ယူကရိန်းကိစ္စအတွက် ရုရှားနှင့် “တည်” နေသော NATO

ယူကရိန်းကိစ္စအတွက် ရုရှားနှင့် “တည်” နေသော NATO
Photo:AFP
Photo:AFP
Published 15 January 2022
မိုးဧအောင်

ရုရှားသည် ယူကရိန်းနိုင်ငံ နယ်စပ်အနီး ရုရှားပိုင်နက်အတွင်း ကိုယ်ပိုင်တပ်ဖွဲ့များကို အင်အားသိန်းချီလျက် တပ်ဖြန့်ထားခဲ့သည်မှာ အချိန်တစ်လခွဲခန့် ရှိခဲ့ပေပြီ။ ထိုတပ်ဖြန့်မှု အပေါ် စိုးရိမ်မကင်းဖြစ်ကြသော အမေရိ ကန်ပြည်ထောင်စုအပါအဝင် အနောက်အုပ်စုနိုင်ငံများက ယူကရိန်းနိုင်ငံကို ကျူးကျော်သိမ်းပိုက်မလာစေရန် ရုရှားအပေါ် အချော့အခြောက်၊ အလျှော့အတင်း၊ အပိတ်အဆို့၊ အတက်အဆင်း နည်းဗျူဟာပေါင်းစုံဖြင့် ကြိုးပမ်းနေချိန်ဖြစ်သည်။

၂၀၂၂ ခု ဇန်နဝါရီ ၁၀ ရက်က ရုရှားနှင့် အမေရိကန်ပြည်ထောင်စုမှ ဒုတိယနိုင်ငံခြားရေးဝန်ကြီးအဆင့် ဦးဆောင်လာသော နှစ်နိုင်ငံ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာတွင် ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြ၏။

ထို့နောက် ကမ္ဘာပေါ်တွင် အင်အားအ ကြီးဆုံး စစ်မဟာမိတ်အဖွဲ့ဖြစ်သော မြောက် အတ္တလန္တိတ်စာချုပ်နိုင်ငံများအဖွဲ့ (North AtlanticTreaty Organization-NATO) နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့သည် ၂၀၂၂ ခု ဇန်နဝါရီ ၁၂ ရက်တွင် ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်၌ ယူကရိန်းနယ်စပ်တစ်လျှောက် ရုရှား၏ စစ်အင်အားတည်ဆောက်နေမှုနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြသည်။

၀ါရှင်တန်နှင့် ကိယက်ဗ်တို့က မော်စကိုသည် ခန့်မှန်းခြေ စစ်သည်အင်အား ၁၀၀,၀၀၀ ခန့်ကို ယခုလပိုင်းအတွင်း ယူကရိန်းနယ်စပ်အနီး ချထားခဲ့ကြောင်း ပြောဆိုနေသည်။ လွန်ခဲ့သော ရှစ်နှစ်က မော်စကိုသည် အိမ်နီးချင်းဖြစ်သည့် ခရိုင်းမီးယားကျွန်းဆွယ်ကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (ခရိုင်းမီးယား သည် ရုရှားပိုင် သို့မဟုတ် ယူကရိန်းပိုင် အငြင်းပွားမှုပြဿနာမှာ “သပွတ်အူက အဖေခေါ်ရလောက်သည်ထိ” သမိုင်းကြောင်းရှုပ် ထွေးလှသည်။)

ဗုဒ္ဓဟူးနေ့ကကျင်းပခဲ့သော NATO-ရုရှားကောင်စီ တွေ့ဆုံပွဲပြီးသည့်နောက် ရက်ဆက်ဆိုသလို ၂၀၂၂ ခု ဇန်နဝါရီ ၁၃ ရက်၊ ကြာသပတေးနေ့တွင် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organization for  Security and Co-operation in Europe-OSCE)နှင့် သြစတြီးယားနိုင်ငံ ဗီယင်နာ၌ ဆက်လက်တွေ့ဆုံသွားကြမည် ဖြစ်သည်။

သို့ဖြစ်၍ ရုရှားနှင့်တွေ့ဆုံကြမည့် ဆက်စပ်အဖွဲ့အစည်းများ၏ ဒေသတွင်းနိုင်ငံရေး နှင့် လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အချိတ်အဆက်များကို လေ့လာကြည့်ရန် လိုအပ်လာသည်။

 

NATO၊ OSCE နှင့် EU အဖွဲ့ဝင်နိုင်ငံများ

၁၉၄၉ ခုနှစ်၌ စတင်တည်ထောင်ခဲ့သော NATOအဖွဲ့တွင် ဥရောပ ၂၇ နိုင်ငံ၊ မြောက်အမေရိက နှစ်နိုင်ငံနှင့် ဥရောပအာရှ တစ်နိုင်ငံ၊ စုစုပေါင်း နိုင်ငံ ၃၀ အဖွဲ့ဝင်အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

NATOစတင်ဖွဲ့စည်းစဉ်က ၁၂ နိုင်ငံ ပါဝင်ခဲ့ပြီး အဖွဲ့ဝင်ဖြစ်သော လွတ်လပ်သည့် နိုင်ငံများသည် ပြင်ပအင်အားစု တစ်ခုခုက တိုက်ခိုက်လာခဲ့လျှင် အပြန်အလှန် အကာအကွယ်ပေးရန် သဘောတူခဲ့ကြသည်။ ၁၉၅၅ ခုနှစ် မေလတွင် ဒုတိယကမ္ဘာစစ်အပြီး အနောက်အုပ်စုက ထိန်းချုပ်ခဲ့သော အနောက် ဂျာမနီကို လက်နက်ပြန်လည်တပ်ဆင်ခွင့်နှင့်  NATO အဖွဲ့သို့ ဝင်ရောက်ခွင့်ပြုပြီး နောက်ပိုင်းတွင် ဆိုဗီယက်ဦးဆောင်သော ၀ါဆော အုပ်စု (Warsaw Pact) နှင့် “ဓမ္မာသောက” အဖြစ် စစ်အေးခေတ်တစ်လျှောက် ထိပ်တိုက်တွေ့ခဲ့ကြ၏။

ထို့ကြောင့် NATO အဖွဲ့ဝင်နိုင်ငံ အချင်းချင်း ပေါင်းစည်းမှုမှာ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ရည်ရွယ်ချက် အပြည့်အဝပါ ဝင်သည်။ မဟာမိတ်အဖွဲ့အနေနှင့် ဥရောပရော၊ မြောက်အမေရိက နိုင်ငံများကိုပါ လုံခြုံ ရေးဆိုင်ရာ ကိစ္စရပ်များတွင် ပါဝင်ဆွေးနွေး ခွင့်ပြုထားသည်။

လက်ရှိအချိန်အထိ NATOအတွင်း နောက်ဆုံးအဖွဲ့ဝင်နိုင်ငံမှာ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၇ ရက်တွင် ဝင်ရောက်ခွင့်ပြုခဲ့သော မြောက်မက်ဆီဒိုနီးယားဖြစ်သည်။ တစ်ဖန် ဘော့စနီးယားနှင့်ဟာဇီဂိုဗီးနား၊ ဂျော်ဂျီယာ နှင့် ယူကရိန်းတို့ကို အဖွဲ့ဝင်ဖြစ်လာမည့် အနာဂတ်နိုင်ငံများအဖြစ် NATOက အသိအမှတ်ပြုထားသည်။

၂၀၂၀ ပြည့်နှစ် စာရင်းအချက်အလက်များအရ NATO အဖွဲ့ဝင်နိုင်ငံများ၏ စစ်အသုံးစရိတ်စုစုပေါင်းသည် တစ်ကမ္ဘာလုံး စစ်အသုံးစရိတ်၏ ၅၇ ရာခိုင်နှုန်းရှိသည်။ အဖွဲ့ဝင်နိုင်ငံများ၏ သဘောတူညီချက်အရ ၂၀၂၄ ခုနှစ်တွင် သက်ဆိုင်ရာ တစ်နိုင်ငံချင်းစီ GDP ၏ အနည်းဆုံး နှစ်ရာခိုင်နှုန်းကို ကာကွယ်ရေးအသုံးစရိတ်အဖြစ် လျာထားသွား ကြမည်ဖြစ်သည်။

NATOနှင့် အချိတ်အဆက်အဖြစ် ထပ်မံလေ့လာသင့်သည့်အဖွဲ့မှာ ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(Organization for Security and Cooperation in Europe-OSCE) ဖြစ်သည်။ NATO အဖွဲ့ဝင်နိုင်ငံအားလုံးမှာ OSCE ၌ အဖွဲ့ဝင် အဖြစ် ပါဝင်နေသည်။ (အ့ံသြစရာကောင်းသည်မှာ OSCE သည် ဥရောပတည်းဟူသော  ဒေသအခြေခံ ခေါင်းစဉ်အောက်တွင် ဖွဲ့စည်းခဲ့သော်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိသော အမေရိကန်ပြည်ထောင်စုနှင့် ကနေဒါတို့မှာ မြောက်အမေရိကတိုက်မှ နိုင်ငံများ ဖြစ်နေကြ၏။)

ထို့ကြောင့် OSCE အဖွဲ့ဝင် ၅၇ နိုင်ငံ တွင် မြောက်အမေရိက၊ ဥရောပ၊ ကော့ကေး ဆပ်နှင့် အာရှနိုင်ငံများ ပါဝင်နေသည်။ OSCE သည် လုံခြုံရေးကို အခြေပြုကာ အစိုးရအချင်းချင်း ပေါင်းစည်းထားသော ကမ္ဘာ့ပထဝီဝင်ဒေသ အကျယ်ပြန့်ဆုံး အဖွဲ့အစည်းဖြစ်သည်။ စစ်အေးကာလအတွင်း NATO အနောက်အုပ်စုနှင့် ၀ါဆောအရှေ့ အုပ်စုအကြား၊ အာရှနှင့် ဥရောပတို့ ၀ါဒရေးရာကင်းလွတ်စွာ တိုင်ပင်နှီးနှောနိုင်ရန် ရည်ရွယ်လျက် ၁၉၇၅ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ယခုအနေအထားအရ OSCE ကို အီကွေတာ၏မြောက်ဘက် မြောက်ကမ္ဘာခြမ်းနိုင်ငံများအစုအဖွဲ့အဖြစ် တွေ့မြင်နိုင်သည်။ OSCE ၏ ဆွေးနွေးခွင့်မူဘောင်များ အရ လက်နက်ထိန်းချုပ်ရေး၊ လူ့အခွင့်အရေး မြှင့်တင်ခြင်း၊ စာနယ်ဇင်းလွတ်လပ်ခွင့်၊ တရားမျှတသောရွေးကောက်ပွဲ၊ လုံခြုံရေးနှင့် အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးကဏ္ဍများအထိ ပတ်သက်ယှက်နွယ်မှုရှိသည်။ အချိန်ပြည့် ဝန်ထမ်း ၃ç၅၀၀ ခန့် ရှိပြီး သြစတြီးယားနိုင်ငံ ဗီယင်နာတွင် အတွင်းရေးမှူးချုပ်ရုံး တည်ရှိသည်။

NATO၊ OSCE တို့နှင့် မလွဲမသွေဆက် စပ်နေသော နောက်ထပ်ဒေသတွင်းအဖွဲ့မှာ ဥရောပသမဂ္ဂ( European Union-EU) ဖြစ်သည်။ ၁၉၉၃ ခုနှစ် နိုဝင်ဘာ ၁ ရက်တွင် စတင်တည်ထောင်ခဲ့သော ဥရောပသမဂ္ဂသည် လက်ရှိ အဖွဲ့ဝင် ၂၇ နိုင်ငံဖြင့် ဖွဲ့စည်းထားပါသည်။EU ကို နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပေါင်းစည်းမှုအဖြစ် ရည်ရွယ်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် ၂၇ နိုင်ငံလုံးလိုလို ဥရောပတိုက်တွင် အခြေပြုတည်ရှိကြသည်။ ဥရောပသမဂ္ဂ၏ အကျယ်အဝန်းမှာ ၄,၂၃၃,၂၅၅.၃ စတုရန်းကီလိုမီတာရှိပြီး လူဦးရေ ၄၄၇ သန်းခန့် နေထိုင်ကြသည်။

ဥရောပသမဂ္ဂအတွင်းမှ သြစတြီးယား၊ ဆိုက်ပရပ်စ်၊ ဖင်လန်၊ အိုင်ယာလန်၊ မော်လတာနှင့် ဆွီဒင် ခြောက်နိုင်ငံမှာ OSCE အဖွဲ့ဝင်ဖြစ်သော်ငြား NATOအဖွဲ့ဝင်နိုင်ငံများ မဟုတ်ကြပါ။

 

NATO သမိုင်းကြောင်းနှင့် ချဲ့ထွင်မှုများ

၁၉၄၉ ခုနှစ် NATO ကို စတင်တည်ထောင်စဉ်က ဘယ်လ်ဂျီယမ်၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ အိုက်စလန်၊ အီတလီ၊ လူဇင်ဘတ်၊ နယ်သာလန်၊ နော်ဝေ၊ ပေါ်တူဂီ၊ ဗြိတိန် နှင့် အမေရိကန်ပြည်ထောင်စုတို့ အဖွဲ့ဝင် အဖြစ် ၁၂ နိုင်ငံ ပါဝင်ခဲ့သည်။ ထိုအချိန်က ရည်မှန်းချက်မှာ ဥရောပတွင် ဆိုဗီယက်၏သြဇာကို ဟန့်တားနိုင်ရန်နှင့် အဖွဲ့ဝင်အချင်းချင်း နိုင်ငံရေးအရ ပေါင်းစည်းမှုပြုနိုင်ရန် ဖြစ်သည်။

စစ်အေးကာလတစ်လျှောက်လုံး NATO အနေနှင့် စစ်ရေးဆိုင်ရာ ဝင်ရောက်စွက်ဖက်မှု မရှိခဲ့ပါ။ စစ်အေးခေတ်လွန်မြောက်ချိန် ၁၉၉၀-၉၁ တွင် ကူဝိတ်ကို အီရတ်က ကျူးကျော်သည့်အခါ အစောပိုင်းတွင် စစ် လေယာဉ်များကို တူရကီတောင်ပိုင်းသို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ဧရိယာတစ်ခုလုံး တုံ့ပြန်တိုက်စစ်ဆင်နိုင်သော အခြေအနေအထိ တပ်ဖြန့်ထားခဲ့သည်။

ပစ္စက္ခနှစ်များတွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က NATO၏ ချဲ့ထွင်မှုများ ရပ်တန့်ရန်နှင့် ယူကရိန်းနှင့် ဂျော်ဂျီယာတို့၌ စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုကို အဆုံးသတ်ပေးရန် NATO ထံမှ အာမခံချက် ရယူ လိုသည်။

ရာဇဝင်ကို စာတင်ရသော် ၁၉၉၉ ခုနှစ် ၀ါရှင်တန်ထိပ်သီးဆွေးနွေးပွဲ၌ NATOသည် အဖွဲ့ဝင်သစ်များ ဝင်ရောက်လာရန် ရည်ရွယ်လျက် “အဖွဲ့ဝင်ဖြစ်ရေး ဆောင်ရွက်ရန် စီမံချက်များ” (Membership Action Plants-MAL) ကို ထုတ်ပြန်ခဲ့၏။ ဤအစီအစဉ် “အလုပ်ဖြစ်”သွားခဲ့သည့်အတွက် ၂၀၀၄ ခုနှစ်အတွင်း အရှေ့ဥရောပဒေသမှ  (၀ါဆောအုပ်စု၏ အမာခံ သို့မဟုတ် ဆိုဗီယက်ယူနီယံ၏ ပြည်ထောင်စုဝင် ဖြစ်ခဲ့ဖူးသော) ဘူဂေးရီးယား၊ အက်စတိုးနီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ရိုမေးနီးယား၊ စလိုဗက်ကီးယား နှင့် ဆလိုဗေးနီးယား စုစုပေါင်း ခုနစ်နိုင်ငံတို့ NATOမဟာမိတ်အဖွဲ့ဝင်ဖြစ်သွားခဲ့သည်။

NATOအနေနှင့် အဖွဲ့ဝင်အားလုံး၏ သဘောတူညီချက်အရ အဆိုပါနိုင်ငံသစ်များကို လက်ခံခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ၂၀၀၄ ခုနှစ်၌ အဖွဲ့ဝင်သစ်ဖြစ်လာသော ဆလိုဗေးနီးယားနိုင်ငံမှာ ၁၉၅၅ ခုနှစ် ဆိုဗီယက်ခေတ် ခုနစ်ပြည်ထောင်စာချုပ်အရ ၀ါဆောအုပ်စုဝင် ဖြစ်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်၌ မက်ဆီဒိုနီးယားကို အဖွဲ့ဝင်နိုင်ငံအဖြစ် လက်ခံပြီးနောက် လက်ရှိ ကာလတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ဂျော်ဂျီယာ၊ ယူကရိန်းတို့မှာ NATOအဖွဲ့သို့ ဝင်ရောက်လိုကြောင်း သူတို့၏ဆန္ဒကို ဖော်ပြ လာပါသည်။

 

NATO ၏ စစ်ဆင်ရေးများ

NATO မဟာမိတ်စာချုပ်၏ ပြဋ္ဌာန်း ချက်အပိုဒ်-၅ အရ ပြင်ပတိုက်ခိုက်မှုကို စုစည်းကာကွယ်ကြရမည့် အခြေခံမူမှာ အဖွဲ့စတင်တည်ထောင်စဉ်ကပင် အဓိကအချက် အဖြစ် ပါဝင်ခဲ့၏။ ဤစာပိုဒ်၏ ဆိုလိုရင်းမှာ မဟာမိတ်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံကို ပြင်ပက စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့လျှင် ကျန် အဖွဲ့ဝင်နိုင်ငံအားလုံးက ဆန့်ကျင်တိုက်ခိုက်သွားရန် ပြဋ္ဌာန်းထားခြင်းဖြစ်သည်။

ယူဂိုဆလားဗီးယား ပြိုကွဲမှုမှစတင်ကာ NATO အဖွဲ့၏ စစ်ရေးဆိုင်ရာ စွက်ဖက် ကျူးကျော်မှုများကို တောက်လျှောက်တွေ့လာ ရသည်။ ဘောစနီးယားနှင့် ဟာဇီဂိုဗီးနားသိမ်း ပိုက်မှု (၁၉၉၂)၊ ကိုဆိုဗိုကျူးကျော်မှု (၁၉၉၉)၊ အာဖဂန်နစ္စတန်စစ်ပွဲ (၂၀၀၁)၊ အီရတ် စစ်လေ့ကျင့်ရေး မစ်ရှင် (၂၀၀၄)၊ ဧဒင်ပင်လယ် ကွေ့ပင်လယ်ဓားပြနှိမ်နင်းရေး(၂၀၀၉)၊ လစ်ဗျားနိုင်ငံ သိမ်းပိုက်ခြင်း (၂၀၁၁) နှင့် ဆီးရီးယား ပြည်တွင်းစစ် (၂၀၁၂) စသည့် ကမ္ဘာ့ဒေသအနှံ့ NATO စစ်ရေးမဟာမိတ်အဖွဲ့၏ ကျူးကျော်စွက်ဖက်မှုများ ရှိလာခဲ့သည်။

၁၉၉၂ မှ ၁၉၉၅ ခုအတွင်း ဘော့စနီးယားစစ်ပွဲတွင် NATO၏ စစ်ဆင်ရေးအဖြစ် ရေကြောင်းပိတ်ဆို့မှုနှင့် လေကြောင်းတိုက်ပွဲ ဆင်မှုများ ပြုလုပ်ခဲ့၏။

၁၉၉၉ ခုနှစ်တွင် ဆာဗီးယားခေါင်းဆောင် ဆလိုဘိုဒန် မီလိုဆီဗစ်၏ တပ်ဖွဲ့များ ကွန်ဆိုဗိုမှ ဆုတ်ခွာ၍ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ လိုက်နာလာစေရန်အတွက် NATO ပူးပေါင်းတပ်ဖွဲ့များက လေကြောင်းစစ်ဆင် ရေး တိုက်ပွဲဝင်ခဲ့သည်။ စစ်ရေးနှင့်မသက်ဆိုင်သော မြို့ပြပစ်မှတ်များကို ထိခိုက်ခဲ့သော်လည်း ပဋိပက္ခကို အဆုံးသတ်နိုင်ခဲ့၏။

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက် နယူးယောက် မျှော်စင်ညီနောင် တိုက်ခိုက်ခံရပြီးနောက် အဆိုပါ အပိုဒ် - ၅ စည်းမျဉ်းကို ပင် NATO က အသုံးပြုကာ အာဖဂန်နစ္စတန်ရှိ တာလီဘန်များကို တိုက်ခိုက်ရန် အမေရိကန်နှင့် ဗြိတိန်တပ်များကို စေလွှတ်ခဲ့သည်။ နှစ် ၂၀ ကြာသော ထိုစစ်ပွဲတွင် NATO အဖွဲ့ ဝင်နှင့် မိတ်ဖက်နိုင်ငံ ၅၀ တို့၏ တိုက်ခိုက်ရေးတပ်ဖွဲ့များ အာဖဂန်နစ္စတန်တွင် စစ်ဆင်ရေး လုပ်ခဲ့ကြသည်။ စစ်ပွဲကာလအတွင်း အရှိန်အ မြင့်ဆုံး ၂၀၁၁ ခုနှစ်၌ အမေရိကန်နှင့် မဟာမိတ်တပ်ဖွဲ့အင်အား ၁၄၀,၀၀၀ ခန့် အာဖဂန်နိုင်ငံအတွင်း ရောက်ရှိနေခဲ့သည်။

 

NATOအဖွဲ့ဝင်နိုင်ငံများ၏ စစ်ရေး အသုံးစရိတ်

စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေး သုတေသန အင်စတီကျု (Stockholm International Peace Research Institute-SIPRI) ၏ အစီရင်ခံစာအရ ၂၀၂၀ ပြည့် နှစ်အတွင်း အမေရိကန်ပြည်ထောင်စုသည် စစ်ရေးအသုံးစရိတ် ဒေါ်လာ ၇၇၈ ဘီလျံကို သုံးစွဲခဲ့၏။ သူ့နိုင်ငံ GDP ၏ ၃.၇ ရာခိုင်နှုန်း ဖြစ်သည်။

NATOအဖွဲ့ဝင်နိုင်ငံများတွင် ဗြိတိန်သည် စစ်ရေးအသုံးစရိတ် ဒုတိယအများဆုံးဖြစ်ပြီး တိုင်းပြည် GDP ၏ ၂.၂ ရာခိုင်နှုန်း၊ အမေရိကန်ဒေါ်လာ ၅၉.၂ ဘီလျံ သုံးစွဲခဲ့သည်။

ထိုနှစ်အတွင်း စစ်ရေးအသုံးစရိတ်များ ပြားသော NATO အဖွဲ့ဝင်နိုင်ငံများမှာ (အမေရိကန်ဒေါ်လာဖြင့်) ဂျာမနီ (၅၂.၈ ဘီလျံံ)၊ ပြင်သစ် (၅၂.၇ ဘီလျံံ)၊ အီတလီ (၂၈.၉ ဘီလျံ)၊ ကနေဒါ (၂၂.၈ ဘီလျံ)၊ တူရကီ (၁၇.၇ ဘီလျံံ)၊ စပိန် (၁၇.၄ ဘီလျံံ) အသီးသီး သုံးစွဲခဲ့ကြသည်။

ထူးထူးခြားခြားဖော်ပြရမည်မှာ အိုက်စလန်နိုင်ငံဖြစ်သည်။ အိုက်စလန်သည် ကိုယ်ပိုင်တပ်မတော် မရှိသည့်အတွက် သူ့နိုင်ငံ၏ စစ်ရေးအသုံးစရိတ်မှာ သုညဖြစ်၏။

 

NATO၏ ကာကွယ်ရေးဘတ်ဂျက်

၂၀၂၂ ခုနှစ်အတွက် NATO၏ စစ်ရေး အသုံးစရိတ်လျာထားချက်မှာ အမေရိကန် ဒေါ်လာ ၁.၇၇ ဘီလျံ (ယူရို ၁.၅၆ ဘီလျံ) ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများအနေနှင့် အချိုးကျရန်ပုံငွေကို အသုံးစရိတ်မျှဝေမှုတွက်ချက် နည်းအတိုင်း ထည့်ဝင်ကြရမည်။ ထိုဖော် မြူလာအရ ကာကွယ်ရေးဘတ်ဂျက် ထည့်ဝင်ရန် တစ်နိုင်ငံချင်းစီ၏ အမျိုးသားဝင်ငွေ အပေါ်အခြေပြုတွက်ချက်ထားသည်။

၂၀၂၂ ခုနှစ် NATO၏ ကာကွယ်ရေး ဘတ်ဂျက်ကို အမေရိကန်ပြည်ထောင်စု (၁၆.၃ ရာခိုင်နှုန်း)၊ ဂျာမနီ (၁၆.၃ ရာခိုင်နှုန်း)၊ ဗြိတိန် (၁၁.၃ ရာခိုင်နှုန်း)၊ ပြင်သစ် (၁၀.၅ ရာခိုင်နှုန်း)၊ အီတလီ (၈.၈ ရာခိုင်နှုန်း)၊ ကနေ ဒါ (၆.၉ ရာခိုင်နှုန်း)၊ စပိန် (၆ ရာခိုင်နှုန်း) စ သဖြင့် အစီအစဉ်အလိုက် ထည့်ဝင်သွားကြ မည်ဖြစ်သည်။

ယခုဆိုလျှင် ယူကရိန်းကိုအကြောင်းပြု ၍ ရုရှားနှင့် တင်းမာနေသော မြောက်အတ္တလန္တိတ်စာချုပ်နိုင်ငံများအဖွဲ့ (North Atlantic Treaty Organization-NATO)အ ကြောင်းကို လျှပ်တစ်ပြက် ရှုမြင်နိုင်မည်ဟု ယုံကြည်ပါသည်။ ၂၀၂၁ ခု ဒီဇင်ဘာ ၁ ရက်၌ NATO အထွေထွေအတွင်းရေးမှူးချုပ် ယန်းစတိုလန်းဘတ်က ယခုလို ပြောကြားခဲ့ပါ၏။

“ယူကရိန်းဟာ NATOကို ဝင်ဖို့ အသင့်ဖြစ်ပြီဆိုတာနဲ့ အဖွဲ့ဝင်ဖြစ်မဖြစ် ဆုံးဖြတ်ဖို့က ယူကရိန်းနဲ့ မဟာမိတ်နိုင်ငံ ၃၀ ရဲ့ကိစ္စပါ။ ရုရှားမှာ ဗီတို မရှိဘူး၊ ရုရှားမှာ ပြောရေးဆိုခွင့် မရှိဘူး၊ ရုရှားမှာ သူ့အိမ်နီးချင်းကို ထိန်းချုပ်ဖို့ရာ သြဇာထူထောင်ပိုင်ခွင့်လည်း မရှိပါဘူး။”       

Most Read

Most Recent