ရှင်ဇိုအာဘေး နိဒါန်းပျိုးခဲ့သည့် အင်ဒို-ပစိဖိတ်အိပ်မက်

ရှင်ဇိုအာဘေး နိဒါန်းပျိုးခဲ့သည့် အင်ဒို-ပစိဖိတ်အိပ်မက်
Photo:AP
Photo:AP
Published 22 January 2022
မိုးဧအောင်

ပစ္စက္ခကာလသည် အင်ဒို-ပစိဖိတ်ဒေသအတွက် အသွင်ကူးပြောင်းနေချိန် ဖြစ်၏။ ဒေသတွင်းအစိုးရများသည် လုံခြုံရေးဆိုင်ရာ အဆက်အသွယ်အတွက် ခြေလှမ်းသစ်စတင် နေချိန်တွင် ဂျပန်-သြစတြေးလျ ပူးပေါင်း ဆောင်ရွက်မှုက ရှေ့ဆောင်လမ်းပြဖြစ်နေကာ ဥရောပအစိုးရများအနေနှင့်လည်း ထိုအရေး၌ ပါဝင်ရန် အခွင့်အလမ်းရှာနေကြသည်။

လုံခြုံရေးသြဇာ လွှမ်းမိုးနိုင်ရန်အတွက် ဂျပန်၊ အမေရိကန်၊ သြစတေလျနှင့် အိန္ဒိယ တို့၏ လေးနိုင်ငံ လုံခြုံရေးဆိုင်ရာ မဟာမိတ်(QUAD) မှသည်သြစတြေးလျ၊ ယူနိုက်တက် ကင်းဒမ်းနှင့် အမေရိကန်ပြည်ထောင်စု သုံး နိုင်ငံအကြား လုံခြုံရေးဆိုင်ရာ ကတိကဝတ် ပဋိညာဉ် (AUKUS) အထိ အင်စတီကျူးရှင်း အသစ်များလည်း ဖြစ်တည်ထွန်းကားလာနေသည်။ တစ်ချိန်တည်း၌ပင် စီးပွားရေးကို အခြေပြုဖွဲ့စည်းသော ပစိဖိတ်ရပ်ဝန်းဒေသ ဖွံ့ ဖြိုးတိုးတက်ရေးမိတ်ဖက်နိုင်ငံများ ( The Comprhenisve and Progressive Agreement for Trans Pacific Partnership-CPTTPP) နှင့် အာရှ- ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (The Regional Comprhenisve Economic Partenership-RCEP) တို့မှာ တဖြည်းဖြည်း ပုံပေါ်လာနေသည်။

အာရှ-ပစိဖိတ်၏ အကူးအပြောင်းနှင့် ပတ်သက်၍ ရှင်းပြချက်များစွာ ရှိနေပါသည်။ လက်တွေ့သမားများက မြင့်တက်လာသော ပါ၀ါယှဉ်ပြိုင်မှုများမှတစ်ဆင့် သူတို့၏ရည်မှန်းချက်ကို အစပျိုးအကောင်အထည်ဖော်ရင်း ဗိုလ်ကျစိုးမိုးမှုဝါဒအရ ဒေသတွင်း၌ မလုံမခြုံဖြစ်လာမည်ဟု မိမိရရ ပြောနေကြသည်။ အချို့ကမူ တရုတ်က စျေးကွက်ချဲ့ထွင်၍ အမေရိကန်က လုံခြုံရေးလက်တံ ဆန့်ထုတ်ချိန်တွင် ငြိမ်းချမ်းစွာ အတူနေထိုင်ရေးမူ ပျက်ပြယ်ကာ ပြဿနာများစတော့မည်ဟု တွေးမြင်ကြပါသည်။

သို့သော် အကောင်းဘက်မှ ရှုမြင်ကြည့်ပါက ထိုကဲ့သို့ ရန်ဘက်အသွင်မဆောင်ဘဲ ပထဝီဝင်ဒေသ လုံခြုံတည်ငြိမ်ရေးနှင့် ဒေသတွင်းနိုင်ငံတို့၏ အကျိုးစီးပွားတိုးတက်ရေးကိုပါ ဆောင်ကြဉ်းလာနိုင်သည့် အချက်များ လည်းရှိပါသည်။

ပထမဆုံးအနေအထားမှာ တရုတ်သည် ဆယ်စုနှစ်ပေါင်းများစွာ တောက်လျှောက် တိုးတက်နေဆဲ နိုင်ငံဖြစ်သည်။ ရှီကျင့်ဖျင် ကိုင်ထားသော ကြီးမားသည့် ပါ၀ါအပေါ် အထိန်းအကျောင်းလုပ်ရန် တိကျခိုင်မာသော မည်သည့်ဆောင်ရွက်ချက်ကိုမျှ မပြုနိုင်သည်မှာ သောကပွားစရာဖြစ်နေသည်။ ရှီကျင့်ဖျင် သည် အင်အားကြီးမားသော စီးပွားရေးအဆောက်အအုံနှင့် ခေတ်မီတပ်မတော်တို့ကို ဆက်ခံခဲ့သူပီပီ သူ့ရည်ရွယ်ချက်နှင့် မျှော်မှန်းချက်များကို ဆက်လက်အကောင်အထည် ဖော်တော့သည်။ ကမ္ဘာကြီးကို စိုးမိုးလိုသော တရုတ်အိပ်မက်ကို ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း(Belt and Road Initiative-BRI) ဖြင့် ကဏ္ဍသစ်ဖွင့်လိုက်သည်။

ရှီ၏ တရိပ်ရိပ်တိုးတက်လာပုံနှင့် မာရေ ကျောရေရှိသော နိုင်ငံခြားရေးမူဝါဒတို့သည် ကမ္ဘာတစ်ဝန်းရှိ အစိုးရများကို စိုးရိမ်မကင်း ဖြစ်လာစေသည်။ အကယ်၍ နိုင်ငံတစ်နိုင်ငံကို ပိုင်ဆိုင်လိုပါက ထိုအိပ်မက်ကို လက်တွေ့ အကောင်အထည်ဖော်နိုင်သူမှာ ရှီကျင့်ဖျင် ပင် ဖြစ်ပါလိမ့်မည်။ ရန်သူများကို သုတ်သင် ဖယ်ရှားခြင်း၊ ပါ၀ါများကို ပေါင်းစည်းတောင့် တင်းစေခြင်းနှင့် အင်အားအသီးသီးကို ခိုင်မာ စွဲမြဲစေခြင်းစသော အရေးကိစ္စများကို ရုံးထိုင်ရင်း ရွှေ့နိုင်စွမ်းရှိသူ၊ ကမ္ဘာလုံးဆိုင်ရာ သမိုင်း ဖြစ်ပေါ်မှုကို ဘေဂျင်းမှ ထိုင်ကာ ဆုံးဖြတ်နိုင် စွမ်းရှိသူ၊ တစ်ဦးတည်းသော ပုဂ္ဂိုလ် ဖြစ်ပါ သည်။

ဤလုံခြုံရေးခြိမ်းခြောက်မှုသည် ၀ါရှင် တန်ဘက်က အကျယ်ချဲ့ရှုမြင်သောအခါ ရတက်မအေးဖြစ်လာပြီး ဒေါ်နယ်ထရန့်လို ပုဂ္ဂိုလ်မျိုးအတွက် အမျက်ထွက်စရာ ဖြစ်လာခဲ့သည်။ သို့သော်လည်း အမေရိကန်ပြည် ထောင်စုတစ်ခုတည်း၏ အကျိုးစီးပွားဟု အမြင်ကျဉ်းကျဉ်းနှင့် ရှုမြင်လျက် မဟာမိတ်များ နိုင်ငံအပေါ် အထင်သေးခြင်း၊ နိုင်ငံတကာ ပူးပေါင်းယှက်နွယ်မှုကို အဆင်မချောစေ တော့ခြင်းများ ထရန့်လက်ထက်၌ ပေါ်ပေါက်ခဲ့သည်။

သို့သော် ပူပင်သောကများသည် ထရန့် သမ္မတမဖြစ်မီကပင် ရှိနှင့်ပြီးဖြစ်သည်။ အမေရိကန်ပြည်ထောင်စုသည် ပစိဖိတ်သမုဒ္ဒရာ ရပ်ဝန်းပေါင်းစည်းမှု (Trans Pacific Partnership) ကို လက်မှတ်ရေးထိုးရန် ငြင်းပယ်ခဲ့၏။ ကုန်သွယ်ရေးကို အကြောင်းပြချင် ယောင်ဆောင်ထားသော ထိုစာချုပ်သည် ၀ါရှင်တန်၏ ဦးဆောင်ဦးရွက်ပြုမှုအတွက် အရေးပါခဲ့ပြီး ထိုသို့ငြင်းဆိုမိခြင်းမှာ အိုဘားမား၏ ချွတ်ယွင်းချက်ဟု အပြစ်ဖို့ရပါမည်။

အမေရိကန်က ငြင်းဆိုနေချိန်တွင် ထိုဟန်ပြစာချုပ်၏ မိမိလိုရာဆွဲယူနိုင်သော အစိတ်အပိုင်းများကို တရုတ်က အသုံးချကာ စကားဘတ် ရေတိမ်သောင်ခုံများ  (Scarborough Shoal) ပါဝင်သော တောင်တရုတ်ပင်လယ်၏ အဓိကအစိတ်အပိုင်းမှ ဆုတ်ခွာမှု မပြုခဲ့သည်မှာလည်း အမေရိကန်အတွက် နောက်ထပ်အရှုံးဖြစ်ခဲ့သည်။

အပြောင်းအလဲမြန်လွန်းသူ ထရန့်၏  “တော်ကြာတစ်မျိုး၊ ခုတစ်မျိုး” မူဝါဒရေးရာ ချဉ်းကပ်မှုများသည် အကြောက်တရားများထွန်းကားစေခဲ့ပြီး မဟာမိတ်များရော၊ လက်တွဲဖက်နိုင်ငံများကိုပါ နောင်ဘာဖြစ်လာမည် ကို ရင်တမမ ကျန်စေခဲ့သည်။ အဆိုးဆုံးသော ဟောကိန်းများ ဒက်ထိမမှန်ခဲ့သော်ငြား ထိခိုက်မှုများတော့ ရှိခဲ့ပါသည်။

အင်ဒို-ပစိဖိတ်ဒေသတစ်ဝန်းရှိ အစိုးရများမှာ အိမ်ဖြူတော်မှ ထရန့် ထွက်ခွာသွားသည့်တိုင် ထရန့်ဝါဒနှင့် သူ၏နိုင်ငံခြားရေး မူဝါဒမှာ ဆက်လက်ရှင်သန်ဆဲဖြစ်နေသည်ကို တွေ့မြင်နေရသည်။ ၀ါရှင်တန်သည် ပက တိပါ၀ါအနေအထားကို ထရန့် ပြန်လည် အာဏာမရမီ လေးလေးနက်နက် အထိုင်ချသင့်ပါပြီ။

ဂျိုးဘိုင်ဒင်ကဲ့သို့ အစဉ်အလာအတိုင်း တွေးတောလေ့ရှိသူ တစ်ဦးအနေနှင့် အမေရိကန်နိုင်ငံခြားရေး မူဝါဒ၏ “ပင်မရေစီး”ကို ပုံစံမချနိုင်ဘဲ “ပိုနေမြဲ ကျားနေမြဲ” အခြေအ နေအတိုင်း ခရီးဆက်နေခြင်းက ပို၍ရတက် မအေးဖွယ် ဖြစ်နေသည်။ မဟာမိတ်များကို တိုင်ပင်နှီးနှောခြင်း မပြုခဲ့သည့်အပြင် အဆုံးသတ်အတွက် စွမ်းဆောင်ရည်မပြည့်ဝဘဲ အာဖဂန်နစ္စတန်မှ ဆုတ်ခွာခဲ့ပုံမှာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းလှပါသည်။

ဒုတိယအချက်အနေနှင့် စီးပွားရေးကဏ္ဍတွင် ထရန့်၏အတွေးအခေါ် ဆက်လက်ရှင်သန်ဆဲဟု ဆိုရပေမည်။ အမေရိကန် အကျိုးစီးပွားလုံခြုံမှုကို အကြောင်းပြ၍ ထရန့် ထုတ်ပြန်ခဲ့သော မဟာမိတ်နိုင်ငံများကိုပါ ထိခိုက်ခဲ့ရသည့် ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများမှာ ကျန်ရှိနေသေးသဖြင့် နောက်ထပ် စိတ်မအေးစရာဟု ပြောရပါမည်။

မြင်သာထင်သာအရှိဆုံးအဖြစ် ပြင်သစ် -သြစတြေးလျ ရေငုပ်သင်္ဘော အရောင်းအဝယ် သဘောတူညီချက်ကို ရုတ်ချည်း ဖျက်သိမ်းပြီး ဗြိတိန်-အမေရိကန် သဘောတူပဋိညာဉ်ကို အစားထိုးလိုက်သောကိစ္စမှာ ၀ါရှင်တန်၏ တွေးတောမြော်မြင်ချက် ကျဉ်းမြောင်းပုံကို ဖော်ပြရာရောက်ရုံသာမက မဟာမိတ်များနှင့် လက်တွဲဖက်များအဖို့ ပိုမို သိမ်ငယ်ခဲ့ကြရသည်။

တတိယ ဖော်ပြရမည်မှာ အင်ဒို-ပစိဖိတ်ဒေသ၏ ဆင့်ကဲပြောင်းလဲဖြစ်စဉ်ကို ဂျပန်နိုင်ငံ၏ ယခင်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး၏ ရာထူးသက်တမ်းအတွင်း ပုံသွင်းနိုင်ခဲ့သော အချက်ဖြစ်သည်။ သူ့ဆောင်ရွက်ချက်မှာ ကမ္ဘာ့နိုင်ငံရေးအတွက် အထင်ကရ သတိရဖွယ် ဖြစ်၏။ ဝန်ကြီးချုပ်အဖြစ် ပထမသက်တမ်း၌ ကြီးမားသောအရှုံးနှင့် ရင်ဆိုင်ခဲ့ပြီး နောက်တည်ငြိမ်မှု၊ စွမ်းအားနှင့် ဖန်တီးမှု တို့ကို အခြေပြုစုစည်းလျက် ဝန်ကြီးချုပ်ရုံးသို့ နောက်ထပ်တစ်ဖန် ပြန်လာနိုင်ခဲ့သော ခေတ်သစ်ဂျပန်နိုင်ငံရေး၌ ရှားမှရှားသည့် လူတစ် ယောက်ဖြစ်သည်။

ဂျပန်နိုင်ငံသမိုင်းတွင် သက်တမ်းအရှည်ဆုံးဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ကာလတစ်လျှောက် အာဘေးသည် ဂျပန်နိုင်ငံ၏ “မျှော်တွေးသိမြင်ပုံများ”ကို အသွင်ပြောင်းပေးခဲ့သည်။

တိုင်းပြည်၏ အမျိုးသားလုံခြုံရေး ဗျူရို ကရေစီကို ခေတ်မီစေရန်နှင့် ယိမ်းယိုင်နေသော ဒေသအစီအစဉ်ကို ပေးထားသော ကတိပြုချက်များနှင့်အညီ ပါ၀ါသုံး၍ တည့်မတ်ရန် သူ၏ ပိုင်းဖြတ်ချက်မှတစ်ဆင့် CPTPP နှင့် Quadကဲ့သို့သော အဖွဲ့အစည်းမျိုး ထွက်ပေါ်လာခဲ့သည်။ ထိုအဖွဲ့များသည် နာမည်ခံရုံ မည်ကာမတ္တမဟုတ်ဘဲ ဒေသ တွင်းပါ၀ါတည်ဆောက်မှု၏ဗိသုကာမဏ္ဍိုင်များဖြစ်ကြသည်။

စတုတ္ထနှင့် နောက်ဆုံးအချက်မှာ အင်ဒို -ပစိဖိတ်နှင့်ပတ်သက်သော အမြင်သဘောထားဆိုင်ရာ အခြေခံမူဘောင်ဖြစ်သည်။ အာဘေးသည် ဤအမြင်၌ ဗိုလ်စွဲလေ၏။ သူ့ကိုယ်ပိုင်အတွေးအမြင်ဟု အသိအမှတ်ပြုရန်လည်း ထိုက်တန်ပါ၏။

အင်ဒို-ပစိဖိတ်မဟာဗျူဟာမြောက် အကျယ်အပြောကို အမေရိကန်ပြည်ထောင်စု၊ ပစိဖိတ်ဒေသစစ်ဆင်ရေးဌာနချုပ်၏ စစ်ရေးနယ်နိမိတ်အဖြစ် သတ်မှတ်တာဝန် ပေးခဲ့သော ၁၉၈၀ ပြည့် ဝန်းကျင်ကာလများကပင်  အာဘေးသည် အဆိုပါအနေအထားကို ပိုမိုမြှင့်တင်နိုင်မည့် အတွေးအမြင် ရှိနေခဲ့သည်။ ထိုလမ်းညွှန်အခြေခံမူကို ၂၀၀၇ ခုနှစ်၊ အိန္ဒိယပါလီမန်၌ ပေးခဲ့သောမိန့်ခွန်းတွင် “ပင်လယ်နှစ်ခု၏ ပေါင်းဆုံရာ” (The confluence of two seas) အဖြစ် ထည့်သွင်းပြောကြားခဲ့လေသည်။

အာဘေး၏အယူအဆကို ဖြည့်စွက်ပေါင်းစပ်ခြင်းအားဖြင့် အိုဘားမား၏ “ပြန်လည်ထိန်းညှိရေး”(rebalance) ပေါ်ထွက်လာခဲ့သည်။ အခြေခံမူဘောင်ကို ၂၀၁၇ ခုနှစ်၌ အတည်ပြုခဲ့ကြသော်လည်း ထရန့် လက်ထက်အထိ စိတ်လိုလက်ရ အကောင်အထည်မဖော်နိုင်ခဲ့ပါ။

အင်ဒို-ပစိဖိတ်သည် တစ်ယောက်တစ်ပေါက်အဖြစ်ဆုံး ပထဝီဝင်ဒေသဖြစ်သည်။ တရုတ်သည် အလယ်ဗဟို၌ တည်ရှိနေပြီး အင်ဒို-ပစိဖိတ်၏ အနားသတ်နယ်နိမိတ်မှာ ဒီမိုကရေစီတိုင်းပြည်များနှင့် ဘောင်ကွပ်ထား၏။ တရုတ်အပေါ် ပထဝီဝင်နိုင်ငံရေး ရေချိန် ထိန်းညှိသည့်အနေနှင့် အိန္ဒိယကို ထည့်သွင်းပါဝင်စေခြင်းသည် အင်ဒို-ပစိဖိတ် လှုပ်ရှားမှုသဘောတရား၏ ရည်ရွယ်ချက်ကို ထင်ရှားပေါ်လွင်စေသည်။

ထို့ထက်ပို၍ အရေးကြီးသည်မှာ အင်ဒို -ပစိဖိတ်အနေအထားသည် ပင်လယ်ရေကြောင်းဆိုင်ရာ လွှမ်းမိုးကြီးစိုးနေသော ပိုင်နက်ကိစ္စရပ်များ ရှိနှင့်ပြီးဖြစ်သည်။ တစ်ဖန်ဒေသ၏နှလုံးသားရေပြင်ကို ဖြတ်သန်းလျက် မဟာဗျူဟာဆိုင်ရာ လမ်းကြောင်းများ၊ ကုန်သွယ်ရေးလမ်းကြောင်းများ ဖြစ်ထွန်းရာအရပ် လည်း ဖြစ်သည်။

ဖြည့်စွက်သုံးသပ်ရသော် အိန္ဒိယသမုဒ္ဒရာ ပါဝင်နေသည့်အတွက် ဥရောပနိုင်ငံများကို မျက်မှောက်အာဖရိကနှင့် မိတ်ဆက်ပေါင်း စည်းပေးရာလည်း ဖြစ်နေပြန်သည်။ ဤစဉ်း စားထားချက်များအရ နိုင်ငံအများအပြားအနေနှင့် မိမိတို့အကျိုးစီးပွားကို အရင်းခံကာ ဒေသတွင်းအရေးအရာများ၌ ချဲ့ထွင်ပေါင်း စည်းလာနိုင်ပါသည်။

ထိုသို့ အခြေခံလုပ်ငန်းမူဘောင်အတိုင်း ခရီးဆက်လာစေရန်မှာ နိုင်ငံအများအပြား အနေနှင့် ဒေသတွင်းလုံခြုံရေးကိစ္စရပ်များ၌ ပိုမိုပေါင်းစည်းလာစေရန် လိုအပ်ပါသည်။ အာဘေးအနေနှင့် မြော်မြင်တွေးတောချက် နှင့်အညီ သူ့ခေတ်နှင့် သူ့သမိုင်းကို ထားရစ်ခဲ့ပြီးဖြစ်သည်။ သူ့ကိုဆက်ခံသူ ဝန်ကြီးချုပ်မှာ တစ်နှစ်မျှသာ တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအခါ နောက်ထပ်ဆက်ခံသူ ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါလက်ထက်သို့ ရောက်ရှိနေပါပြီ။ ကီရှီဒါသည် ပေါ်ပြူလာဖြစ်ရုံမက အုပ်စုကွဲများအကြား သူ့ထင်မြင်ချက်ကို အဆင်ပြေ ပြေ ချပြတတ်သော နိုင်ငံရေးသမားတစ်ယောက်လည်း ဖြစ်သည်။

အင်ဒို-ပစိဖိတ်နှင့်ပတ်သက်၍ ဂျပန်သွားရမည့်လမ်းကတော့ ဖြောင့်ဖြူးစွာ ခင်းထားပြီးဖြစ်သည်။ ခွင်းရမည့်လေအဟုန်ကို ရင်ဆိုင်လျက် အားမာန်အပြည့် ချီတက်နိုင်မည်ဆိုလျှင် အင်ဒို-ပစိဖိတ်ဒေသတွင်း အနေအထားသည် သူမတူသော ဒေသတွင်းလုံခြုံ ရေးဗိမာန်တစ်ခုအဖြစ် ပေါ်ထွက်လာပါလိမ့် မည်။

Most Read

Most Recent