ချေးငွေတိုင်းဟာ အပ်ငွေကို ဖန်တီးတယ် (Every Loan Creates a Deposit)။ ဘဏ်ဆိုရိုးစကားရှိပါတယ်။ ဘဏ်က ထုတ်ချေးလိုက်တဲ့ငွေဟာ ဘဏ်တစ်ခုခုဆီကို အပ်ငွေအဖြစ် ပြန်ရောက်သွားတာကို ခေါ်တာပါ။ ဘာကြောင့်လဲ။ လူတွေဟာ ငွေစက္ကူထုပ်ကြီးကို ရန်သူမျိုးငါးပါးကြောင့် လက်ထဲမှာ ကြာကြာ မကိုင်ထားလိုကြပါဘူး။ ဒါကြောင့် ဘဏ်ချေးငွေ တိုးတိုးလာတိုင်း ငွေစက္ကူတွေ ဘဏ်အပြင် ထွက်သွားပေမဲ့ ဘဏ်တစ်ခုခုမှာ အပ်ငွေပြန် ပြန်ရောက်တယ်ဆိုတဲ့ ဖန်တီးမှုသဘောတရားကို ဆိုလိုရင်းဖြစ်ပါတယ်။ ဒါကြောင့်ဘဏ်တွေဟာ အပ်ငွေတိုင်းအတွက် ချေးငွေပြန်လုပ်ပေးရမယ်ဆိုတဲ့ တာဝန်ရှိတယ်ဆိုတာကို ထင်ရှားစေလိုရင်း ဖြစ်ပါတယ်။
ငွေဖြစ်လွယ်မှု (Liquidity Principle)ကျင့်ဝတ်
ကူးသန်းရောင်းဝယ်ရေးဘဏ်များရဲ့မှု (Principle) ဟာ ပုဂ္ဂလိက ကုမ္ပဏီများလို အမြတ်ရဖို့အပြင် အခြားရည်ရွယ်ချက်ကိုလည်း မဖြစ်မနေ ကျင့်သုံးပါ့မယ်။ အဲဒါကတော့ အမြတ်ရရန် ရည်ရွယ်ချက်နဲ့ ဆန့်ကျင်ဘက်၊ ငွေဖြစ်လွယ်မှု Liquidity Principle ဆိုတဲ့ ကျင့်ဝတ်ကို ကျင့်သုံးရခြင်းဖြစ်ပါတယ်။ စီးပွားရေးမှာလည်း စီးပွားရေးကျင့်ဝတ်ရှိသလို ဘဏ်မှာလည်း ဘဏ်ကျင့်ဝတ် ရှိပါတယ်။
ဘဏ်တွေဟာ အမြတ်ရဖို့အတွက်လည်း လုပ်ရမှာဖြစ်သလို ငွေဖြစ်လွယ်မှု Liquidity Principle ကျင့်ဝတ်ပိုင်းကိုလည်း ကျင့်သုံးရပါမယ်။ တစ်နည်းအားဖြင့် ဘဏ်အပ်ငွေ ချေးငှားသူလက်ထဲ အမြန်ရောက်သွားဖို့၊ အဲဒီချေးငှားသူတွေကတစ်ဆင့် တစ်လက်မှတစ်လက်ပြောင်း၊ ထပ်ဆင့်ထပ်ဆင့် ချေးငှားမှုကွင်းဆက် ကြီးသထက်ကြီး၊ အရှိန်သွက်သထက် သွက်လာဖို့ဖြစ်ပါတယ်။ ချေးငွေတိုင်း အပ်ငွေ ပြန်ဖန်တီးဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုလုံးကို ငွေဖြစ်လွယ်မှု Liquidity Principle လို့ ခေါ်ပါတယ်။ ဒါကြောင့်ဘဏ်တွေဟာ အပ်ငွေ တိုးပြီးရင်းတိုးလက်ခံမယ်။ တစ်ဖက်မှာ ချေးငွေတိုးပြီးရင်းတိုး မဖန်တီးဘူးဆိုရင် Liquidity Principle ကျင့်ဝတ်ပိုင်းကို ဖောက်ဖျက်ရာကျတယ်လို့ ဆိုကြပါတယ်။
အပ်ငွေ တိုးပြီးရင်းတိုး၊ ချေးငွေ တိုးပြီးရင်းတိုး လုပ်ငန်းရပ်ဟာလည်း မူမှန်ဖို့တော့ လိုပြန်ပါသေးတယ်။ နိုင်ငံသားတွေရဲ့ အပ်ငွေတိုးဖို့ မက်လုံးအမျိုးမျိုးနဲ့ဆောင်ရွက်ပြီး ချေးငွေကျတော့ ဘဏ်နဲ့နီးစပ်သူ၊ ဘဏ်အသိုင်းအဝိုင်းတစ်ခုတည်းကို ချေးမယ်ဆိုရင်လည်း ကျင့်ဝတ်အားနည်းတယ်လို့ ဆိုပြန်တယ်။ မြန်မာပြည်ဘဏ်တွေ ဒီလိုကျင့်ဝတ်လိုက်နာစောင့်ထိန်းသိမ်းမှု ရှိ မရှိကတော့ အလျဉ်းမသိပါ။
၁၈ ရာစု လုပ်နည်းလုပ်ဟန်
ကျင့်ဝတ်ပိုင်းကနေ လုပ်နည်း လုပ်ဟန်အပိုင်းကိုလည်း တစ်ဖန် စေ့စောင်းကြည့်ရအောင်ပါ။ မြန်မာ့ကူးသန်းရောင်းဝယ်ရေးဘဏ်တွေဟာ ၁၈ ရာစုလုပ်နည်းလုပ်ဟန်တွေ ဖြစ်တဲ့ အပ်ငွေလက်ခံခြင်း၊ အပ်ငွေ ထုတ်ပေးခြင်း၊ ငွေသားလဲလှယ်ခြင်း၊ ဘဏ်စာရင်းလွှဲပြောင်းပေးခြင်း၊ အစိုးရငွေတိုက် စာချုပ်လက်မှတ်များ ဝယ်ယူခြင်း၊ ငွေလွှဲခြင်း၊ ကာလတို ချေးငွေစတဲ့ သိပ်ကိုရိုးစင်းတဲ့ လုပ်ငန်းစဉ်တွေကနေ တက်မလာသေးပါဘူး။ ကိုယ့်အကောင့်ကနေ ငွေထုတ်ရင် ငွေထုတ်ခပေးရတယ်။ ငွေသွင်းရင် ငွေသွင်းခပေးရတယ်။ ငွေလွှဲရင် ငွေလွှဲခပေးရတယ်။ ဘဏ်တွေဟာ သိပ်ကို ရိုးစင်းတဲ့အလုပ်တွေမှာ အမြတ်ရဖို့ ဖန်တီးနေကြတဲ့ မြန်မာပြည်ဘဏ်စနစ်ပါ။ ချေးငှားရင်လည်း ခိုင်မာတဲ့ အိမ်၊ ခြံ၊ မြေ၊ အဆောက်အအုံစတဲ့ ခိုင်မာတဲ့ အခြေအနေတွေအပေါ် အပေါင်ထားပြီး ရတဲ့အတိုးနဲ့ ရှင်သန်နေခြင်းဟာ ဘဏ်အလုပ် မဖြစ်ထိုက်ပါဘူး။ အပေါင်မပါရင် ဘယ်လိုမှ ငွေချေးလို့ မရတာ စကြဝဠာအမှန်တရားတစ်ခုလို ကျင့်သုံးနေကြတာပါ။ ကိုယ်နဲ့ နီးစပ်ရာ၊ ဘဏ်အသိုင်းအဝိုင်းနဲ့ နီးစပ်ရာ ဦးတည်ချက်တစ်ခုတည်းကိုပဲ ငွေချေးငှားခြင်းဟာလည်း ဘဏ်ကျင့်ဝတ်ပိုင်းနဲ့ မညီဘူးလို့ပဲ ယူဆရမှာပါ။
တချို့က မြန်မာပြည်ဘဏ်တွေကို လိုင်စင်ရ အကြီးစားအပေါင်ဆိုင်တွေလို့ ကင်ပွန်းတပ်ကြခြင်း ဖြစ်ပါတယ်။
ဘဏ်တွေဟာ ငွေဖြစ်လွယ်မှုထက် အမြတ်ရရှိရေး ဦးစားပေးလွန်းလို့၊ ဘဏ်အသိုင်းအဝိုင်းနဲ့ နီးစပ်ရာကို ချေးငွေပုံအောခဲ့လို့၊ တစ်ချိန်က အိမ်ရာစျေးကွက် ခေတ်ထခဲ့လို့ အရှိန်မသွက်တဲ့ ချေးငွေ (Non Performance Loan) တွေအပေါ် ချေးငှားမိခဲ့လို့၊ ငွေကျပ်မှုဒဏ်သင့်ရာကနေပြီး မြန်မာ့ငွေကြေးလောက နာလန်မထူနိုင်သေးခြင်း ဖြစ်ပါတယ်။ ဒါဟာလည်း ဘဏ်တစ်ခုတည်းရဲ့ အားနည်းချက်မဟုတ်သလို မြန်မာစီးပွားရေး Structure မှားယွင်းမှု၊ ပေါ်လစီမတည်ငြိမ်မှု၊ စီးပွားရေး အင်စတီကျူးရှင်းတွေ အားနည်းမှု စတဲ့ ယုံကြည်မှုဆက်ဆံရေး Economics Trust ပျောက်ကွယ်မှုကနေ Cash အပေါ်မှာ ဗဟိုထားတဲ့ သန္ဓေမမှန်မှု အညမညဖြစ်စဉ်ကြီးပါ။
ချေးငွေဖန်တီးခြင်း (Credit Creation)
အမြတ်ရနိုင်မှုထက် ငွေဖြစ်လွယ်မှုကို ရိုသေစွာ ကျင့်သုံးရခြင်းဟာ အများပြည်သူအပ်နှံငွေ၊ ထိုအပ်နှံငွေ တောင်းခံရာမှာ အချိန်မရွေး ထုတ်ပေးနိုင်မှု၊ ချေးငွေ Product များ ဖန်တီးပေးပြီး စျေးကွက်ငွေသွက်နေမှု၊ ထိုမှ စီးပွားရေးတိုးတက်မှုအား အထောက်အပံဖြစ်စေမှု ဖြစ်ပါတယ်။ ငွေဖြစ်လွယ်မှုဟာ စားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စုဆောင်းမှုဖြစ်စဉ်တွေကို တွန်းတင်ပေးတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။
ဘဏ်တွေဟာ အမြတ်ရရှိဖို့၊ ငွေဖြစ်လွယ်မှုကို ဖန်တီးဖို့၊ အပ်ငွေရဲ့ ငွေသားသီးသန့်အချိုးကို ဘယ်လောက်ထားရမလဲဆိုတဲ့ ပေါ်လစီ လက်နက်ကိုတော့ ဗဟိုဘဏ် ဆုံးဖြတ်တာ များပါတယ်။ အင်္ဂလန်မှာတော့ အပ်ငွေရဲ့ ခြောက်ရာခိုင်နှုန်းသာ ဗဟိုဘဏ်မှာ ထားပါတယ်။
အခုတော့ ဘဏ်တွေဟာ အပ်ငွေအချိုး ဘယ်လောက်ထားတယ် မသိပေမဲ့ ယခင်မြန်မာဗဟိုဘဏ်ဟာ စာရင်းရှင်အပ်ငွေအတွက် ၁၆ ရာခိုင်နှုန်းထားပြီး အချိန်ဆိုင်းအပ် ငွေအတွက်တော့ ခြောက်ရာခိုင်နှုန်း သီးသန့်ထားတယ်လို့ သိရပါတယ်။ သီးသန့်အချိုးနည်းခြင်း၊ များခြင်းဟာ ချေးငွေဖန်တီးမှု၊ အပ်ငွေဖန်တီးမှုနဲ့ ငွေဖြစ်လွယ်မှုကိုလည်း မောင်းနှင်ပေးပါတယ်။
ချေးငွေတိုင်း အပ်ငွေဖြစ်တယ်ဆိုတဲ့ သီအိုရီအရ ချေးငွေဖန်တီးခြင်း (Credit Creative) ဟာ တိုးတက်မှုဖြစ်စဉ် ဘယ်လိုပုံဖော်သလဲ လေ့လာကြည့်ရအောင်ပါ။ A ဘဏ်မှာ ဦးဘဆိုတဲ့သူ ငွေသိန်း ၁၀၀၀ အပ်နှံပြီး အဲဒီအထဲက သီးသန့်ငွေသားကို ရာခိုင်နှုန်း ၂၀ ထား၊ ကျန်ငွေနဲ့ ဘယ်လိုဖြစ်လာသလဲဆိုတာ ကြည့်ရအောင်ပါ။
(ဇယားကို ကြည့်ရှုပါ)
ဦးဘက A ဘဏ်မှာ သိန်း ၁၀၀၀ ထားတယ်။ ဘဏ်က သီးသန့် ငွေသား ၂၀၀ ကို ဗဟိုဘဏ်ကို ပေးပြီးတဲ့ ကျန်တဲ့ငွေ ၈၀၀ ကို ဦးမြဆီ ချေးလိုက်တယ်။ ဦးမြက B ဘဏ်မှာ ပြန်အပ်တယ်။ ဘဏ်က ၁၆၀ ကို ဗဟိုဘဏ်မှာ ထားပြီး ကျန်တဲ့ ၆၄၀ ကို ဦးဝဆီ ချေးလိုက်တယ်။ ဦးဝကလည်း လက်ထဲမထားဘဲ C ဘဏ်မှာ ပြန်အပ်တယ်။ ဘဏ်က ၁၂၉ ကို ဇီးရိုးအဆင့်မှာရှိတဲ့ စုစုပေါင်း (သို့) ဆပွားသဘော။
အပ်ငွေ၊ သီးသန့်ငွေသား၊ ချေးငွေအားလုံး ဇီးရိုးအထိ ဖြစ်သွားပြီဆိုရင် ဒီဇယားအရ မူလအပ်ငွေ သိန်း ၁၀၀၀ ဟာ သိန်း ၅၀၀၀ ဖြစ်သွားပါလိမ့်မယ်။ မူလ သီးသန့်အပ် ငွေသားဟာ သိန်း ၂၀၀ ကနေ သိန်း ၁၀၀၀ ဖြစ်သွားတာ တွေ့ပါလိမ့်မယ်။ ချေးငွေပမာဏဟာ မူလသိန်း ၈၀၀ ဆီကနေ သိန်း ၄၀၀၀ ဖြစ်သွားပါလိမ့်မယ်။ မူလပမာဏကနေ အားလုံး ငါးဆ (အပ်ငွေ ၁၀၀၀ မှ ၅၀၀၀) (သီးသန့် ၂၀၀ မှ ၁၀၀၀) (ချေးငွေ ၈၀၀ မှ ၄၀၀၀) ဖြစ်သွားတာ တွေ့ပါလိမ့်မယ်။ ဒါဟာ သီးသန့်ငွေသား ရာခိုင်နှုန်း ၂၀ သတ်မှတ်လို့ပါ။ တကယ်လို့ ရာခိုင်နှုန်း ၁၀ သတ်မှတ်မယ်ဆိုရင် ၁၀ ဆ များစွာ တက်ပါလိမ့်ဦးမယ်။ ငါးရာခိုင်နှုန်း သတ်မှတ်မယ်ဆိုရင် အဆ ၂၀ ဖြစ်သွားပါလိ့မ်မယ်။
ဒီသဘောတရားအရ ဘဏ်တွေဟာ ပြည်သူလူထုရဲ့ အပ်ငွေများစွာရဲ့ သီးသန့်ငွေသားအချိုးကိုဖယ်ပြီး တစ်ဘဏ်ပြီး တစ်ဘဏ် ချေးငွေဖန်တီးခြင်းကနေ တက်လာတဲ့အချိုးဖြစ်ပါတယ်။ ငါးဆကို ပြောတာပါ။ ဒါကို ဘဏ္ဍာရေးမူဝါဒမှာတော့ Multiple လို့ခေါ်ပြီး ငွေကြေး ဝေါဟာရမှာတော့ ငွေဖြစ်လွယ်မှု အချိုးလို့ ခေါ်ခြင်းဖြစ်ပါတယ်။ ဒီသဘောတရားအရ အပ်ငွေတိုင်းဟာ ချေးငွေဖန်တီးရမယ်၊ ငွေဖြစ်လွယ်မှုကျင့်စဉ်ကို ဘဏ်တွေ မဖြစ်မနေ လုပ်ရမယ်ဆိုတဲ့ ကျင့်ဝတ်ပိုင်းဟာ ဘဏ်ရဲ့ Principle ဖြစ်သလို စီးပွားရေးဖြစ်စဉ်ကြီး တစ်ခုလုံးအတွက်လည်း ဘဏ်ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အရေးပါသလဲဆိုတာကို မှတ်သားစေလိုရင်း ဖြစ်ပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ချေးငှားခြင်းဟာ ထုတ်လုပ်မှုတွေ၊ အလုပ်အကိုင်တွေ၊ ကုန်စည်စျေးနှုန်းတွေ၊ အတိုးနှုန်းတွေ၊ အရင်းမြှုပ်နှံမှုတွေ၊ စားသုံးမှုတွေ၊ စုဆောင်းမှုတွေ ဒီလိုစီးပွားရေးတိုးတက်မှုဖြစ်စဉ်ကို အပ်ငွေနဲ့ ချေးငွေဖန်တီးခြင်းက အထောက်အကူပြုပေးခြင်းဖြစ်ပါတယ်။
ဘဏ်များဟာ အမြတ်ရဖို့နဲ့ ငွေဖြစ်လွယ်ခြင်းကို ချင့်ချိန်ရတာကြောင့် ငွေသားဘယ်လောက်ကို အပ်ငွေဘယ်လောက်အတွက် ထားဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်ထားရသလို ဗဟိုဘဏ်အနေနဲ့ကလည်း တိုင်းပြည်ရဲ့ ငွေကြေးပမာဏ၊ စျေးကွက်ထဲ လှည့်ပတ်နေမှု၊ လူတွေ လက်ထဲ ငွေသားသိမ်းဆည်းထားမှု စတဲ့ အချက်အလက်ကို မူတည်ပြီး သီးသန့်ငွေသားပမာဏ အတိုးအလျော့ဆိုတဲ့ ငွေကြေးလက်နက်နဲ့ ထိန်းရတာဖြစ်ပါတယ်။ တစ်လောက ဗဟိုဘဏ်ဟာ သီးသန့်ငွေသားအချိုးကို လျှော့ချလိုက်ပါတယ်။ ဒါပေမဲ့ လူတွေရဲ့ ငွေလိုအပ်ချက်နဲ့ ဘဏ်တွေရဲ့ ငွေကြေးအကျပ်အတည်းကတော့ လျော့မသွားပါဘူး။ ဒါကြောင့် သီးသန့်ငွေသားအချိုး လက်နက်ဟာ လက်ရှိအကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိဘူးဆိုတဲ့ ကောက်ချက်တော့ ရပါတယ်။