အာဖဂန်တာလီဘန်၏ အကာအကွယ်အောက်မှ ပါကစ္စတန်တာလီဘန်များ

အာဖဂန်တာလီဘန်၏ အကာအကွယ်အောက်မှ ပါကစ္စတန်တာလီဘန်များ
Published 12 January 2022
ရာဇ

 

နှစ်စဉ်နှစ်တိုင်း ဇန်နဝါရီလ ၁၇ ရက်တွင် ရှာဟာနာသည် ပါကစ္စတန်နိုင်ငံ ပက်ရှ်ဝါမြို့ရှိ ၎င်း၏နေအိမ်တွင် ကိတ်မုန့်တစ်လုံးဖုတ်ပြီး မိတ်ဆွေများကို ဖိတ်ကြားလေ့ရှိသည်။

ယင်းနေ့သည် သူ့သား၏ မွေးနေ့ဖြစ်ပြီး မွေးနေ့ကိတ်ပေါ်မှ ဖယောင်းတိုင်များ၏ အလင်းရောင်နှင့်အတူ မွေးနေ့ဆုတောင်းသီချင်းများ ပျံ့လွင့်ခဲ့ဖူးသည်။

သို့သော် မွေးနေ့ရှင်မရှိတော့သည့် မွေးနေ့များအဖြစ် ဖြတ်သန်းခဲ့ရသည်မှာ ကြာမြင့်လှပြီဖြစ်သည်။

၂၀၁၄ ခုနှစ် ဒီဇင်ဘာလက ပက်ရှ်ဝါမြို့ရှိ စစ်တပ်ပိုင်စာသင်ကျောင်းတစ်ကျောင်းကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ခဲ့သဖြင့် ကျောင်းသားအများစုအပါအဝင်  လူပေါင်း ၁၅၀ ခန့် သေဆုံးခဲ့သည်။ သေဆုံးသူများအနက် ရှာဟာနာ၏သားဖြစ်သူ အက်စ်ဖန်ခန်းလည်းပါဝင်ခဲ့ပြီး ယင်းအချိန်က သူ့အသက်မှာ ၁၅ နှစ်သာ ရှိသေးသည်။

အက်စ်ဖန်သည် ဦးခေါင်းတွင် သေနတ်ဖြင့် အနီးကပ်သုံးချက်အပစ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ယင်းတိုက်ခိုက်မှုကို ပြုလုပ်သူများသည် ပါကစ္စတန်တာလီဘန်များဖြစ်သည်။ ယင်းဖြစ်စဉ်ဖြစ်ပွားခဲ့ပြီး ခုနစ်နှစ်အကြာ ၂၀၂၁ ခုနှစ်တွင် အာဖဂန်နစ္စတန်၌ တာလီဘန်များ အာဏာပြန်ရလာချိန်တွင် ပါကစ္စတန်တာလီဘန်များလည်း ခေါင်းပြန်ထောင်လာကြသည်။ ဒီဇင်ဘာလ၏ နောက်ဆုံးသီတင်းပတ်တွင် ပါကစ္စတန်တာလီဘန်များသည် နိုင်ငံအနောက်မြောက်ပိုင်းတွင် ပါကစ္စတန်စစ်မှုထမ်းရှစ်ဦးကို သတ်ဖြတ်ခဲ့သည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်း တာလီဘန်တို့၏စခန်းများကို တိုက်ခိုက်မှုတွင် ပါကစ္စတန်စစ်သား နှစ်ဦး သေဆုံးခဲ့သည်။ TTP ဟု လူသိများသည့် ပါကစ္စတန် တာလီဘန်များသည် အိမ်နီးချင်း အာဖဂန်နစ္စတန်ရှိ ၎င်းတို့၏ ဌာနချုပ်တွင်အဖွဲ့ကို ပြန်လည်ဖွဲ့စည်းတည်ဆောက်နေသည်ဟု ကုလသမဂ္ဂက ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်ကြောင့် ပါကစ္စတန်ပြည်သူများသည် ပါကစ္စတန်တာလီဘန်တို့၏ အကြမ်းဖက်တိုက်ခိုက်မှုများ နောက်တစ်ကြိမ်ဖြစ်ပွားလာမည်ကို စိုးရိမ်မှုများမြင့်တက်ခဲ့ကြသည်။

ပါကစ္စတန်သည် အာဖဂန်တာလီဘန်များနှင့် ကမ္ဘာ့နိုင်ငံများအကြား ထိတွေ့ဆက်ဆံမှုနှင့် အာဖဂန်၏ စီးပွားရေးပြိုလဲမှုမဖြစ်အောင် ကြိုးပမ်းအားထုတ်ရာတွင် ဦးဆောင်ဦးရွက်ပြုပေးနေသည့်တိုင် လက်ရှိအချိန်အထိ အာဖဂန်တာလီဘန်များသည် ပါကစ္စတန် တာလီဘန်ခေါင်းဆောင်များကို နိုင်ငံအတွင်းမှ နှင်ထုတ်ခြင်း သို့မဟုတ် ပါကစ္စတန်တွင်  တိုက်ခိုက်မှုများပြုလုပ်နေမှုကို ဟန့်တားသည့် လက္ခဏာများ မပြသေးပေ။

ထို့ပြင် အာဖဂန်နစ္စတန်၏ အိမ်နီးချင်းနိုင်ငံများနှင့် တရုတ်၊ ရုရှားနှင့် အမေရိကန်တို့ အပါအဝင် အင်အားကြီးနိုင်ငံများသည် တာလီဘန်တို့နှင့်ဆက်ဆံမှုတွင် ဆုပ်လည်းဆူး၊ စားလည်းရူးအခြေအနေဖြင့် ရင်ဆိုင်နေရသည်။

ဆိုဗီယက်-အာဖဂန်စစ်ပွဲဖြစ်ပွားချိန်မှစပြီး နှစ်ပေါင်း ၄၀ ကျော်ကြာ စစ်ပွဲကာလအတွင်း အာဖဂန်နစ္စတန်တွင် စစ်သွေးကြွအဖွဲ့များစွာ ခိုအောင်းခဲ့ကြပြီး ၎င်းတို့အနက် TTP ကဲ့သို့ လက်နက်ကိုင်အဖွဲ့အချို့သည် အာဖဂန်တာလီဘန်တို့နှင့်လက်တွဲပြီး တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အာဏာရလာခဲ့သည့် အာဖဂန်တာလီဘန်တို့သည် တစ်ချိန်က ၎င်းတို့ဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့ဖူးသည့် စစ်သွေးကြွအဖွဲ့များကို နိုင်ငံအတွင်းမှ နှင်ထုတ်ချင်သည့်ဆန္ဒမရှိခြင်း သို့မဟုတ် နှင်ထုတ်နိုင်စွမ်းမရှိခြင်းတို့ ဖြစ်နိုင်သည်။

အာဖဂန်တွင် အခြားစစ်သွေးကြွအဖွဲ့များနှင့်မတူဘဲ သီးခြားကွဲထွက်နေသည့် စစ်သွေးကြွအဖွဲ့မှာ အိုင်အက်စ်အဖွဲ့ဖြစ်သည်။ အိုင်အက်စ်အဖွဲ့သည် တာလီဘန်အဖွဲ့၏ရန်သူဖြစ်ပြီး ၎င်းတို့သည် အာဖဂန်နစ္စတန်တွင် ရှီးအိုက်မွတ်ဆလင်များကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ကာ စာသင်ကျောင်းများ၊ ဗလီများနှင့် ဆေးရုံများကိုပါ ဗုံးခွဲတိုက်ခိုက်ခဲ့သဖြင့် လူပေါင်းများစွာ သေဆုံးခဲ့သည်။

ယင်းအိုက်အက်စ်အဖွဲ့သည်IS-K ဟု လူသိများသည့် အာဖဂန်အိုက်အက်စ်အဖွဲ့ခွဲဖြစ်သည်ဟု အမေရိကန်က ပြောကြားခဲ့သည်။ တာလီဘန်တို့၏ ကာလကြာရှည်မဟာမိတ်ဖြစ်သည့် အယ်ကေဒါအဖွဲ့ကိုမူ ကြီးမားသည့် ခြိမ်းခြောက်မှုအဖြစ် အမေရိကန်က ရှုမြင်ခြင်းမရှိခဲ့ပေ။ အယ်ကေဒါအဖွဲ့ခေါင်းဆောင် အိုင်မန်အယ်ဇဝါဟီရီမှာ သက်ရှိထင်ရှားရှိနေဆဲဖြစ်သော်လည်း ကျန်းမာရေးမကောင်းသဖြင့် အယ်ကေဒါအဖွဲ့၏ အင်အားမှာ အနည်းငယ်သာ တိုးလာခဲ့သည်ဟု ကုလသမဂ္ဂက ဇူလိုင်လအတွင်း ထုတ်ပြန်ခဲ့သည်။

သို့သော်လည်း အာဖဂန်တွင် အခြားစစ်သွေးကြွအဖွဲ့များစွာ ရှိနေဆဲဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများ၏ စိုးရိမ်မှုများကို မြင့်တက်စေခဲ့သည်။

တရုတ်လက်အောက်မှ ခွဲထွက်ပြီးလွတ်လပ်ရေးလိုချင်နေသည့် ဝီဂါမျိုးနွယ်စုနေထိုင်သည့် ရှင်ကျန်းဒေသတွင် သောင်းကျန်းမှုများဖြစ်လာမည့်အရေးကို တရုတ်အစိုးရက စိုးရိမ်နေသည်။

ဥဇဘတ်ကစ္စတန်တွင် အစ္စလာမ္မာစ်လှုပ်ရှားမှုနှင့်ပတ်သက်ပြီး ရုရှားနှင့် ဗဟိုအာရှနိုင်ငံများက စိုးရိမ်နေသည်။ ပါကစ္စတန်အတွက် စိုးရိမ်ပူပန်မှုမှာ တာရစ်ခ်အီတာလီဘန်ပါကစ္စတန် (TTP) ဆိုသည့် ပါကစ္စတန်တာလီဘန်အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့သည် ၂၀၁၄ ခုနှစ်က ပက်ရှ်ဝါမြို့ရှိ စစ်တပ်ပိုင် စာသင်ကျောင်းကို ဝင်ရောက်တိုက်ခိုက်မှုအပါအဝင် ပါကစ္စတန်တွင် အဆိုးရွားဆုံးအကြမ်းဖက် တိုက်ခိုက်မှုများကို ပြုလုပ်ခဲ့သည့်အဖွဲ့ဖြစ်သည်။

ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်အရ TTP အဖွဲ့ဝင်အင်အား ၄၀၀၀ မှ ၁၀၀၀၀ အကြားရှိသည်ဟု ဖော်ပြခဲ့သည်။ ယင်းအဖွဲ့သည် ပါကစ္စတန်နိုင်ငံအတွင်းနှင့် နယ်စပ်ဒေသများတွင် တပ်သားသစ်များစုဆောင်းပြီး အင်အားတိုးချဲ့နေသည်ဟု လွတ်လပ်သည့် သုတေသနအဖွဲ့ဖြစ်သော ပါကစ္စတန်ငြိမ်းချမ်းရေး လေ့လာမှုအဖွဲ့မှ အမှုဆောင်ညွှန်ကြားရေးမှူး အမီယာရာနာက ပြောကြားခဲ့သည်။

အာဖဂန်တာလီဘန်များသည် ပါကစ္စတန်တာလီဘန်များနှင့် အခြားစစ်သွေးကြွအဖွဲ့များကို နှိမ်နင်းခြင်းမပြုသည့်အချက်မှာ စစ်ရေးအရ အဆင်သင့်မဖြစ်သေးသည့် သဘောမျိုးမဟုတ်နိုင်ကြောင်း ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

“အမှန်တကယ်ကတော့ အာဖဂန်နစ္စတန်မှာIS-K ကလွဲပြီး ကျန်တဲ့စစ်သွေးကြွအဖွဲ့တိုင်းဟာ တာလီဘန်တွေရဲ့ မဟာမိတ်အဖွဲ့တွေဖြစ်နေလို့ပါပဲ။ အဲဒါကြောင့် အာဖဂန်တာလီဘန်တွေဟာ ဒေသတွင်းနိုင်ငံတွေနဲ့ အနောက်အင်အားစုတွေဆီက ဖိအားတွေ တိုးလာခဲ့ရင်တောင် သူတို့ရဲ့ မိတ်ဆွေတွေဘက်ကို သေနတ်ပြောင်းလှည့်မှာ မဟုတ်ပါဘူး” ဟု အမေရိကန်အခြေစိုက် ဝီလ်ဆင်စင်တာမှ အာရှရေးရာ လက်ထောက်ညွှန်ကြားရေးမှူး မိုက်ကယ်ကူဂျယ်မန်က ပြောကြားခဲ့သည်။ အာဖဂန်တွင် စစ်သွေးကြွများ တည်ရှိနေမှုသည် အာဖဂန်တာလီဘန်အဖွဲ့နှင့် နိုင်ငံတကာအကြား ထိတွေ့ဆက်ဆံမှုများ အဆင်ပြေချောမွေ့စေရန် လုပ်ဆောင်ပေးနေသည့် ပါကစ္စတန်၏ အားထုတ်ကြိုးပမ်းမှုများကို ရှုပ်ထွေးစေခဲ့သည်။

ပါကစ္စတန်တွင် TTP အဖွဲ့၏ တိုက်ခိုက်မှုများကြောင့် ထိခိုက်သေဆုံးမှုများသည် အာဖဂန်တာလီဘန်အဖွဲ့အပေါ် ဖိအားများသက်ရောက်စေလိမ့်မည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်။

မကြာသေးမီက ပါကစ္စတန်အစိုးရသည် TTP အဖွဲ့နှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်ခြင်းမရှိခဲ့ပေ။ ပါကစ္စတန်အစိုးရ၏မူဝါဒမှာ  TTP အဖွဲ့ကို ဆွေးနွေးညှိနှိုင်းရန်ကြိုးပမ်းခဲ့ပြီး တစ်ချိန်တည်းမှာပဲ TTP အဖွဲ့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သဖြင့် အခြေအနေကို ရှုတ်ထွေးစေခဲ့သည်ဟု ပါကစ္စတန် ငြိမ်းချမ်းရေးလေ့လာမှုအဖွဲ့မှ ရာနာက ပြောကြားခဲ့သည်။

ပါကစ္စတန်တွင် ဒေါ်လာဘီလျံချီရင်းနှီးမြှုပ်နှံထားသည့် တရုတ်နိုင်ငံကမူ  TTP အဖွဲ့နှင့် ဆွေးနွေးရန်လုပ်ဆောင်ခဲ့သည့် ပါကစ္စတန်အစိုးရ၏ကြိုးပမ်းချက်ကို သဘောကျခဲ့ခြင်း မရှိပေ။ အဘယ်ကြောင့်ဆိုသော် TTP အဖွဲ့သည် တရုတ်၏ ရှင်ကျန်းဒေသမှ ဝီဂါလူမျိုးစုနှင့် ဆက်နွှယ်မှုရှိနေခြင်းကြောင့်ဖြစ်သည်ဟု ရာနာက ဆိုသည်။

ထို့ကြောင့် အာဖဂန်နစ္စတန်တွင် ခိုအောင်းနေသည့် TTP ခေါင်းဆောင်များကို ပါကစ္စတန်သို့ လွှဲပြောင်းပေးအပ်ရန် အာဖဂန်တာလီဘန်များအပေါ် ဖိအားများမြင့် တက်လာခဲ့သည်။

သို့သော်လည်း ပါကစ္စတန်အစိုးရနှင့် အာဖဂန်တာလီဘန်များအကြား ဆက်ဆံရေးမှာလည်း ရှုပ်ထွေးလျက်ရှိသည်။

ပါကစ္စတန်၏ အာဖဂန်ဆိုင်ရာ မူဝါဒချမှတ်မှုတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည့် ပါကစ္စတန်စစ်တပ်သည် လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ကျော်လောက်က တာလီဘန်အဖွဲ့နှင့် ဆက်ဆံရေးခိုင်မာစွာရှိခဲ့သည်။ ယင်းအချိန်က ပါကစ္စတန်၊ အမေရိကန်နှင့် တာလီဘန်တို့သည် အာဖဂန်ကို ကျူးကျော်ဝင်ရောက်ခဲ့သည့် ဆိုဗီယက်တပ်များကို တွန်းလှန်တိုက်ခိုက်ခဲ့သည်။

ထို့နောက် ၂၀၀၁ ခုနှစ်တွင် အမေရိကန်ဦးဆောင်ပြီး အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်ရောက်ချိန်တွင်လည်း ပါကစ္စတန်သည် အာဖဂန်တာလီဘန်များကို ထောက်ပံ့ပေးခဲ့သည်ဟု အမေရိကန်က စွပ်စွဲခဲ့သည်။ ယင်းအချိန်က ပါကစ္စတန်ခေါင်းဆောင်များနှင့် ၎င်းတို့၏မိသားစုဝင်များသည် ပါကစ္စတန်တွင် နေထိုင်ခဲ့သည့်တိုင် ပါကစ္စတန်က အမေရိကန်၏ စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။

အချုပ်ဆိုရလျှင် ပါကစ္စတန်တာလီဘန်များနှင့်ပတ်သက်ပြီး ပါကစ္စတန်နှင့် အာဖဂန်တာလီဘန်များ၏ ဆက်ဆံရေးမှာ ရှုပ်ထွေးနေဆဲဖြစ်သည်။ အကယ်၍ ပါကစ္စတန်အစိုးရသည် TTP ခေါင်းဆောင်များကို လွှဲပြောင်းအပ်နှံရန် အာဖဂန်တာလီဘန်များကို တောင်းဆိုခဲ့သည့်တိုင် မည်သည့်ရလဒ်မှ ထွက်ပေါ်လာနိုင်မည်မဟုတ်ဟု ကမ္ဘာလုံးဆိုင်ရာစစ်သွေးကြွလှုပ်ရှားမှုများကို ခြေရာခံဖော်ပြနေသည့် Long War ဂျာနယ်မှ အယ်ဒီတာတစ်ဦးဖြစ်သူ ဘီလ်ရော့ဂျီယိုက ပြောကြားခဲ့သည်။

“အာဖဂန်တာလီဘန်တွေဟာ အယ်ကေဒါအဖွဲ့ကို နှင်မထုတ်သလို ပါကစ္စတန်တာလီဘန်တွေကိုလည်း နှင်ထုတ်မှာမဟုတ်ပါဘူး။ အဲဒီအဖွဲ့တွေဟာ အာဖဂန်မှာ တာလီဘန်တွေ အောင်ပွဲရစေခဲ့တဲ့ဖြစ်စဉ်မှာ အဓိကနေရာက ပါဝင်ပေးခဲ့ကြလို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ အမေရိကန်နဲ့ နှစ်ပေါင်း ၂၀ ကြာဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာ အာဖဂန်တာလီဘန်တွေဘက်က ကူတိုက်ပေးခဲ့ကြလို့ ဖြစ်ပါတယ်” ဟု ရော့ဂျီယိုက ပြောကြားခဲ့သည်။

Ref: AP

Most Read

Most Recent