တပ်မတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏အခြေအနေ

တပ်မတော်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်မှုနှင့် တိုင်းရင်းသားလက်နက်ကိုင်များ၏အခြေအနေ
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကော်မတီနှင့် NCA မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ မိုင်းလားမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ်
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သော ကော်မတီနှင့် NCA မထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်ခြောက်ဖွဲ့ မိုင်းလားမြို့တွင် ဒီဇင်ဘာ ၁၅ ရက်က တွေ့ဆုံစဉ်
Published 9 January 2022

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏ အာဏာသုံးရပ်ကို ရယူပြီးနောက် မြန်မာနိုင်ငံတွင် နိုင်ငံရေးအပြောင်းအလဲများ ဖြစ်ပေါ်ခဲ့သည်။

ယင်း၏ အကျိုးဆက်အနေဖြင့် တိုင်းရင်းသားဒေသများတွင် ပိုမိုပြင်းထန်သော တိုက်ပွဲများမှာ လက်ရှိအချိန်အထိ ဖြစ်ပွားနေဆဲဖြစ်သည်။  

ကချင်ပြည်နယ်တွင် တပ်မတော်နှင့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) အကြား တိုက်ပွဲများ အတန်ကြာငြိမ်သက်ခဲ့သော်လည်း နိုင်ငံရေးအပြောင်းအလဲ နောက်ပိုင်းတွင် လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများဖြင့် ပိုမိုပြင်းထန်သော တိုက်ပွဲများ ဖြစ်ပွားလာသည်။

ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (KIA) သည် ယခင်အစိုးရလက်ထက်က အစိုးရနှင့် ပဏာမ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး နှစ်ဖက်သဘောတူစာချုပ် (Bilateral) လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုတွင် ထပ်ပိုင်းခေါင်းဆောင်နေရာမှ ပါဝင်ခဲ့သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်သည်။

သို့သော်လည်း တပ်မတော်က နိုင်ငံတော်အာဏာရယူပြီးနောက် ၂၀၂၁ ခုနှစ် မတ်လမှစ၍ ကချင်ပြည်နယ်တွင် စစ်ရေးလှုပ်ရှားမှုများ ပြန်လည်စတင်လာကာ လက်ရှိအချိန်အထိ ပြင်းထန်သော တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပွားခဲ့သည်။

ယခင်အစိုးရလက်ထက်က အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးရန် ဆွေးနွေးမှုများတွင် KIA နှင့်အတူ တအာင်းတပ်ဖွဲ့ (TNLA)၊ ကိုးကန့်တပ်ဖွဲ့ (MNDAA) ၊ ရခိုင်တပ်ဖွဲ့(AA) တို့လည်း ပါဝင်ခဲ့ကြသည်။

အဆိုပါ မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့သည် NLD အစိုးရနှင့် Bilateral လက်မှတ်ရေးထိုးရန် အလွန်နီးစပ်သော အနေအထားရှိခဲ့သော်လည်း ပြီးပြည့်စုံသော သဘောတူညီချက်များ မရသဖြင့် လက်မှတ်ရေးထိုးနိုင်ခြင်းမရှိခဲ့ပေ။

ယခုအခါတွင်မူ ကချင်ပြည်နယ်နှင့် ရှမ်းမြောက်ရှိ ဒေသအချို့တွင် တပ်မတော်နှင့် KIA ၊ MNDAA တို့ တိုက်ပွဲများ ဖြစ်ပွားနေကြသည်။

ကရင်ပြည်နယ် KNU တပ်မဟာ (၅) နယ်မြေတွင် တပ်မတော်နှင့် KNU တပ်မဟာ (၅) တို့ မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေပြီး နိုင်ငံရေးအပြောင်းအလဲနောက်တွင်မူ KNU တပ်မဟာအသီးသီးနှင့် တပ်မတော်တို့အကြား ပြင်းထန်သော စစ်ရေးလှုပ်ရှားမှုများ ရှိလာခဲ့သည်။

လက်ရှိတွင် KNU တပ်မဟာ (၆) နယ်မြေရှိ လေးကေ့ကော်ဒေသ၊ KNU တပ်မဟာ (၅) နယ်မြေအပါအဝင် KNU နယ်မြေအချို့တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေသည်။

KNU သည် ယခင်ဦးသိန်းစိန် အစိုးရလက်ထက်က အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ အစည်းခုနစ်ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးခဲ့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတစ်ခု ဖြစ်သည်။

KNU သည် NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် KNU ခေါင်းဆောင်များသည် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးမှုများတွင် ထိပ်ပိုင်းနေရာမှ ပါဝင်ခဲ့ကြသည်။

အစိုးရနှင့် KNU ခေါင်းဆောင်များဦးဆောင်သည့် နိုင်ငံရေးဆွေးနွေးရေးအဖွဲ့တို့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး၊ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲမှုခိုင်မာရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးစသည့် နိုင်ငံရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသော်လည်း KNU တပ်မဟာ (၅) နယ်မြေတွင်မူ တပ်မတော်နှင့် KNLA တို့ တိုက်ပွဲဖြစ်ပွားမှုများမှာ ရပ်တန့်သွားခဲ့ခြင်းမရှိပေ။

ယခင် NLD အစိုးရသည် နိုင်ငံရေးဆွေးနွေးပွဲများနှင့်ပတ်သက်၍ NCA စာချုပ်လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် နိုင်ငံရေးဆွေးနွေးမှုလမ်းကြောင်း၊ စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုလမ်းကြောင်း ဟူသော လမ်းနှစ်သွယ်ဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ထိုသို့ လမ်းကြောင်းနှစ်သွယ်ဖြင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သော်လည်း အောင်မြင်မှုကြီးကြီးမားမား မရရှိဘဲ အစိုးရသက်တမ်းကုန်ဆုံးသွားခဲ့ရသည်။

တပ်မတော်သည် နိုင်ငံတော်၏ အာဏာသုံးရပ်ကို လွှဲပြောင်းရယူပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ယင်းကောင်စီ၏ ရှေ့လုပ်ငန်းစဉ်ငါးရပ်တွင် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ၎င်းတို့အနေဖြင့် NCA အတိုင်းသာ ဆောင်ရွက်သွားမည်ဟု ၎င်းတို့၏ မူဝါဒတွင် ဖော်ပြထားသည်။

နိုင်ငံရေးအပြောင်းအလဲ၏ နောက်ဆက်တွဲဂယက်များကြောင့် တပ်မတော်သည် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ဦးဆောင်သည့် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီကို ဖွဲ့စည်းထားသော်လည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အနည်းငယ်ဖြင့်သာ တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးမှုများ ရှိခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၆ ရက်တွင်မူ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီသည် စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်းမရှိသေးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ခြောက်ဖွဲ့နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းလားမြို့တွင် တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တပ်မတော်၏ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက တစ်ဖွဲ့ချင်းစီ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများ၊ ဆက်လက်လုပ်ဆောင်သင့်သည့် အကြံပြုချက်များ၊ လက်နက်ကိုင်ပဋိပက္ခများ လျှော့ချရေး၊ နှစ်ဖက်ယုံကြည်မှု တည်ဆောက်ရေး၊ နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံမှုတွင် စုပေါင်းဆွေးနွေးခြင်းများ ရှိသကဲ့သို့ တစ်ဖွဲ့ချင်းစီအလိုက် တွေ့ဆုံဆွေးနွေးမှုများလည်း ပြုလုပ်ခဲ့သည်။

မိုင်းလားမြို့တွင် ပြုလုပ်ခဲ့သော အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသည် တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင် ၂၀၂၁ ခုနှစ်အတွက် အဆင့်မြင့်ဆွေးနွေးပွဲတစ်ခုဖြစ်ခဲ့ပြီး အခြားစုပေါင်းဆွေးနွေးပွဲများ ဖြစ်ပေါ်ခဲ့ခြင်းမရှိပေ။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ “၀” လက်နက်ကိုင်အဖွဲ့ (UWSA)၊ မိုင်းလားအဖွဲ့ (NDAA)၊ ကိုးကန့်အဖွဲ့ (MNDAA) ၊ တအာင်းအဖွဲ့ (TNLA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

ယခင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ဦးဆောင်၍ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး လက်ရှိတွင် တပ်မတော်နှင့်တိုက်ပွဲများဖြစ်ပွားနေသည့် KIA မှာ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ခြင်း မရှိပေ။

တစ်ဖက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာကိစ္စများနှင့် နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် NCA လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း ၎င်းတို့ သီးသန့်အစည်းအဝေးများ လုပ်ဆောင်နေသည်။

NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှ ခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့အစည်းအဝေးကို ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၅ ရက်နှင့် ၆ ရက်တို့တွင် Online Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့သည်။

၂၀၂၁ ခုနှစ်အတွင်း နိုင်ငံရေး ပြဿနာများကို နိုင်ငံရေးနည်းဖြင့် မဖြေရှင်းဘဲ အင်အားသုံးဖြေရှင်းခြင်းကြောင့် အပြစ်မဲ့ပြည်သူများ သေကျေခြင်း၊ အတိဒုက္ခမျိုးစုံ ခံစားရခြင်း၊ လူမှုစီးပွားရေးများ နိမ့်ဆင်းသွားခြင်း၊ လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးသွားရမှုများအတွက် PPST အထူးတုန်လှုပ်ဝမ်းနည်းရကြောင်း အစည်းအဝေးအပြီးတွင် PPST က ကြေညာချက် ထုတ်ပြန်သည်။

နှစ်သစ် ၂၀၂၂ ခုနှစ်တွင် ပြည်သူများ ခံစားနေရသော အတိဒုက္ခများ လျှော့ချနိုင်ရေးအတွက် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းနည်းဖြင့် ဖြေရှင်းကြပါရန် PPST က မေတ္တာရပ်ခံခဲ့သည်။

ပြည်သူများအားလုံး ၂၀၂၂ နှစ်သစ်တွင် အတိဒုက္ခများ ကင်းဝေးပြီး လွတ်လပ်ငြိမ်းချမ်းသည့် ဒီမိုကရေစီအရသာကု ိပြန်လည်ခံစားနိုင်ကြစေရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေး ဝိုင်းဝန်းပါဝင်ကြရန် PPST က တိုက်တွန်းသည်။

ထို့ပြင် ၂၀၂၂ ခုနှစ်တွင် လက်ရှိနိုင်ငံရေးအကျပ်အတည်းဖြေရှင်းရာ၌ PPST အနေဖြင့် NCA ၏ အနှစ်သာရနှင့် PPST ၏ နိုင်ငံရေးဦးတည်ချက် ခုနစ်ရပ်ကို အခြေခံ၍ နိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရေး ကြိုးပမ်းသွားမည် ဖြစ်ကြောင်း PPST က ကြေညာသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာအတွင်း ဖြစ်ပျက်ခဲ့သော ကယားပြည်နယ် ဖရူဆိုမြို့နယ် မိုဆိုကျေးရွာဖြစ်စဉ်၊ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်ကိစ္စနှင့် အခြားဒေသများရှိ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများအပါအဝင် အရပ်သားများအပေါ် ကျူးလွန်မှုများကို ပြင်းထန်စွာကန့်ကွက်ကြောင်း PPST က ကြေညာသည်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းဖြေရှင်းနိုင်ရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂ  အထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများ အပါအဝင် နိုင်ငံတကာ၏ ကြားဝင်စေ့စပ်ဖြေရှင်းမှုများသည် မြန်မာနိုင်ငံ၏ ပကတိနိုင်ငံရေးအခြေအနေနှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးအတွက် ၎င်းတို့ အနေဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု PPST က ကြေညာသည်။

ထို့ပြင် မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပါဝင်သော အဓိပ္ပာယ်ပြည့်ဝသည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း PPST က ၎င်းတို့၏ ယုံကြည်ချက်ကို ကြေညာခဲ့သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းပေါင်းများစွာမှာ နယ်စပ်ဒေသများတွင် အခြေချလှုပ်ရှားနေကြပြီး ၂၀၂၁ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မည့် နည်းလမ်းကို လက်ရှိအချိန်အထိ မည်သည့်အဖွဲ့ကမျှ တွေ့ရှိထားခြင်း မရှိပေ။

ယခု ၂၀၂၂ ခုနှစ်တွင် ငြိမ်းချမ်းရေးအတွက် ခြေလှမ်းသစ်များ စတင်ရမည်ဟု တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက်တွင် ပြောကြားသည့် နှစ်သစ်နှုတ်ခွန်းဆက်စကားတွင် အဆိုပါစကားကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

လာမည့် ဖေဖော်ဝါရီ ၁၂ ရက်သည် စိန်ရတုပြည်ထောင်စုနေ့ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်သည် အရေးပါသည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့ပြင် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့သည့် စိန်ရတုလွတ်လပ်ရေးနေ့ဖြစ်သည့်အတွက် ၂၀၂၂ ခုနှစ်သည် စိန်ရတုအကြိုကာလဖြစ်ကာ အရေးပါသည်ဟုလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

၇၅ နှစ်တာ ကြာခဲ့ပြီဖြစ်သော နိုင်ငံတော်၏ အချုပ်အခြာအာဏာ ပိုမိုခိုင်မာစေရန်၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ခြင်း အသီးအပွင့်များနှင့် ပြည့်စုံရန် အရေးကြီးသည့်အတွက် ယခုနှစ်တွင် ငြိမ်းချမ်းရေးခြေလှမ်းသစ်များ  စတင်ရမည်ဟု ၎င်းက ဆိုသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ငါးရပ်၏ စတုတ္ထအချက်တွင် NCA သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထားလုပ်ဆောင်သွားမည်ဟု ဖော်ပြထားပြီး ဖြစ်သည့်အတွက် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံး ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထိုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ငြိမ်းချမ်းရေးဆွေးနွေးရန် ဖိတ်ခေါ်သော်လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွက် ထင်သလောက်လွယ်ကူသောကိစ္စမဟုတ်သည့်အတွက် ကိုယ့်နည်းကိုယ့်ဟန်ဖြင့် စောင့်ကြည့်လေ့လာအကဲခတ်နေသည့် သဘောမျိုးသာ ရှိသေးကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်သည်။

လက်ရှိတွင် ပိုမိုများပြားလာသော လက်နက်ကိုင်အဖွဲ့အစည်းများကြောင့် အကျိုးရလဒ်ထွက်ပေါ် နိုင်သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများဖြစ်လာရန် ခက်ခဲသော အခြေအနေတစ်ရပ်တွင် ရှိနေသေးကြောင်းကိုလည်း နိုင်ငံရေး လေ့လာသုံးသပ်သူများက ဆိုသည်။