ကိုဗစ်အရေး သွေးအေးလို့ မရသေးပါ

ကိုဗစ်အရေး သွေးအေးလို့ မရသေးပါ
ပေါင်မြို့မရဲစခန်းအတွင်း အချုပ်သားများ ကိုဗစ် Positive တွေ့ရှိခဲ့ပြီးနောက် ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို တွေ့ရစဉ်  (ဓာတ်ပုံ-နတ်သား (ပေါင်))
ပေါင်မြို့မရဲစခန်းအတွင်း အချုပ်သားများ ကိုဗစ် Positive တွေ့ရှိခဲ့ပြီးနောက် ရောဂါစစ်ဆေးမှုများပြုလုပ်နေသည်ကို တွေ့ရစဉ်  (ဓာတ်ပုံ-နတ်သား (ပေါင်))
Published 9 January 2022
ဘိုဘိုမြင့် (မော်လမြိုင်)

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စက်တင်ဘာလဆန်းပိုင်းကစလို့ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်ကူးစက်ကပ်ရောဂါနဲ့ပတ်သက်လို့ ကူးစက်ဖြစ်ပွားမှုနှုန်းနဲ့သေဆုံးမှုက သိသိသာသာကို လျော့ကျလာပါတယ်။

၂၀၂၁ ခုနှစ် စက်တင်ဘာလအတွင်းမှာ Positive လူနာသစ် ၃၂၀၉ ဦးရှိခဲ့သေးပေမဲ့လည်း အောက်တိုဘာလ အတွင်းမှာတော့ Positive လူနာသစ် ၁၀၇၁ ဦး၊ နိုဝင်ဘာလအတွင်းမှာ ၃၄၉ ဦးသာရှိခဲ့ပါတယ်။

အတည်ပြုလူနာ သေဆုံးမှုအနေနဲ့ကလည်း ၂၀၂၁ ခုနှစ် စက်တင်ဘာမှာ ၂၆၂ ဦး ရှိခဲ့ပေမဲ့ အောက်တိုဘာမှာ ၆၀ ဦးသာရှိခဲ့ပါတယ်။ နိုဝင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ်မှာအတွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၄ ဦးသာ သေဆုံးခဲ့ပါတယ်။

ကိုဗစ်နဲ့ပတ်သက်လို့ ကူးစက်ဖြစ်ပွားမှုတွေ၊ သေဆုံးမှုက လျော့ကျလာတဲ့အတွက်ကြောင့်လည်း မွန်ပြည်နယ်အတွင်းမှာStay at Home အဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ မြို့နယ်တွေထဲကမှ ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်က သထုံမြို့နယ်၊ နိုဝင်ဘာ ၁၁ ရက်က မော်လမြိုင်မြို့နယ်နဲ့ သံဖြူဇရပ်မြို့နယ်၊ နိုဝင် ဘာ ၂၄ ရက်က ချောင်းဆုံမြို့နယ်နဲ့ ဒီဇင်ဘာ ၁၁ ရက်က ဘီးလင်းမြို့နယ်တို့ကို Stay at Home အစီအစဉ်ကနေ ပယ်ဖျက်လိုက်ပြီလည်း ဖြစ်ပါတယ်။

ဒီလိုအခြေအနေကြောင့်လည်း ပြည်သူတွေအနေနဲ့က သတိလက်လွတ်နဲ့ ပေါ့ပေါ့ ဆဆနေလာကြတဲ့ သဘောမျိုးတွေ တွေ့လာရပါတယ်။ အပြင်ထွက်ရင် Mask မတပ်ကြတော့ဘူး။ လူစုလူဝေးတွေ ဖြစ်တွေ့လာရပါပြီ။

“ဒီကပ်ရောဂါကို ပေါ့ဆလို့တော့မရဘူး။ ကိုဗစ်က တချို့ဥရောပလို နိုင်ငံတွေမှာ ရောဂါ ကူးစက်မှုတွေ ပြန်ဖြစ်နေတယ်လေ။ အဲဒါမျိုးတွေကြောင့် ကိုယ့်နိုင်ငံမှာလည်း ဒီကပ်ရောဂါနဲ့ပတ်သက်ပြီးတော့ ပေါ့လို့တော့မရဘူး။ ပေါ့ဆပြီးနေနေရင်တော့ ရောဂါက ပြန်ဖြစ်ကြမှာပဲ။ အားလုံး ကိုဗစ်စည်းကမ်းချက်တွေ နဲ့အညီ နေထိုင်ကြဖို့တော့လိုအပ်နေပါသေးတယ်။ လက်ရှိမှာ ပြည်သူတွေကလည်း ဒီကပ်ရောဂါကို မေ့လျော့လာကြတဲ့သဘောမျိုးတွေ တွေ့မြင်နေရပါတယ်”လို့  ပြည်နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးမှူး ဒေါက်တာ နန္ဒဝင်းက ပြောပါတယ်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာတော့ မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်မှာ အတည်ပြုလူနာသစ် ခုနစ်ဦး၊ ဘီးလင်းမြို့နယ်မှာ အတည်ပြုလူနာသစ် ကိုးဦး၊ သထုံမြို့နယ်မှာ အတည်ပြု လူနာသစ်ငါးဦးနဲ့ ပေါင်မြို့နယ်မှာ အတည်ပြု လူနာသစ် ၂၀ ဦးရှိခဲ့ပါတယ်။

ထို့အတူပဲ မော်လမြိုင်မြို့နယ်မှာ အတည်ပြုလူနာသစ် ၁၄ ဦး၊ ကျိုက်မရောမြို့နယ်မှာ အတည်ပြုလူနာသစ် ၁၁ ဦး၊ ချောင်းဆုံမြို့နယ်မှာ အတည်ပြုလူနာသစ် ၂၆ ဦး၊ မုဒုံမြို့နယ်မှာ အတည်ပြုလူနာသစ် ၃၀၊ သံဖြူဇရပ်မြို့နယ်မှာ အတည်ပြုလူနာသစ် ၂၈ ဦး၊ ရေးမြို့နယ်မှာ အတည်ပြုလူနာသစ် ၁၉ ဦး ရှိခဲ့ပါတယ်။

ပြည်ပနိုင်ငံက ပြန်လာသူများအနက်က ၇၀ ဦးမှာလည်း ကိုဗစ် Positive တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အတည်ပြုလူနာများထဲက ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ မုဒုံနဲ့ သံဖြူ ဇရပ်မြို့နယ်တွေက တစ်ဦးစီနဲ့ ချောင်းဆုံမြို့နယ်က နှစ်ဦး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ကိုဗစ် နဲ့ပတ်သက်လို့ထူးခြားမှုအနေနဲ့က ပေါင်မြို့မရဲစခန်းအတွင်းမှာရှိတဲ့ အချုပ်ခန်းမှာ အချုပ်သားတွေရောဂါကူးစက်ဖြစ်ပွားမှုဖြစ်စဉ်၊ ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာမှာရှိတဲ့ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းက ကျောင်းသားကျောင်းသူလေးတွေ ရောဂါကူးစက်ခံရမှု ဖြစ်စဉ်တွေ ဖြစ်ပါတယ်။

“ပေါင်မြို့မရဲစခန်းက အချုပ်သားတစ်ဦး နေမကောင်းဖြစ်နေလို့ ဒီဇင်ဘာလ ၁၀ ရက် က ဆေးရုံမှာဆေးကုသမှုပေးဖို့အတွက် ဆေးစစ်တဲ့အခါမှာ ကိုဗစ်လက္ခဏာတွေ့ရှိလို့ Swab ယူပြီးစစ်ကြည့်လိုက်တော့ Positive ဖြစ်နေတာကိုတွေ့ရတာပါ။ သူ့ကိုပေါင်မြို့  မှာ ဆေးကုသမှုပေးထားပါ တယ်။  နောက်ပြီး အဲဒီအချုပ်သားနဲ့အတူ အချုပ်ကျနေတဲ့ အချုပ်သား ၃၂ ဦးကို ဆေး စစ်တဲ့အခါမှာလည်း အချုပ်သား ၁၆ ဦးမှာ Positive ထပ်ဖြစ်တာကို စစ်ဆေးတွေ့ရရပါတယ်”လို့ ပေါင်မြို့မှ ကိုဗစ်အရေးကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

ထို့နောက် ပေါင်မြို့မရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင်များ၊ မိသားစုများနှင့် ဆက်စပ်သူ ၈၀ ဦးအား ဒီဇင်ဘာ ၁၄ ရက်က RDT ဖြင့် စစ်ဆေးရာတွင် Negative အဖြေထွက်ခဲ့ကြောင်းနှင့် PCR ဖြင့်စစ်ဆေးခဲ့သည့် ရဲတပ်ဖွဲ့ဝင်  ၁၄ ဦး အနက် ရဲတပ်သားတစ်ဦးတွင်ကိုဗစ် Positive ဖြစ်နေသည်ကို တွေ့ရှိခဲ့ရကြောင်း ၎င်းက ဆက်ပြောပါတယ်။

“တချို့ကလည်း ကိုဗစ်ပြီးသွားပြီ ထင်နေကြတယ်။ အခုဆိုရင် ကိုဗစ်ရဲ့ သန္ဓေပြောင်း Omicron ဆိုရင် ကိုယ့်ရဲ့အိမ်နီးချင်းနိုင်ငံတွေ မှာ ကူးစက်ဖြစ်ပွားနေပြီ။ ကျွန်တော်တို့မှာလည်း အခုလို ကိုဗစ်နဲ့ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့စည်းကမ်းတွေကို မလိုက်နာကြဘူးဆိုရင် နောက်နှစ်လ၊ သုံးလလောက်မှာ ရော ဂါကူးစက်ဖြစ်ပွားမှုတွေ ပြန်ဖြစ်လာနိုင်တယ်လို့ ယူဆပါတယ်။ ဒါ့ကြောင့်လည်း ပြည်သူတွေ အနေနဲ့ Mask တွေမချွတ်စေချင်သေးဘူး” လို့ အဆိုပါ ပေါင်မြို့က ကိုဗစ်အရေး ကူညီဆောင်ရွက်ပေးနေသူတစ်ဦးက ပြောပါတယ်။

နောက်ထပ် ထူးခြားမှုတစ်ခုဖြစ်တဲ့ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၊ ရွာလွတ်ကျေးရွာရှိ အမှတ် (၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသားကျောင်းသူ ငါးဦးမှာ ကိုဗစ် Positive တွေ့ရှိထားတဲ့ဖြစ်စဉ်က အဆိုပါ ကျောင်းက တတိယတန်းမှာ ပညာသင်ကြားနေတဲ့ ကျောင်းသူလေးတစ်ဦးမှာ ဒီဇင်ဘာ ၁၈ ရက်က အနံ့မရတဲ့အတွက် သူ့ကို ဆေးစစ်ရာ ကိုဗစ် Positive ဖြစ်နေတာကို တွေ့ရကြောင်း၊ ထို့နောက် အဲဒီကျောင်းသူလေးရဲ့ မိသားစုဝင်များ  ထပ်မံဆေးစစ်ကြည့်တဲ့အခါမှာ အဘွားဖြစ်သူနဲ့ အစ်ကိုဖြစ်သူ စတုတ္ထတန်း ကျောင်းသားမှာလည်း ကိုဗစ် Positive ဖြစ်နေတာကို တွေ့ရတယ်လို့ ချောင်းဆုံမြို့နယ်  ကျန်း မာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “အဲဒါနဲ့ ချောင်းဆုံမြို့နယ်က ဓာတ်ခွဲစစ်ဆေးတဲ့အဖွဲ့က ရွာလွတ် ကိုဆင်းသွားပြီးတော့ ရွာလွတ်အမှတ် (၁) ကျောင်းမှာ ကျောင်းသားကျောင်းသူ ၄၄ ယောက်နဲ့ ဆရာ၊ ဆရာမ ခုနစ်ယောက်ကို ဆေးစစ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီမှာ ပထမဆုံးတွေ့တဲ့ ကျောင်းသူလေးရဲ့အတန်းဖော် ကျောင်းသူနှစ်ဦးနဲ့ ကျောင်းသားတစ်ဦးမှာ Positive ထပ်တွေ့ပါတယ်။ နောက်ထပ် COVID-19 တွေ့တဲ့ ကျောင်းသားကျောင်းသူတွေရဲ့ မိသားစုဝင် ၃၈ ဦးကိုလည်း ကူးစက်ခံထားရမှု ရှိ၊ မရှိ ထပ်စစ်တဲ့အခါမှာလည်း Positive ဖြစ်တဲ့သူမတွေ့ရဘူး”လို့ ပြောပါတယ်။

 ရောဂါကူးစက်မှုနဲ့ပတ်သက်ပြီး ပြန်လိုက်တဲ့အခါ  အဆိုပါ တတိယတန်းကျောင်းသူလေးရဲ့ အဘွားဖြစ်သူမှာ လွန်ခဲ့တဲ့ တစ်ပတ်ခန့်က မော်လမြိုင်မြို့ကို သွားရောက်ထားသည့်အပြင် စျေးသွာစျေးလာခြင်းများရှိခဲ့တဲ့အတွက် ၎င်းထံမှတစ်ဆင့် မြေးဖြစ်သူ ကျောင်းသားကျောင်း သူနှစ်ဦးကို ကူးစက်ထားတဲ့သဘောမျိုး တွေ့ရကြောင်း၊ လက်ရှိတွင်လည်း Positive ဖြစ်သည့် ကလေးများအား ရွာလွတ်တိုက်နယ်ဆေးရုံရှိ ကိုဗစ်ကုသဆောင်သို့ ပို့ဆောင်ထားကာ ဆေးကုသမှုပေးထားကြောင်း၊ မူလတန်းကျောင်းကိုလည်း ပိုးစတွေ့သည့်နေ့တွင် ချက်ချင်းပိတ်ကာ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက် ပေးထားကြောင်း ၎င်းက ဆက်ပြောပါတယ်။

 ထို့ပြင် မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်အတွင်းမှာလည်း တစ်ဦးစ နှစ်ဦးစ ကူးစက်ဖြစ်ပွားတာမျိုးလည်း ပြန်လည်တွေ့ ရှိနေရပါတယ်။

 ကိုဗစ်ကူးစက်ကပ်ရောဂါနဲ့ ပတ်သက်ပြီးတော့ ကာကွယ်ဆေးအနည်းဆုံး နှစ်ကြိမ် ထိုးနှံထားပါက ရောဂါကူးစက်ခံရရင်လည်း အပြင်းအထန် မခံစားရတဲ့အပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးကိုလည်း လျော့ကျနိုင်တယ်လို့ ကိုဗစ်အရေး ဆောင်ရွက်ပေးနေကြတဲ့ ဆရာဝန်တွေက ဆိုကြသလို ကာကွယ်ဆေးကို မဖြစ်မနေ ထိုးနှံကြဖို့ကိုလည်း လေးလေးနက်နက် တိုက်တွန်းထားကြပါတယ်။

“မွန်ပြည်နယ်အတွင်း အသက် ၁၈ နှစ် နဲ့အထက် ကာကွယ်ဆေးထိုးနှံခွင့်ရှိသူ အရေအတွက်က ၁၂၃၃၀၀၀ ကျော်ရှိပါတယ်။ ဒါကလည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရပေါ့နော်။ ဒီဇင်ဘာလ ၂၂ ရက်အထိကို ကာ ကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးသူက ၇၇ ရာခိုင်နှုန်း၊ နှစ်ကြိမ်လုံးထိုးနှံပြီးသူက ၆၃ ရာခိုင်နှုန်းရှိ ပါတယ်။ လက်ရှိမှာလည်း ကာကွယ်ဆေးထိုးနှံပေးနေတဲ့ လုပ်ငန်းတွေကို သက်ဆိုင်ရာ ဆေးထိုးစုရပ်တွေမှာ ဆက်လက်ထိုးနှံပေးနေတာရှိပါတယ်”လို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး နှင့် ကုသရေးဦးစီးမှူး ဒေါက်တာနန္ဒဝင်းက ပြောပါတယ်။

၎င်းကဆက်လက်ပြီး “လတ်တလော ကူးစက်ဖြစ်ပွားမှုကရှိနေပေမဲ့လည်း အရင်ကပုံစံ လိုမျိုးတော့မဟုတ်တော့ဘူးပေါ့နော်။ ဒါပေမဲ့လည်း လူတွေက ပေါ့ဆလာရင်တော့ ကူးစက်ဖြစ်ပွားမှုတွေက ဆက်ဖြစ်နေဦးမှာပဲ။ကိုဗစ်က လုံးဝပျောက်ကွယ်သွားတာမျိုးမဟုတ်ဘူး။ ရှိသေးတယ်။ ဒီဇင်ဘာလ ၂၂ ရက်အထိ ကို မွန်ပြည်နယ်မှာက ကိုဗစ် Positive လူနာ ၇၈ ယောက်ရှိနေသေးတယ်။ အဲဒီတော့ ပေါ့ပေါ့ဆဆ နေနေကြရင်တော့ ရောဂါကူးစက်တာတွေက ရှိနေဦးမှာပါပဲ။ ဒါကြောင့် Mask တပ်ကြပါ။ ခပ်ခွာခွာနေကြပါ။ လက်ဆေးပါ။ ဒါပဲပြောနေရဦးမှာပါပ”လို့ ပြောပါတယ်။

 ပြည်သူတွေအနေဲ့ကလည်း ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်နေပါစေ။ ကျန်းမာဖို့က အဓိကဖြစ်တဲ့အတွက်ကြောင့် ရောဂါကူးစက် ဖြစ်ပွားမှုမခံရလေအောင် မိမိကိုယ်ကိုယ် ဂရုစိုက်ပြီး နေထိုင်ပြုမူကြဖို့ လိုအပ်ပါလိမ့်မယ်။ ကျန်းမာရေးကောင်းနေမှ မိမိရဲ့ယုံကြည်ချက်၊ မျှော်လင့်ချက်တွေကို ဆက်ပြီးအကောင် အထည်ဖော်နိုင်မှာဖြစ်ပါတယ်။  ဒါ့ကြောင့်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ဆိုင်ရာ စည်းကမ်းချက်များကို လေးစားလိုက်နာပြီး ပြုမူနေထိုင်ကြဖို့ လိုအပ်ပါဦးမယ်။

ကိုဗစ် က မပြီးသေးပါဘူး။ အဲဒီအတွက်ကြောင့်လည်း ကိုဗစ်အရေး သွေးမအေးကြဖို့ တိုက်တွန်းပါရစေ။

Most Read

Most Recent