ယူကရိန်းနှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ

ယူကရိန်းနှင့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ
Photo: Russia Briefing
Photo: Russia Briefing
Published 8 January 2022
မိုးဧအောင်

၂၀၂၁ ခု၊ ဒီဇင်ဘာ ၂၈ ရက်၌ ရုရှား နိုင်ငံ၊ စိန့်ပီတာစဘတ်တွင် လွတ်လပ်သော ဓနသဟာယနိုင်ငံများအဖွဲ့ (Commonwealth of Independent States-CIS) ၏ နှစ် ၃၀ ပြည့်အထိမ်းအမှတ်ကို ကျင်းပခဲ့၏။ ၁၉၉၁ ခုနှစ် ဒီဇင်ဘာလ၌ ဆိုဗီယက်ယူနီယံ (Union of Soviet Socialist Republics-USSR) ၏ နိဂုံးကို ကြေငြာချိန်မှ စတင်၍ ယခင်ဆိုဗီယက်ပြည်ထောင်စုကြီးအတွင်းရှိ လွတ်လပ်သွားသော တိုင်းပြည်အချို့က “သီးခြားစည်း မျဉ်းကန့်သတ်ချက် မပြဋ္ဌာန်းသော စုစည်းမှု”အဖြစ် စစ်အေးခေတ် နိဋ္ဌိတံခြင်းနှင့်အတူ CIS ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။

CIS သည် အရှေ့ဥရောပနှင့် အာရှဒေသမှ နိုင်ငံကိုးနိုင်ငံပါဝင်သော အစိုးရဆိုင်ရာ ဒေသတွင်းအဖွဲ့အစည်းဖြစ်သည်။ CIS နိုင်ငံများ၏ ပိုင်နက်နယ်မြေမှာ ၂၀,၃၆၈,၇၅၉ စတုရန်းကီလိုမီတာ (၇,၈၆၄,၄၂၂ စတုရန်းမိုင်) ကျယ်ဝန်းပြီး ခန့်မှန်း လူဦးရေ သန်း ၂၄၀ ဝန်းကျင်ရှိသည်။ CIS အဖွဲ့ဝင်နိုင်ငံအချင်းချင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ နိုင်ငံရေးနှင့် စစ်ရေးဆိုင်ရာ ကိစ္စရပ်များ၌ အပြည့်အဝ အကောင်အထည်ဖော်နိုင်ရန်အလို့ငှာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး၊ ဥပဒေရေးဆွဲပြဋ္ဌာန်းရေးနှင့် လုံခြုံရေးကဏ္ဍများတွင် လက်တွဲဆောင်ရွက်လျက်ရှိသည်။ ယခုအခါ နယ်စပ်ဖြတ်ကျော် မှုခင်းများကာကွယ်ရေးအတွက် နိုင်ငံချင်း ပူးပေါင်းမှုကို မြှင့်တင်လျက်ရှိသည်။ လက်ရှိ အဖွဲ့ဝင် ကိုးနိုင်ငံမှာ အာမေးနီးယား၊ အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ကာဇက်စတန်၊ ကာဂျစ်စတန်၊ မော်ဒိုဗာ၊ ရုရှား၊ တာဂျစ်ကစ္စတန် နှင့် ဥဇဘက်ကစ္စတန်တို့ ဖြစ်ကြသည်။ မိတ်ဖက်အဖွဲ့ဝင်အဖြစ် တာ့ခ်မင်နစ္စတန်ကို လက်ခံထားသည်။

လက်ရှိအခြေအနေမှာ ကိုဗစ်-၁၉ ကပ် ရောဂါက အရှိန်မသေသေးသည့်အပြင် ရုရှား-ယူကရိန်း အကျပ်အတည်းလည်း ပေါ်ပေါက်နေချိန် ဖြစ်သည့်အတွက် စိန့်ပီတာစဘတ် ထိပ်သီးအစည်းအဝေးသို့ ကိုယ်တိုင် တက်ရောက်လာသော ခေါင်းဆောင်ကိုးဦး တို့အနေနှင့် CIS ၏ ပုံမှန်ဆောင်ရွက်ရန် လုပ်ငန်းများထက် ကပ်ရောဂါနှင့် ယူကရိန်း အရေးက အဓိကဆွေးနွေးဖွယ်ရာအဖြစ် လွှမ်းမိုးနေခဲ့သည်။

ဤထိပ်သီးအစည်းအဝေး၏ ရည်ရွယ်ရင်းမှာ ယူကရိန်းကို ရမယ်ရှာလျက် အရှေ့ဘက်သို့ ခြေလှမ်းတိုးလာသော NATO အဖွဲ့အား ထိပ်တိုက်ရင်ဆိုင်နေရသည့် ရုရှား သမ္မတ ဗလာဒီမာ ပူတင်နှင့်အတူ ယခင်ဆိုဗီ ယက်ယူနီယံ၏ အဖွဲ့ဝင်နိုင်ငံများက တစ်သွေးတည်း၊ တစ်သံတည်း ရှိနေကြကြောင်း ပြသကြရန် ဖြစ်သည်။

မည်သို့ဆိုစေ၊ ၂၀၂၁ ခုနှစ် နှစ်ကုန်ချိန် အထိ CIS ခေါင်းဆောင်များက ယူကရိန်းကို နာမည်တပ်လျက် ညွှန်းဆိုခြင်းမပြုခဲ့ကြသော်လည်း ဘီလာရုစ်နိုင်ငံ၏ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည့် တစ်နှစ်တာကို ပြန်လည်သုံးသပ်ကာ သူတို့အဖွဲ့၏ အနာဂတ် စီမံချက်များအတွက် ဆွေးနွေးခဲ့ကြသည်။

ပူတင်၏ သိမ်မွေ့သော်ငြား တိကျပြတ်သားသည့် အဖွင့်မိန့်ခွန်းသည် CIS အဖွဲ့၏ စုစည်းညီညွတ်မှုကို တိုက်ရိုက်ချီးပ,ကာ ပေါ်ပေါက်နေသည့် အကျပ်အတည်းအပေါ် သတိပြုမိစေရန် သွယ်ဝိုက်ရည်ညွှန်းခဲ့သည်။ ကျော်ဖြတ်လာခဲ့သော နှစ် ၃၀ ကာလအတွင်း “နက်ရှိုင်းသော လုံခြုံမှုနှင့် စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှု”အပြင် “ကပ်ရောဂါ၏ အဆိုးရွားဆုံးကာလများအား ဖြတ်ကျော်နိုင်ခြင်း”အတွက် သမ္မတ ပူတင်က CIS အဖွဲ့ဝင်များကို ကျေးဇူးဥပကာရတင်ရှိကြောင်း ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ အတိတ်နှစ်ကာလများအတွင်း ကြီးမားတဲ့ အချိုးအကွေ့တွေကို မျက်ဝါးထင်ထင် မြင်ခဲ့ကြရပါပြီ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရဲ့ ပေါင်းစည်းမှုတွေကလည်း နက်ရှိုင်းလာခဲ့တယ်။ ဒီလို ကာလ ရှည် ရင်းနှီးမှုကနေ ပေါ်ထွက်လာတဲ့ အပေါင်းလက္ခဏာ ကောင်းကျိုးတွေဟာ ဆိုဗီယက်ခေတ်ကတည်းက အေးအတူပူအမျှ ကျွန်တော်တို့ မျှဝေခံစားခဲ့ကြတာပါ”ဟု ပူတင်က ပြောခဲ့သည်။

လက်ငင်းပေါ်ပေါက်လျက်ရှိသော အရေးအရာများနှင့်ပတ်သက်၍ “ကျွန်တော်တို့ အဓိက ဆွေးနွေးရမယ့် ခေါင်းစဉ်တွေ အနက် တစ်ခုက ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို ရင်ဆိုင်နိုင်အောင် စုစည်းအားထုတ်ကြဖို့”ဟု ပူတင်က ပြောသည်။ ထိုအခမ်းအနားတွင် အထူးဧည့်သည်တော်အဖြစ် ရုရှား ကျန်းမာရေးဌာန အကြီးအကဲ သမားတော် ဒေါက်တာ အန်နာပေါ့ပိုဗာကို ဖိတ်ကြားထားသည်။ သူသည် ကိုဗစ်-၁၉ တိုက်ဖျက်ရေးတွင် CIS နိုင်ငံများနှင့် ရုရှားအကြား အဓိကဆက်သွယ် ဆောင်ရွက်ခဲ့သူဖြစ်သည်။ CIS ခေါင်းဆောင်များအား အနာဂတ်စီမံချက်များကို သူက ရှင်းပြခဲ့ပြီး ကျန်းမာရေး၊ ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးနှင့်ပတ်သက်သော ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့ကြသည်။

CIS နိုင်ငံများအကြား ကပ်ရောဂါဘေးမှ သက်သာရာရရေးအတွက် ရုရှားက ဦးဆောင်နိုင်မည်မှာ သံသယရှိရန် မလိုပါ။ ပူတင်သည် CIS ခေါင်းဆောင်များနှင့် နှစ်ဦးတည်း တွေ့ဆုံမှုများ၊ နှစ်နိုင်ငံအစည်းအဝေးများ ပြုလုပ်ခဲ့ပြီး ပေးသင့်ပေးထိုက်သော သတင်းစကားများ ပါးခဲ့ပါသည်။ ၂၀၂၂ ခု၊ ဇန် နဝါရီ ၁၀ ရက်၌ ဂျီနီဗာတွင် အမေရိကန် ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးမည့် အရေး၊ မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (North Atlantic Treaty Org-anization-NATO) ၏ “ယူကရိန်း၊ ဂျော်ဂျီယာနိုင်ငံများနှင့် စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုကို တိုးမြှင့်ကာ အရှေ့ဘက်သို့ တဖြည်းဖြည်း ချဲ့ထွင်လာသောအရေး”များ ပါဝင်ခဲ့သည်။

 

ဆိုဗီယက်ယူနီယံမှသည် CIS သို့

လွန်ခဲ့သော အတိတ်နှစ် ၁၀၀ ဆီ ပြန်သွားကြည့်ကြပါစို့။

၁၉၂၂ ခုနှစ်အတွင်း ရုရှား၊ ဘီလာရုစ် နှင့် ယူကရိန်းတို့ ပူးပေါင်းကာ ဆိုဗီယက်ယူနီ ယံ (USSR) အဖြစ် တည်ထောင်လိုက်ပြီဖြစ်ကြောင်း သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်။ တစ်ဖန် ၁၉၉၁ ခု၊ ဒီဇင်ဘာ ၈ ရက်တွင် အဆိုပါ သုံးနိုင်ငံကပင် လွတ်လပ်သော ဓန သဟာယ နိုင်ငံများအဖွဲ့ (CIS) ထူထောင်နိုင်ရေး သဘောတူညီချက် ထုတ်ပြန်ကာ USSR နေရာ၌ CIS ကို အစားထိုးခဲ့ကြပြီး အခြား ဆိုဗီယက်အစုဝင်နိုင်ငံများအား CIS သို့ဝင် ရောက်ကြရန် ကမ်းလှမ်းခဲ့သည်။

၁၉၉၁ ခု၊ ဒီဇင်ဘာ ၂၁ ရက် ကာဇက်စတန်နိုင်ငံ၊ အယ်လ်မာ-အတာ (ယခုအယ်လ် မက်တီ) ၌ ကျင်းပခဲ့သော အစည်းအဝေးတွင် နောက်ထပ်အဖွဲ့ဝင်အဖြစ် ရှစ်နိုင်ငံပါဝင်လာ၏။ သံတမန်အင်္ဂါစဉ်အရ ရုရှားသည် ယခင် ဆိုဗီယက်ယူနီယံကို ဆက်ခံသူအဖြစ် အသိအမှတ်ပြု ကြေငြာချက်ထုတ်ပြန်ကာ CIS ကို အုတ်မြစ်ချခဲ့ကြသည်။

၂၀၀၄ ခုနှစ်တွင် ဂျော်ဂျီယာနိုင်ငံက CIS သို့ ဝင်ရောက်လာပြီး နောက်ပိုင်း၌ NATO အဖွဲ့သို့ ထပ်မံဝင်ရောက်သွားသည့်အခါ မော်စကိုနှင့် ဆက်ဆံရေးတင်းမာလာခဲ့၏။ ရုရှား-ဂျော်ဂျီယာ စစ်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၀၉ ခုနှစ်တွင် CIS မှ နုတ်ထွက်သွားခဲ့သည်။ အလားတူ ဘောလ်တစ်သုံးနိုင်ငံဖြစ်သော အက်စတိုးနီယား၊ လတ်ဗီးယားနှင့် လစ်သူယေးနီးယားတို့သည် CIS သို့ လုံးဝ ဝင်ရောက်ခြင်းမရှိဘဲ NATO အဖွဲ့အတွင်း ဝင် ရောက်သွားခဲ့ကြသည်။

ဆိုဗီယက်ယူနီယံ၌ ပြည်ထောင်စုဝင် မဖြစ်ခဲ့သော်ငြား ရုရှားသြဇာသက်ရောက်ခဲ့သော အရှေ့အုပ်စုဝင်နိုင်ငံများဖြစ်သည့် ဘူလ်ဂေးရီးယား၊ ဆလိုဗက်ကီးယားနှင့် ဆလိုဗေးနီးယားတို့သည် NATO အဖွဲ့ဝင်များ ဖြစ်သွားကြ၍ မော်စကိုအတွက် မလုံမခြုံဖြစ်ကာ သံသယပွားစေခဲ့သည်။

 

ယူကရိန်းပုစ္ဆာ

ဆိုဗီယက်ယူနီယံတွင် ဒုတိယအင်အား အကြီးဆုံးနိုင်ငံ ဖြစ်ခဲ့သော ယူကရိန်းသည် CIS ဖွဲ့စည်းမှုသမိုင်းတစ်လျှောက် ၀ိ၀ါဒကွဲပြားဖွယ်ရာ အရှုပ်အထွေးရှိသည့်နိုင်ငံဖြစ်သည်။ ယူကရိန်းသည် ၁၉၉၁ ခု၊ ဒီဇင်ဘာလ “သဘောတူညီချက်များ” သံခင်းတမန်ခင်း ကျင့်ဝတ်များကို လက်မှတ်ရေးထိုးခဲ့သော်လည်း ၁၉၉၃ ခုနှစ်၊ ဇန်နဝါရီလ၌ ထုတ်ပြန်ခဲ့သော CIS ပဋိညာဉ်ကို အတည်ပြုလက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါ။

မည်သို့ဆိုစေ၊ လွတ်လပ်သော ဓနသ ဟာယနိုင်ငံများအဖွဲ့ ထူထောင်ခဲ့သည့် ပထမ အစည်းအဝေးနှစ်ခု၌ ကမကထပြု ပါဝင်ခဲ့၍ CIS ပဋိညာဉ် ပုဒ်မ ၇ အရ ယူကရိန်းကို CIS တည်ထောင်သူ အဖွဲ့ဝင်နိုင်ငံအဖြစ် အသိ အမှတ်ပြုထားသည်။ ထို့ပြင် ၁၉၉၄ ခုနှစ်၌ ယူကရိန်းသည် CIS စီးပွားရေးသမဂ္ဂတွင် မိတ်ဖက်အဖွဲ့ဝင်နိုင်ငံအဖြစ် ဝင်ရောက်ခဲ့သည်။

ထို့ကြောင့် ရုရှားက ယူကရိန်းကို CIS  ၏ အဖွဲ့ဝင်အဖြစ် စွဲစွဲမြဲမြဲ အသိအမှတ်ပြုကာ CIS အတွင်းရေးမှူးချုပ်ရုံးက အစည်းအဝေးတိုင်းအတွက် ယူကရိန်းသို့ ဖိတ်ကြားလွှာများပေးပို့သည်။ သို့သော် ယူကရိန်းသည် CIS ၏ အခန်းကဏ္ဍအပေါ် ကွဲပြားစွာ ခံယူနားလည်ပြီး CIS ၏ ရင်ကြားစေ့မှုနှင့် အစီအစဉ် များ၌ ခပ်ရှောင်ရှောင်နေခဲ့၏။

အဖြစ်မှန်မှာ ၂၀၁၃ ခုနှစ်၊ မေ ၁၈ ရက်၌ ထိုအချိန်က သမ္မတ ပီထရို ပိုရိုရှန်ကိုသည် CIS အဖွဲ့မှ ယူကရိန်း တရားဝင်နုတ်ထွက်ကြောင်း အမိန့်ဒီကရီကို လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်သည်။ ၂၀၁၄ ခုနှစ် နောက်ပိုင်းမှစ၍ ယူကရိန်းသည် CIS မှ တဖြည်းဖြည်း ဆုတ်ခွာလာခဲ့သည်။ ဥပဒေပြုအဖွဲ့အသီးသီးမှ ထွက်ခြင်း၊ ဘတ်ဂျက်အရ ထည့်ဝင်ရမည့် နှစ်စဉ်ကြေး မပေးခြင်း၊ CIS အဖွဲ့အတွင်း သဘောတူညီချက်၊ စာချုပ်မူကြမ်းနှင့် ဆုံးဖြတ်ချက် ၅၀ ကျော်ကို စွန့်လွှတ်ခဲ့ခြင်းတို့ တောက်လျှောက်လုပ်ကာ ဖယ်ခွာလာခဲ့သည်။

CIS နှင့် ပတ်သက်ဆက်နွှယ်မှုများကို ရပ်တန့်ခဲ့ရုံမျှမက နောက်ဆုံး ၂၀၁၈ ခုနှစ်၊ သြဂုတ်လအတွင်း ဘီလာရုစ်နိုင်ငံ၊ မင့်စ်မြို့ရှိ CIS ရုံးချုပ်မှ ယူကရိန်းကိုယ်စားလှယ်ရုံးခန်းကိုပါ ပိတ်ခဲ့၏။

CIS အနေနှင့် ပကတိအရှိတရားကို လက်ခံပြီး ယူကရိန်းပုစ္ဆာကို မည်သို့ ကိုင်တွယ် မည်နည်း။

ယနေ့ပေါက်ပေါက်လျက်ရှိသော ရုရှား -ယူကရိန်း အကျပ်အတည်းသည် ဤအရှုပ်အထွေးအပေါ် အခြေပြုသည်။ ထိုအခါ ကျွမ်းကျင်သူများက ထိုနှစ်နိုင်ငံ၏ ကွဲပြားခြားနားချက်များကို ခေတ်လယ်ကာလဆီ ပြန်လည် ခြေရာကောက်ကြည့်ကြသည်။

ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ဆိုဗီယက်၏ ကြွေးမြီများ၊ ရပိုင်ခွင့်များအပေါ်ငြင်းဆိုကြခြင်း၊ ယူကရိန်းနယ်မြေအတွင်း ရုရှားဘာသာစကားအနေအထား၊ ဆိုဗီယက်ခေတ် ပင်လယ်နက်ရေတပ်သင်္ဘောအစုနှင့် Sevastopol ရေတပ်အခြေစိုက်စခန်း၊ ခရိုင်း မီးယားနှင့်ပတ်သက်သောမေးခွန်းများ စသည်တို့မှာ CIS စတင်ဖွဲ့စည်းချိန်ကပင် ရုရှား နှင့် ယူကရိန်းအကြား “စလယ်ဝင် ဖင်မမည်း မီကပင်” အက်ရာများ ထင်စေခဲ့၏။

ယခုဖော်ပြခဲ့သော နားလည်မှုလွဲမှားခြင်းများက CIS အဖွဲ့ဝင်များအတွင်း မညီမမျှ ဖြစ်ကာ လုပ်ရကိုင်ရ ခက်ခဲလာစေခဲ့သည်။ ထိုနောက်ခံများကြားမှပင် ၁၉၉၇ ခုနှစ်၌ ရုရှားသည် မိတ်ဆွေရင်းချာ ချစ်ကြည်ရင်းနှီးမှု စာချုပ်တစ်ရပ်ကို ယူကရိန်းနှင့် လက်မှတ် ရေးထိုးခဲ့လေသည်။ စာချုပ်အရ ခရိုင်းမီးယားကျွန်းဆွယ်အပါအဝင် နှစ်နိုင်ငံ နယ်နိမိတ်များကို အသိအမှတ်ပြုကာ ပူးပေါင်းဆောင်ရွက်ခြင်း ပါဝင်သည်။

ရုရှား-ယူကရိန်း အကျပ်အတည်းများ ယခုအခြေအနေအထိ ရောက်ရှိလာစေခဲ့သော နောက်ထပ်အကြောင်းတစ်ခုမှာ ဗလာဒီမာပူတင် သြဇာတက်လာခြင်းနှင့် သက်ဆိုင်သည်။ တစ်ချိန်တည်း၌ပင် NATO သည် ယူကရိန်းကို အလိုလိုက်အကြိုက်ဆောင်ကာ အကွဲအပြဲများအကြား မီးလောင်ရာလေပင့် ပေးခဲ့သည်။

အတွင်းကြိတ်ပဋိပက္ခမှသည် လူသိရှင် ကြားကွဲလာကြသည်မှာ “လိမ္မော်ရောင်တော်လှန်ရေး”ဟု ခေါ်ဆိုကြသော ၂၀၀၄ ခုနှစ် သမ္မတရွေးကောက်ပွဲကာလအတွင်း ဖြစ်သည်။ ရုရှားလိုလားသူ ဗစ်တာယန်နူကိုဗစ်ထံမှ အာဏာလွှဲပြောင်းကာ အနောက်နိုင်ငံများ အလိုကျ ဗစ်တာယက်ချန်ကို သမ္မတဖြစ် လာခဲ့သည်။ ၂၀၀၆ နှင့် ၂၀၀၉ ခုနှစ်များတွင် ရုရှားသည် ယူကရိန်းသို့ပို့ဆောင်သော ဓာတ်ငွေ့သင်္ဘောများကို ရပ်ဆိုင်းခဲ့ပြီး ဥရောပသို့ ထောက်ပံ့မှုများကိုလည်း အလားတူ ဖြတ်တောက်ခဲ့သည်။

၂၀၀၈ ခုနှစ်တွင် အမေရိကန်သမ္မတ ဂျော့ဒဗလျူဘုရှ်က ယူကရိန်းကို NATO အဖွဲ့အတွင်း ဝင်ရောက်ရန် တွန်းအားပေးခဲ့သော်လည်း ဥရောပနိုင်ငံများက ထိုအစီအစဉ်ကို ကြိုတင်ဟန့်တားခဲ့ကြ၍ အပြီးမသတ်နိုင်ခဲ့ပါ။ သို့သော် ယူကရိန်းကို NATO က ထိုသို့ မျက်နှာသာပေးလိုက်ခြင်းက ကိယက်ဗ်ကို သွေးကြွလာစေပြီး ပူတင်၏ စိတ်ကူးအိပ်မက်ဖြစ်သော ရုရှား၊ ဘီလာရုစ်နှင့် ယူကရိန်း သုံးနိုင်ငံပြန်လည်ပေါင်းစည်းရေးကို မခန့်လေးစား လုပ်လာစေခဲ့သည်။

ပြည်တွင်းရေး၌ ယူကရိန်းနိုင်ငံအတွင်းမှ ရုရှားတို့က နိုင်ငံအနှံ့ မငြိမ်မသက် ဖြစ်အောင် အစပျိုးခဲ့ကြပြီး ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလတွင် ယန်နူကိုဗစ် ရုရှားသို့ ထွက်ပြေး ခဲ့ရ၏။ ထို့နောက် လစ်ဟာသွားသော ခေါင်း ဆောင်မှုကို အခွင့်ကောင်းယူကာ ၂၀၁၄ခုနှစ် မတ်လတွင် ရုရှားက ခရိုင်းမီးယားကို ဝင် ရောက်သိမ်းပိုက်ခဲ့လေသည်။ ထိုအခါ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းရှိ ရုရှားစကားပြော လူမျိုးစုများနေထိုင်ရာ ဒွန်ဘတ်နယ်မြေသည် ကိယက်ဗ်ကို ဆန့်ကျင်ပြီး ဒိုးနက်စ်နှင့် လူဟန့် ပြည်သူ့ သမ္မတနိုင်ငံများ ထူထောင်ကြောင်း ကြေညာခဲ့ကြသည်။

သဘောထားပြင်းထန်ပြီး အန္တရာယ်ကျလောက်လုဆဲဆဲ အခြေအနေမှ ဤ ပဋိပက္ခများကို ၂၀၁၅ ခု၊ မတ်လ မင့်စ် သဘောတူညီချက်အရ ကယ်တင်နိုင်ခဲ့သည်။ ထိုစာချုပ်အရ ယူကရိန်းသည် သမ္မတနိုင်ငံဟု ထူ ထောင်ထားသော နယ်မြေများအား ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးခဲ့၏။ သို့သော်လည်း ယူကရိန်းနိုင်ငံအတွင်းရှိ မျိုးချစ်အုပ်စုများနှင့် အနောက်နိုင်ငံများ၏ NATO အဖွဲ့ဝင်အဖြစ် ဆွဲဆောင်မှုများက သဘောတူစာချုပ်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမပြု နိုင်အောင် နှောင့်ယှက်ခဲ့ကြ၏။ ထို့ကြောင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအတွင်း ပါရီ၌ ကျင်းပခဲ့သော ရုရှား-ယူကရိန်း ဆွေးနွေးပွဲများမှာ ထွက်ပေါက်ပိတ်နေခဲ့သည်။

ဤကာလအတွင်း ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လင်စကီးသည် NATO နှင့် ဆက်ဆံရေးကို တစ်စထက်တစ်စ ခိုင်မာလာစေရန် တည်ဆောက်ခဲ့သည့်အတွက် ပစ္စက္ခ အခြေအနေတွင် ရုရှားတပ်များ ယူကရိန်းနယ် စပ်အနီးအလုံးအရင်းဖြင့် တပ်ဖြန့်သော အခြေအနေသို့ ရောက်ရှိသွားစေသည်။

 

CIS ၏ အခန်းကဏ္ဍ

ယခုဆိုလျှင် ရုရှားဦးဆောင်သော အဖွဲ့ဝင်ကိုးနိုင်ငံပါဝင်သည့် လွတ်လပ်သော ဓနသဟာယနိုင်ငံများ၏ အခန်းကဏ္ဍကို ပိုမို နားလည်လာပါလိမ့်မည်။

ပူတင်သည် ကပ်ရောဂါကာလအလွန် စီးပွားရေးအခြေအနေကို မျှော်တွေးကာ ရုရှား၏ သဘာဝဓာတ်ငွေ့အပေါ် မှီခိုနေရသော NATO အဖွဲ့အတွင်းမှ ဥရောပနိုင်ငံများကို သတိကြီးစွာထားပြီး ချဉ်းကပ်လျက်ရှိသည်။ ထို့ကြောင့် ယူကရိန်းပြည်တွင်း ဝင်ရောက်စွက်ဖက်မှုများအတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြောဆိုလိုခြင်း ဖြစ်သည်။

ပူတင်သည် တရုတ်၊ အိန္ဒိယခေါင်းဆောင်များနှင့် ထိပ်သီးအစည်းအဝေးများ မကြာမီက ကျင်းပခဲ့ပြီး ရုရှား၏ စွမ်းအင် ရောင်းချနိုင်မည့် အနာဂတ်ဖောက်သည်များ ရရှိလာသည်။ တစ်ဖန် ယူကရိန်းသည်လည်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်၌ စာချုပ် သက်တမ်းစေ့သွားတော့မည့် ရုရှား၏ သဘာဝဓာတ်ငွေ့ လွှဲပြောင်းမှုကို သက်တမ်းတိုးနိုင်ရေး ဆွေးနွေးလိုပါသည်။ ရုရှားဘက်ကမူ ဓာတ်ငွေ့များ ရောင်းချပံ့ပိုးခြင်းမှာ သက်ဆိုင် ရာနိုင်ငံတစ်နိုင်ငံချင်း၏ “ခု စာကလေးကြော်၊ ခု ဆီထမင်း” ပြောင်းလွယ်ပြင်လွယ် သဘောထားများပေါ်တွင်သာ မူတည်နေကြောင်း ခပ်ချေချေ ဆိုပါသည်။

ထို့ကြောင့် ယခုရက်ပိုင်းအတွင်း သမ္မတ ပူတင် ဆက်တိုက်လှုပ်ရှားခဲ့သော တရုတ်၊ အိန္ဒိယခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲများ၊ လွတ်လပ်သော ဓနသဟာယနိုင်ငံ ခေါင်းဆောင်များနှင့် တွေ့ဆုံခြင်းတို့က အနောက်အုပ်စု၏ ယူကရိန်းဆိုင်ရာ ခြေလှမ်းများအပေါ် ပူတင်က ချက်ကျလက်ကျပြန်လည်တုံ့ပြန်လိုက်ခြင်း ဖြစ်ပါသည်။ ယူကရိန်း ကိုယ်တိုင်ပင်လျှင် သူ့အကျိုးစီးပွားများပါ နစ်နာသွားစေနိုင်သော ရုရှားနှင့်ဆက်သွယ် ထားသည့် ချစ်ကြည်ရေးတံတားများကို ချိုးဖျက်ရန်ဝံ့စားမှု ရှိမရှိကို စောင့်ကြည့်ရပါဦးမည်။