ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ သာ ပေါက်စျေးရှိသည့်အတွက် မွန်ပြည်နယ်ရှိ ဆားတောင်သူများ တွက်ခြေမကိုက်ဖြစ်နေ

ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ သာ ပေါက်စျေးရှိသည့်အတွက် မွန်ပြည်နယ်ရှိ ဆားတောင်သူများ တွက်ခြေမကိုက်ဖြစ်နေ
မွန်ပြည်နယ်ရှိ ဆားကွင်းများကို တွေ့ရစဉ်
မွန်ပြည်နယ်ရှိ ဆားကွင်းများကို တွေ့ရစဉ်
Published 17 January 2022
ဘိုဘိုမြင့်

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ထွက်ရှိသည့် ဆားကြမ်းတစ်ပိဿာ ကျပ် ၈၀ သာ ပေါက်စျေးရှိသည့်အတွက် ဆားတောင်သူများ တွက်ခြေမကိုက်ဖြစ်နေကြောင်း ဒေသခံဆားတောင်သူများထံမှ သိရသည်။

ပြီးခဲ့သည့်နှစ် နိုဝင်ဘာလအတွင်း ဆားကြမ်းတစ်ပိဿာ ကျပ် ၁၃၀ အထိ ပေါက်စျေးရှိခဲ့သော်လည်း လက်ရှိကာလတွင် ဆားကြမ်း တစ်ပိဿာ ကျပ် ၈၀ သာ ပေါက်စျေးရှိတော့ ကြောင်း၊ ထို့အတွက်ကြောင့် ထုတ်လုပ်မှုကုန် ကျစရိတ်၊ အလုပ်သမားစရိတ်နှင့် ဂိုဒေါင်ငှားရမ်းထားရသည့် စရိတ်များကြောင့် တွက်ခြေကိုက်မှုမရှိကြောင်း မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဆားတောင်သူတစ်ဦးက ပြောကြားသည်။

၎င်းက ဆက်လက်ပြီး “ဆားကြမ်းစျေးနှုန်းက စဖွင့်တဲ့အချိန်မှာ ထုံးစံအတိုင်း စျေးကောင်းရတယ်လို့ ဆိုလို့ရပေမဲ့ ဆားတကယ်ထွက်တဲ့ အချိန်မှာ ပေါက်စျေးက ကျတော့တာပဲ။ အရင်ကတော့ ထုတ်လုပ်မှုကုန်ကျစရိတ်တွေ၊ အလုပ်သမားခတို့ ဂိုဒေါင်ငှားရမ်းခတွေက စျေးသိပ်မများတော့ သိပ်မသိသာပေမဲ့ ဒီနှစ်မှာက စက်သုံးဆီစျေးကလည်း တက်နေတယ်။ အလုပ်သမားငှားရမ်းခကလည်း မြင့်နေတော့ လက်ရှိပေါက်စျေးအရက အဆင်မပြေတော့ဘူး ဖြစ်သွားတယ်” ဟု ပြောကြားသည်။

လက်ရှိ ဆားကြမ်းအရောင်းအဝယ် ပုံမှန်နီးပါးရှိနေသော်လည်း တချို့တောင်သူများမှာ ထုတ်ရောင်းခြင်းမရှိဘဲ စျေးကွက်အခြေအနေကို စောင့်ကြည့်နေကြသည့် သဘောမျိုးရှိကြောင်းနှင့် လာမည့်ဧပြီလအတွင်း ဆားရာသီသိမ်းပြီးမှသာ အရှုံးအမြတ်တွက်ချက်နိုင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

စက်မှုကုန်ကြမ်းအနေဖြင့် စျေးကွက်မရှိခြင်းနှင့် Export စျေးကွက် မရှာဖွေနိုင်ခြင်းများကြောင့် ဆားကြမ်းစျေးကွက်အား ထိန်းချုပ်နိုင်မှုမရှိခြင်းဖြစ်ကြောင်း ဆားတောင်သူများက သုံးသပ်ပြောကြားသည်။

မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ပင ကျေးရွာတွင် ဆားကွင်းဧကပေါင်း ၂၉၀၀ ခန့်ရှိပြီး ရာသီဥတုမဖျက်ပါက ပုံမှန်အားဖြင့် ဆားပိဿာချိန် သိန်း ၃၀၀ ခန့်ထွက်ရှိကြောင်း၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်အတွင်း ပင ကျေးရွာအပြင် ကျိုက္ခမီ၊ စက်စဲနှင့် ဝဲကလောင်း ကျေးရွာတို့တွင်လည်း ဆားလုပ်ငန်းများ လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent