ဝေဖန်ပိုင်းခြားခြင်း

ဝေဖန်ပိုင်းခြားခြင်း
Published 7 January 2022

“ပညာရေးဆိုတာ အချက်အလက်တွေကို လေ့လာမှတ်သားခြင်း မဟုတ်ဘူး။ စိတ်ကို တွေးခေါ်စဉ်းစားတတ်အောင် လေ့ကျင့်ပေးခြင်း ဖြစ်တယ်။”

အယ်လ်ဘတ်အိုင်းစတိုင်း (၁၈၇၉ - ၁၉၅၅)

သဘောတရားရေးရာ ရူပဗေဒပညာရှင်

 

ဝေဖန်ပိုင်းခြားခြင်းသည် ကောက်ချက်တစ်ရပ် ဖွဲ့စည်းရန်အတွက် အချက်အလက်များကို သုံးသပ်စစ်ဆေးခြင်း ဖြစ်သည်။ သို့သော် “ဝေဖန်ပိုင်းခြားခြင်း”ဟူသည့် အကြောင်း အရာသည် ရှုပ်ထွေးပြီး ကွဲပြားခြားနားသော အဓိပ္ပာယ်သတ်မှတ်ချက်များစွာ ရှိသည်။ ယေဘုယျသဘောအရ ဝေဖန်ပိုင်းခြားခြင်း၌ အချက်အလက် အထောက်အထားများနှင့် ပတ်သက်၍ ကျိုးကြောင်းဆီလျော်သော၊  သံသယထားရှိသော၊ ဘက်မလိုက်သော သုံး သပ်မှု သို့မဟုတ် အကဲဖြတ်မှု ပါဝင်သည်။ ဝေဖန်ပိုင်းခြားခြင်းသည် မိမိဘာသာ ညွှန်ကြားသော၊ မိမိဘာသာ စည်းမျဉ်းချမှတ်သော၊ မိမိဘာသာ ကြီးကြပ်သော၊ မိမိဘာသာ အမှားပြင်ဆင်သော တွေးခေါ်မှုလုပ်ငန်းစဉ် ဖြစ်သည်။ အကောင်းဆုံးဖြစ်မှုနှင့် ပတ်သက်သောတင်းကျပ်သည့် စံနှုန်းများ၊ ယင်းစံနှုန်းများကို အသုံးပြုမှုနှင့် ပတ်သက်၍ သတိကြီးသော ကြီးကြပ်ထိန်းချုပ်မှုများတို့နှင့် ကိုက်ညီရန် တင်ကူးကြံဆထားချက်များ ရှိသည်။ ဝေဖန်ပိုင်းခြားခြင်းသည် ထိရောက်သော ဆက်ဆံရေးနှင့် ပြဿနာ ဖြေရှင်းနိုင်စွမ်းတို့နှင့် အကျုံးဝင်သည့်အပြင် မိမိကိုယ်ကိုယ်သာ ဗဟိုပြုသော ဇာတိစိတ်နှင့် လူမှုရေးဗဟိုပြုစိတ်တို့အား ကျော်လွှားနိုင်စေသည်။ ဝေဖန်ပိုင်းခြားခြင်း ရှိသူသည် အနေအထားတစ်ရပ်ကို ရွေးချယ် လက်ခံရန်အတွက် ကျိုးကြောင်းဆီလျော်သော အကြောင်းတရားများကို တင်ပြနိုင်ပြီး အဆိုပြုထားသော မှားယွင်းသည့် အကြောင်းတရားများကို မမှန်ကန်ကြောင်း ဖွင့်ချပြနိုင်သည်။

ဝေဖန်ပိုင်းခြားခြင်းတွင် ပါဝင်သည့် အဓိကကျွမ်းကျင်မှုများကို ယခုကဲ့သို့ သတ်မှတ်ထားသည်။ (၁) စိစစ်ခြင်း - တစ်စုံတစ်ရာကို စစ်ဆေးစမ်းသပ်ပြီး အဓိပ္ပာယ်ကိုလည်းကောင်း၊ မည်သည်ကို ကိုယ်စားပြုသည်ကိုလည်းကောင်း သုံးသပ်နိုင်စွမ်းကို ဆိုလိုသည်။ (၂) အလွယ်တကူ နားလည်အောင် ရှင်းလင်းနိုင်ခြင်း - အချက်အလက်များကို ပြန်လည် ဖော်ပြနိုင်ရုံသာမက နားလည်ရလွယ်ကူသော နည်းလမ်းဖြင့် ဖော်ပြနိုင်ခြင်း ဖြစ်သည်။ (၃) အကဲဖြတ်ခြင်း - စိတ်ကူးထည်တစ်ခု၏ ခိုင်မာမှုကို ဆုံးဖြတ်နိုင်စွမ်း ဖြစ်သည်။ (၄) ရှင်းပြခြင်း - ဖော်ပြထားသည့် အချက်အလက်ကို ရှင်းလင်းအောင် ပြုလုပ်နိုင်သည့်အပြင် ယင်းအချက်အလက်ထဲသို့ ကိုယ်ပိုင်အမြင်ကိုပင်လျှင် ပေါင်းထည့်နိုင်စွမ်း ဖြစ်သည်။ (၅) ကောက်ချက်ချခြင်း - ပေးထားသည့် အချက်အလက်အပေါ် အခြေခံလျက် ကောက်ချက်များ ဆွဲယူနိုင်စွမ်း ဖြစ်သည်။ (၆) ဖွင့်ဆိုပြခြင်း - ယင်းသည် အချက်အလက်များနှင့် ပတ်သက်၍ နားလည်နိုင်စွမ်း ဖြစ်သည်။ သက်ဆိုင်ရာ ပရိသတ်အတွက် အချက်များ၏ အဓိပ္ပာယ်ကို ပုံစံတစ်ရပ်အတွင်း ဆက်သွယ်ပြောဆိုနိုင်စွမ်း ဖြစ်သည်။ (၇) ဆုံးဖြတ်ချက်ချခြင်း - အကဲဖြတ်ခြင်းကဲ့သို့ပင် ဆုံးဖြတ်ချက်ချခြင်းသည် စိတ်ကူးထည်တစ်ရပ် သို့မဟုတ် အချက်အလက် အစိတ်အပိုင်းတစ်ရပ်နှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်နိုင်စွမ်း ဖြစ်သည်။ (၈) ဓမ္မဓိဋ္ဌာန်ကျခြင်း - စိတ်ကူးထည်ကို ဘက်လိုက်မှုများမပါဘဲ မျှတစွာ အကဲဖြတ်နိုင်စွမ်း ဖြစ်သည်။ (၉) ပြဿနာကို ဖြေရှင်းခြင်း - အရေးပါသော ကျွမ်းကျင်မှုတစ်ရပ်ဖြစ်ပြီး ပြဿနာတစ်ရပ်ကို စိစစ်ခြင်း၊ ဖြေရှင်းမှုတစ်ရပ်ကို ဖော်ထုတ်ခြင်းနှင့် အကောင်အထည်ဖော်ခြင်းတို့အပြင် အစီအစဉ်ကို အသုံးပြုနိုင်ခြင်း ပါဝင်သည်။ (၁၀) ဆင်ခြင်ခြင်း - မေးခွန်းတစ်ရပ် သို့မဟုတ် ပြဿနာတစ်ရပ်နှင့် ပတ်သက်၍ ယုတ္တိဗေဒ နည်းကျ တွေး ခေါ်နိုင်စွမ်းဖြစ်သည်။

အမှန်တကယ်၌ ဝေဖန်ပိုင်းခြားခြင်းသည် မည်သည့် အလုပ်အကိုင်မဆိုအတွက် သာမက နေ့စဉ်ဘဝ၌ ရင်ဆိုင် တွေ့ကြုံရမှုများအတွက်ပါ မရှိမဖြစ်လိုအပ်သော ကျွမ်းကျင်မှုဖြစ်သည်။ ထို့ကြောင့် လူတိုင်းအနေဖြင့် ငယ်စဉ်မှစ၍ ဘဝတစ်လျှောက်လုံး ဝေဖန်ပိုင်းခြားနိုင်စွမ်းကို ဓားကောင်းတစ်လက်ကဲ့သို့ ထက်မြက်အောင် အမြဲမပြတ် သွေးယူနေရမည် ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဇန်နဝါရီ ၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်