၀ါရှင်တန်ဆန်ရှင်နှင့် ပြုံယမ်းဟိုက်ပါဆောနစ်ဒုံးကျည်

၀ါရှင်တန်ဆန်ရှင်နှင့် ပြုံယမ်းဟိုက်ပါဆောနစ်ဒုံးကျည်
Photo:AFP
Photo:AFP
Published 16 January 2022
မိုးဧအောင်

အမေရိကန်ပြည်ထောင်စု၏ မိမိနိုင်ငံ အပေါ် အသစ်ချမှတ်ခဲ့သော ပိတ်ဆို့မှုအပေါင်းကို ပမာမခန့်ပြုသောအားဖြင့် မြောက်ကိုရီးယားသည် ၂၀၂၂ ခု ဇန်နဝါရီ ၁၄ ရက်တွင် နောက်ထပ်ဒုံးကျည်တစ်စင်း ပစ်လွှတ်ပြ လိုက်သည်။

တောင်ကိုရီးယားရှိ အမေရိကန်စစ် အခြေစိုက်စခန်း အကြီးအကဲက မြောက်ကိုရီးယားသည် “အမျိုးအမည်မသိ ဒုံးကျည်ဖူး တစ်ခုကိုအရှေ့ဘက်အရပ်ဆီသို့” ဦးတည်ပစ်လွှတ်ခဲ့ကြောင်း အဆိုပါ သောကြာနေ့ နေ့လယ်ပိုင်းတွင် ကြေညာခဲ့သည်။ တစ်ချိန်တည်း၌ ထိုစမ်းသပ်ချက်မှာ အသံထက်မြန်သော ဒုံးလက်နက်ဆိုင်ရာ စမ်းသပ်မှုဖြစ်ကြောင်း ဂျပန်အစိုးရက ဖော်ထုတ်ခဲ့၏။

အကယ်၍ ဤစမ်းသပ်ချက်သည် ဂျပန် ပင်လယ်အတွင်းသို့ ပစ်ချခဲ့သော မြောက်ကိုရီးယား၏ ဒုံးကျည်အမှန်ဖြစ်ပါက အချိန်ကာ လ ၁၀ ရက်အတွင်း တတိယအကြိမ်မြောက် စမ်းသပ်မှုပင် ဖြစ်ပါတော့သည်။ အမေရိကန် က မြောက်ကိုရီးယားအပေါ် ပိတ်ဆို့မှုအသစ်များ ချမှတ်ကြောင်း ကြေညာပြီး နှစ်ရက်အကြာတွင် ယခုကဲ့သို့ စမ်းသပ်ပြလိုက်ခြင်းဖြစ်သည်။

ယခုနှစ်ဦးပိုင်း ဇန်နဝါရီ ၅ ရက်နှင့် ၁၂ ရက်တွင် ဒုံးကျည်နှစ်ကြိမ် ပစ်လွှတ်စမ်းသပ် ပြီးချိန်၌ တိုင်းပြည်ခေါင်းဆောင် ကင်ဂျုံအွန် နှင့် သူ၏နှမ၊ သြဇာအရှိဆုံး လက်ထောက်ဖြစ်သူ ကင်ယိုဂျုံတို့နှစ်ဦး အသံထက်မြန်သော ဟိုက်ပါဆောနစ် ဒုံးပျံစမ်းသပ်မှုကို အပြီးသတ် စစ်ဆေးကြည့်ရှုနေပုံအား မြောက်ကိုရီး ယားအစိုးရမီဒီယာက ပထမဆုံးအကြိမ်အဖြစ် ဖော်ပြခဲ့သည်။

ကိုရီးယားဗဟိုသတင်းဌာန (The Korea Central News Agency-KCNA) က “အဆင့်မြင့် ထိန်းချုပ်နိုင်စွမ်းအားကြီးသော”ဒုံးကျည်ကို “ရင်သပ်ရှုမောဖွယ် အပြီးသတ် ပစ်လွှတ်နိုင်ကြောင်း” အတည်ပြုဖော်ပြခဲ့သည်။

ပြုံယမ်းရှိ ထိပ်သီးအာဏာပိုင်များ၏ မဟာဗျူဟာ မည်သို့ရှိနေသည်ကို ပြင်ပကမ္ဘာ က သေချာစွာ မသိရှိနိုင်သလို နိုင်ငံပိုင်သတင်းဌာနကလည်း အစဉ်သဖြင့် အားကိုးထိုက်သော မဏ္ဍိုင်တစ်ရပ် မဟုတ်ပါ။

မည်သို့ဆိုစေ KCNA အနေနှင့် ဤဝေါဟာရမျိုး သုံးစွဲခဲ့ပုံကို ထောက်ချင့်ခြင်းအားဖြင့် ယခုသောကြာနေ့ ပစ်လွှတ်မှုသည် ဒုံးကျည်၏ လိုက်လျောညီထွေ အသုံးချနိုင်ပုံကို ထပ်မံစမ်းသပ်ခြင်း သို့မဟုတ် အခြားသော မျိုးကွဲ လက်နက်တစ်စုံတစ်ရာကို စမ်းသပ်ခြင်း ဖြစ်နိုင်သကဲ့သို့ ၀ါရှင်တန်၏ ဆန်ရှင်အသစ်ကို စိန်ခေါ်လိုက်သော ခြေလှမ်းသစ်တစ်ရပ်လည်း ဖြစ်နိုင်ပါသည်။

“သူတို့ပြောပုံအရဆိုရင် အရင်နှစ်ကြိမ်ကတည်းက လိုချင်တဲ့ အရည်အသွေးမျိုး ရပြီးပြီဆိုရင် ဘာကိစ္စ နောက်တစ်ခု ထပ်စမ်းမှာလဲ”ဟု တောင်ကိုရီးယား အငြိမ်းစားဗိုလ်ချုပ်ကြီး ချွန်အင်ဘွန်းက Asia Times သို့ ပြောကြားခဲ့သည်။ “ကျွန်တော် စောင့်ကြည့်ရသလောက်တော့ ရည်ရွယ်ချက်တစ်ခုက အသုံးတည့်မတည့် သက်သေပြဖို့၊ နောက်တစ်ခုက မြောက်ကိုရီးယားဟာ ကိုယ်ပိုင်အစီအစဉ် ရှိပြီးသား ဘယ်သူကမှ သူတို့ကို လာပြီး ဘာညာသာရကာ အခွင့်အရေးတွေအကြောင်း  ပေါက်ပေါက်မဖောက်ဖို့ ကမ္ဘာကြီးကို ပြော လိုက်တာပဲ။”

 

ပါးကိုက်၍ နားကိုက်ခြင်း

မြောက်ကိုရီးယားသည် ကုလသမဂ္ဂ၏ ချမှတ်ထားသော ဆုံးဖြတ်ချက်များအရ အ ဝေးထိန်းဒုံးကျည်ပစ်လွှတ်မှုဆိုင်ရာ နည်းပညာပိုင်ဆိုင်မှုကို ကန့်သတ်ထားခြင်း ခံရသည်။ ယခုစမ်းသပ်ပြသော ဟိုက်ပါဆောနစ် ဒုံးများသည် ပိုမိုအဆင့်မြင့်သည့် ဒုံးလက်နက်များ ဖြစ်နေသည်။

မြောက်ကိုရီးယားတို့ ဟိုက်ပါဆောနစ် ဒုံးကျည်ကို ဒုတိယအကြိမ်မြောက် စမ်းသပ်ခဲ့သော ဇန်နဝါရီ ၁၂ ရက်တွင် အမေရိကန် ဘဏ္ဍာရေးဌာနသည် မြောက်ကိုရီးယား အဆက်အစပ် ပုဂ္ဂလဓိဋ္ဌာန် ငါးဦးကို စွမ်းအား မြင့် အဖျက်လက်နက်များ (Weapons of Mass Destruction-WOMD) နှင့် /သို့မဟုတ် ဒုံးကျည်အစီအစဉ်ဆိုင်ရာ နည်းပညာရယူခြင်းများနှင့် ပတ်သက်မှုရှိကြောင်း ကြေညာကာ ပိတ်ဆို့ကန့်သတ်ခဲ့သည်။

ပိတ်ပင်ခံရသူများအနက် တစ်ဦးမှာ ရုရှားအရှေ့ပိုင်းမှဖြစ်ပြီး ကျန်ပုဂ္ဂိုလ်များမှာ တရုတ်နိုင်ငံအတွင်းမှ ဖြစ်သည်။ ထို့ပြင် ဘဏ္ဍာရေးဌာန၏ သတင်းထုတ်ပြန်ချက်အရ ကိုရီးယားအနွယ်ဖြစ်ဟန်ရှိသော ရုရှားပုဂ္ဂလိကတစ်ဦးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ အလားတူ ပိတ်ပင်ကန့်သတ်ချက်မျိုးကိုပါ ချမှတ်ခံထားရသည်။

ထိုသို့အရေးယူခဲ့ရခြင်းသည် “၂၀၂၁ ခု၊ စက်တင်ဘာမှစ၍ ဒုံးကျည်ခြောက်ခု ပစ်လွှတ်ခဲ့ပြီး ယင်းပစ်လွှတ်မှုတစ်ခုချင်းစီမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ဖောက်ဖျက်ခဲ့သောကြောင့်”ဟု အမေရိကန်ဘဏ္ဍာရေးဌာနက ဆိုပါသည်။

ထိုနေ့တွင်ပင် ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး လင်ဒါ သောမတ်စ်-ဂရင်းဖီးက “မြောက်ကိုရီးယားတို့ လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်ကို လိုက်နာမှုမပြုဘဲ ၂၀၂၁ ခု၊ စက်တင်ဘာမှစ၍ ဒုံးကျည် ခြောက်စင်းပစ်လွှတ်မှုအပေါ် ကုလသမဂ္ဂ၏ပိတ်ဆို့မှု အဆိုပြုချက်နှင့်အညီ အမေရိကန် ပြည်ထောင်စုက ဆောင်ရွက်ခဲ့ကြောင်း}”တွစ်တာလူမှုကွန်ရက်၌ ရေးသားခဲ့၏။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အမြဲ တမ်းအဖွဲ့ဝင်ငါးနိုင်ငံ၌ အမေရိကန်ပြည်ထောင်စုသည် တရုတ်၊ ရုရှားတို့နှင့် သူဖြူလျှင် ကိုယ်မည်း ဖြစ်တတ်သည့်အားလျော်စွာ မြောက်ကိုရီးယား၏ လက်ငင်းအခြေအနေ နှင့်ပတ်သက်၍ အဆိုပြုချက်မူကြမ်းမှာ အတည်ပြုသောအဆင့် ရောက်အောင် မည်မျှ ပေရှည်ဦးမည်ကို မမှန်းဆနိုင်ပါ။

နောက်ထပ် စဉ်းစားရမည်မှာ ထိုသို့ သောပိတ်ဆို့မှုများကြောင့် မိမိလိုချင်သည့် ရလဒ်ထွက်မထွက် ကိစ္စဖြစ်သည်။ တကယ်တော့ မြောက်ကိုရီးယားသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးယူပိတ်ဆို့မှုများ ကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ခံစားခဲ့ရပြီးဖြစ်သည်။ သို့သော် ဤပိတ်ဆို့မှုများက မြောက်ကိုရီးယား၏ လက်နက်ဖွံ့ထွားလာခြင်းကို ဟန့်တားထိန်းချုပ်နိုင်မှု မရှိကြောင်း ပြုံယမ်း၏ နောက်ဆုံးတိုးတက်မှုများက သက်သေ ထင်ရှားပြသနေပါသည်။

ပစ္စုပ္ပန်ကာလ ဒုံးကျည်မျိုးဆက်များ အကြား ဟိုက်ပါဆောနစ်ဒုံးများသည် အရှိန်အဟုန်မြင့်မားသည်သာမက ရည်မှန်းပစ်မှတ် အရောက် ထိန်းသိမ်းနိုင်စွမ်းရှိသည့် ရှုပ်ထွေးသောနည်းပညာကို အခြေခံထားသည်။ မြောက် ကိုရီးယားအနေနှင့် နောက်ဆုံးငါးနှစ်တာ ကာလစီမံချက်နှင့်အညီ ဟိုက်ပါဆောနစ်ဒုံးပျံများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဇန်နဝါရီလအတွင်း ကြေညာခဲ့သည်။

ဇန်နဝါရီ ၁၂ ရက် ဒုံးကျည်စမ်းသပ်မှု အပေါ် KCNA က “လေကိုခွင်းလျက် ၆၀၀ ကီလိုမီတာ (၃၇၅ မိုင်) ခရီး”ကို ဖြတ်သန်းကာ “ဝက်အူရစ်သဖွယ် ၂၄၀ ကီလိုမီတာ နိမ့်ဆင်းပြီး” မျှော်မှန်းထားသည့် ပစ်မှတ်အရောက် ချေမှုန်းနိုင်ကြောင်း ဖော်ပြခဲ့သည်။

“ကျွန်တော့်အထင်တော့ သူတို့ဟာ ဒုံးကျည်ရဲ့ ဖောက်ထွင်းပျံသန်းမှုလမ်းကြောင်း ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်ခဲ့ပါ ပြီ”ဟု အငြိမ်းစားဗိုလ်ချုပ်ကြီး ချွန်အင်ဘွန်း က ပြောကြားခဲ့သည်။

 

ကြောက်သယောင်ယောင်၊ ရွံသယောင်ယောင်

မြောက်ကိုရီးယားဒုံးကျည်၏ အဆိုပါ စွမ်းဆောင်ရည်များက ပစိဖိတ်သမုဒ္ဒရာတစ် လျှောက် သံချောင်းခေါက်လိုက်ပါပြီ။

အမေရိကန်နိုင်ငံမှ သတင်းများအရ မြောက်ကိုရီးယား၏ ဒုတိယအကြိမ် ဟိုက်ပါ ဆောနစ်ဒုံး ပစ်လွှတ်လိုက်သည့် မိနစ်ပိုင်း အတွင်းမှာပင် အမေရိကန်ပြည်ထောင်စု မြောက်ပိုင်း စစ်ရေးကွပ်ကဲမှုနယ်မြေ၊ အမေရိ ကန်မြောက်ပိုင်း လေကြောင်းကာကွယ်ရေး ဌာနချုပ် (Northern American Aerospace Defense Command-NORAD) တို့၌ အရေးပေါ်အချက်ပေးသံများ ဆူညံခဲ့၏။ ဒုံးကျည်၏ပစ်မှတ်မှာ အလျူတီယန်ကျွန်းစုများ သို့မဟုတ် ကယ်လီဖိုးနီးယားဟု မျှော်မှန်း တွေးထင်ကာ တုန်လှုပ်ခဲ့ကြရသည်။

ရေရေရာရာ ဆုံးဖြတ်နိုင်စွမ်း မရှိသည့် အချိန်အတွင်း ဖက်ဒရယ်လေကြောင်းပျံသန်းရေး အာဏာပိုင်များက အမေရိကန်ပြည်ထောင်စု၏ အနောက်ဘက်ကမ်းခြေတစ်လျှောက် အရပ်ဘက်လေယာဉ်အများအပြားကို မြေပြင်၌ ၁၅ မိနစ်ခန့် ပိုမိုရပ်တန့်စေခဲ့သည်။

အမေရိကန်အပေါ် ပြောင်ပြောင်တင်းတင်း အာခံသည့်အနေဖြင့် ဒုံးကျည်ပစ်လွှတ်မှုများကို မြောက်ကိုရီးယားက ဆက်လက်လုပ်ဆောင်နေသည့်တိုင် အမေရိကန်ပြည်ထောင်စုကို ရည်ရွယ်တိုက်ခိုက်မည် မဟုတ်သကဲ့သို့  ပစိဖိတ်သမုဒ္ဒရာ၏ ဟိုဘက်သည်ဘက်ကမ်း တိုက်ပွဲဆင်လျှင်လည်း မြောက်ကိုရီးယားတို့ အနိုင်မရမှန်း ရှင်းလင်းစွာ သိမြင်ပါသည်။ သို့သော် မြောက်ကိုရီးယား၏ ဟိုက်ပါဆော နစ်ဒုံးကျည်များက တောင်ကိုရီးယား-အမေရိကန် စစ်ရေးအချိတ်အဆက် ပုံသဏ္ဌာန်ကို ပြောင်းလဲနိုင်စွမ်း ရှိလာပါလိမ့်မည်။

မြောက်ကိုရီးယားအနေနှင့် ပြည့်စုံလုံလောက်သော စမ်းသပ်မှုအကြိမ်ရေ စေ့ ရောက်လာချိန်တွင် လက်နက်စွမ်းပကား ပိုမိုပြည့်စုံကာ လက်တွေ့အသုံးချနိုင်ပြီး ဒေသတွင်းကာကွယ်ရေးအတွက် မိုင်းကွင်းများ ဆင်ထားသည့်နှယ် ဖြစ်လာပါလိမ့်မည်။ ထိုသို့သောအနေအထား၌ အမေရိကန်၏ ထိုးစစ်ဆင်မှုကို ကာကွယ်ထားမည့် တစ်ချိန်တည်းတွင် မြေပြင်တပ်ဖွဲ့များက တောင်ကိုရီးယားရှိ စစ်အခြေခံစခန်းများကို သိမ်းယူသွားနိုင်သည်။ သို့တည်းမဟုတ် ထိုသို့သောပဋိပက္ခကြားတွင် မြောက်ကိုရီယား၏ မဟာမိတ်များ စစ်ကူရောက်ရှိလာကာ လေကြောင်းမှ တစ်ဆင့် ကျွန်းဆွယ်တစ်ခုလုံးကို ထိန်းချုပ်သွားနိုင်မည့်အရေးမှာ အက်ရှင်ဇာတ်ကား တစ်ကားရိုက်နေခြင်း မဟုတ်ပါ။

Most Read

Most Recent