်မှုအနေဖြင့် ၁၄ ရာခိုင်နှုန်းခန့်သာ ရှိနေကြောင်း အထက်ပါစာရင်းများအရ သိရသည်။
အနောက်အုပ်စုကုမ္ပဏီများ ထွက်သွားခြင်း၏ သက်ရောက်မှု
လက်ရှိအခြေအနေတွင် လူ့အခွင့်အရေးနှင့် တာဝန်ယူမှု အပြည့်အဝရှိသော စီးပွားရေးအရ အင်အားကြီးမားသော အမေရိကန်၊ ပြင်သစ်၊ ဗြိတိန် (UK) အစရှိသော အနောက်နိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ထွက်သွားခြင်း၊ ဆိုင်းငံ့ခြင်းများကို ကြုံတွေ့နေရသည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ကမ္ဘာ့အလယ်တွင် ပုံရိပ်ကျဆင်းမှုများကို မလွဲမသွေ ကြုံတွေ့နေရကြောင်း မြန်မာ့အရေး လေ့လာနေသူတစ်ဦးက သုံးသပ်ပြောကြားသည်။
“မြန်မာနိုင်ငံရဲ့FDI အလားအလာက အရှေ့တွေ အနောက်တွေ ထက်လာတဲ့နိုင်ငံအပေါ်မှာပဲ တာဝန်ယူမှု၊ တာဝန်ခံမှုရှိတဲ့နိုင်ငံကိုပဲ ရွေးချယ်ရတော့မှာပဲ” ဟု အဆိုပါ မြန်မာ့အရေး လေ့လာနေသူက ပြောကြားသည်။
တာဝန်ယူမှု တာဝန်ခံမှုရှိပြီး တိုင်းပြည်နှင့် လူမျိုးအတွက်နှင့် လာရောက်ရင်းနှီးမြှုပ်နှံသူများအတွက် Win Win ဖြစ်သော ရင်းနှီးမြှုပ်နှံမှုများဖြစ်ရန် လိုအပ်ကြောင်း စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
“နိုင်ငံရေးနဲ့စီးပွားရေးဆိုတာ ပြောရရင် ခေါင်းနဲ့ပန်းလိုပါပဲ။ နိုင်ငံရေးမတည်ငြိမ်ဘူးဆိုရင် စီးပွားရေးက ဘယ်လောက်ပဲ တိုးတက်အောင်လုပ်လုပ် မတိုးတက်ပါဘူး။ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးနေရင်လည်း နိုင်ငံရေးက ပြုပြင်ပြောင်းလဲမှုလုပ်တဲ့အခါ အင်မတန်ကို အခက်အခဲတွေ ကြုံရတတ်ပါတယ်” ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
သို့သော်လည်း နှစ်ပေါင်း ၃၃ နှစ်အထိ ခရီးနှင်လာသည့် မြန်မာနိုင်ငံ၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကဏ္ဍကို ခြုံငုံကြည့်ပါက အာဆီယံဒေသတွင်းနိုင်ငံများနှင့် အာရှစီးပွားရေးအင်အားကြီး လေးနိုင်ငံတို့၏ ပါဝင်မှုမှာ ၈၆ ရာခိုင်နှုန်းကျော်အထိရှိနေပြီး ကျန်ရှိနေသော ဥရောပအဖွဲ့နိုင်ငံများနှင့် အမေရိကန်အပါအဝင် အခြားနိုင်ငံများ၏ ပါဝင်မှုမှာ ၁၄ ရာခိုင်နှုန်းခန့်သာ ရှိနေသည်။
ယင်းအချက်များအရ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၌ နောင်လာမည့်နှစ်များအတွင်း ဝင်ရောက်လာနိုင်သည့် အာရှစီးပွားရေး အင်အားကြီးနိုင်ငံများနှင့် အာဆီယံနိုင်ငံများ၏ ရင်းနှီးမြှုပ်နှံမှုများကို အဓိကထည့်သွင်းစဉ်းစားရမည့် အချက်တစ်ခုအဖြစ် တည်ရှိနေသည်။
နိုင်ငံတစ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ဥရောပနိုင်ငံများနှင့် အမေရိကန်ကဲ့သို့သော လူ့အခွင့်အရေးနှင့် တာဝန်ယူမှု အပြည့်အဝရှိသော ရင်းနှီးမြှုပ်နှံမှုများသည် အဓိက လိုအပ်မည်ဖြစ်သည်။
သို့သော်လည်း လက်ရှိအနေအထားသည် မြန်မာနိုင်ငံအတွက် မျှော်လင့်ချက်အများကြီးထား၍ မရသောအနေအထားတွင် ရှိနေသည်။ ကမ္ဘာ့စီးပွားရေးအပြောင်းအလဲ၊ ဒေသတွင်း အပြောင်းအလဲများအပြင် မြန်မာနိုင်ငံ၌ ဖြစ်ပွားနေသော အခြေအနေများ၏ ရိုက်ခတ်မှုကြောင့် အလားအလာနည်းပါးနေသည့်ကာလတွင် တရုတ်ရင်းနှီးမြှုပ်နှံမှု၊ ဂျပန်ရင်းနှီးမြှုပ်နှံမှု၊ အမေရိကန် ရင်းနှီးမြှုပ်နှံမှု၊ အီးယူရင်းနှီးမြှုပ်နှံမှု ရွေးချယ်နိုင်သည့် အနေအထား မဟုတ်တော့ပေ။
လက်ရှိအခြေအနေများကြောင့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် လာမည့်နှစ်များအတွင်း အရှေ့အုပ်စု၊ အနောက်အုပ်စု၊ အီးယူ၊ အမေရိကန် စသည်ဖြင့် ရွေးချယ်ခွင့် သိပ်မရှိတော့သည့် အတွက် အရှေ့ဘက်ကိုသာ ဆက်လက်မျှော်လင့်နေရမည်ဖြစ်ကာ ဝင်ရောက်လာသည့် ကုမ္ပဏီများ၏ တာဝန်သိ ရင်းနှီးမြှုပ်နှံမှု ရှိမရှိဆိုသည်ကိုသာ ကြပ်မတ်စစ်ဆေးရန် ရှိတော့ကြောင်း စီးပွားရေးအသိုင်းအဝိုင်းမှ လေ့လာသူများက သုံးသပ်ခဲ့ကြသည်။










