ယူကရိန်းအရေး ဂျီနီဗာဆွေးနွေးပွဲ

ယူကရိန်းအရေး ဂျီနီဗာဆွေးနွေးပွဲ
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်း(ဝဲ)နှင့် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့တို့ ဇန်နဝါရီ ၁၀ ရက်က ဂျီနီဗာမြို့တွင် ကျင်းပသည့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် (Photo-AP)
အမေရိကန်ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်း(ဝဲ)နှင့် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့တို့ ဇန်နဝါရီ ၁၀ ရက်က ဂျီနီဗာမြို့တွင် ကျင်းပသည့် လုံခြုံရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ခဲ့စဉ် (Photo-AP)
Published 13 January 2022
မိုးဧအောင်

၂၀၂၂ ခု ဇန်နဝါရီ ၁၀ ရက်က ဂျီနီဗာတွင်ပြုလုပ်ခဲ့သော ယူကရိန်းနှင့် ဥရောပလုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတွင် ရုရှားရော၊ အမေရိကန်ပြည်ထောင်စုကပါ ကွဲပြားခြားနားသည့် သဘောထားကိုယ်စီကို ပိုမိုနီးစပ်လာစေမည့် အရိပ်လက္ခဏာ မပြသခဲ့ကြပါ။ မော်စကိုသည် သူ့လိုလားချက်များကို ထပ်မံတောင်းဆိုသကဲ့သို့ ၀ါရှင်တန်ကလည်း လက်မခံနိုင်ကြောင်း ပြောကြားခဲ့သည်။

ရုရှားသည် ယူကရိန်းနယ်စပ်အနီး သူ့တပ်ဖွဲ့များကို ချထားခဲ့သည်။ ယခင်ဆိုဗီယက်လက်အောက်မှ လွတ်လပ်သွားသော တိုင်းပြည်များအတွင်းသို့ အမေရိကန်ဦးဆောင်သော NATO မဟာမိတ်အဖွဲ့က သြဇာချဲ့ထွင်ခြင်းမပြုရန် (ရုရှားပိုင်နယ်နိမိတ်များသဖွယ်) မဖြစ်နိုင်သည့်အချက်များကို တောင်းဆိုနေခြင်းဖြစ်သည်။

ရုရှားဖက်ဒရေးရှင်း ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့က “ဒီအရေးကိစ္စကို ချဉ်းကပ်ကြတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်မူကိုကိုယ် ဆုပ်ကိုင်ထားရင်း ကွာဟချက်ကြီးမားလာတာ စိတ်မကောင်းစရာပါ။ အမေရိကန်ရော၊ ရုရှားပါ ဆန့်ကျင်ဘက်အမြင်တွေ ကြားကနေ လိုအပ်တာတွေကို လုပ်ဆောင်နိုင်အောင် နည်းလမ်းရှာကြရမယ်” ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ကျွန်မတို့ရပ်တည်ချက်က ခိုင်မာပါတယ်။ ဘယ်တော့မှ လိုက်လျောနိုင်မှာ မဟုတ်တဲ့ လုံခြုံရေးအဆိုပြုချက်တွေ အမေရိကန်ပြည်ထောင်စုကို လာပြောနေတာပဲ” ဟု အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းက တယ်လီဖုန်းဖြေဆိုချက်ပြုခဲ့၏။ ရုရှားနှင့် အမေရိကန်ဒုဝန်ကြီးနှစ်ဦး ခေါင်းဆောင်လာခဲ့သော နှစ်နိုင်ငံအဆင့်မြင့် အရာရှိကြီးများ၏ ပြောဆိုဆွေးနွေးမှုမှာ ရှစ်နာရီနီးပါး ကြာမြင့်ခဲ့၏။

သို့သော် နှစ်ဦးနှစ်ဘက် အပေးအယူညှိနှိုင်းဖွယ်ရာအဖြစ် ဥရောပတိုက်တွင် ဖြန့်ကျက်ထားသော ဒုံးလက်နက်များ၏ အရွယ်အစား၊ အရေအတွက်နှင့် စစ်ရေးလေ့ကျင့်မှုများ၏ အတိုင်းအဆကို ဆွေးနွေးလိုလျှင် ၀ါရှင်တန်က တံခါးဖွင့်ထားကြောင်း ရှားမင်းက ရိပ်ဖမ်းသံဖမ်း ပြောပြခဲ့သည်။

၀ါရှင်တန်နှင့် ကိယက်ဗ်တို့၏ ပြောဆိုချက်အရ ရုရှားတပ်ဖွဲ့ဝင်အင်အား ၁၀၀,၀၀၀ သည် ယူကရိန်းအပေါ် ကျူးကျော်မှုအသစ် ပြုလုပ်နိုင်သော အကွာအဝေးအတွင်း စစ်ပြင်ဆင်နေသည်ဟု ဆိုသည်။ ရုရှားသည် လွန်ခဲ့သော ရှစ်နှစ်က အိမ်နီးချင်း ခရိုင်းမီးယားကျွန်းဆွယ်ကို ကျူးကျော်သိမ်းပိုက်ခဲ့၏။

ယူကရိန်းသည် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization/NATO) သို့ ဝင်ရောက်၍ အနောက်အုပ်စုဝင်ဖြစ်လိုသော ဆန္ဒပြင်းပြလျက်ရှိကာ ရုရှားက ထိုအစီအစဉ်ကို ငြင်းဆိုရုံမျှမက NATO နှင့် ယူကရိန်းတို့၏ ရန်လိုသောအပြုအမူဟူ၍ ရှုမြင်ပါသည်။

ဒုဝန်ကြီး ရက်ဘ်ကော့က NATO အဖွဲ့၏ ထပ်မံချဲ့ထွင်မှုများကို ရပ်တန့်ရန်နှင့် ၁၉၉၇ ခုနှစ် နောက်ပိုင်းမှစ၍ ဗဟိုနှင့်အရှေ့ဥရောပနိုင်ငံများအား အဖွဲ့သို့ဝင်ရောက်ခွင့်ပြုခြင်း အဆုံးသတ်ရန် ထပ်မံပြောဆိုခဲ့သည်။

“ကျွန်တော်တို့ကတော့ ယူကရိန်းကို ဘယ်တော့၊ ဘယ်အချိန်၊ ဘယ်သောအခါမှ NATO အဖွဲ့ဝင် နိုင်ငံတစ်ခုအဖြစ် လုံးဝဖြစ်ခွင့်မပေးနိုင်ဘူး။ တခြားဘက်ကို ကျွန်တော်တို့ မယုံကြည်ဘူး” ဟု ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ သံချပ်ကာအကျႌ၊ ရေစိမ်ခံ၊ ကျည်ကာအကျႌလို အလားသဏ္ဌာန်တူတဲ့ ဥပဒေအရ ချုပ်ဆိုစည်းနှောင်မှုမျိုး လိုအပ်တယ်။ သာမန်အာမခံချက်၊ သာမန်လုံခြုံရေး အကာအကွယ်ပေးပုံမျိုးမဟုတ်ဘဲ မလွဲမသွေလိုက်နာရမယ့် ( ‘shall, must’ ) စာလုံးမျိုး ထည့်ပေးရလိမ့်မယ်။ အဲဒီစာသားထဲမှာ ယူကရိန်းဟာ မည်သည့်အချိန်တွင်မှ NATO အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်မလာစေရ (never ever becoming a member of NATO) ဆိုတာ ပါရမယ်။ ဒီအချက်ဟာ ရုရှားရဲ့ အမျိုးသားလုံခြုံရေးပဲ” ဟု ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရက်ဘ်ကော့က ဖြည့်စွက်ပြောဆိုသည်။

အမေရိကန် ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းကမူ “ကျွန်မတို့ဟာ NATO ရဲ့ တံခါးဖွင့်မူဝါဒကို ဘယ်သူတစ်ဦးတစ်ယောက်က ပိတ်ခိုင်းတာမျိုး ခွင့်မပြုနိုင်ဘူး။ အမေရိကန်ပြည်ထောင်စုအနေနဲ့ ယူကရိန်းမပါဘဲ ယူကရိန်းကိစ္စ ဆုံးဖြတ်ချက်မချဘူး။ ဥရောပမပါဘဲ ဥရောပကိစ္စ ဆုံးဖြတ်ချက်မချဘူး။ NATO မပါဘဲ NATO ကိစ္စဆုံးဖြတ်ချက်မချဘူး” ဟု သတင်းထောက်များကို ပြောဆိုသည်။

ရုရှား၏ အရေးတကြီးလိုအပ်ချက်

ယူကရိန်းနယ်စပ်အနီး၌ တပ်အင်အားချထားခဲ့ခြင်းကြောင့် စစ်အေးခေတ်လွန်ကာလတစ်လျှောက် အမေရိကန်-ရုရှား တင်းမာမှုအခြေအနေ အမြင့်ဆုံးသို့ ရောက်ခဲ့ကြသည်။

နှစ်ဖက်လုံး၏ စကားများအရ ရုရှားသည် အခြားတိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ရန် ရည်ရွယ်ခဲ့ခြင်းမရှိကြောင်း ဖော်ပြခဲ့၏။ ရက်ဘ်ကော့ကလည်း ထိုသို့ကျူးကျော်မှုမျိုး မည်သည့်အခါတွင်မှ ပေါ်ပေါက်လာရန်မရှိကြောင်း ပြောဆိုခဲ့ချိန်၌ ရှားမင်းက အကယ်၍ ရုရှားသည် တင်းမာမှုများကို အမှန်တကယ် လျော့ကျစေလိုသည်ဆိုလျှင် နယ်စပ်မှတပ်ဖွဲ့များ အဘယ်ကြောင့် စစ်တန်းလျားသို့ မပြန်နိုင်သနည်းဟု မေးခွန်းထုတ်သည်။

အမေရိကန်ပြည်ထောင်စုဘက်က ရုရှားဆိုလိုသော အရေးတကြီး အခြေအနေအပေါ် တစ်စုံတစ်ရာ နားလည်ကြောင်း ပြသမှုမျိုး မရှိခဲ့ဟု ရုရှားတို့ စောဒကတက်ခဲ့သည်။ ဤသို့ကာလသတ်စည်းမျဉ်း မရှိသည့်အနေအထားအပေါ် ရုရှားတို့အနေနှင့် ရက်သတ္တပတ် သို့မဟုတ် လချီလျက် စောင့်စားနေရန် ပြင်ဆင်မထားကြောင်း ရက်ဘ်ကော့က ပြောခဲ့သည်။

ရက်ဘ်ကော့က ရုရှားသည် NATO ၏ လှုပ်ရှားမှုများကို စောင့်ကြည့်နေရန် လိုအပ်ကြောင်း၊ ထိုသို့စောင့်ကြည့်နေသည့်ကြားမှ အမှားအယွင်း တစ်စုံတစ်ရာရှိခဲ့သော် NATO ၏ ကိုယ်ပိုင်လုံခြုံရေးမှာ ‘ကိုယ်ဖော်သည့်ဆေး ကိုယ်စားမိခြင်း’ သာဖြစ်လိမ့်မည်ဟု ပြောခဲ့သည်။

ဆွေးနွေးပွဲများ ပျက်ပြားသွားပါက ရုရှားသည် ‘စစ်ရေး-နည်းပညာ’ဆိုင်ရာ နည်းလမ်းတစ်ခုခုဖြင့် တုံ့ပြန်မည်ဟု သူက ပြောသည်။ အကယ်၍ အနောက်အုပ်စုက ရုရှားတောင်းဆိုချက်များကို တုံ့ပြန်ရန် ငြင်းဆိုခဲ့မည်ဆိုလျှင် ၂၀၂၁ ခု ဒီဇင်ဘာလအတွင်းက သူရည်ညွှန်းခဲ့သော  တာလတ်ပစ် နျူကလီးယားဒုံးကျည်များ (intermediate-range nuclear missiles- INF)ကို ဥရောပ၌ ပြန်လည်နေရာချထားမှုမျိုး ဖြစ်လာနိုင်သည်ဟု ဆိုပါသည်။

ရှားမင်းကလည်း ရုရှားအနေနှင့် ဆွေးနွေးပွဲများကို စွန့်ခွာသွားမည်ဆိုပါက ရုရှားသည် သံတမန်ရေးရာ အဖြေရှာခြင်းကို ဘယ်သောအခါမှ အလေးမထားကြောင်း ပေါ်လွင်သွားလိမ့်မည်ဟု ပြောထားပြန်သည်။

၀ါရှင်တန်သည်  INF ဒုံးကျည်များနှင့် ပတ်သက်ပြီး ဖြစ်နိုင်ခြေရှိသော ဆွေးနွေးမှုများအတွက် တံခါးဖွင့်ထားကြောင်း၊ လက်ရှိကာလနှင့် အံမဝင်ခွင်မကျတော့သည့် INF စာချုပ်ပါ အချို့အချက်များကို ရုရှားနှင့် အမေရိကန်တို့ ပြန်လည်ညှိနှိုင်းကြရန်၊ ရုရှားက အဆိုပြုထားသော စစ်ရေးလေ့ကျင့်မှုများ၏ အရွယ်အစားနှင့် အတိုင်းအတာကို သတ်မှတ်ပြဋ္ဌာန်းနိုင်ရေး ကြိုးပမ်းသွားရန် ရှားမင်းက ပြောခဲ့သည်။

ရုရှားနှင့် ချုပ်ဆိုခဲ့ကြသော ၁၉၈၇ INF သဘောတူညီချက်ကို မော်စကိုဘက်က ချိုးဖောက်သည်ဟု သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲကာ အမေရိကန်ပြည်ထောင်စုသည် ၂၀၁၉ ခု သြဂုတ်လ၌ တရားဝင်နုတ်ထွက်ခဲ့သည်။ ထိုစွပ်စွဲချက်အပေါ် ကရင်မလင်က ငြင်းဆိုခဲ့၏။

၁၉၈၇ INF စာချုပ်ကို အမေရိကန်ပြည်ထောင်စု သမ္မတရော်နယ်ရေဂင်နှင့် ဆိုဗီယက်ယူနီယံ အထွေထွေအတွင်းရေးမှူး မီခေးလ်ဂေါ်ဘာချက်တို့ ၁၉၈၇ ခု ဒီဇင်ဘာ ၈ ရက်၌ လက်မှတ်ရေးထိုးခဲ့ကြ၏။ ထိုစာချုပ်ကို အမေရိကန်အထက်လွှတ်တော်က ၁၉၈၈ ခု၊ မေ ၂၇ ရက်တွင် အတည်ပြုခဲ့သည်။ ရေဂင်နှင့် ဂေါ်ဘာချက်၏ သဘောတူညီချက်အရ ၁၉၈၈ ခုနှစ် ဇွန်လ ၁ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည်။

စစ်အေးခေတ် အဆုံးသတ်ကာနီးကာလ ၁၉၈၇ INF စာချုပ်အရ မိုင် ၃၁၀ မှ ၃,၄၀၀ အတွင်း ပစ်ခတ်နိုင်စွမ်းရှိသော မြေပြင်မှ မြေပြင်ပစ် တာလတ်ပစ်ဒုံးကျည်များ  ဖြန့်ကျက်ချထားမှုကို ကန့်သတ်ရန် အပြန်အလှန်သဘောတူခဲ့ကြသည်။

ယူကရိန်းအရေးကို အခြေတည်လျက် ပိုမိုကျယ်ပြန့်သော ဥရောပလုံခြုံရေးကိစ္စများအပေါ် ရည်ရွယ်ခဲ့သည့် ၂၀၂၂ ခု ဇန်နဝါရီ ၁၀ ရက် ဂျီနီဗာဆွေးနွေးပွဲသည် ထင်ရှား သိသာသော ရလဒ်ထွက်ပေါ်ခြင်း မရှိခဲ့သော်လည်း နှစ်ဖက်လုံးက ပျူငှာဖော်ရွေသည့် အခင်းအကျင်းမျိုး ဝင်ဆံ့ကြောင်း ပြသနိုင်ခဲ့သည်။

အမေရိကန် ဒုနိုင်ငံခြားရေးဝန်ကြီး ရှားမင်းက ‘ပွင့်လင်း၍ အကွယ်အဝှက်မပါသော’ ဆွေးနွေးပွဲဟု ကင်ပွန်းတပ်ခဲ့သလို၊ ရုရှား ဒုနိုင်ငံခြားရေးဝန်ကြီး ရက်ဘ်ကော့က ခက်ခဲသော်ငြား ထုံးစံနည်းမီ ဆွေးနွေးပွဲဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုသည် ရုရှား၏အဆိုပြုချက်များကို စိတ်ပါဝင်စားစွာ ချဉ်းကပ်မှုပြုခဲ့ကြောင်း ပြောဆိုပါသည်။

လာမည့်ဗုဒ္ဓဟူးနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါ ရီ ၁၂ ရက် ဘရပ်ဆဲလ်တွင်ကျင်းပမည့် NATO အဖွဲ့ဝင်နိုင်ငံများနှင့် အစည်းအဝေး၊ ဆက်လက်၍ ကြာသပတေးနေ့ ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁၃ ရက် ဗီယင်နာတွင်ကျင်းပမည့် ဥရောပလုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Organisation for Security and Cooperation in Europe) အစည်းအဝေးများ၏ တိုးတက်မှုရလဒ်များအပေါ် မျှော်လင့်လျက် ရုရှားက အဆုံးအဖြတ်ပြုသွားမည်ဖြစ်ကြောင်း ရက်ဘ်ကော့က ပြောကြားသွားခဲ့သည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်က အစည်းအဝေးတစ်ကြိမ်တည်းနှင့် အရာရာပြေလည်သွားမည်ဟု သူမမျှော်လင့်ခဲ့ကြောင်း၊ သို့သော် ၀ါရှင်တန်နှင့် မော်စကိုတို့သည် အနာဂတ်ခရီး လျှောက်လှမ်းကြရန်အတွက် အခြေခံအဖြစ် ‘စလုံးရေ စ’ နိုင်ခဲ့ပြီဖြစ်ကြောင်း သုံးသပ်ခဲ့သည်။

နိုင်ငံရေးတတ်သိပညာရှင် ဂုရုကြီး ဟင်နရီကစ်ဆင်ဂျား၏ ‘Diplomacy’ မှ ကောက်နုတ်ချက်စာသားဖြင့် ဆောင်းပါးကို နိဂုံးချုပ်လိုပါသည်။

“သမိုင်းကြောင်းအရ တိုင်းပြည်တစ်ခုသည် စစ်မက်ပြုရန်အထိ အားအင်ဖြည့်တင်းလိုသောအခါ မဟာမိတ်ဖွဲ့စည်းခဲ့ကြ၏။ ပထမကမ္ဘာစစ်ကို  ပြန်ကြည့်လျှင် ထိုသို့မဟာမိတ်ဖွဲ့ကာ ပူးပေါင်းခဲ့ခြင်းက စစ်ကိုမီးမွှေးခဲ့သော အခြေခံစေ့ဆော်ချက်များ ဖြစ်ခဲ့လေ၏။”

Most Read

Most Recent