သမ္မတ တိုကာယက်အနေနှင့် ခေါင်းဆောင်ဟောင်းအပေါ် သစ္စာခံသည့်တိုင် သူ့ရာထူးနှင့် လိုက်လျောညီထွေရှိသော အခန်းကဏ္ဍကို ပိုမိုတောင့်တင်းလာစေရန် အားထုတ်နေဆဲဖြစ်သည်။ ယခုအခြေအနေက ကာဇက်စတန်၏ ဗျူရိုကရက်နှင့် အာဏာရေပေါ်ဆီများအကြား ယုံကြည်မှုရရှိရေး ကြိုးပမ်းရင်း အစိုးရ၏ တုံ့ပြန်မှုများမှာ နှောင့်နှေးလျက်ရှိကြောင်း ပိုင်းခြားစိတ်ဖြာ သုံးသပ်သူများက ဆိုပါသည်။ ယခုဆန္ဒပြပွဲများ မတိုင်မီကပင် ဒေသခေါင်းဆောင်များကို ရွေးကောက်တင်မြှောက်ရာ၌ သမ္မတက အဆိုပြုခန့်အပ်သည့်စနစ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုမှုများ ရှိခဲ့သည်။ ထို့ပြင် တက်ကြွလှုပ်ရှားသူများက ၁၉၉၁ ခုနှစ်မှ စတင်ကာနိုင်ငံကိုအုပ်ချုပ်ခဲ့သော အစိုးရသည် အတိုက်အခံဟူ၍ ထားရှိခြင်းမပြုခဲ့သည်ကိုလည်း တောက်လျှောက်ဝေဖန်ခဲ့ကြသည်။
တိုကာယက်ကို အားနည်းသော သမ္မတတစ်ယောက်ဟု ယူဆကြပြီး အစိုးရအဖွဲ့ကို ပိုင်ပိုင်နိုင်နိုင် ထိန်းသိမ်းကိုင်တွယ်ရမည့်အစား ရုရှားထံ အားကိုးတကြီး အကူအညီတောင်းသူဟု စွပ်စွဲကြသည်။ ပြီးခဲ့သော သီတင်းပတ်အတွင်း တိုကာယက်သည် ဝန်ကြီးအဖွဲ့ကို အပြောင်းအလဲလုပ်သကဲ့သို့ နာဇာယက်ကို အမျိုးသားလုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာမှ ဖယ်ရှားခဲ့သော်လည်း ဤအကွက်များမှာ နောက်ကွယ်ကကြိုးကိုင်သူ နာဇာယက်၏ ရွှေ့ကွက်များသာဖြစ်ကြောင်း ဆန္ဒပြသူတို့က ယုံကြည်ကြသည်။ သို့သော် သမ္မတတိုကာယက်၏ အစိုးရအာဏာတည်မြဲရေးအတွက် ရုရှားတပ်များကို အလောတကြီးခေါ်ယူမှုနှင့် ပတ်သက်ပြီး မေးခွန်းများပေါ်ထွက်လာကာ အတွင်းစည်း အာဏာလုပွဲများအကြား သမ္မတ၏ရပ်တည်ချက်အပေါ် မျက်ခုံးပင့်စရာ ဖြစ်လာခဲ့၏။
■ဆန္ဒပြပွဲများ၏ နိဒါန်းနှင့်စာကိုယ်
၁၉၉၁ ခုနှစ်၊ လွတ်လပ်သောနိုင်ငံအဖြစ် ထူထောင်ခဲ့ချိန်မှစ၍ ယနေ့အထိအကြီးမားဆုံးသော လူထုအုံကြွမှုဖြစ်စေသည့် ဆန္ဒပြပွဲများသည် ကာဇက်စတန်နိုင်ငံအနောက်ပိုင်း၊ မန်ဂျစ်စတောနယ်မြေ ဇာနိုဇန်မြို့မှ နိဒါန်းပျိုးခဲ့သည်။ အစိုးရသည် ဓာတ်ငွေ့ရည် (liquefied petroleum gas- LPG) စျေးနှုန်းများကို ယခုနှစ်ဦး၌ စျေးနှုန်းမြှင့်တင်လိုက်ခြင်းမှ စသည်။ ကာဇက်နိုင်ငံသားအများစုမှာ ယခင်က စျေးနိမ့်သော ဓာတ်ငွေ့ရည်စျေးနှုန်းကြောင့် ကားများမောင်းနှင်ရန် လောင်စာကို ဖောဖောသီသီ ဝယ်ယူသုံးစွဲနိုင်ခဲ့သည်။ ယခုလိုစျေးမြှင့်လိုက်ခြင်းကြောင့် “ဖောင်စီးရင်း ရေငတ်” ဆိုသလို ရေနံအကြီးအကျယ် ထုတ်ယူရောင်းချလျက်ရှိသော တိုင်းပြည်တစ်ပြည်အတွက် “အရပ်ရပ်နှင့် အနယ်နယ်ကြား၍ မှမတော်” သည့်အဖြစ်သို့ ရောက်ရှိသွားလေ၏။ ထိုအခါလက်ငင်းပြဿနာကို အကြောင်းပြုလျက် မကျေနပ်ချက်များ အုံနှင့်ကျင်းနှင့် ဖြစ်တည်ပြီးသား စီးပွားရေးနှင့် နိုင်ငံရေးဖွဲ့စည်းပုံများကိုပါ နက်နက်ရှိုင်းရှိုင်း ရိုက်ခတ်လာတော့သည်။ ကာဇက်စတန်နိုင်ငံတစ်ဝန်းရှိ မြို့ကြီးများ၌ (ယခင်မြို့တော် အယ်လ်မက်တီ အပါအဝင်) ဆန္ဒပြလူအုပ်ကြီးများ လှိုင်းလုံးသဖွယ် ပေါ်ထွက်လာခဲ့တော့သည်။
ကာဇက်စတန်တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေသော LPG ဓာတ်ငွေ့ရည်ပမာဏကို အလျဉ်မီအောင် မထောက်ပံ့နိုင်ဘဲ ထုတ်လုပ်မှုဖြစ်စဉ်တစ်လျှောက် ပြတ်တောက်မှုများ ပုံမှန်ကြုံတွေ့နေရသည်။ ထို့ကြောင့် ထိုပြတ်တောက်မှုကို ကုစားသည့်အနေနှင့် အစိုးရသည် ဓာတ်ငွေ့ရည်စျေးကို တင်ကြည့်ခြင်းဖြစ်သည်။ LPG တန်ဖိုး နှစ်ဆနီးပါး တက်သွားသည်နှင့် အချိန်မဆိုင်းဆိုသလို တစ်နိုင်ငံလုံးရှိ လူအုပ်ကြီး လမ်းပေါ် ထွက်လာခဲ့သည်။
သွေးဆူနေသောလူအုပ်ကြီးသည် ကာဗွန်လျှော့ထားသော LPG ဓာတ်ငွေ့ရည်ကို နေ့စဉ်မောင်းနှင်သုံးစွဲနေသော ကားအားလုံး၏ အဓိကစွမ်းအင်အဖြစ် အသုံးပြုနေကြသူများ ဖြစ်သည်။ သို့သော် ဤလက်ငင်းဖြစ်ရပ်ကို အခြေပြုကာ နှစ်ရှည်လများဖြစ်တည်လာခဲ့သော လူမှုရေးနှင့် စီးပွားရေး ကွာဟချက်များ၊ ပိုမိုပြင်းထန်လာသော ကပ်ရောဂါဘေးနှင့် ဒီမိုကရေစီဆိတ်သုဉ်းခြင်းတို့ပါ အမှုတွဲအဖြစ် ပါဝင်လာသည်။ ကာဇက်စတန်၏ ပျမ်းမျှလစာမှာ အမေရိကန်ဒေါ်လာ ၅၇၀ ရှိသည်ဟု အစိုးရက ထုတ်ပြန်သော စာရင်းအင်းက ဆိုထားသော်ငြား တကယ့်လက်တွေ့တွင်မူ ထိုပမာဏအောက်လျော့ပါးကြောင်း ပြည်သူများက ပြောကြားသည်။
ဆန္ဒပြပွဲများ အရှိန်မြင့်လာသည်နှင့် တစ်ပြိုင်နက် LPG ဓာတ်ငွေ့ရည်စျေးနှုန်း ကျဆင်းရေးတစ်ခုသာ မဟုတ်တော့ဘဲ ပိုမိုကျယ်ပြန့်သော နိုင်ငံရေးလွတ်လပ်မှုများကို တောင်းဆိုလာသည်။ ဒေသန္တရခေါင်းဆောင်များကို သမ္မတက ရွေးချယ်ခန့်အပ်သော ရွေးကောက်ပွဲစနစ် ပြင်ဆင်ပေးရန်၊ ၁၉၉၁ ခုမှစ၍ အတိုက်အခံနိုင်ငံရေးအင်အားစု မထားခဲ့သော အုပ်ချုပ်မှုစနစ်ကို ပြင်ဆင်ပေးရန် စသည့်အချက်များ ပါဝင်လာသည်။
ကာဇက်စတန်အာဏာပိုင်များကနေ ဝင်မီးငြိမ်းအမိန့်နှင့် တိုင်းပြည်၏ အရေးပေါ်အခြေအနေကို ကြေညာကာ လှုပ်ရှားမှုအားလုံးကို ဇန်နဝါရီ ၁၉ ရက်ထိ ကန့်သတ်ခဲ့၏။ ဆိုရှယ်မီဒီယာများဖြစ်သော Facebook၊ WhtatsApp နှင့် Telegram တို့ကို ဦးစွာဖြတ်တောက်ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်နိုင်ငံ ဇာတိလူမှုမီဒီယာ Wechat ကိုပါ ပိတ်ပစ်ခဲ့သည်။ သမ္မတ၏အမိန့်အရ နိုင်ငံအဝန်း စစ်တပ်များ နေရာယူတပ်ဖြန့်စေခဲ့သည်။
“နိုင်ငံတွင်း တည်ငြိမ်မှုရရှိရန်အလို့ငှာ” စျေးတက်ခဲ့သော LPG ဓာတ်ငွေ့ရည်စျေးနှုန်းကို တစ်လီတာလျှင် ၅၀ tenge (အမေရိကန်ဒေါ်လာ ၀.၁၁)ထိ ပြန်လျှော့ပေးရန် သမ္မတ တိုကာယက်က အမိန့်ထုတ်ခဲ့သည်။ “လူမှု-စီးပွားအခြေအနေ တည်ငြိမ်ရေး” အတွက် အစိုးရအနေနှင့် ဓာတ်ငွေ့ရည်စျေးနှုန်းများ မြှင့်တင်ခြင်းကို ရက် ၁၈၀ အထိ ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း၊ အဆိုပါကာလအတွင်း လူထုအနေနှင့် ခရီးသွားလာ ပို့ဆောင်ရေးကို တွင်ကျယ်စွာ သုံးစွဲနိုင်ပါကြောင်း၊ “ထိခိုက်လွယ်သော ပြည်သူပြည်သားအုပ်စုများ” အတွက် ငှားရမ်းခများ၊ ထောက်ပံ့မှုများကို အာရုံစိုက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။
ဆန္ဒပြသူများဘက်ကလည်း ရေချိန်မြင့်လာသည်နှင့်အမျှ အစိုးရနုတ်ထွက်ပေးရန်၊ ပါလီမန်ခေါ်ယူကာ ဆွေးနွေးအဖြေရှာရန်နှင့် ရွေးကောက်ပွဲအသစ် ကျင်းပပေးရန်ဆိုသော အချက်များထိ တောင်းဆိုလာသူအနည်းငယ် ထွက်ပေါ်လာသည်။ အခြေအနေမှာ နှစ်ဖက်လုံးအနေနှင့် “တစောင်းစေးနှင့် မျက်ချေး” အဖြစ်သို့ ရောက်ရှိသွားခဲ့ကြပြီး ညှိနှိုင်းဆွေးနွေးရန် အခွင့်မသာခဲ့ပါ။
ယခင်မြို့တော်ဖြစ်ခဲ့သည့် တိုင်းပြည်၏အကြီးဆုံးမြို့ အယ်မက်တီ မြို့တော်ခန်းမတွင် မီးဟုန်းဟုန်းတောက်ခဲ့၏။ ဒေါသထွက်နေသော လူအုပ်ကြီးသည် လေဆိပ်သို့ ဆက်သွားကာ စီးနင်းရန်ကြံစည်၏။ ဆန္ဒပြသူများက ရဲကားများနှင့် ဒေသန္တရအုပ်ချုပ်ရေး တာဝန်ယူထားသော Nur Otan ပါတီ၏ရုံးခွဲကို မီးရှို့၏။ ရဲဘက်ကလည်း အရာရှိ ၁၃ ဦး သေဆုံး၍ ၃၅၃ ဦး ဒဏ်ရာရသဖြင့် ဆန္ဒပြသူများအပေါ် ပြင်းပြင်းထန်ထန်နှိပ်ကွပ်၏။
သမ္မတ ကက်ဆန်-ဂျိုမာ့ တိုကာယက်က “လူရမ်းကားများ” ကို “ကြိုတင်သတိမပေးဘဲ ပစ်ခတ်ရန်” လုံခြုံရေးတပ်ဖွဲ့များအား အမိန့် ပေးခဲ့၏။ ဤအချက်မှာ သူအာဏာရယူခဲ့သော သုံးနှစ်မဲ့မဲ့ကာလအတွင်း ရင်ဆိုင်ခဲ့ရသမျှ စိန်ခေါ်မှုအတွက် အပြင်းထန်ဆုံးသော တုံ့ပြန်ချက်ဖြစ်သည်။ သူ့အုပ်ချုပ်မှုသက်တမ်းအတွင်း ပုံစံမျိုးစုံနှင့် သဘောထားကွဲခဲ့ကြသော အစိုးရဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ၊ လူ့အခွင့်အရေး စာဖတ်ပြသူများ နှင့် လွတ်လပ်သောစာနယ်ဇင်းသမားများအပေါ် တိုကာယက်ပေးလိုက်သည့်အဖြေဟုလည်း ယူသော်ရပါ၏။
မတည်မငြိမ်ဖြစ်နေသော ဆန္ဒပြပွဲများက ရုရှားသို့မဟုတ် အမေရိကန်ကို အပြိုင်အဆိုင် လာရောက်သြဇာချဲ့ထွင်ရန် လက်ယပ်ခေါ်သကဲ့သို့ ဖြစ်နေသည်။ မထွေးနိုင် မအန်နိုင် မကျေနပ်ချက်ပေါင်းစုံတို့သည် အာဏာရှင်အစိုးရအောက်ရှိ မွန်းကျပ်မှုများကို ဖောက်ထုတ်ရာ ဖြစ်နေပြီး ဒေသအလိုက် အဂတိလိုက်စားမှုများနှင့် နိုင်ငံရေးနှင့် စီးပွားရေး၌ အခွင့်ထူးခံ လူနည်းစုကိုပါ ဦးတည်ခဲ့သည်။
ဝန်ကြီးချုပ် အက်စ်ကာ မာမင်နှင့် ဝန်ကြီးအဖွဲ့ နုတ်ထွက်သွားသကဲ့သို့ ယခင်သမ္မတဟောင်း နာဆူလတန် နဇာဘာယက်ကို ဖယ်ရှားလျက် အမျိုးသားလုံခြုံရေးကောင်စီကို သမ္မတ ကက်ဆန်-ဂျိုမာ့ တိုကာယက် ကိုယ်တိုင် တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။
■ လုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (CSTO)
ကာဇက်စတန်သမ္မတသည် တိုင်းပြည်အတွင်းရှိ အခြေအနေအရပ်ရပ်ကို ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့သည်။ မငြိမ်မသက်မှုများကို ရပ်တန့်စေရန် တတ်နိုင်သမျှ ခက်ခဲစွာ ကိုင်တွယ်နေကြောင်း သမ္မတ တိုကာယက်က ဇန်နဝါရီ ၅ ရက်၌ ပြောကြားခဲ့၏။ လေဆိပ်ကို စီးနင်းဝင်ရောက် သိမ်းပိုက်ခဲ့သူများကို အကြမ်း ဖက်သမားများဟု သူက ခေါ်ဆိုပြီး နိုင်ငံတော်ကို ဖျက်ဆီးသူများ ဖြစ်ကာ အများစုမှာ ပြည်ပ၌ စစ်သင်တန်း တက်ရောက်ခဲ့သူများ ဖြစ်ကြောင်း အခိုင်အမာ ပြောဆိုခဲ့သည်။
ဤမျှကြီးထားလာသော ထိန်းရခက်သည့် ဆန္ဒပြပွဲများအတွက် ရုရှားဦးဆောင်သော ယခင်ဆိုဗီယက်အတွင်းရှိ နိုင်ငံများ ပါဝင်ဖွဲ့စည်းထားသည့် စစ်ရေးမဟာမိတ်အဖွဲ့ပင် ဖြစ်ပါသည်။ လုံခြုံရေးသဘောတူစာချုပ်အဖွဲ့ (The Collective Security Treaty Organization) တွင် ရုရှား၊ ဘီလာရုစ်၊ အာမေးနီးယား၊ ကာဇက်စတန်၊ ကာဂျစ်စတန်နှင့် တာဂျစ်စတန်တို့ ပါဝင်သည်။ အာမေးနီယားဝန်ကြီးချုပ် နီကိုးပါရှင်ယန်က တည်ငြိမ်မှုရရှိစေရန်နှင့် ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိစေရန်အတွက် ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်ဖွဲ့များကို ကာဇက်စတန်သို့ စေလွှတ်မည်ဖြစ်ကြောင်း စတင်ပြောဆိုလာခဲ့သည်။
၂၀၂၂ ခု၊ ဇန်နဝါရီ ၆ ရက်၌ CSTO သည် ငြိမ်းချမ်းရေးထိန်းသိမ်းမှု တပ်ဖွဲ့များ ကို ကာဇက်စတန်နိုင်ငံအတွင်းသို့ စတင်ပို့ဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်ကြမည့် ရုရှားတပ်ဖွဲ့အင်အား ၃,၀၀၀ ကို စစ်လေယာဉ်ဖြင့် ကာဇက်စတန်သို့ ပို့ဆောင်ပေးခဲ့သည်။
ရုပ်မြင်သံကြားမှ ထုတ်လွှင့်ခဲ့သော သမ္မတ တိုကာယက်၏ မိန့်ခွန်းတွင် “အကြမ်းဖက်သမားတွေဟာ နိုင်ငံတော်နဲ့ ပုဂ္ဂလိကပိုင်ပစ္စည်းတွေကို ဆက်လက်အန္တရာယ်ပြုနေကြပါတယ်။ နိုင်ငံသားတွေကို ဆန့်ကျင်ပြီး လက်နက်တွေကိုင်စွဲနေကြပါပြီ” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် CSTO တပ်ဖွဲ့များ နိုင်ငံအတွင်းသို့ ဝင်ရောက်လာမည်ဖြစ်ပြီး ကာလတိုအတွင်း ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို အကောင်အထည်ဖော်သွားလိမ့်မည်ဟု သူက ပြောခဲ့သည်။
မိန့်ခွန်းတွင် လက်ရှိပဋိပက္ခနှင့် ပတ်သက်၍ ငြိမ်းချမ်းရေးဆွေးနွေးကာ အဖြေရှာရန်ဆိုသော နိုင်ငံတကာအသိုင်းအဝိုင်း၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပြီး လက်နက်ကိုင်သောင်းကျန်းလျက်ရှိသော ဒေသတွင်းနှင့် ပြည်ပ၌ပါ လေ့ကျင့်ပေးထားသည့် လူရမ်းကားများနှင့် တွေ့ဆုံဆွေးနွေး စကားပြောဆိုရေးမှာ မဖြစ်နိုင်ကြောင်း ဖော်ပြခဲ့သည်။
သမ္မတက ဤအကြမ်းဖက်မှုသည် သေချာစွာ လေ့ကျင့်ပေးထားသော စစ်ပုံစံဖွဲ့စည်းမှုမျိုးဖြစ်ပြီး မြုံနေသော ကလာပ်စည်းများ ပေါင်းစုကာ အကြမ်းဖက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း၊ ကျွမ်းကျင်သော လေ့ကျင့်ပေးသူများက စိတ်ပိုင်းဆိုင်ရာ အဖျက်အမှောင့်ပါ ထည့်သွင်းပေးထားခြင်းဖြစ်ကြောင်း အခိုင်အမာဆိုခဲ့သည်။ ဆန္ဒပြသူ အမျိုးသမီးတစ်ဦးကမူ “ကျွန်မတို့ဟာ ရာဇဝတ်သားတွေ မဟုတ်သလို အကြမ်းဖက်သမားတွေလည်း မဟုတ်ပါဘူး။ ဒီနိုင်ငံမှာ သေချာပေါက်ဖြစ်နေတာက ဇောက်ထိုးမိုးမျှော် လျှောက်လုပ်နေတာပါ” ဟု နိုင်ငံတကာမီဒီယာများသို့ ပြောဆိုခဲ့သည်။
CSTO ၏ အချိန်နှင့်တစ်ပြေးညီ တုံ့ပြန်မှုက ဒေသတွင်းနိုင်ငံများအပေါ် ရုရှားသမ္မတ ပူတင်က အချက်ပြလိုက်ခြင်းဖြစ်ပြီး ရုရှား၏အကျိုးစီးပွားနှင့် စပ်ဆိုင်လာပါက အသင့်အနေအထားရှိကြောင်း ပြသလိုက်ခြင်းဖြစ်၏။ လက်ရှိအနေအထားတွင် ရုရှားတပ်ဖွဲ့များ သည် အယ်လ်မက်တီလေဆိပ်၌ လုံခြုံရေးယူလျက်ရှိကြသည်။ ကာဇက်စတန်သမ္မတ တိုကာယက်က “ကျွန်တော့်တောင်းဆိုချက်ကို အချိန်မဆိုင်းဘဲ သူလုပ်ပေးခဲ့တယ်။ အလွန်အင်မတန် အရေးထားပြီး နွေးနွေးထွေးထွေးနဲ့ မိတ်ဆွေရင်းချာလို ကူညီခဲ့တာ” ဟု ပူတင်အပေါ် ချီးမွမ်းခန်းဖွင့်ခဲ့သည်။
လွန်ခဲ့သော ၂၀၁၈ ခုနှစ်၊ Democratic Choice of Kazakhstan လှုပ်ရှားမှုအတွင်း ကာဇက်စတန်အာဏာပိုင်များက အစွန်းရောက်အဖြစ် ကြေညာခဲ့သူ ဘိုတာဂျာဒမ်မာလိုင်းသည် လက်ရှိကာလတွင် ဘယ်လ်ဂျီယမ်၌ နိုင်ငံရေးခိုလှုံနေရသည်။ “ကာဇက်စတန်မှာရှိတဲ့ အာဏာမက်သူတွေအားလုံး တစ်ချိုးတည်း တူကြပုံက သူတို့ကိုယ်သူတို့ ဘယ်လိုရှင်အောင် မွေးရမှာကို သိပါ့။ လူတွေ ဆန္ဒပြလာရင် ဘယ်လိုပိတ်ပင်မယ်၊ ဘယ်လိုခြောက်လှန့်မယ်၊ ပြီးတော့ ဘယ်လိုအပြစ်ပုံချမယ်ဆိုတာ ကျွမ်းပြီးသား” ဟု ဂျာဒမ်မာလိုင်းက ပြောခဲ့သည်။
လက်ရှိကာဇက်စတန် အကျပ်အတည်းသည် ရုရှားဘက်ကကြည့်သော် အခွင့်အလမ်းကောင်းဟု ဆိုနိုင်သည်။ ယူကရိန်းကိစ္စနှင့်ပတ်သက်၍ အမေရိကန်အပါအဝင် အနောက်နိုင်ငံများနှင့် တင်းမာမှုမြင့်တက်နေချိန်၌ ယခုအရေး ထ,ပေါ်ခြင်းဖြစ်သည်။ ရုရှားနှင့် အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့်အရာရှိကြီးများမှာ ဇန်နဝါရီ ၁၀ ရက်တွင် ဂျီနီဗာ၌ ယူကရိန်းအရေး ဆွေးနွေးကြပါလိမ့်မည်။ ထိုသို့ စားပွဲဝိုင်းသို့ မလာရောက်ကြမီ ရုရှားအနေနှင့် သူ၏စစ်ရေးဆိုင်ရာ ကြွက်သားအချို့ကို ထုတ်ပြပြီးသား အခြေအနေပင်ဖြစ်သည်။ မော်စကိုအနေနှင့် အကျိုးစီးပွားကို ထိပါးလာလျှင် ပြည်တွင်းပြည်ပတပ်အင်အား ဖြန့်ကြက်ရန် ဖင့်လေးနှေးကွေးမှု တစ်စုံတစ်ရာမရှိကြောင်း နမူနာပေးလိုက်ခြင်းဖြစ်သည်။
■ ထိန်းချုပ်မှု၊ တပ်စွဲမှုနှင့် ဂယက်များ
ကာဇက်စတန်ဘက်က တွေးဆမည်ဆိုလျှင် မော်စကို၊ ဘေဂျင်းနှင့် ၀ါရှင်တန်တို့အကြား သုံးနိုင်ငံလုံးနှင့်သင့်မြတ်ကာ အင်အားကြီးတို့လက်ထဲ ကြားမညပ်စေရန် ကြိုးပမ်းနေရပုံပေါ်သည်။ ရုရှားကို အကူအညီတောင်းခဲ့ရသော်လည်း အတိုင်းအတာ အကန့်အသတ်တစ်ခုအတွင်းသာ ထားရှိပြီး အမေရိကန်မျက်နှာမညိုရန် မည်သို့ဆောင်ရွက်မည်မှာ စိတ်ဝင်စားဖွယ်ကောင်းသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က “ကျွန်တော် နားလည်သလောက်တော့ ကာဇက်အာဏာပိုင်တွေနဲ့ အစိုးရမှာ ဆန္ဒပြပွဲတွေကို လိုက်လျောညီထွေ ထိန်းသိမ်းနိုင်တဲ့စွမ်းရည် အလုံအလောက် ရှိကြပါတယ်။ တရားဥပဒေစိုးမိုးရေးနဲ့ ငြိမ်ဝပ်ပိပြားရေးကို ဆောင်ရွက်နေချိန်မှာ ဆန္ဒပြသူတွေရဲ့ အခွင့်အရေးကိုလည်း အသိအမှတ်ပြုလေးစားရပါ့မယ်။ ဒါကြောင့် သူတို့ ဘယ်လိုတွေးပြီး ပြင်ပအကူအညီရယူဖို့ စဉ်းစားကြတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိလှပါဘူး။ ဒီတော့ ဒီကိစ္စအတွက် ကျွန်တော်တို့ ပိုပြီးလေ့လာကြရမှာပါ”ဟု ပြောကြားခဲ့သည်။
တစ်ဖန် တရုတ်နိုင်ငံ၏အသံကို နား ထောင်ကြည့်ပါစို့။ ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းက ကျင်းပခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကာဇက်စတန် အခြေအနေနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင်က ကာဇက်စတန်အစိုးရသည် အားကောင်းသော ဆောင်ရွက်မှုများကိုပြုလုပ်ပြီး အကြမ်းဖက်လုပ်ရပ်များကို တိုက်ခိုက်၍ လူမှုတည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်နေခြင်းဟု တရုတ်ပြည်ဘက်က သိရှိရကြောင်း၊ အိမ်နီးချင်းနိုင်ငံနှင့် ထာဝရဘက်စုံမဟာဗျူဟာ မိတ်ဖက်အနေနှင့် တရုတ်နိုင်ငံသည် ကာဇက်စတန်နိုင်ငံအား အခက်အခဲများကို ကျော်လွှားရန် လိုအပ်သော ကူညီထောက်ပံ့မှု ပေးလိုကြောင်း ပြောကြားခဲ့သည်။
၂၀၂၂ ခု၊ ဇန်နဝါရီ ၉ ရက် CNN သတင်းအရ ကာဇက်စတန် ဆန္ဒပြပွဲ ပဋိပက္ခအတွင်း သေဆုံးသူစုစုပေါင်း ၁၆၄ ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရသူ ၅,၁၃၅ ဦး၊ တိုင်ချက်ဖွင့်ထားသော ရာဇဝတ်မှု ၁၂၅ မှုရှိကြောင်း သိရသည်။ အမှုများတွင် အကြမ်းဖက်မှု၊ လူသတ်မှု၊ လုယက်မှုများ ပါဝင်ကြောင်း၊ ကနဦးစုံစမ်းချက်များအရ ဘဏ်များအပါအဝင် စီးပွားရေးလုပ်ငန်း ၁၀၀ ကျော်နှင့် ကားအစီးရေ ၄၀၀ ကျော် ဖျက်ဆီးခံခဲ့ရကြောင်း၊ ဆုံးရှုံးမှုတန်ဖိုး ယူရို ၁၇၅ သန်း (အမေရိကန်ဒေါ်လာ ၁၉၈ သန်း) ရှိကြောင်း နိုင်ငံပိုင်သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။ ဖမ်းဆီးထိန်းသိမ်းသူများထဲတွင် ကာဇက်စတန် ထောက်လှမ်းရေး အကြီးအကဲဟောင်း ကာရင်မက်ဆီမော့လည်း ပါဝင်သည်။ သူ့ကို နိုင်ငံတော်ပုန်ကန်ရန် ကြံစည်သည်ဟု သံသယရှိသဖြင့် ဖမ်းဆီးထိန်းသိမ်းလိုက်ပြီဖြစ်ကြောင်း ယင်းကော်မတီက ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
နောက်ဆုံးသတင်းများအရ ကာဇက်စတန်နိုင်ငံတစ်ဝန်း လုံခြုံရေးအခြေအနေ တည်ငြိမ်မှုရှိလာပြီး အခြေအနေအရပ်ရပ်အား ထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း ကာဇက်စတန်နိုင်ငံ သမ္မတရုံးဝက်ဘ်ဆိုက်က ဇန်နဝါရီ ၉ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တရားဥပဒေစိုးမိုးရေးဌာနနှင့် လက်နက်ကိုင်တပ်ဖွဲ့များက ကာဇက်စတန်နိုင်ငံအတွင်း စနစ်တကျ ပြန်လည်လည်ပတ်နိုင်ရန်နှင့် ဒေသအသီးသီးတွင် အရေးပေါ်အခြေအနေဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာမှုရှိအောင် ဆောင်ရွက်လျက်ရှိပြီး မဟာဗျူဟာအဆောက်အအုံများကို လုံခြုံရေး သဘောတူစာချုပ်အဖွဲ့ (CSTO) ၏ ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်ဖွဲ့သို့ လွှဲပြောင်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ လက်ရှိတွင် အကြမ်းဖက်သူများကို ဆက်လက်ရှာဖွေ ဖမ်းဆီးလျက်ရှိပြီး စစ်ဆေးမှု၊ ပြစ်မှုသက်သေ စုဆောင်းမှုများပြုလုပ်လျက်ရှိကြောင်း ဖော်ပြထားသည်။
၂၀၂၂ ခု၊ ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်း ကာဇက်စတန်အာဏာပိုင်များက နိုင်ငံပိုင်သတင်းဌာနမှ ယခုလို ထုတ်ဖော်ပြောကြားသွားခဲ့သည်။
“အယ်မက်တီနဲ့ နိုင်ငံတွင်း တခြားဒေသတွေမှာ ပေါ်ပေါက်ခဲ့တဲ့ ဖြစ်ရပ်တွေအရ ကာဇက်စတန်ဟာ ပြည်ပမှာ ကောင်းမွန်စွာ လေ့ကျင့်ပေးထားတဲ့ သေသေချာချာ စုဖွဲ့ထားတဲ့ အကြမ်းဖက်အုပ်စုတွေရဲ့ ပစ်မှတ်ထားပြီး လက်နက်ကိုင်တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ ကနဦးရရှိတဲ့ အထောက်အထားတွေအရ တိုက်ခိုက်သူတွေထဲမှာ အစွန်းရောက် အစ္စလာမ္မစ်အုပ်စုတွေရဲ့ စစ်ဆင်ရေးဆိုင်ရာ တိုက်ပွဲအတွေ့အကြုံရှိသူတွေ ပါဝင်နေပါတယ်။”










