အာဆီယံ၏ထုတ်လုပ်ရေးကဏ္ဍ တိုးတက်လာသော်လည်း အကျဘက်နယ်ပယ်ထဲတွင် ရှိမြဲရှိနေသည့် မြန်မာနိုင်ငံ

အာဆီယံ၏ထုတ်လုပ်ရေးကဏ္ဍ တိုးတက်လာသော်လည်း အကျဘက်နယ်ပယ်ထဲတွင် ရှိမြဲရှိနေသည့် မြန်မာနိုင်ငံ
လှိုင်သာယာစက်မှုဇုန်တွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
လှိုင်သာယာစက်မှုဇုန်တွင် လုပ်ငန်းခွင်ဝင်မည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ-သီဟအောင်)
Published 9 January 2022
နီလာ

အာဆီယံထုတ်လုပ်မှုကဏ္ဍ

အာဆီယံ ထုတ်လုပ်မှုကဏ္ဍ၏လစဉ် ထုတ်လုပ်မှု သုံးလဆက်တိုက် တိုးတက်လာခဲ့ပြီး ဒီဇင်ဘာတွင် ကုန်ထုတ်လုပ်မှု (PMI) အညွှန်းကိန်း ၅၂ ဒသမ ၇ သို့ တက်လှမ်းခဲ့သည်။ နိုဝင်ဘာလတွင် ကုန်ထုတ်လုပ်မှု (PMI) အညွှန်းကိန်း ၅၂ ဒသမ ၃ ရှိကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ထုတ်ပြန်သည့် IHS Markit အာဆီယံထုတ်လုပ်မှု PMI အညွှန်းကိန်းစစ်တမ်းတွင် ဖော်ပြထားသည်။

စစ်တမ်းကောက်ယူခဲ့သော အာဆီယံဒေသတွင်း ခုနစ်နိုင်ငံ အနက် ငါးနိုင်ငံက ၂၀၂၁ ခုနှစ်၏အပိတ်လတွင် ထုတ်လုပ်ရေး အခြေအနေများ တိုးတက်လာကြောင်းကို အစီရင်ခံခဲ့ကြသည်။

တိုးတက်မှုကို မကြုံစဖူး စံချိန်တင် အမှတ် ၅၈ ဖြင့် (၂၀၁၃ ခုနှစ် ဧပြီလနှင့်ပူးတွဲလျက်) စင်ကာပူနိုင်ငံက ဦးဆောင်နေပြီး လျင်မြန်စွာ ဘက်စုံဦးမော့လာမှုကို အချက်ပြနေသည်။

အင်ဒိုနီးရှားနိုင်ငံသည် လစဉ်အခြေအနေများ လေးဆဆက်တိုက် တိုးတက်မှုကို မှတ်တမ်းတင်ခဲ့ပြီး ကုန်ထုတ်လုပ်မှု PMI အညွှန်း ၅၃ ဒသမ ၅ ရှိသည်။ ၂၀၂၁ ခုနှစ် အောက်တိုဘာ၏ အမြင့်ဆုံးအဆင့်မှ ထိုးကျသွားသော်လည်း တစ်ဟုန်ထိုး တိုးတက်မှုနှုန်းကို ညွှန်ပြနေကြောင်း ဖော်ပြထားသည်။

အခြားနိုင်ငံများအနက် မလေးရှားနှင့် ဗီယက်နမ်နှစ်နိုင်ငံတို့က ဒီဇင်ဘာလတွင် ပို၍အားကောင်းသည့် ဦးမော့မှုကို အစီရင်ခံခဲ့ကြသည်။ မလေးရှားနိုင်ငံသည် ကုန်ထုတ်လုပ်မှု PMI အညွှန်းသည် ရှစ်လအမြင့်ဆုံး ၅၂ ဒသမ ၈ သို့တက်သွားပြီး အားကောင်းစွာ တိုးတက်လာခြင်းကို အချက်ပြလိုက်သည်။ ဗီယက်နမ်၏ အဓိကအညွှန်းကိန်း ၅၂ ဒသမ ၅ မှာ လွန်ခဲ့သည့် မေလမှစပြီး အမြင့်ဆုံးဖြစ်သည်။

ဒီဇင်ဘာလတွင် ထုတ်လုပ်မှု အခြေအနေများ တိုးတက်လာကြောင်းကို မှတ်တမ်းတင်ခဲ့သည့် အဖွဲ့ဝင်နောက်ထပ်တစ်နိုင်ငံမှာ ဖိလစ်ပိုင်နိုင်ငံဖြစ်သည်။ ကုန်ထုတ်လုပ်မှု PMI အညွှန်း ၅၁ ဒသမ ၈ ဖြစ်သည်။ ဖိလစ်ပိုင်နိုင်ငံ၏ တိုးတက်မှုနှုန်းမှာ ခြုံကြည့်လျှင် သင့်တင့်သောနှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုင်းနိုင်ငံတွင် ထုတ်လုပ်မှု အခြေအနေများ အသစ်တစ်ဖန် ဆုတ်ယုတ်လာကြောင်း တွေ့မြင်ရသည်။ အဓိကကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်းသည် စက်တင်ဘာမှ စပြီး အမှတ် ၅၀ အောက်သို့ ထိုးကျသွားခဲ့သော်လည်း ၄၉ ဒသမ ၅ မှာ ရှိနေခြင်းက ခြုံကြည့်လျှင် မသိသာသည့် ကျဆင်းမှုကို ညွှန်ပြနေသည်။

နောက်ဆုံးအဖြစ် မြန်မာနိုင်ငံသည် အကျဘက်နယ်ပယ်ထဲတွင် ရှိမြဲရှိနေခြင်းမှာ ဒီဇင်ဘာတွင် ၁၆ လ ဆက်တိုက်ဖြစ်လာသည်။ သို့သော်လည်း ကုန်ထုတ်လုပ်မှု PMI အညွှန်း ၄၉ မှာမူ လက်ရှိအစဉ်ထဲမှ အမြင့်ဆုံးဖြစ်လာပြီး ဒသမကိန်းမျှသာ ရှိသော ဆုတ်ယုတ်မှုမှုနှုန်းဖြစ်သည်။ နိုဝင်ဘာတွင် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု PMI အညွှန်းကိန်း အမှတ် ၄၆ ဒသမ ၇ သာ ရှိသည်။

“စရိတ်စကဝန်ထုပ်ဝန်ပိုးများကို ပစ္စည်းပေးသွင်းရေး ပြဿနာများက မြှင့်တင်ပေးနေကာ ကုန်ကျစရိတ်များနှင့် ရောင်းစျေးငွေကြေးဖောင်းပွမှုမှာ မှတ်တမ်းထဲက အနက်ရှိုင်းဆုံးဖြစ်နေရာ ငွေကြေးဖောင်းပွမှု ဖိအားများမှာ သိသာစွာ ပြင်းထန်လာခဲ့တယ်” ဟု IHS Markit မှ စီးပွားရေးပညာရှင် Lewis Cooper က ပြောကြားသည်။

“ မည်သို့ပင်ဖြစ်စေကာမူ လာမည့်နှစ်အတွင်း ထုတ်လုပ်မှုဆိုင်ရာ ကုမ္ပဏီများ၏ မျှော်လင့်ချက်များမှာ အဆိုပါလအတွင်း ပိုကောင်းလာခဲ့ပြီး ၂၀၁၉ ခုနှစ် မေလမှစပြီး အားအကောင်းဆုံး ဖြစ်လာသည်။ အမှန်စင်စစ်တွင် ကျွန်ုပ်တို့ ၂၀၂၂ ခုနှစ်ထဲသို့ ကူးဝင်ချိန်မှာ အာဆီယံ ထုတ်လုပ်မှုကဏ္ဍမှာ ခိုင်မာသည့် အနေအထားဖြင့် ခြေချဝင်ခြင်းဖြစ်ပြီး နောက်ဆုံး ပြန်လည်ဦးမော့မှုအား နည်းလာမည့် လက္ခဏာများ မရှိကြပါ” ဟု ၎င်းက ပြောကြားသည်။

ခြုံကြည့်လျှင် အာဆီယံထုတ်လုပ်မှုကဏ္ဍသည် ဒီဇင်ဘာတွင် ခိုင်မာသော စွမ်းဆောင်နိုင်စွမ်းကို မှတ်တမ်းတင်နိုင်ခဲ့သည်။ ယခု နောက်ဆုံး ဦးမော့မှုကို မောင်းနှင်ပေးခဲ့သည်မှာ အော်ဒါမှာယူမှုများ ရှေ့ဆက်အခိုင်အမာတိုးလာခဲ့သည့်အပြင် ထုတ်လုပ်မှုတိုးလာခြင်းဖြစ်သော်လည်း နိုဝင်ဘာ၏နှုန်းထက် မသိမသာ အားပျော့သွားခဲ့သည်။

ဒီဇင်ဘာလအတွင်း တွေ့ရှိခဲ့သည့်  အချက်အလက်များအရ အာဆီယံ ကုန်စည်ထုတ်လုပ်သူတို့၏ ဝယ်ယူရေးလုပ်ငန်းများ အရှိန်ရလာမှုကိုပါ ညွှန်ပြနေသည်။ အမှန်စင်စစ်တွင် တိုးတက်မှုနှုန်းမှာမှု မှတ်တမ်းထဲတွင် အများဆုံးဖြစ်သည်။ သို့ဖြစ်၍ ထုတ်လုပ်မှု အကြိုလက်ကျန်စာရင်းများမှာ ရှေ့ဆက်မြင့်တက်လာခဲ့သည်။

ပစ္စည်းပေးသွင်းမှု အခက်အခဲများက စုစည်းသိုလှောင်ရေးအားထုတ်မှုများကို နောက်ပြန်ဆွဲသလို ရှိခဲ့သော်လည်း ပျမ်းမျှပြီးဆုံးရန် ကြာမြင့်ချိန်များ တစ်ဟုန်ထိုးတိုးတက်လာခဲ့ခြင်းမှာ ၂၃ လဆက်တိုက် ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

ယင်းအကြောင်းအရာများကြောင့် ကုမ္ပဏီများသည် ဒီဇင်ဘာလတွင် ပိုမိုပြင်းထန်သည့် ငွေကြေးဖောင်းပွမှု ဖိအားပေးမှုများကို မှတ်တမ်းတင်ခဲ့ကြသည်။ စရိတ်စက ဝန်ထုပ်ဝန်ပိုးများ ထပ်တက်လာခဲ့ရာ ငွေကြေးဖောင်းပွမှုနှုန်းမှာ မှတ်တမ်းထဲတွင် ပူးတွဲတတိယအမြင့်ဆုံး ဖြစ်လာခဲ့သည်။ ကုမ္ပဏီများသည် ၎င်းတို့၏ ရောင်းစျေးများကို ထပ်မြှင့်ခဲ့ကြရပြီး ရောင်းစျေးများ၏ နောက်ဆုံးမြင့်တက်မှုမှာ ၂၀၁၃ ခုနှစ် အောက်တိုဘာမှစပြီး အများဆုံးဖြစ်လာပြီး မြန်ဆန်ခဲ့သည်ဟုလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍ

မြန်မာနိုင်ငံ ထုတ်လုပ်ရေးကဏ္ဍ၏ PMI မှာ ၂၀၂၁ ခုနှစ်၏ နောက်ဆုံးလတွင် တည်ငြိမ်ရေးဘက်ဆီသို့ ဦးတည်လိုက်ခြင်းဖြင့် နာလန်ထူရေး လက္ခဏာများကို ရှေ့ဆက်ပြသလိုက်ခြင်းဖြစ်ကြောင်း ဇန်နဝါရီ ၃ ရက်တွင် ထုတ်ပြန်သည့် IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း (Manufacturing Purchasing Managers’ Index) စစ်တမ်းတွင် ဖော်ပြထားသည်။

ထုတ်လုပ်မှုနှင့် အော်ဒါအသစ်များ နှစ်ခုစလုံး ဒသမဂဏန်းမျှကျသွားမှုကို အလုပ်နေရာများ ပြန်လည်ဦးမော့လာမှုက ကျားကန်ပေးလိုက်ရာ ခြုံငုံကြည့်ပါက ၁၆ လကြာ လက်ရှိကျဆင်းမှုအစဉ်ထဲတွင် လုပ်ငန်းအခြေအနေများ အနည်းဆုံးဆုတ်ယုတ်လာစေခဲ့သည်။

နိုင်ငံတကာပစ္စည်းပေးသွင်းမှု ပြတ်တောက်ခြင်းများက တိုးတက်မှုအပေါ် ဖိစီးနေကြောင်း လက္ခဏာများ ရှိမြဲရှိနေသော်လည်း မပြီးဘဲ ကျန်ခဲ့သည့်အလုပ်များသည် စစ်တမ်းတွင် စံချိန်တင်နှုန်းဖြင့် ထိုးထက်သွားချိန်မှာ လုပ်ငန်းများပြီးဆုံးရန် ကြာမြင့်ချိန်များမှာ သိသာစွာ တိုးလာခဲ့သည်။

သို့သော်လည်း ကုမ္ပဏီများသည် လာမည့် ၁၂ လအတွင်း ၎င်းတို့၏ ထုတ်လုပ်မှုပမာဏများ တိုးလာမည်နှင့်ပတ်သက်ပြီး အကောင်းမြင်မြဲ မြင်နေကြပြီး လုပ်ငန်းများ တိုးချဲ့ရန်နှင့် စက်ပစ္စည်းများကို မွမ်းမံတပ်ဆင်ရန် စီမံထားကြောင်း မကြာခဏ ဖော်ပြကြသည်ဟု သိရသည်။

“၂၀၂၁ ခုနှစ်၏ နောက်ဆုံးလက မြန်မာနိုင်ငံထုတ်လုပ်ရေးကဏ္ဍ၏ PMI မှာ ၁၆ လအတွင်း အမြင့်ဆုံး ၄၉ တွင် ရှိနေရာ မှန်ကန်သည့်ဘက် ဦးတည်နေခြင်းကို ညွှန်ပြနေပါတယ်။ အဓိကအညွှန်းကိိန်းကို ကျဆင်းမှုနယ်ပယ်ထဲမှာ မှတ်တမ်းတင်ဖြစ်ခဲ့သော်လည်း တည်ငြိမ်ရေးဘက်ဆီသို့ ရှေးရှုနေကြောင်း ပြတ်သားတဲ့လက္ခဏာများ ရှိနေပြီး ထုတ်လုပ်မှုနဲ့အော်ဒါအသစ်များမှာ ဒသမဂဏန်းမျှသာ ကျဆင်းခဲ့ကာ လက်ရှိကျဆင်းမှုအစဉ်ထဲမှာ အားအပျော့ဆုံးဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီတွေဟာ ဝယ်လိုအားတိုးလာမှာကို ထည့်တွက်ပြီး ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန် ကျွမ်းကျင်အလုပ်သမားများကို ရှာဖွေနိုင်ခဲ့ကြခြင်းမှာ ဒီဇင်ဘာဒေတာထဲက အပြုသဘောနောက်တစ်ချက် ဖြစ်ပါတယ်” ဟု IHS Markit မှစီးပွားရေးပညာရှင်ဖြစ်သူ Shreeya Patel က ပြောကြားခဲ့သည်။

စျေးနှုန်းများကိုကြည့်လျှင် ကုန်ကြမ်းများနှင့် ပို့ဆောင်ခများ သမိုင်းဝင်မြင့်မားနေပြီး အခြေမသာသည့် ငွေလဲနှုန်းကစားမှုများက ကုန်ကျစရိတ်များကို မြှင့်ပေးနေရာ ထုတ်ကုန်နှင့် ထည့်ကုန်စျေးနှုန်းများ၏ ငွေကြေးဖောင်းပွမှုမှာ သမိုင်းစဉ်အရ မြင့်မားလျက်ရှိနေသည်။ နှစ်ခုစလုံး၏ တိုးတက်မှုနှုန်းမှာမူ အသင့်အတင့်ဖြစ်လာခြင်းက အားရစရာအချက်ဖြစ်သည်။

အဓိကအကျဆုံး IHS Markit မြန်မာထုတ်လုပ်မှု PMI အညွှန်းကိန်း ထုတ်လုပ်မှု လုပ်ကိုင်နိုင်စွမ်းကို ဖော်ပြပေးသည့် ပေါင်းစပ်ထားသော တစ်ခုတည်းသောကိန်းဂဏန်းကို ဒီဇင်ဘာတွင် ၄၉ မှတ်၌ မှတ်တမ်းတင်ခဲ့ရာ နိုဝင်ဘာ၏ ၄၆ ဒသမ ၇ ထက် မြင့်လာသော်လည်း အပြောင်းအလဲမရှိ အမှတ် ၅၀ ထက် နိမ့်ကျနေဆဲဖြစ်သည်။

လုပ်ကိုင်ရေးအခြေအနေများမှာ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာမှစပြီး လစဉ်ဆုတ်ယုတ်လာခဲ့သော်လည်း အကျဘက်ဦးတည်မှုမှာ ဒီဇင်ဘာတွင် ငါးလဆက်တိုက် အားနည်းလာလျက် လက်ရှိကာလအတွင်း အားအပျော့ဆုံးဖြစ်သည်။

မြန်မာနိုင်ငံအတွင်း ထုတ်လုပ်သူတို့၏ ထုတ်ကုန်ပမာဏများမှာ ဒီဇင်ဘာလတွင် ရှေ့ဆက်ကျသွားသော်လည်း ကျဆင်းမှုနှုန်းမှာမူ မသိသာခဲ့ဘဲ စစ်တမ်း၏ရေရှည်ပျမ်းမျှနှင့် ယှဉ်ကြည့်လျှင် သာလွန်ကြောင်း၊ ပါဝင်ဖြေကြသူတို့က ထည့်ကုန်များကို ရှာယူရန် ခဲယဉ်းခဲ့သော်လည်း လုပ်သားဦးရေတိုးလာခြင်းက အချို့နေရာများတွင် ထုတ်လုပ်မှုကို ပ့ံပိုးပေးခဲ့သည်ဟု ဆိုကြသည်။

အလားတူစွာ အော်ဒါအသစ်များမှာ ဒီဇင်ဘာတွင် ဒသမဂဏန်းမျှ ကျသွားခဲ့ပြီး နှုန်းမှာမူ ၁၆ လအတွင်းမှာ အားအပျော့ဆုံးဖြစ်လာသည်။ ထုတ်လုပ်မှုတိုးလာကြောင်း ထောက်ပြခဲ့ကြသည့် ပါဝင်ဖြေဆိုသူတို့က ဖောက်သည်လုပ်ငန်းများ ပြန်စတင်လာခြင်းနှင့် အချို့ကဏ္ဍများ ပြန်လည်ဖွင့်လာခြင်းကို ဖော်ပြကြသည်။ ကျဆင်းမှုကို ဖော်ပြခဲ့ကြသည့် ကုမ္ပဏီများကမူ နိုင်ငံရေး မတည်ငြိမ်မှုကို အလေးပေးညွှန်ပြခဲ့ကြသည်။

ထုတ်လုပ်မှုနှင့်အော်ဒါအသစ်ပမာဏများ တည်ငြိမ်ရန် နီးစပ်နေခြင်းက ကုမ္ပဏီများအား ၎င်းတို့၏ ဝန်ထမ်းဦးရေကို အားဖြည့်ရန် တွန်းအားပေးခဲ့သည်။ ထုတ်လုပ်မှုကို တိုးချဲ့နိုင်ရန်အတွက် ကျွမ်းကျင်လုပ်သားများကို ရှာဖွေပြီး ဝန်ထမ်းဦးရေကို ထပ်ဖြည့်နိုင်ခဲ့ကြကြောင်း အစီရင်ခံကြသည့် ကုမ္ပဏီများ ရှိကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။

နိုင်ငံတကာတွင် ကုန်ကြမ်းများ ရှားပါးနေပြီး ပို့ဆောင်ရေးလုပ်ငန်းများ တစ်ဆို့နေကြောင်း သတင်းများအကြားတွင် ပစ္စည်းပေးသွင်းရေး ကွင်းဆက်များ၌ ပြတ်တောက်မှုများ ဆက်ရင်ဆိုင်ခဲ့ရသည်။ ထည့်ကုန်များ ရယူရန် ပျမ်းမျှကြာမြင့်ချိန်များမှာ ဒီဇင်ဘာတွင် ထပ်ပြီးတိုးလာခဲ့ပြန်သည်။

၂၀၂၁ ခုနှစ် နောက်ဆုံးလထဲတွင် ကုန်ကြမ်းများ ဝယ်ယူရေး အခက်အခဲများရှိမြဲရှိနေရာ လက်ကျန်အလုပ်များမှာ သိသာစွာ မြင့်တက်လာခဲ့သည်။ လက်တွေ့တွင် စုစည်းမှုနှုန်းမှာ ခြောက်နှစ်တာ စစ်တမ်းကာလအတွင်း အထင်ရှားဆုံးဖြစ်ခဲ့ပြီး အောက်တိုဘာ၏ ယခင်စံချိန်ကို ကျော်တက်လိုက်သည်။ ယင်းအတောအတွင်း ထည့်ကုန်ဝယ်ယူရေး လုပ်ငန်းများသည် နှစ်ဆယ့်နှစ်လ ဆက်တိုက် ကျဆင်းလာခဲ့သည်။

ဒီဇင်ဘာစစ်တမ်းဒေတာက ထုတ်ကုန်စျေးနှင့် ထည့်ကုန်စျေး နှစ်ခုစလုံး ရှေ့ဆက်မြင့်တက်လာခြင်းကို ဖော်ထုတ်ပြသနေသည်။ ကုန်ကြမ်းရှားပါးမှုနှင့် ပို့ဆောင်ခများ မြင့်တက်လာမှုက ကုန်ကျစရိတ်များကို တွန်းတင်ပေးခဲ့ကြောင်း အစီရင်ခံစာများ ရှိသည်။ သို့ဖြစ်ရာ ကုမ္ပဏီများက ဝန်ထုပ်ဝန်ပိုးအချို့ကို တစ်ဆင့်လွှဲဖို့ချခဲ့ကြသော်လည်း နှစ်ခုစလုံး၏ ငွေကြေးဖောင်းပွမှုမှာ အားပျော့လာကြောင်း ဖော်ပြထားသည်။

နောက်ဆုံးအနေဖြင့် ကုမ္ပဏီများသည် ၂၀၂၂ ခုနှစ်ထဲတွင် ၎င်းတို့၏ ထုတ်လုပ်မှုပမာဏများ တိုးချဲ့နိုင်မည်ဟု ယုံကြည်မြဲယုံကြည်နေကြကြောင်း၊ အများအားဖြင့် စက်ပစ္စည်းများကို မွမ်းမံပေးလျက် ထုတ်လုပ်မှုတိုးချဲ့ရန် စီမံကိန်းများကို ထည့်ဖော်ပြကြသည်ဟုလည်း ဖော်ပြထားသည်။

“ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံဟာ အာရှတိုက်ထဲက စီးပွားရေး အထိခိုက်ခံခဲ့ရဆုံးနိုင်ငံအဖြစ် ကျန်ရစ်နေပြီး ကုန်ကြမ်းရှားပါးမှုများ၊ နိုင်ငံရေးအခြေအနေများနဲ့ ကိုဗစ် -၁၉ ကို ပူးပေါင်းခံစားနေရပါတယ်။ ဒါ့အပြင် တစ်ကမ္ဘာလုံး Omicron ကူးစက်မှုတွေ လျင်မြန်စွာတိုးလာနေရာ နိုင်ငံတစ်ဝန်း ကာကွယ်ဆေး ထိုးနှံပေးရေးမှာ ပိုတင်းကျပ်တဲ့ အစီအစဉ်များ ချမှတ်ရမှုကို ဟန့်တားဖို့ အရေးတကာ့ အရေးကြီးဆုံးဖြစ်ပါလိမ့်မယ်” ဟု IHS Markit မှစီးပွားရေးပညာရှင်ဖြစ်သူ Shreeya Patel က သုံးသပ်ပြောကြားခဲ့သည်။