ဆင်းရဲနွမ်းပါးမှု၊ ပညာမတတ်မြောက်မှုနှင့် ဖိုဝါဒီကြီးစိုးသည့် အစဉ်အလာရှိနေသော အာဖဂန်နစ္စတန်တွင် ဖာတီမာကဲ့သို့ အတိဒုက္ခရောက်နေသည့် အမျိုးသမီးများ သန်းနှင့်ချီ ရှိနေသည်။
ကုလသမဂ္ဂ၏အဆိုအရ အာဖဂန်အမျိုးသမီး ၈၇ ရာခိုင်နှုန်းသည် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ သို့တည်းမဟုတ် လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်ခံနေရသည်ဟု သိရသည်။
သို့ရာတွင် လူဦးရေ ၃၈ သန်းရှိသည့် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာပြန်လည်မရရှိမီကပင် နှိပ်စက်ညှဉ်းပန်းခံ အမျိုးသမီးများကို စောင့်ရှောက်ပေးသည့် ဂေဟာအရေအတွက်မှာ ၂၄ ခုသာရှိသကဲ့သို့ ၎င်းဂေဟာအားလုံးနီးပါးကို နိုင်ငံတကာက ငွေကြေးထောက်ပံ့ပေးထားခြင်းဖြစ်သည်။ အာဖဂန်ပြည်သူအများအပြားကလည်း အဆိုပါဂေဟာများနှင့်ပတ်သက်ပြီး ဘဝင်မကျလှပေ။
အစမှပင် ပြန်စရတော့မည်
တာလီဘန်တို့လက်အောက်သို့ အာဖဂန်မကျရောက်မီ ကာလအတော်ကြာကတည်းကပင် စောင့်ရှောက်ရေးဂေဟာများကို စီမံလုပ်ကိုင်နေသည့် NGO အဖွဲ့အစည်းအချို့သည်လည်း ၎င်းတို့၏အလုပ်များကို အရှိန်မြှင့်ခဲ့သည်။
အာဖဂန်မှ အမေရိကန်တပ်ဖွဲ့ဝင်များ မထွက်ခွာမီမတည်ငြိမ်သော ပြည်နယ်များရှိ စောင့်ရှောက်ရေးဂေဟာများတွင် ခိုလှုံနေသည့် အမျိုးသမီးများကို နေရာရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်ပေးခဲ့ကြောင်း NGO အဖွဲ့အစည်းတစ်ခု၏ ဒါရိုက်တာဖြစ်သူက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
အမျိုးသမီးအချို့ကို အငြိုးကြီးသော ယောက္ခမများ၏ရန်မူခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရန်အလို့ငှာ ၎င်းတို့၏ဆွေမျိုးသားချင်းများထံ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး အချို့ကိုမူ ပိုမိုစည်ကားသော ပြည်နယ်မြို့တော်များရှိ စောင့်ရှောက်ရေးဂေဟာများသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။
တာလီဘန်တို့က အပြင်းအထန်ထိုးစစ်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်လာပြီးနောက် စိုးရိမ်ဖွယ်အခြေအနေဖြစ်လာချိန်တွင် အမျိုးသမီး ၁၀၀ ခန့်ကို မြို့တော် ကဘူးသို့ ပို့ဆောင်ပေးခဲ့သည့်တိုင် ကဘူးမြို့သည်လည်း တာလီဘန်တို့လက်သို့ ကျရောက်သွားခဲ့သည်။
“ကျွန်မတို့တွေ အစကနေ ပြန်စရပါလိမ့်မယ်” ဟုလည်း အမည်နှင့် အဖွဲ့အစည်းအမည် ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိသည့် ၎င်းဒါရိုက်တာက ပြောသည်။ တစ်ချိန်တည်းတွင် အစိုးရသစ်လက်ထက်၌ မည်သို့မည်ပုံလည် ပတ်သွားမည်ဆိုသည်ကို နည်းလမ်းရှာဖွေနေသည်ဟု ၎င်းက ပြောကြားခဲ့သည်။ ကိုရန်ကျမ်းစာအတိုင်း တိတိကျကျပြဋ္ဌာန်းကာ အုပ်ချုပ်သွားမည်ဖြစ်ကြောင်းနှင့် အမျိုးသမီးများအတွက် အခွင့်အရေးများနှင့် ကာကွယ်စောင့်ရှောက်မှုများပေးသွားမည်ဟု တာလီဘန်တို့က အခိုင်အမာပြောဆိုထား သည်။ တာလီဘန်တို့က ယင်းကဲ့သို့ ပြောဆိုထားသော်လည်း ပကတိအခြေအနေနှင့် အလွန်ကွာခြားလျက်ရှိပြီး အမျိုးသမီးများသည် လူမြင်ကွင်းမှ တဖြည်းဖြည်း ပထုတ်ခံနေရသည်။
အာဖဂန်တွင် မိန်းကလေးငယ်များအတွက် အလယ်တန်းကျောင်းအများစုကို ပိတ်ထားဆဲဖြစ်ပြီး အမျိုးသမီးများကိုလည်း အထူးသတ်မှတ်ထားသည့်နေရာများမှလွဲ၍ အစိုးရအလုပ်များ လုပ်ကိုင်ခွင့်ကို ပိတ်ပင်ထားသည်။ မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်သစ်များအရ အမျိုးသမီးများအနေဖြင့် ဆွေမျိုးတော်စပ်သည့် အမျိုးသားတစ်ဦး အဖော်လိုက်ပါလာခြင်းမရှိလျှင် ခရီးဝေးသွားလာခြင်းများ ပြုလုပ်နိုင်တော့မည်မဟုတ်ပေ။
သို့ရာတွင် အာဖဂန်အမျိုးသမီးများအတွက် မှိန်ပျပျမျှော်လင့်ချက်အလင်းရောင်အချို့ ရှိနေသေးသည်။
ယခုလအစောပိုင်းတွင် ဥသျှောင်ခေါင်းဆောင် ဟီဘာတူလာအာခန်ဇာဒါက အတင်းအကျပ်အိမ်ထောင်ပြုစေသည့်လုပ်ရပ်များကို ရှုတ်ချခဲ့ပြီး တာလီဘန်တို့၏ ကုလသမဂ္ဂဆိုင်ရာသံအမတ်ဖြစ်လာမည့် ဆူဟာလီရှာဟင်ကလည်း အမျိုးသမီးများအနေဖြင့် အကြမ်းဖက်ခံရပါက ရုံးတော်သို့ သွားရောက်တိုင်ကြားနိုင်သည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(Amnesty International) အား ပြောကြားခဲ့သည်။
တာလီဘန်အစိုးရအနေဖြင့် အာဖဂန်ရှိစောင့်ရှောက်ရေးဂေဟာများ၏ အနာဂတ်နှင့်ပတ်သက်၍ တရားဝင်ပြောကြားမှု တစ်စုံတစ်ရာမရှိသေးသော်လည်း ၎င်းဂေဟာများသည် တာလီဘန်တို့၏ စက်ကွင်းမှ မလွတ်နိုင်ခဲ့ပေ။
တာလီဘန် တိုက်ခိုက်ရေးသမားများနှင့် တာဝန်ရှိသူများသည် ဖာတီမာနှင့် အခြားအမျိုးသမီး ၂၀ ခန့် နေထိုင်လျက်ရှိသည့် ဂေဟာတစ်ခုသို့ တစ်ကြိမ်မက လာရောက်ခဲ့သည်ဟု ဂေဟာဝန်ထမ်းများက ဆိုသည်။
“သူတို့တွေ ဂေဟာထဲက အခန်းတွေကို ဝင်ရှာကြည့်ပြီး အမျိုးသားတွေ ရှိ မရှိ လာစစ်ဆေးခဲ့ပါတယ်” ဟု ဂေဟာဝန်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။ ၎င်းဂေဟာသည် အမျိုးသမီးများအတွက် လုံခြုံမှုမရှိကြောင်းနှင့် မိမိအိမ်မိမိနေခြင်းကသာ လုံခြုံကြောင်း တာလီဘန်တို့က ပြောကြားခဲ့သည်ဟုလည်း နောက်ထပ်ဝန်ထမ်းတစ်ဦးက ပြောသည်။
သို့ရာတွင် မိမိတို့မျှော်လင့်ထားသည်ထက် အများကြီးအခြေအနေပိုကောင်းခဲ့သည်ဟု ပထမဂေဟာဝန်ထမ်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
လိမ်ညာသည်ဟုပင် စွပ်စွဲခံခဲ့ရ
တာလီဘန်တို့ လက်အောက်သို့ မကျရောက်မီကပင် နှိပ်စက်ကလူ ပြုတတ်သော အိမ်ထောင်စုများတွင် နေထိုင်နေရသည့် အမျိုးသမီးအများအပြားသည် အားကိုးအားထားပြုစရာ အလွန်နည်းပါးခဲ့သည်။
ယောက္ခထီးဖြစ်သူက အသက်အန္တရာယ်ခြိမ်းခြောက်နေမှုကြောင့် အကြံဉာဏ်တောင်းခံရန်အလို့ငှာ တာလီဘန်တို့က ပိတ်ထားခဲ့သည့် အမျိုးသမီးရေးရာဝန်ကြီးဌာနသို့ ဆက်သွယ်ခဲ့သော်လည်း ၎င်းတို့က နားထောင်မပေးခဲ့ဘဲ ယင်းအခြေအနေမှာ ဆိုးဆိုးဝါးဝါးမဟုတ်ဟုသာ ပြန်ပြောခဲ့ကြောင်း ဇာကီယာဟုအမည်ရသော အမျိုးသမီးက ထုတ်ဖော်ပြောဆိုခဲ့သည်။ ၎င်းသည် ဖခင်အရင်း၏ ဂရုတစိုက်စောင့်ရှောက်မှုကိုပင် မရရှိခဲ့ပေ။
လွန်ခဲ့သည့် ခုနစ်နှစ်က ဦးလေးဖြစ်သူ၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် ညီမငယ်နှင့်အတူ ထွက်ပြေးခဲ့သည့် မီနာဟု အမည်ရသော မိန်းကလေးငယ်တစ်ဦးသည်လည်း အလားတူ တုံ့ပြန်မှုမျိုးနှင့် ရင်ဆိုင်ခဲ့ရသည်။ အဆိုပါဝန်ကြီးဌာနက မိမိကို လိမ်ညာနေသည်ဟုပင် စွပ်စွဲခဲ့သည်ဟု ၎င်းက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။
စောင့်ရှောက်ရေးဂေဟာများတွင် ခိုလှုံနေသည့် အမျိုးသမီးများသာမက ဂေဟာဝန်ထမ်းများသည်လည်း အကြမ်းဖက်မှုနှင့် အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများနှင့် ရင်ဆိုင်နေရသည်ဟု အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ဆိုသည်။
၎င်းတို့၏အိမ်များမှ ထွက်ပြေးသွားသော အမျိုးသမီးများကို လိုက်လံရှာဖွေနေသည့် သူတို့ကိုယ်သူတို့ တာလီဘန်ဟုဆိုသော အမျိုးသားများ၏ ဖုန်းဆက်ပြီး ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည်ဟု ဂေဟာဝန်ထမ်းအချို့က ပြောကြားခဲ့သည်။
အာဖဂန်တွင် စီးပွားရေး ပြိုလဲလုနီးပါးဖြစ်နေကာ အလုပ်လက်မဲ့ဖြစ်ပွားမှု၊ ငွေသား လည်ပတ်စီးဆင်းမှုအကျပ်အတည်းနှင့် ငတ်မွတ်မှုပြဿနာ ပိုကြီးထွားလာသည့်အတွက် ညှဉ်းပန်းနှိပ်စက်မှုများ မြင့်တက်လာဖွယ်ရှိနေသည်။
“စီးပွားရေးအခြေအနေ ပိုဆိုးရွားလာချိန်မှာ အမျိုးသားတွေ အလုပ်လက်မဲ့ဖြစ်လာတဲ့အတွက် အကြမ်းဖက်မှုဖြစ်စဉ်တွေ မြင့်တက်လာခဲ့တယ်” ဟု စောင့်ရှောက်ရေးဂေဟာဝန်ထမ်းတစ်ဦးက ပြောဆိုခဲ့သည်။
“အခြေအနေတွေ ပိုဆိုးရွားလာပုံရပြီး လုပ်ငန်းတွေလည်း ထိခိုက်လာခဲ့တယ်” ဟု ကုလသမဂ္ဂ၏ အာဖဂန်အမျိုးသမီးများဆိုင်ရာ ယာယီကိုယ်စားလှယ် အလီဆန်ဒေဗီဒီယန်က ပြောကြားသည်။
အာဖဂန်အမျိုးသမီးများ၏ အခွင့်အရေးများအတွက် ဦးဆောင်လှုပ်ရှားခဲ့သူတစ်ဦးဖြစ်သည့် မာဘူဘာဆီရက်ဂျ်အမည်ရ အမျိုးသမီးသည်လည်း စောင့်ရှောက်ရေးဂေဟာတစ်ခုကို ဖွင့်လှစ်ခဲ့သည်။
၎င်းဂေဟာသည် တာလီဘန်တို့၏ ဝင်ရောက်စစ်ဆေးခြင်းခံခဲ့ရသော်လည်း ဆက်လက်ဖွင့်နိုင်သေးသည့် အနည်းငယ်သောဂေဟာများထဲမှ တစ်ခုဖြစ်သည်။ သို့ရာတွင် အိမ်တွင်းအကြမ်းဖက်မှုခံနေရသော်လည်း ခိုကိုးစရာနေရာမရှိသဖြင့် ထွက်ပေါက်ပိတ်နေသည့် အမျိုးသမီးများအတွက် မာဘူဘာက စိုးရိမ်ပူပန်လျက်ရှိသည်။
လက်ရှိတွင် ဇာကီယာဟု အမည်ရသော အမျိုးသမီးအဖို့ ခိုကိုးစရာနေရာရှိနေပြီဖြစ်သော်လည်း ၎င်းအခွင့်အရေးကို မည်သည့်အချိန်ထိ ရရှိပိုင်ဆိုင်နိုင်မည်ဆိုသည်ကို မည်သူမျှ မသိနိုင်ပေ။
Ref: AFP