အိုမီခရွန်မျိုးကွဲသစ်နှင့်  ဦးနှောက်အာရုံကြောစနစ်ဆိုးကျိုး

အိုမီခရွန်မျိုးကွဲသစ်နှင့်  ဦးနှောက်အာရုံကြောစနစ်ဆိုးကျိုး
Photo: cnbc.com
Photo: cnbc.com
Published 9 January 2022
ဒေါက်တာ လွင်သန့်

ကိုဗစ်ကပ်ရောဂါက ၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံ ဝူဟန်မြို့ကစတင်ခဲ့ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က ကမ္ဘာ့ကပ်ရောဂါ (Pandemic Disease) အဖြစ် ၂၀၂၀ ပြည့်နှစ်မတ် ၁၁ ရက်က ကြေညာခဲ့ပါတယ်။ အိုမီခရွန်မျိုးဗီဇသစ်ကို စောင့်ကြည့်ရမယ့် ကိုဗစ်မျိုးကွဲသစ်ဖြစ်ကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၆ ရက်က ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် မတ် ၂၃ ရက်က ကိုဗစ်လူနာ နှစ်ဦး စတင်တွေ့ရှိခဲ့ပြီး အိုမီခရွန်လူနာလေးဦးကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်ဒူဘိုင်းမှပြန်လာတဲ့ မြန်မာနိုင်ငံသားလေးဦးမှာ တွေ့ရှိကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်က ကြေညာခဲ့ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight) များဖြင့် ပြန်လည်ဝင်ရောက်လာသူများတွင် SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ယင်းနောက် Relief Flight များဖြင့် ဝင်ရောက်လာသူ မြန်မာနိုင်ငံသား ၁၁ ဦးနှင့် နိုင်ငံခြားသား တစ်ဦး စုစုပေါင်း ၁၂ ဦးမှာ ကိုဗစ် -၁၉ ဗီဇပြောင်း SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၇ ရက် ညပိုင်း သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေးအပြည့် နှစ်ကြိမ်ထိုးနှံ ထားရှိမှု ၄၄ ရာခိုင်နှုန်းရှိလာလို့ အထိုက်အလျောက် တားဆီးကာကွယ်နိုင်နေတာဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အာဆီယံ ၁၀ နိုင်ငံမှာ မြန်မာက ကာကွယ်ဆေး ထိုးနှံမှုအနိမ့်ဆုံးဖြစ်နေပြန်ပါတယ်။ မျိုးကွဲသစ် အိုမီခရွန်ဟာ ကာကွယ်ဆေးတွေရဲ့ထိရောက်မှု အာနိသင်ကို လျော့ကျစေကြောင်း ကြားသိရလို့ မပေါ့ဆသင့်ပါဘူး။ အိုမီခရွန်က ဒယ်တာမျိုးကွဲထက် အဆ (၂၀-၂၀၀) အထိ ကူးစက်နိုင်တယ်ဆိုတော့ ပါးစပ်နှာခေါင်းစည်း တပ်ဆင်ခြင်း၊ လက်ကို ရေဆပ်ပြာနဲ့စက္ကန့် ၂၀ ကျော်ကြာ ပွတ်တိုက် ဆေးကြောခြင်း၊ လူတစ်ဦးနဲ့တစ်ဦးခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံထားခြင်းတို့ကသာ ကြိုတင်ကာကွယ်နိုင်မှာပဲ ဖြစ်တယ်။

အလုံအပိတ်ရုံးခန်း၊ အဲယားကွန်းအခန်းတွေမှာ ပါးစပ်၊ နှာခေါင်းစည်း အမြဲတပ်ဆင်ထားဖို့ ခက်ခဲတာကြောင့် ကူးစက်ခံရနိုင်ပါတယ်။ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံပြီး နိုင်ငံတွေမှာပင် အိုမီခရွန်မျိုးကွဲဟာ အကြီးအကျယ် ကူးစက်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ အချိန်မီသေးတဲ့အခြေအနေမှာ ကိုဗစ်စည်းကမ်းများနဲ့အညီ စနစ်တကျနေထိုင်ဖို့လိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးရရှိမှုဟာ ဆင်းရဲချမ်းသာနိုင်ငံများအကြား မညီမမျှဖြစ်နေပါတယ်။ ဖိုင်ဇာကုမ္ပဏီက ရက်ပေါင်း ၁၀၀ အတွင်း အိုမီခရွန်ကာကွယ်ဆေး ထုတ်လုပ်နိုင်မယ်ဆိုထားသလို မိုဒါနာကုမ္ပဏီကလည်း ၂၀၂၂ ခုနှစ် မတ်လအတွင်းမှာ အိုမီခရွန်ကာကွယ်ဆေး ထုတ်လုပ်ဖြန့်ချိသွားမယ်ဆိုပါတယ်။

အမေရိကန် သမ္မတဂျိုးဘိုင်ဒင်က တတိယအကြိမ် ကိုဗစ်ကာကွယ်ဆေးထိုးနှံဖို့ကြေညာခဲ့သလို ဗြိတိန်မှာ ကိုဗစ်ကာကွယ်ဆေး သန်းနဲ့ချီ စုဆောင်းခဲ့ပါတယ်။

ဗြိတိန်၊ အမေရိကန်၊ အစ္စရေး၊ စင်ကာပူမှာ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံနေပြီး အစ္စရေးမှာ စတုတ္ထအကြိမ် ထိုးနှံပေးနေပါတယ်။

မြန်မာနိုင်ငံအတွက် ပွင့်လင်းရာသီမှာ အလှူပွဲလမ်းသဘင်၊ လက်ထပ်ပွဲတွေ၊ ဘုရားပွဲတွေ ပြုလုပ်နေတာဟာ အန္တရာယ်ကို ဖိတ်ခေါ်နေသလိုဖြစ်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂ ရက်မှစလို့ လူ ၂၀၀ စုဝေးခွင့် ခွင့်ပြုခဲ့ပါတယ်။ သည်အပေါ်မှာ သင်္ကြန်ရေပက်ကစားတာ၊ ကေတီဗီ၊ ဘားနဲ့ ကလပ်တွေ ပြန်လည် လူပြည့်လာတာမျိုးဖြစ်လာနိုင်ပါတယ်။ ဥရောပဘောလုံး အင်အားကြီးနိုင်ငံတွေပင် သူတို့ အသင်းကြည့်မယ့် လူဦးရေကို ကန့်သတ်ခဲ့ကြတဲ့ အချိန်မြန်မာနိုင်ငံမှာ ပွဲတွေခွင့်ပြုပေးနေတာက အန္တရာယ်များလွန်းပါတယ်။ ဥပဒေကို လက်တစ်လုံးခြား ရှောင်လွဲပြီး စည်းကမ်းလိုက်နာမှုလျော့ရဲတဲ့ဖြစ်စဉ်မှာ ဒယ်လ်တာ တတိယလှိုင်းတုန်းကလို ကြေကွဲဖွယ်ဖြစ်ရပ်တွေ မြင်ယောင်မိပါတယ်။

ကိုဗစ်ကြီးက (၄-၅) နှစ် ကမ္ဘာမြေပုံမှာနေဦးမှာဆိုတော့ ကိုဗစ်နှင့်အတူ ယှဉ်တွဲနေထိုင်ရေး၊ ပုံမှန်ဘဝသစ် ကျင့်သုံးကြရာမှာ နှာခေါင်းစည်းစည်းခြင်း၊ လက်ကို ဆပ်ပြာရေတို့နဲ့ စက္ကန့် ၂၀ ကျော်ကြာ ဆေးကြောခြင်း (သို့မဟုတ်) ဟန်းဂျယ်သုံးခြင်း၊ လူတစ်ဦးနဲ့တစ်ဦး ခြောက်ပေခွာခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လေကောင်းလေသန့် ကောင်းမွန်တဲ့အခန်း ဖန်တီးပေးခြင်း၊ ကာကွယ်ဆေး နှစ်ကြိမ်အပြည့်ထိုးနှံခြင်းတို့အပြင် ထပ်ကျော့ တိုးမြှင့် ကာကွယ်ဆေးထိုးနှံခြင်းတို့ ဆောင်ရွက်ပေးသင့်ပါတယ်။ ပြည်သူများကလည်း ကိုဗစ်စည်းမျဉ်း စည်းကမ်းများနဲ့အညီလိုက်နာကာ ကာကွယ်ဆေးနှစ်ကြိမ် အပြည့်ထိုးနှံထားကြဖို့ လိုအပ်မှာဖြစ်ကြောင်း သိရှိစေအပ်ပါတယ်။

အိုမီခရွန်ကိုဗစ်ကာကွယ်ဆေးနှင့် ရှေ့ပြေးအာရုံကြော သက်ရောက်မှုများရှိနိုင်ပါတယ်။ အချို့ကိုဗစ်ကာကွယ်ဆေး ထိုးပြီးမှ ခံစားရပါတယ်လို့ ဆိုပါတယ်။

၂၀၁၉ ခုနှစ် ဒီဇင်ဘာလက တရုတ်နိုင်ငံဝူဟန်မြို့ကစတင်ခဲ့တဲ့ ကိုဗစ်ကပ်ရောဂါဟာ ဆားကိုဗီတူး ဗိုင်းရပ် (SARS-CoV-2) ကြောင့် ဖြစ်ပွားပြီး၂၀၂၁ ခုနှစ် နိုဝင်ဘာ ၂၆ ရက်က အိုမီခရွန် (Omicron) ဗိုင်းရပ်မျိုးကွဲ စတင်နေပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ဆိုပါတယ်။ ကိုဗစ်တတိယလှိုင်းဖြစ်စေတဲ့ ဒယ်လ်တာ (Delta) မျိုးစိတ်ထက် ရောဂါလက္ခဏာမပြင်းထန်ပေမဲ့ လျင်မြန်စွာ ပျံ့နှံ့ကူးစက်နိုင်တာကြောင့် နိုဝင်ဘာ ၈ ရက် တောင်အာဖရိကက မျိုးစိတ်ဟာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်မှာ နိုင်ငံပေါင်း ၁၂၀ အထိ ပျံ့နှံ့့ရောက်ရှိနေပြီဖြစ်ပါတယ်။

လက်ရှိထိုးနှံနေတဲ့ ကိုဗစ်ကာကွယ်ဆေးတွေက အိုမီခရွန်အပေါ် ကြိုတင်ကာကွယ်မှုပေးနိုင်ပါ့မလား။ ဆိုရရင် ပဋိပစ္စည်း (Antibody) တိုးမြှင့်လာစေဖို့၊ ထပ်မြှင့်ကာကွယ်ဆေး (Third Dose) ကို ထိုးနှံလာပြီပဲဖြစ်ပါတယ်။ သည်အချိန်မှာ ကိုဗစ်တိုက်ဖျက်ရေးမှာ ကိုဗစ်ကာကွယ်ဆေးရဲ့ ပါဝင်ပတ်သက်မှုအရင်းခံဖြစ်ပြီး ကမ္ဘာတစ်လွှား ပျံ့နှံ့ဖြစ်ပွားနေမှုအပေါ် ကိုဗစ်ကာကွယ်ဆေးကသာ ထိန်းချုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

အိုမီခရွန်ဟာ ဆားကိုဗီတူး (SARS-CoV-2) ဗိုင်းရပ်ရဲ့ (B1.1.529) မျိုးကွဲဖြစ်ကာ တောင်အာဖရိက ဘော့ဆွာနာနိုင်ငံက စတင်တွေ့ရှိခဲ့ပြီး နယ်သာလင်၊ ဗြိတိန်၊ ဒိန်းမတ်ဥရောပနိုင်ငံတွေကို လေကြောင်းလိုင်းမှတစ်ဆင့် ရောက်ရှိလာခဲ့ပါတယ်။ အိုမီခရွန်ဟာအချိန်တိုအတွင်း ပျံ့နှံ့ကူးစက်ခဲ့ရာ တိုက်ကြီးခြောက်တိုက်ရှိ နိုင်ငံပေါင်း ၁၂၀ အထိပျံ့နှံ့ကူးစက်ခဲ့ပြီး ဖြစ်ပါ တယ်။ ဗြိတိန်နိုင်ငံမှာ တစ်နေ့တည်း အိုမီခရွန် (Omicron)ကူး စက်မှု တစ်သိန်းကျော်စံချိန်တင်ခဲ့ပြီး လော့ဒေါင်း (Lockdown) ချမှတ်ဖို့ ပြင်ဆင်ခဲ့ရပါတယ်။ ဗြိတိန်ဟာ ကိုဗစ်ကာကွယ်ဆေး အပြည့် နှစ်ကြိမ်ထိုးနှံပြီးစီးမှု ၇၀ ရာခိုင်နှုန်းရှိနေပြီး အိုမီခရွန်မျိုးဗီဇသစ်အတွက် တတိယအကြိမ် ကာကွယ်ဆေး (Third Dose) ထိုးနှံဖို့ပြင်ဆင်လာတာ ဖြစ်ပါတယ်။ အမေရိကန်၊ ဗြိတိန်၊ အစ္စရေး၊ စင်ကာပူတို့မှာ ကိုဗစ်ထပ်ဆင့်မြှင့်ကာကွယ်ဆေး (Third Dose) ထိုးနှံနေပြီး အစ္စရေးမှာ စတုတ္ထအကြိမ်ကာကွယ်ဆေး (Fourth Dose) ထိုးနှံနေပြီဖြစ်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးတွေက အက်စထွာဇီနီကာ ကုမ္ပဏီအဆိုအရ ပြီးခဲ့တဲ့ မျိုးကွဲများအတွက် ထိရောက်မှုရှိခဲ့ပြီး အသစ်ဖြစ်ပေါ်လာတဲ့ အိုမီခရွန် (Omicron) အပေါ် ခုခံကာကွယ်နိုင်စွမ်းနိမ့်ပါးနေလို့ ခုလို တတိယအကြိမ် ကာကွယ်ဆေး (Third Dose) ထိုးနှံစေတာပဲဖြစ်ပါတယ်။ နှစ်ကြိမ်ထိုးပြီး ချိန်ခုခံမှု ၄၀ ရာခိုင်နှုန်းရှိရာမှ သုံးကြိမ်ထိုးနှံပြီးချိန်မှာ ၇၅ ရာခိုင်နှုန်းအထိ ခုခံနိုင်စွမ်းရှိတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ထပ်ဆောင်းကာကွယ်ဆေး (Third Dose) ထိုးနှံကြဖို့ သဘောတူညီထားပါတယ်။

ဆိုရရင် ကိုဗစ်ရောဂါက ကမ္ဘာမြေပေါ်မှာ ပျောက်မသွားဘဲ (၄-၅)နှစ် ကြာဦးမှာဆိုတော့ တုပ်ကွေးဗိုင်းရပ်လိုနှစ်စဉ် ပေါ်ပေါက်လာတဲ့ မျိုးကွဲသစ်အတွက် ကာကွယ်ဆေးထိုးနှံသွားရမယ့် အခြေအနေရှိကာ လူသားတို့ ခံနိုင်ရည်ရှိလာရင် ကာကွယ်ဆေးထိုးနှံမှု လျော့နည်းလာမှာဖြစ်ပါတယ်။ ဆိုရရင် ဂျွန်ဟော့ကင်း ပြည်သူ့ကျန်းမာရေး ကောလိပ်အဏုဇီဝနှင့် ခုခံမှုဌာန၊ ဌာနမှူး ဒေါက်တာ အက်စတီယိုကဆာ ဒီဝဲ (Dr Arluro Casadevall) က ထွက်ရှိလာမယ့် ကာကွယ်ဆေးက အိုမီခရွန် ပရိုတိန်းဆူးချွန်ကို ချိုးဖျက်ဝင်ရောက်နိုင်ပါတယ်။ အိုမီခရွန်ဗီဇကို ချိုးဖျက်နိုင်ပြီးနောက်မှာ ရောဂါကြောင့် ပြင်းထန်မှု၊ သေဆုံးမှုတို့ နည်းပါးစေနိုင်ပါတယ်ဆိုတယ်။

အိုမီခရွန်မျိုးကွဲခြင်း ၅၀ ရာခိုင်နှုန်းရှိကာ ပရိုတိန်းဆူးချွန်က ၃၀ ရာခိုင်နှုန်းကျော်ရှိပြီး နဂိုရှိပြီး ကိုဗစ်ကာကွယ်ဆေး ပဋိပစ္စည်း (Antibody) လျော့ကျစေပါတယ်။ ဆိုရရင် နောက်ထပ်ကူးစက်မှု အသစ်အတွက် ပဋိပစ္စည်း (Antibody) မလုံလောက်ပါဘူး။ ပဋိပစ္စည်း အမြင့်ဆုံးရောက်ရှိမှု နောက်ထပ်ကာကွယ်ဆေး (Third Dose) (သို့မဟုတ်) အိုမီခရွန်ကာကွယ်ဆေးကသာ အိုမီခရွန် ကူးစက်မှုကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။ သည်လိုမှမဟုတ်ရင် အိုမီခရွန်ရှိ ပရိုတိန်းဆူးချွန်က ခုခံမှု၊ လှုံ့ဆော်ဖို့ တတ်နိုင်မှာမဟုတ်ဘူးလို့ ဒေါက်တာကာဆာဒီဝဲက ဆိုပါတယ်။ အိုမီခရွန်မှာ ပရိတိန်းဆူးချွန်ပြောင်းလဲမှုက ကြီးမားကွာခြားလာပါတယ်။ ခုခံမှုတုံ့ပြန်ဖို့အတွက် ရှိနှင့်ပြီး ပဋိပစ္စည်း (Antibody) က မလုံလောက်ပါဘူး။ သည့်အတွက် စွမ်းအားမြင့်ခုခံမှုစနစ်ရရှိဖို့ ကာကွယ်ဆေးထပ်မြှင့် (Third Dose) (သို့မဟုတ်) အိုမီခရွန် ကာကွယ်ဆေးထိုးနှံပြီးမှသာ အိုမီခရွန်ကို ကြိုတင်ကာကွယ်နိုင်မှာဖြစ်တယ်လို့ ဆိုနိုင်မှာဖြစ်ပါတယ်။

အိုမီခရွန်ကိုဗစ်မျိုးစိတ်ဟာ ဦးနှောက်နဲ့ အာရုံကြောစနစ်အပေါ် သက်ရောက်မှုရှိနိုင်မှာ ဖြစ်ပါတယ်။ ကိုဗစ်ရောဂါဖြစ်စမှာ ဦးနှောက်အာရုံကြောပြဿနာ ဂရုမပြုနိုင်ခဲ့ဘဲ ယခုအခါ ကိုဗစ်ဖြစ်စေတဲ့ (SARS-CoV-2) ဗိုင်းရပ်က အာရုံကြောပြဿနာရှိကာ သူငယ်ပြန်ခြင်း၊ မှတ်ဉာဏ်လျော့ကျခြင်းတို့ ဖြစ်စေနိုင်တယ် ဆိုပါတယ်။ လေ့လာမှုအရ ကိုဗစ်အဆိပ်အချို့ဟာ ဦးနှောက်အာရုံကြောစနစ်မှာ အတန်ကြာနေနိုင်ပြီး ခေါင်းကိုက်ခြင်း၊ အကြောတက်ခြင်း၊ မှတ်ဉာဏ်လျော့ကျခြင်း၊ သူငယ်ပြန်ခြင်းတို့ပိုမိုဖြစ်လာစေနိုင်ကြောင်း တွေ့ရှိထားပါတယ်။ သိပ္ပံပညာရှင်တို့က (SARS-CoV-2) ဗိုင်းရပ်ဟာ အာရုံကြောဆဲလ် (Nerve Cells) ထဲ ဝင်ရောက်လာပါက ပါးချိတ်ရောင်ဗိုင်းရပ် (Mamps)၊ ခွေးရူးဗိုင်းရပ် (Rabies)၊ အမ်အက်တစ်ဘား ဗိုင်းရပ် (Epstem Bar Viurs) တို့လို အာရုံကြောစနစ်ကို ထိခိုက်စေနိုင်ကာ ဦးနှောက်ရောင်ရမ်းခြင်း၊ လေဖြတ်ခြင်း၊ သေဆုံးခြင်းတို့ ဖြစ်စေနိုင်တယ်ဆိုပါတယ်။

ကိုဗစ်ဖြစ်စေတဲ့ (SARS-CoV-2) ဟာ တုပ်ကွေး (Influenza) ဆန်ပြီး (၁၉၁၆-၁၉၁၈) စပိန်တုပ်ကွေး ကပ်ရောဂါကာလက ဦးနှောက်ချို့ယွင်းမှုများ တွေ့ရှိခဲ့သလိုမျိုး ဦးနှောက် မူမမှန်ဖြစ်စဉ် တချို့ကျန်ရစ်ကြောင်း အမေရိကန် တက္ကဆက်ပြည်နယ်၊ ဆန်အန်တိုးနီးယား (San Antonia) ကမ္ဘာ့ဘဏ်ကျန်းမာရေးစင်တာ ဦးနှောက်နဲ့ အာရုံကြောပါရဂူ ဒေါက်တာ ဂဲဘရီရယ် အေဒီအက်စကွင် (Dr Gabriel A.de Erausquin) က သတိပေးထားပါတယ်။ ဒါ့ပြင် အယ်ဇိုင်းမာ ရောဂါအဖွဲ့အစည်းကလည်း ကိုဗစ် (SARS-CoV-2) ဗိုင်းရပ်ဟာ ပါကင်ဆန် ခြေတုန် လက်တုန်ရောဂါ အယ်ဇိုင်းမား ဦးနှောက်ကျုံ့ရောဂါ၊ ဇရာအကြို ရောဂါနဲ့ အခြားစိတ်ပိုင်းကျန်းမာရေးပြဿနာများ ကျန်ရစ်စေကြောင်း ဆိုပါတယ်။

ဦးနှောက်ကောင်းစေတဲ့ အမူအကျင့်များပြုလုပ်သင့်ပါတယ်။ အိပ်ရေးဝဝအိပ်စက်သင့်ပါတယ်။ နှစ်ခြိုက်စွာ အိပ်စက်ခြင်းက ဦးနှောက်အတွက် အားဖြည့်ပေးရုံမက အိုင်ကျူဉာဏ်ပါ၀ါကို မြင့်မားစေပါတယ်။ ပုံမှန်နေ့စဉ် နာရီဝက်မှ တစ်နာရီ အားကစားတစ်ခုခုအပြေး၊ လမ်းလျှောက်၊ ရွရွပြေး၊ စက်ဘီးစီး၊ ရေကူး တစ်ခုခု ပြုကျင့်သင့်ပါတယ်။ ဦးနှောက် သွေးလှည့်ပတ်မှုကောင်းစေကာ ဦးနှောက်ကို ကျန်းမာစေပြီး မှတ်ဉာဏ်စွမ်းရည်များ မြင့်မားကာ ဦးနှောက်အရည်အသွေးကိုတိုးတက်စေပါတယ်။ အဝလွန်ခြင်းက (Obesity) ခန္ဓာကိုယ် လေးလံတဲ့အလျောက် ဦးနှောက်လည်း ထိုင်းမှိုင်းစေလို့ အဝမလွန်အောင် ထိန်းသင့်ပါတယ်။ စိတ်ဖိစီးခြင်း၊ အဆိုးမြင်ဝါဒများက ဦးနှောက်ထဲရှိ ကလာပ်စည်းများ ပျက်စီးဆုံးရှုံးစေသလို ကောင်းမွန်တဲ့ ကလာပ်စည်းသစ်ဆဲလ်များ တည်ဆောက်မှုကိုလည်း ပိတ်ပင်ထားကပါတယ်။ စိတ်ကောင်း မွေးမြူသင့်ပါတယ်။ အရာရာကိုအကောင်းမြင်စိတ်နဲ့ကြည့်သင့်ပါတယ်။ တရားထိုင်ခြင်း၊ ယောဂကျင့်ခြင်းတို့နဲ့ စိတ်နေစိတ်ထားကောင်းမွန်အောင် ကျင့်ကြံအားထုတ်သင့်ပါတယ်။

ဦးနှောက်ဆဲလ် ကလာပ်စည်းများ ဖွံ့ဖြိုးတိုးတက်လာစေဖို့ ဦးနှောက်ကို အလုပ်ပေးရပါမယ်။ ကွန်ပျူတာပရိုဂရမ် ရေးဆွဲခြင်း၊ ဉာဏ်စွမ်းပဟေဠိများ ဖြေခြင်း၊ ဆူဒိုခုကိန်းဂဏန်း သချင်္ာချပြီး စားခြင်း၊ စကားလုံးစပ်ခြင်း၊ ကဗျာရေးစပ်သီကုံးခြင်း၊‌ စာရေးစာဖတ်မှတ်သားခြင်း၊ ဘာသာစကားအသစ် လေ့လာသင်ယူခြင်း၊ စိတ်ကူးစိတ်သန်းအသစ်များ ဖန်တီးခြင်း၊ ပြီးခဲ့တဲ့နှစ်ရက်သုံးရက်က အကြောင်းအရာများ ပြန်လည်ကာ တွေးတောခြင်း၊ ရုပ်ရှင်ပြန်စဉ်းစားခြင်းတို့ လုပ်ရပါတယ်။

ကိုယ်မရောက်ဖူးသေးတဲ့ အရပ်ဒေသ ခရီးထွက်ခြင်းက အသွင်သစ် အမြင်သစ်နဲ့ အာရုံလန်းဆန်းပြီး ဦးနှောက်ကို မှတ်တမ်းတင်အလုပ်ရှုပ်စေတာကြောင့် လေးလံထိုင်းမှိုင်းမှု မဖြစ်စေ‌တော့ပါဘူး။ ပေါင်းသင်းဆက်ဆံရေးပြေပြစ်ကာ စိတ်ပိုင်းဆိုင်ရာ လုံခြုံနွေးထွေးစေသလို ကိုယ်တစ်ယောက်တည်း ဖြေရှင်းမရတဲ့အကြောင်းအရာတွေ မျှဝေဖြေရှင်းပေးလို့  အတွေးအမြင်သစ် စိတ်ကူးစိတ်သန်းကောင်းများ ထွက်လာကာ ဦးနှောက်စွမ်းအားကို တိုးတက်မြင့်မားစေပါတယ်။

ရယ်မောပျော်ရွှင်ခြင်းကလည်း ဦးနှောက်အတွက် အကောင်းဆုံး အားဆေးတစ်ခွက်ဖြစ်ပါတယ်။ ရယ်မောခြင်းဟာ စိတ်ဖိစီးမှုကို ပြေလျော့စေပြီး ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားစေတာကြောင့် အိန္ဒိယနိုင်ငံမှာ လေးနှစ်ကတည်းက နံနက်အချိန်ခါ စုပေါင်းရယ်မောပွဲတွေပြုလုပ်ခဲ့ပါတယ်။ ဆိုရရင် စိတ်ပျော်ရွှင်လေ၊ ဦးနှောက် အာရုံကြောစနစ် ပိုသန်မာလေပဲ ဖြစ်ပါတယ်။

ဘာသာတရား လိုက်စားသင့်ပါတယ်။ တရားထိုင်ခြင်း၊ တရားနာခြင်း၊ ပုတီးစိပ်ခြင်းတို့ဟာ ခန္ဓာကိုယ်ရဲ့ ဖြစ်ပျက်မှုကို အသေးစိတ် ရှုမှတ်နေခြင်းဖြစ်လို့ အသိသတိ ကောင်းလာစေပါတယ်။ နှာသီးဝက နေအသက်ရှူသွင်းခြင်း၊ အသက်ရှူထုတ်ခြင်း၊ ဝင်လေကိုသိရှိခြင်း၊ ထွက်လေကိုသိရှိခြင်းကနေ အမှတ်စိတ်လာတဲ့အခါ နှလုံးခန်းမြှောင်တို့ထံ သွေးရောက်တာ လက်ဖျစ်တစ်ထောက်အတွင်း ဖြစ်ပျက်ဖြစ်စဉ် ပေါင်းရာနဲ့ချီဖြစ်သွားကာ စိတ်ကိုထိန်းချုပ်ပြီး တစ်နေရာတည်း ရှုမှတ်စေတာဟာ ဦးနှောက်နဲ့ အာရုံကြော စွမ်းအားကို ပိုမိုမြင့်တက်စေလို့ လူတိုင်းဆောင်ရွက်သင့်ပါတယ်။