ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်သည့် နိုင်ငံရေးအပြောင်းအလဲသည် မဲစာရင်း အမှားအယွင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများ ဖြေရှင်းပေးခြင်း မရှိသောကြောင့်ဟု တပ်မတော်က အကြောင်းပြသည်။
တပ်မတော်က ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသာမှု ဖြစ်နိုင်သည့် မဲစာရင်းများ ရှိသည်ဆိုကာ ရှင်းလင်းပေးရန် ဖိအားပေးတောင်းဆိုသည့် အခြေအနေမျိုး ယခင်အထွေထွေရွေးကောက်ပွဲ နှစ်ကြိမ်တွင် မတွေ့ရပေ။
ရွေးကောက်ပွဲ ကျင်းပသည့် မဲဆန္ဒနယ်၏ သုံးပုံနှစ်ပုံခန့်အထိ မဲစာရင်း စိစစ်မှုများ ပြုလုပ်ခဲ့ကာ သက်သေခံဥပဒေပါ ပုဒ်မအချို့ကို ကိုးကား၍ စာရွက်စာတမ်းအချို့ကို တပ်မတော်က ကော်မရှင်အဖွဲ့ခွဲများထံ တောင်းယူသည်။
ယင်းအပေါ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် ၎င်းတို့ ခွင့်ပြုသော အချက်အလက်များမှအပ အခြားကိစ္စများကို ပေါက်ကြားခြင်းမရှိစေရန် စောင့်ထိန်းရမည်ဆိုသော ရွေးကောက်ပွဲဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာရန် ကော်မရှင်အဖွဲ့ခွဲများထံ ပြန်လည်ညွှန်ကြားခဲ့သည်။
မဲမသမာမှုရှိကြောင်း တပ်မတော်စွပ်စွဲမှုအပေါ် ဝန်ကြီးဌာနအချို့မှ ရွေးကောက်ပွဲဆိုင်ရာ လုပ်အားပေးများနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရှေ့မှောက်တွင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ယခင်ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တုံ့ပြန်သည်။
ရွေးကောက်ပွဲတွင် တရားမဲ့ ပြုကျင့်မှုများရှိလျှင် ရွေးကောက်ပွဲအပြီး ကန့်ကွက်လွှာများ တင်သွင်းနိုင်ပြီး ကော်မရှင်အနေဖြင့် ဥပဒေများနှင့်အညီ ဆုံးဖြတ်သွားမည်ဖြစ်ကြောင်းသာ ရှင်းလင်းပြီး တပ်မတော် တောင်းဆိုသော ဖြေရှင်းမှုအထိ ကော်မရှင်က လိုက်လျောခြင်း မရှိခဲ့ပေ။
ထို့နောက် အငြင်းပွားမှုများ ပြင်းထန်လာကာ တတိယကြိမ် လွှတ်တော်ခေါ်ယူမည့် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က အခြေခံဥပဒေပါ အခွင့်အရေးအတိုင်း နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်သည်။
အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းပြီး အရေးပေါ်အခြေအနေ ကြေညာခြင်းက အာဏာသိမ်းခြင်း မဟုတ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌအပါအဝင် တာဝန်ရှိသူအချို့က အခွင့်အခါသင့်တိုင်း ရှင်းလင်းလေ့ရှိသည်။
အခြေခံဥပဒေနှင့်အညီ အာဏာထိန်းသိမ်းခြင်းသာဖြစ်ပြီး အာဏာသိမ်းခြင်း မဟုတ်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၁ ခုနှစ် ဇွန် ၃ ရက်က Phoenix မီဒီယာနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့သည်။
“အခြေခံဥပဒေ ပုဒ်မှာ ၄၁၇ မှာ နိုင်ငံတော်မှာ အရေးပေါ်အခြေအနေဖြစ်ပေါ်လာရင် တပ်မတော်က ဝင်ရောက်ထိန်းသိမ်းနိုင်တဲ့ အခွင့်အရေးရှိတယ်ဆိုတာ ဖော်ပြထားတယ်။ ဒီအချက်ကြောင့် ကျွန်တော်တို့က အာဏာသိမ်းစရာမလိုဘဲနဲ့ တိုင်းပြည်ကို ဝင်ရောက်ထိန်းသိမ်းပေးတာ ဖြစ်တယ်” ဟု ၎င်းက ပြောကြားသည်။
မဲစာရင်းပြဿနာကို ဖြေရှင်းခြင်းမပြုပါက နိုင်ငံတော်၏ ဒီမိုကရေစီ လျှောက်လှမ်းမှုတွင် အခက်အခဲများ ဖြစ်ပေါ်နိုင်သောကြောင့် အခြေခံဥပဒေနှင့်အညီ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာရခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ထို့နောက် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့ ဖမ်းဆီးထိန်းသိမ်းကာ ဒုတိယသမ္မတ ဦးမြင့်ဆွေကို ယာယီသမ္မတအဖြစ် တာဝန်ယူစေပြီး နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာတို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံ လွှဲအပ်ခဲ့သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဦးဆောင်ပြီး အရပ်သားအနည်းငယ်ပါဝင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖွဲ့စည်းခဲ့ပြီး ခြောက်လအကြာ သြဂုတ် ၁ ရက်တွင် အိမ်စောင့်အစိုးရအဖြစ် ထပ်မံဖွဲ့စည်းသည်။
တပ်မတော်က အာဏာထိန်းသိမ်းမှုအပေါ် ပြည်သူများက ဖေဖော်ဝါရီလမှစ၍ ဆန္ဒထုတ်ဖော်ဆန့်ကျင်မှုများ ပြုလုပ်ခဲ့ပြီး ပြည်ပနိုင်ငံအချို့က ယင်းအပေါ် ရှုတ်ချကန့်ကွက်မှုများ၊ အရေးယူပိတ်ဆို့မှုများ ပြုလုပ်ခဲ့သည်။
အရှိန်အဟုန် မြင့်နေဆဲ ပစ်ခတ်တိုက်ခိုက်မှုများ
လာမည့် ဖေဖော်ဝါရီ ၁ ရက်ဆိုလျှင် တပ်မတော်က နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာမှု တစ်နှစ်ပြည့်မည်ဖြစ်သည်။
သို့တိုုင် နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြကန့်ကွက်လှုပ်ရှားမှုများ ပေါ်ပေါက်ဆဲဖြစ်ပြီး ဒေသအချို့တွင် လက်နက်ကိုင်ပဋိပက္ခ ပိုမိုကြီးထွားလာသည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် ရှိနှင့်ပြီးသား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နှင့် တိုက်ပွဲ ဖြစ်ပွားမှုရှိသလို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနောက်ပိုင်း ပေါ်ပေါက်လာသည့် ဒေသကာကွယ်ရေးအဖွဲ့များ (PDF) ၏ လက်နက်ကိုင်စွဲတိုက်ခိုက်မှုကိုလည်း ရင်ဆိုင်နေရသည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် ဒေသကာကွယ်ရေးတပ် (PDF) များနှင့် တပ်မတော်အကြား ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ်ဖြစ်ပေါ်နေသည်။
ထို့ပြင် ကရင်ပြည်နယ်နှင့် ကချင်ပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့်လည်း တိုက်ပွဲ ပြန်လည်ဖြစ်ပွားလျက်ရှိသည်။
“လက်ရှိနိုင်ငံရေး အခြေအနေက ရှုပ်ထွေးမှု ပိုများလာတဲ့ အခြေအနေရှိတယ်။ ပြီးရင် တိုက်ပွဲတွေ ဖြစ်တာကလည်း ပိုလို့များလာတဲ့ အခြေအနေရှိတယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက မှတ်ချက်ပြုသည်။
ဒေသအချို့ရှိ တပ်မတော် စစ်ကြောင်းများ မိုင်းဆွဲတိုက်ခိုက်ခံရကာ နယ်မြေ ရဲစခန်းအချို့ PDF များ၏ ဝင်ရောက်တိုက်ခိုက်ခံရခြင်းများ ရှိသည်။
တပ်မတော်ဘက်ကလည်း ကရင်ပြည်နယ်၊ ကယားပြည်နယ်ရှိ တိုက်ပွဲများတွင် လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများ အသုံးပြုနေသည့်အတွက် စစ်ရေးအရှိန်မြင့်မားလျက်ရှိကြောင်း ဆိုရမည်။
တိုက်ပွဲဖြစ်ပွားမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှ ဇန်နဝါရီ ၃ ရက်အထိ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒေသများမှ လူဦးရေ ၁၉၀၀၀၀ ကျော်နှင့် မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းမှ ၁၅၀၀၀၀ ကျော် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးရုံး (OCHA) က ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။
အလားတူ ရန်ကုန်တိုင်းဒေသကြီး အပါအဝင် မြို့ပြအချို့တွင် အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်မှ တာဝန်ရှိသူများကို ပစ်မှတ်ထားရှင်းလင်းသည့် ပစ်ခတ်လုပ်ကြံမှုများနှင့် ရုံး၊ ဌာနအချို့ ဗုံးထောင်မိုင်းခွဲခံရမှု ဖြစ်စဉ်များ ပေါ်ပေါက်နေဆဲဖြစ်သည်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲနောက်ပိုင်း ပေါ်ပေါက်လာသည့် အကြမ်းဖက်အဖွဲ့အစည်းများ ရှိကြောင်း၊ အဆိုပါ အဖွဲ့အစည်းများကို တွေ့ဆုံဆွေးနွေးရန် မရှိကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီဇင်ဘာ၂၃ ရက် မင်္ဂလာဒုံတပ်နယ်တွင် တပ်မတော်အရာရှိများနှင့်တွေ့ ဆုံစဉ် ပြောကြားခဲ့သည်။
တစ်ဖက် PDF အဖွဲ့အစည်းများကလည်း မြို့ပြများတွင် ဆောင်ရွက်လျက်ရှိသည့် စစ်ဆင်ရေးလှုပ်ရှားမှုများ၊ ဒေသအချို့တွင် ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်မှုများရှိရာ နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းရသည်။
ရွေးကောက်ပွဲ ဖြစ်နိုင်ခြေ
ထိုသို့ နိုင်ငံရေးအကျပ်အတည်းများ ပြေလည်ခြင်း မရှိသည့်တိုင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်အချိန်ကို ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ဖော်ပြောကြားလာသည်။
“နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ် မူတည်၍ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” ဟူ၍ ဖြစ်သည်။
၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ ရက်က မင်္ဂလာဒုံတပ်နယ်တွင် တပ်မတော်ဆေးတက္ကသိုလ်၊ တပ်မတော်သူနာပြုနှင့် ဆေးဘက်ပညာ တက္ကသိုလ်၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)တို့မှ ကျောင်းအုပ်များ၊ နည်းပြအရာရှိများနှင့် တွေ့ဆုံစဉ် နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
သို့သော် လက်ရှိနိုင်ငံအတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများ ပို၍များပြားလာပြီး တည်ငြိမ်မှုမရှိသည့်အတွက် ရွေးကောက်ပွဲပြုလုပ်ရန် အခက်အခဲရှိနိုင်ကြောင်း နိုင်ငံရေးပါတီအချို့၏ တာဝန်ရှိသူများက ဆိုသည်။
“ပြည်သူတွေ လွတ်လွတ်လပ်လပ်နဲ့ မဲပေးပိုင်ခွင့်၊ တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲတစ်ခု လုပ်ကိုင်ဆောင်ရွက်ဖို့အတွက် အခက်အခဲရှိတဲ့ အခြေအနေလို့မြင်တယ်” ဟု ရခိုင်အမျိုးသားပါတီဥက္ကဋ္ဌ ဦးသာထွန်းလှက ပြောကြားသည်။
နစက ဥက္ကဋ္ဌ၏ မိန့်ခွန်း အများအပြားတွင် လွတ်လပ်တရားမျှတသည့် အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပမည်ဆိုသော စကားရပ်ကို တွေ့ရလေ့ရှိသည်။
“ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုတာ ကတိပြုပါတယ်” ဟု ပြောကြားချက် သြဂုတ် ၁ ရက်က နစက ဖွဲ့စည်းမှု ခြောက်လပြည့် မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။
တစ်ဖန် အဆိုပါမိန့်ခွန်းတွင် လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ရေးအတွက် အခြေခံလိုအပ်ချက်မှာ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး ဖြစ်သည်ဆိုသောအချက် ပါရှိပြန်သည်။
ထို့အတူ ဒီဇင်ဘာ ၂၃ ရက် မိန့်ခွန်းတွင်လည်း “နိုင်ငံတည်ငြိမ်အေးချမ်းမှုအပေါ်မူတည်၍” ဆိုသည့် စကားရပ်ပါရှိသည်။
အဓိပ္ပာယ်မှာ ယခုကဲ့သို့ လက်နက်ကိုင်ပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေပါက ရွေးကောက်ပွဲ ပြုလုပ်နိုင်မည်မဟုတ် ဆိုသည့် သဘောဖြစ်ကြောင်း နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုသည်။
“တရားဥပဒေ စိုးမိုးရေးကို မလုပ်နိုင်ဘူးဆိုရင် ဒီဟာဖြစ်နိုင်ဖို့ အလားအလာ နည်းတယ်ဆိုတဲ့အကြောင်းကို သတိပေးတဲ့ သဘောပဲ” ဟု နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) က ပြောကြားသည်။
ရွေးကောက်ပွဲ ကျင်းပနိုင်ရေး နိုင်ငံတည်ငြိမ်အေးချမ်းရန် လိုအပ်သည်ဆိုသော်ငြား နိုင်ငံတည်ငြိမ်အေး ချမ်းမှုမရှိပါက ရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် ရှိ မရှိ ဗိုလ်ချုပ်မှူးကြီး၏ ပြောကြားချက်တွင် မပါရှိပေ။
၂၀၀၈ ခုနှစ်က အတည်ပြုပြဋ္ဌာန်းသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ တပ်မတော်အနေဖြင့် တိုင်းပြည်အာဏာကို ရယူဆောင်ရွက်ခွင့် ရှိသော်လည်း အချိန်ကာလအားဖြင့် အကန့်အသတ်ရှိသည်။
အခြေခံဥပဒေတွင် အရေးပေါ်အခြေအနေ အချိန်ကာလ သတ်မှတ်ချက်ကို တစ်နှစ် သတ်မှတ်ထားပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တာဝန်များ ပြီးမြောက်ခြင်းမရှိကြောင်း တင်ပြလျှင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို တင်ပြကာ ခြောက်လ နှစ်ကြိမ် သက်တမ်းတိုးခွင့် ဥပဒေတွင် ဖော်ပြပါရှိသည်။
ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင် ပြဋ္ဌာန်းချက်အရ တပ်မတော်သည် နိုင်ငံတော်အာဏာကို အများဆုံး နှစ်နှစ်အထိသာ ရယူဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။
ယင်းနောက် ခြောက်လအတွင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲ ကျင်းပပေးရမည်ဟု ၂၀၀၈ အခြေခံဥပဒေ အခန်း (၁၁) ပုဒ်မ ၄၂၉ တွင် ပြဋ္ဌာန်းထားသည်။
ရွေးကောက်ပွဲ တပ်အပ်ကျင်းပမည်လော
အရေးပေါ်ကာလ တာဝန်များကို တစ်နှစ်အတွင်း ပြီးမြောက်ခြင်း မရှိလျှင် ခြောက်လနှစ်ကြိမ် သက်တမ်းတိုးမြှင့်နိုင်သော်လည်း အခြေခံဥပဒေအရ အရေးပေါ်ကာလသည် အကန့်အသတ်ရှိကြောင်း နစက တာဝန်ရှိသူများက အတည်ပြုသည်။
“ဒီကာလများကို တွက်ကြည့်ရင် လုပ်ငန်းရပ်အားလုံးဟာ ၂၀၂၃ ခုနှစ် သြဂုတ်လအတွင်း ပြီးစီးရမယ် ဆိုတာပါပဲ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နစက ဖွဲ့စည်းမှု ခြောက်လပြည့် မိန့်ခွန်းတွင် ပြောကြားသည်။
သို့ဖြစ်ရာ ၂၀၂၃ ခုနှစ် သြဂုတ်လတွင် အထွေထွေရွေးကောက်ပွဲ တပ်အပ်ကျင်းပမည်လော။
လက်ရှိအထိ ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း မြောက်ပိုင်းနှင့် မကွေးတိုင်းမြောက်ပိုင်းရှိ အချို့နေရာများတွင် မငြိမ်မသက် ဖြစ်စဉ်များ ရှိနေဆဲဖြစ်ကြောင်း နစက ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက်တွင် ပြုလုပ်သည့် နစက၏ ၁၁ ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
အဆိုပါ မငြိမ်မသက်မှုများကို NUG ၊ PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ထဲမှ အစိတ်အပိုင်းအချို့က ဆောင်ရွက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
“မငြိမ်မသက်ဖြစ်အောင် ကျွန်တော်တို့ လုပ်နေတာ မဟုတ်ပါဘူး” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။
ဒေသအချို့တွင် မငြိမ်မသက် ဖြစ်စဉ်များ ရှိသေးသော်လည်း ရွေးကောက်ပွဲ ကျင်းပပေးမည်ဆိုသော ကတိကိုတည်ရန် ကြိုးစားလျက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။
“၂၀၂၃ သြဂုတ်သည် ဥပဒေအရကတော့ နောက်ဆုံး ရွေးကောက်ပွဲကျင်းပရမှာပေါ့လေ။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ ပြောထားတဲ့ ကတိအတိုင်း ဖြစ်နိုင်အောင် ကြိုးစားလျက်ရှိပါတယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီ ၁၄ ရက် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) အဖွဲ့ဝင် ဦးခင်မောင်ဦးကလည်း ဇန်နဝါရီ ၁၄ ရက် သတင်းရှင်းလင်းပွဲတွင် အရေးပေါ် ကာလဆိုင်ရာပြဋ္ဌာန်းချက်များ ဆောင်ရွက်ပြီးလျှင် ရွေးကောက်ပွဲ ကျင်းပပေးနိုင်ရန် ပြင်ဆင်ထားကြောင်း ပြောကြားသည်။
ထို့အတွက် မဲစာရင်း ပြုစုရေး လုပ်ငန်းများ၊ အချိုးကိုယ်စားပြု ရွေးကောက်ပွဲစနစ် (PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေးအတွက် ဥပဒေ၊ နည်း ဥပဒေ ပြင်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆိုသည်။
“မဲစာရင်းကို မှန်ကန်ပြည့်စုံအောင် ဆောင်ရွက်တဲ့အနေနဲ့ မဲစာရင်းကို ပြန်လည်ပြီး ယခင်မဲစာရင်းက အမှားအယွင်းတွေကို ပယ်ပြီး လဝကရယ် UEC ရယ် မဲစာရင်းတွေကို လုပ်နေတာ ၇၅ ရာခိုင်နှုန်းလောက် ပြီးနေပြီဖြစ်ပါတယ်” UEC အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောကြားသည်။
တပ်မတော်က အခြေခံဥပဒေနှင့်အညီ အာဏာထိန်းသည်ဆိုထားရာ ၂၀၂၃ သြဂုတ်တွင် အရေးပေါ် ကာလဆိုင်ရာတာဝန်များ ပြီးစီးအောင်ဆောင်ရွက်ပြီး ရွေးကောက်ပွဲ မဖြစ်မနေကျင်းပကာ အနိုင်ရပါတီကို အာဏာလွှဲအပ်ရမည်ဖြစ်သည်။
သို့သော် လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲ မကျင်းပနိုင်လျှင် မည်သို့ ဆက်လုပ်ရမည်ဆိုသည့် ပြဋ္ဌာန်းချက် အခြေခံဥပဒေတွင် မပါရှိကြောင်း နိုင်ငံရေးလေ့လာသူ ဦးရဲထွန်း (သီပေါ) က ဆိုသည်။
“မရှိတော့ သူက ဆက်ပြီးတော့ အုပ်ချုပ်နေမယ်။ တာဝန်ယူနေမယ်ဆိုရင် အခြေခံဥပဒေကို ချိုးဖျက်ရာကျမှာဖြစ်ပြီးတော့ အခြေခံဥပဒေကို ဖျက်သိမ်းတာမျိုးလည်း ဖြစ်သွားနိုင်တာပေ့ါ။ ဖျက်သိမ်းလိုက်တယ်လို့ ပြောရင်တော့ နောက်ထပ် ဘယ်နှနှစ်ပဲဖြစ်ဖြစ် အခြေအနေ အပေါ်မူတည်ပြီး ဆက်ပြီး အုပ်ချုပ်သွားနိုင်တယ်ဆိုတဲ့ သဘောပေါ့” ဟု ၎င်းက ပြောကြားသည်။
အရေးပေါ်ကာလပြီးမြောက်သော်လည်း တည်ငြိမ်အေးချမ်းမှု မရှိပါက ထိုသို့တည်ငြိမ်မှုမရှိသည့် နယ်မြေအချို့ကို ချန်လှပ်၍ ရွေးကောက်ပွဲ ကျင်းပခြင်းမျိုးလည်း ဖြစ်နိုင်ခြေရှိကြောင်း ပါတီအချို့က သုံးသပ်သည်။
“တကယ်လို့ ဖြစ်အောင်လုပ်မယ်ဆိုရင် ရွေးကောက်ပွဲဥပဒေမှာ ရာခိုင်နှုန်း ဘယ်လောက်မှ ရွေးကောက်ပွဲဖြစ်မြောက်မယ်လို့ မပါထားဘူးလေ။ ဖြစ်အောင်လုပ်မယ်ဆိုရင် ခုနကပြောတဲ့အတိုင်း ဖြစ်လို့ ရတယ်။ မဟုတ်ဘဲ အားလုံးပါစေချင်တယ်ဆိုရင်တော့ ရွေးကောက်ပွဲ အလှမ်းဝေးသွားနိုင်တယ်။ ရက်ရွှေ့သွားနိုင်တယ်” ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။
ပါတီအချို့ကမူ လက်ရှိတည်ဆဲ နိုင်ငံရေးအခြေအနေများကို ရွေးကောက်ပွဲဖြင့် ဖြေရှင်း၍ မရကြောင်း ရှုမြင်သည်။
“ဒီလိုဆိုရင် နိုင်ငံရေးအဖြေရမှာ မဟုတ်ဘူး ဆက်ဖြစ်နေဦးမှာပဲ။ ပြဿနာတွေ” ဟု ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး ပူဂင့်ကမ်းလျှမ်က ပြောကြားသည်။
လုံခြုံရေးအခြေအနေအရ ပုံမှန်ပါတီတွင်း ဆွေးနွေးမှုများကိုပင် လုပ်ဆောင်နိုင်ခြင်းမရှိရာ ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲစနစ်တို့နှင့် စပ်လျဉ်း၍ သဘောထားမှတ်ချက် ပေးနိုင်ခြင်း မရှိသေးသည့် ပါတီများလည်း ရှိသည်။
“လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးပါတီတွေက နိုင်ငံရေးလုပ်ငန်းစဉ်တွေကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ကိုင်ဆောင်ရွက်လို့ရတဲ့ အခြေအနေမျိုး မရှိသေးတဲ့အတွက်ကြောင့် ပါတီထဲမှာ ဆွေးနွေးနိုင်တဲ့ အခင်းအကျင်း မရှိသေးဘူး။ အဲဒါကြောင့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲစနစ်နဲ့ပတ်သက်ပြီး သဘောထားမှတ်ချက် လောလောဆယ် မပေးနိုင်သေးဘူး” ဟု ၎င်းက ဆိုသည်။
မဲများသူ အနိုင်ရစနစ်မှ အချိုးကျကိုယ်စားပြုစနစ်သို့
နိုင်ငံအနှံ့ ပစ်ခတ်တိုက်ခိုက်မှုများ ရှိသောကြောင့် ရွေးကောက်ပွဲ သတ်မှတ်ကာလအတွင်း ကျင်းပနိုင်ခြင်းရှိ မရှိအပေါ် အငြင်းပွားမှုအချို့ ရှိနေချိန် မဲများသူအနိုင်ရ ရွေးကောက်ပွဲစနစ်(FPTP) မှ အချိုးကျ ကိုယ်စားပြုစနစ် (PR) ပြောင်းလဲ ကျင့်သုံးနိုင်ရေးကို ရွေးကောက်ပွဲ ကော်မရှင်က ဖိဖိစီးစီးဆောင်ရွက်လျက်ရှိသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်တွင် ဖွဲ့စည်းသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် စတင်ဆောင်ရွက်သော လုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲစနစ် ပြုပြင်ပြောင်းလဲရေးသည်လည်း တစ်ချက်အပါအဝင် ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် စာရင်းအရ မြန်မာနိုင်ငံတွင် တည်ဆဲနိုင်ငံရေးပါတီ ၉၂ ပါတီရှိသည်။
လက်ရှိအချိန်အထိ ရွေးကောက်ပွဲကော်မရှင် ကျင်းပသည့် PR စနစ် ပြောင်းလဲရေး ဆွေးနွေးပွဲများသို့ ပါတီ ၆၀ ကျော် တက်ရောက်ဆွေးနွေးလေ့ရှိသည်။
နောက်ဆုံး ကျင်းပသည့် ဆွေးနွေးပွဲမှာ ဒီဇင်ဘာလဆန်းတွင် ဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရရုံးတွင် ပြုလုပ်သည့် အဆိုပါ ဆွေးနွေးပွဲသို့ ၆၂ ပါတီ တက်ရောက်ကာ ယင်းပါတီများအနေဖြင့် PR စနစ်ပြောင်းလဲကျင့်သုံးရေး သဘောတူကြသည်ဟု ကော်မရှင်က ထုတ်ပြန်သည်။
PR သည် ပါတီများ အနိုင်ရရှိသည့် ရာခိုင်နှုန်းကို အချိုးချ၍ လွှတ်တော်ကိုယ်စားလှယ် ခွဲဝေယူရသည့် စနစ်ဖြစ်ရာ ယင်းစနစ်ကျင့်သုံးခြင်းဖြင့် ပါတီငယ်များနှင့် တိုင်းရင်းသားပါတီများ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး ကဏ္ဍတွင် ပိုမိုပါဝင်လာနိုင်မည်ဟု အပြုသဘောရှုမြင်သူများက မှတ်ချက်ပြုသည်။
“PR လုပ်ရင် ဘယ်ပါတီမှ လက်ဝါးကြီးအုပ်လို့ မရဘူး။ တစ်ခုရှိတယ်။ အများဆုံးနဲ့ ဦးဆောင်လို့တော့ရမယ်။ ဦးဆောင်ပါတီတော့ ဖြစ်နိုင်ခြေရှိတယ်။ လက်ဝါးကြီးအုပ်ပြီး လွှတ်တော်ရော၊ အုပ်ချုပ်ရေးပိုင်းရော အကုန်လုံး လုပ်လို့မရဘူးဆိုတာတော့ ကျိန်းသေတယ်” ဟု PR စနစ် ပြောင်းလဲရေး ဆွေးနွေးပွဲများတွင် ပါဝင်လျက်ရှိသည့် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။
၂၀၁၅ နှင့် ၂၀၀၂ အထွေထွေ ရွေးကောက်ပွဲတို့တွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် ပါတီ ၃ဝခန့်က PR ဆွေးနွေးပွဲများသို့ တက်ရောက်ခြင်းမရှိကြောင်း သိရသည်။
ဥပဒေပြုရေးတွင် တပ်မတော်သား၂၅ ရာခိုင်နှုန်း ပါဝင်နေပြီး အရေးကြီး ဝန်ကြီးဌာနသုံးခုကို တပ်မတော်မှ ဝန်ကြီးတစ်ဦးစီ အဆိုပြုခွင့်ရသေးသည့် အခြေအနေတွင် PR စနစ် ပြောင်းလဲကျင့်သုံးခြင်းဖြင့် ဥပဒေပြုရေးနှင့် အုပ်ချုပ်ရေးတွင် တပ်မတော် ပါဝင်မှုကို ပိုမိုအရာရောက်စေမည်ဟု PR ကန့်ကွက်သူများက ဆိုကြသည်။
လက်ရှိ အခြေအနေအရ လာမည့် ၂၀၂၃ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပဖြစ်လျှင် PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပရန် သေချာသလောက်ရှိပြီး ထို့အတွက်ကြောင့် အဆိုပါစနစ်ကို နှစ်သက်ခြင်း မရှိသည့် ပါတီများ ရွေးကောက်ပွဲ ယှဉ်ပြိုင်ခြင်းမရှိသည့် အခြေအနေများ ဖြစ်လာနိုင်ကြောင်း သုံးသပ်မှုများ ရှိသည်။
“ တချို့ကတော့ အကြောင်းအမျိုးမျိုးကြောင့် ပါချင်မှ ပါမှာပေ့ါ။ ဒါပေမဲ့ အချိုးနဲ့ ကြည့်ရင်တော့ အများစုက ပါဝင်မယ်လို့ မျှော်လင့်တာပဲ” ဟု အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ အထွေထွေအတွင်းရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။
ပါတီ ၉၀ ကျော်အနက် PR စနစ် အပြောင်းအလဲကို မျှော်ရည်၍ ရွေးကောက်ပွဲ ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့်ပါတီများ ရှိသလို ခေါင်းဆောင်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံရမှုနှင့် ပါတီဖျက်သိမ်းခံရနိုင်သည့် အရေးနှင့် ရင်ဆိုင်နေရသည့် ပါတီအချို့လည်း တွေ့ရှိရကြောင်း လေ့လာသူအချို့က မှတ်ချက်ပြုသည်။
၂၀၁၉ ခုနှစ်တွင် စတင်ဖြစ်ပွားပြီး လက်ရှိအချိန်အထိ မျိုးကွဲများစွာ ဆက်လက်ပေါ်ထွန်းလျက်ရှိသော COVID-19 ရောဂါအပြင် လုံခြုံရေး အခြေအနေကပါ နိုင်ငံရေးပါတီများကို ပိုမိုအကျပ်ရိုက်စေသည်။
“ရွေးကောက်ပွဲကို မဖြစ်မနေ လုပ်မယ်ဆိုရင်တော့လည်း လုပ်လို့ရတာပေ့ါ။ ဒါပေမဲ့ ပြည်သူတွေရဲ့ မလုံမခြုံခံစားရမှုတွေ၊ စီးပွားရေး ကျပ်တည်းမှုတွေ၊ အထူးသဖြင့် နိုင်ငံရေးအပေါ်မှာ စိတ်ပျက်မှုတွေ လူထုကြားထဲမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတယ်။ အဲဒီလို အဟုန်ကြီးနေတဲ့ကြားထဲမှာ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် အဲဒီရွေးကောက်ပွဲကို လူထုက စိတ်ဝင်စားမှာ မဟုတ်ဘူး။ လူထုစိတ်မဝင်စားဘဲနဲ့ ပါတီတွေ ဝင်ပြိုင်ရတာ အခက်အခဲ အများကြီး ရှိမယ်” ဟု ပြည်သူ့ပါတီ အတွင်းရေးမှူးအဖွဲ့ဝင် (၁) ဦးကျော်ကျော်ထွေး (ခ) ဦးမာကီးက ပြောကြားသည်။
တပ်မတော်နှင့် ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ၎င်းတို့ ပြောထားသည့်ကာလတွင် ရွေးကောက်ပွဲ ပြုလုပ်လိုပါက လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အခင်းအကျင်းများကို တိုးတက်အောင် ဆောင်ရွက်သင့်ကြောင်း နိုင်ငံရေး ပါတီအချို့က အကြံပြုသည်။










