အိုမီခရွန်မျိုးကွဲဗိုင်းရပ်စ်မှသည် အင်္ဂါဂြိုဟ်ပေါ်တွင် ပျံသန်းသော ရဟတ်ယာဉ်၊ ထိုမှသည် အယ်ဇိုင်းမားဆေး အတည်ပြုမှုကြောင့် ဖြစ်ပေါ်လာသောပြဿနာအထိ ၂၀၂၁ ခုနှစ်အတွင်း သိပ္ပံနှင့် သုတေသနနယ်ပယ်မှ ထူးခြားသော အဖြစ်အပျက်များကို ဖော်ပြလိုက်ပါသည်။
■ ကာကွယ်ဆေး၏ ကာကွယ်နိုင်မှုကို ခြိမ်းခြောက်နေသော ကိုရိုနာဗိုင်းရပ်မျိုးကွဲများ
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် ၂၀၂၀ ပြည့်နှစ် နှောင်းပိုင်းနှင့် ၂၀၂၁ ခုနှစ် အစောပိုင်းတို့တွင် ပေါ်ထွက်လာခဲ့သော မျိုးကွဲဗိုင်းရပ်စ်များကို အဓိက ကာကွယ်ပေးခဲ့သည်။ အဆိုပါမျိုးကွဲဗိုင်းရပ်စ်များကို အယ်ဖာ၊ ဘီတာနှင့် ဂမ္မာဟု နာမည်များပေးခဲ့သည်။ ထို့နောက်တွင် ဒယ်တာမျိုးကွဲပေါ်လာသည်။ ၂၀၂၁ ခုနှစ် မတ်လတွင် ဒယ်တာသည် အိန္ဒိယတွင် ကြောက်ခမန်းလိလိ ကူးစက်မှုများကို ဖြစ်ပေါ်စေခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများသည် ယေဘုယျအားဖြင့် ဒယ်တာဗိုင်းရပ်စ် ကူးစက်ခံရသူများ ဆိုးဆိုးရွားရွားဖြစ်မသွားစေရန် အကာအကွယ်ပေးခဲ့သည်။ သို့ရာတွင် အဆိုပါကာကွယ်ဆေးများသည် အခြားသောမျိုးကွဲများ ထက် ဒယ်တာကို ကာကွယ်ရာတွင် အကာအကွယ်ပေးမှု ပိုမိုလျော့နည်းခဲ့သည်ကို တွေ့ရသည်။ နိုဝင်ဘာလ နှောင်းပိုင်းတွင် ဒယ်တာကဲ့သို့မျိုးကွဲ တစ်ခု ထပ်မံပေါ်လာခဲ့သည်။ အိုမီခ ရွန်ပေါ်လာခြင်းဖြစ်သည်။ နောက်ဆုံးထွက်ပေါ်လာသော အိုမီခရွန်သည် ကာကွယ်ဆေးမတိုးသော မျိုး ကွဲဖြစ်သည်ဟု အစောပိုင်း ရရှိခဲ့ သော အချက်အလက်များအရ သိရသော်လည်း နောက်တိုးကာကွယ် ဆေးများ ထပ်မံထိုးနှံခြင်းက အိုမီခရွန်ကို ကာကွယ်ရာတွင် တိုးတက်မှုရှိ ကြောင်းတွေ့ရသည်။
■ ဂြိုဟ်၏ပန်းတိုင် အင်္ဂါဂြိုဟ်
နာဆာ၏ Preseverance စူးစမ်းရေးယာဉ်သည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်္ဂါဂြိုဟ် ပေါ် ဆင်းသက်ခဲ့ရာ အင်္ဂါဂြိုဟ်စူး စမ်းရေးခေတ်သစ်ကို အစပြုခဲ့ သည်။ ဂြိုဟ်မျက်နှာပြင်ကို ဆင်းသက်ခဲ့ပြီးနောက် Preseverance သည် အသေးစားရဟတ်ယာဉ်ကို ချပေးခဲ့သည်။ ထိုရဟတ်ယာဉ်လေးသည် အခြားကမ္ဘာတွင် ထိန်းချုပ် မောင်းနှင်သော ပထမဆုံး ရဟတ်ယာဉ်ဖြစ်လာခဲ့သည်။
■ ရူပဗေဒကို ကြီးကြီးမားမားပြောင်းလဲပေးမည့် မြူဝမ်အမှုန် (Muon) တွေ့ရှိမှု
အမေရိကန်နိုင်ငံ၊ အီလီနွိုက် ပြည်နယ်၊ ချီကာဂိုမြို့အနီးရှိ Fermi National Accelerator Laboratory ၌ Moun g-2 စမ်းသပ်ရာတွင် ပါဝင်ခဲ့ကြသော သုတေသီများက ဧပြီ ၇ ရက်တွင် အွန်လိုင်းမှ ရှင်းလင်းတင် ပြရာ၌ မြူဝမ်အမှုန်သည် မူလခန့် မှန်းထားသည်ထက် သံလိုက်သတ္တိ ပိုများနေသည်ကို တွေ့ရကြောင်း ပြောကြားခဲ့ကြသည်။ မြူဝမ်အမှုန်သည် ကြီးမားသည်၊ တည်ငြိမ်မှုမရှိ၊ အီလက်ထရွန်နှင့်ဆင်တူသော အ မှုန်ဖြစ်သည်ဟု သုတေသီများက ရှင်းလင်းပြောကြားခဲ့ကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်များတွင် အစောပိုင်း အလားတူစမ်းသပ်ချက်အရ မြူဝမ်အမှုန်များသည် ရူပဗေဒပညာရှင်များ၏ တွက်ချက်မှုများတွင် ဖော် ပြထားသောနည်းအတိုင်း ပြုမူပုံမရ ဆိုသည်ကို အရိပ်အမြွှက်တွေ့ရှိခဲ့သည်။ အဆိုပါတွက်နည်းသည် အ မှုန်ရူပဗေဒ၏ စံပုံစံကို အခြေခံထားသော တွက်နည်းဖြစ်သည်။ အမှုန်တွက်နည်း မှန်ကန်နေကာ သီအိုရီ နှင့် စမ်းသပ်ချက်ရလဒ်များအကြား ခြားနားချက်များ ဆက်လက်ရှိနေမည်ဆိုပါက ယင်းသည် လွန်ခဲ့သော နှစ် ၅၀ တွင် အမှုန်ရူပဗေဒတွက် နည်းပေါ်လာခဲ့ပြီးနောက်ပိုင်း စံပုံစံက လေ့လာတွေ့ရှိချက်များကို တွက် ထုတ်ပေးနိုင်ခြင်းမရှိဆိုသည်မှာ ပထမဆုံး ဖြစ်လာနိုင်စရာရှိသည်။
■ ပြဿနာပေါ်စေခဲ့သည့် အယ်ဇိုင်းမားဆေး
အမေရိကန်အစားအစာနှင့် ဆေးဝါးကွပ်ကဲရေးဌာန (FDA) က ၁၈ နှစ်အတွင်း အယ်ဇိုင်းမားရောဂါအတွက် ပထမဆုံးဆေးသစ်ကို အတည်ပြုပေးခဲ့ရာ အယ်ဇိုင်းမားရောဂါ ဆိုးဆိုးရွားရွားခံစားနေရသူများကို စိတ်လှုပ်ရှားစရာဖြစ်စေခဲ့သော်လည်း သုတေသီအချို့ကို ဒေါသထွက်စေ ခဲ့သည်။ ဆေးထုတ်လုပ်ရာ ကုမ္ပဏီမှာ မက်ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ချ်ရှိ ဇီဝနည်းပညာ ကုမ္ပဏီ Biogen ဖြစ်သည်။ ပဋိဇီဝ ဆေးသည် ဦးနှောက်မှထွက်လာသော amyloid-β ပရိုတင်း (အယ်ဇိုင်းမားရောဂါရှင်များ၏ ဦးနှောက် တွင်တွေ့ရသော အမ်းမလွိုက် အပေါ်ယံအပြားလွှာ) စုခဲနေခြင်းများကို ရှင်းလင်းပေးနိုင်ကြောင်း Biogen ကုမ္ပဏီက သက်သေပြခဲ့သော်လည်း လက်တွေ့စမ်းသပ်မှုများတွင် သိသာထင်ရှားသော အကျိုးကျေးဇူး များရှိကြောင်း ပြသခဲ့ခြင်း မရှိပေ။
■ မျိုးဗီဇကို တည်းဖြတ်ပေးသော CRISPR
CRISPR စက်ပေါ်လာသည့် အခါ ၎င်းသည် ရောဂါများကုသရေးအတွက် အခြေအနေကို လုံးလုံးလျား လျားပြောင်းလဲပေးမည့်အရာအဖြစ် အမွှမ်းတင်ခံရသည်။ ရောဂါအများအပြားကို လက်တွေ့ကုသရေး အိပ်မက် အကောင်အထည် ပေါ်လာအောင် လုပ်ဆောင်ရာတွင် သုတေသီများအနေဖြင့် CRISPR –Cas9 စက်ကို လူ့ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ထည့်ပေးရန်လိုအပ်မည်ဖြစ်ကာ စက်က ပစ်မှတ်ထားသော မျိုး ဗီဇများကိုသာလျှင် ဘေးကင်းထိရောက်စွာ တည်းဖြတ်ပေးရေးကိုလည်း သက်သေပြရန် လိုအပ်လာသည်။ စက်၏ လုပ်ဆောင်နိုင်စွမ်းကို ဖော်ပြထားသည့် စမ်းသပ်ချက်ရလဒ်များကို ဇွန်လ ၆ ရက်တွင် မက် ဆာချူးဆက်ပြည်နယ်၊ ကိန်းဘရစ်ချ် ရှိ Intelliua Therapeutics နှင့် နယူးယောက်ပြည်နယ်၊ တာရင်တောင်း မြို့ရှိ Regeneron တို့က ထုတ်ပြန်ခဲ့သည်။ ခန္ဓာကိုယ်အင်္ဂါအစိတ်အပိုင်းများနှင့် တစ်ရှူးများတွင် ပုံမှန်မဟုတ် ဘဲ ပရိုတင်းများစုဝေးသည့် ရှားပါးရောဂါ Transthyretin Amyloidosis ဖြစ်နေသူ ခြောက်ဦးကို အဆိုပါ ဇီဝ နည်းပညာကုမ္ပဏီနှစ်ခုက စမ်းသပ်ကုသပေးခဲ့သည်။ စမ်းသပ်ကုသမှု ခံယူသူအားလုံးသည် ပုံပျက်နေသာ ပရိုတင်းစုဝေးမှုပမာဏ လျော့ကျသွားခဲ့ကြကာ ၎င်းတို့ထဲတွင် ဆေးများများပေးခဲ့သူနှစ်ဦးမှာ ပျမ်းမျှပရို တင်းပမာဏ ၈၇ ရာခိုင်နှုန်းကျသွားသည်ကို တွေ့ရှိခဲ့သည်။
■ Deep Mind ကုမ္ပဏီ၏ မှတ်ဉာဏ်တု နည်းပညာသုံးစနစ်က ပရိုတင်းဖွဲ့စည်းမှု မြောက်မြားစွာကို ခန့်မှန်းဖော်ထုတ်နိုင်ခဲ့
Google ၏ ညီအစ်မကုမ္ပဏီ Deep Mind သည် လူသားများတွင်တွေ့ရှိရသည့် ပရိုတင်းအ မျိုးအစားအားလုံးနီးပါး၏ ဖွဲ့စည်းပုံ နှင့် အခြားသက်ရှိဇီဝရုပ် ၂၀ ၏ ပရိုတင်းအစုအဝေးအလုံးစုံနီးပါးကို ခန့်မှန်းရန် မှတ်ဉာဏ်တုနည်းပညာသုံး စနစ်တစ်ခု အသုံးပြုခဲ့ကြောင်း ယခုနှစ် ဇူလိုင်လထဲတွင် ကြေညာ ခဲ့သည်။ AlphaFold ဟု ခေါ်တွင်သည့် အယ်လ်ဂိုရစ်သမ်သည် ပရိုတင်းတစ်ခု၏ဖွဲ့စည်းပုံကို ယခင်ကထက် ပိုမိုတိကျစွာ ခန့်မှန်းနိုင်သည့် အတွက် ၂၀၂၀ ပြည့်နှစ်တွင် ပြုလုပ်သည့် ပြိုင်ပွဲတစ်ခုတွင် ဆုရရှိခဲ့သည်။ ၂၀၂၁ တွင် ပရိုတင်း ဖွဲ့စည်းမှုပေါင်း ၃၅၀ç၀၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းသည် သက်ရှိတို့၏ အကြောင်းကိုလေ့လာသည့် သိပ္ပံပညာရပ်များကို အလုံးစုံဆန်းသစ် ပြောင်းလဲပေးနိုင်မည့် အလားအ လာပင်ဖြစ်သည်ဟု ဆိုသည်။
■ ကိုရိုနာဗိုင်းရပ်စ် အားဖြည့်ကာကွယ်ဆေး ထိုးသင့် မထိုးသင့် မေးခွန်းထုတ်မှုများ
၂၀၂၁ နှစ်လယ်ပိုင်းတွင် ချမ်း သာကြွယ်ဝသည့်နိုင်ငံများ၌ သက်ဆိုင်ရာအစိုးရများက ကိုရိုနာဗိုင်း ရပ်စ်ကာကွယ်ဆေးအပြည့်အဝထိုး နှံထားပြီးဖြစ်သည့် ၎င်းတို့နိုင်ငံသားများကို အားဖြည့်ကာကွယ်ဆေးထိုး နှံပေးရန် အလေးအနက်ပြင်ဆင်လာခဲ့စဉ် ယင်းကဲ့သို့ လုပ်ဆောင်ခြင်းသည် အာမခံချက် ရှိမရှိဆိုသည် နှင့်ပတ်သက်၍ သုတေသီများအကြား မေးခွန်းထုတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ ကူးစက်မြန်သည့် ဒယ်တာ ဗိုင်းရပ်စ်မျိုးကွဲနှင့် ရင်ဆိုင်လာရချိန်တွင် ကာကွယ်ဆေး အာနိသင်ကျဆင်းလာသည့် အထောက်အထားများ တွေ့ရှိလာသော်လည်း ကာကွယ်ဆေးထိုးနှံထားခြင်းကြောင့် ဆေးရုံတက်ရခြင်းနှင့် အသက်ဆုံးရှုံးခြင်းတို့မှ ယေဘုယျအားဖြင့် ကာကွယ်ပေးနိုင်ဆဲဖြစ်သည်။ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး အားဖြည့်ထိုးနှံခြင်းကို အချိန်နောက်ဆုတ်ထားရန် ချမ်းသာကြွယ်ဝသည့် နိုင်ငံများကို ပန်ကြားခဲ့သော်လည်း နိုင်ငံအချို့ကမူ ဇွတ်တိုးလုပ်ဆောင်ခဲ့ကြသည်။ လတ်တလောတွင် အ လွန်ကူးစက်မြန်သည့် အိုမီခရွန် ဗိုင်းရပ်စ်မျိုးကွဲ ကူးစက်ပျံ့နှံ့မှုနှင့် ရင်ဆိုင်နေရစဉ် အစ္စရေးနှင့် အခြား နိုင်ငံများမှ ရရှိသည့် ပကတိအချက် အလက်များအရ နောက်ဆက်တွဲ ကာကွယ်ဆေးထိုးနှံမှုသည် COVID-19 ရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း တွေ့ရှိရပြီး အများပြည်သူ ကျန်းမာရေးဆိုင်ရာ ကျွမ်းကျင်သူ အများအပြားကလည်း ကာကွယ်ဆေးထိုးနှံထားသည့် အရွယ်ရောက်ပြီးသူများကို ယင်းကဲ့သို့ ထိုးနှံခံရန် တိုက်တွန်းထားသည်။
■ ရာသီဥတု ဖောက်လွဲဖောက်ပြန် ဖြစ်ပွားမှုများ နှင့်ပတ်သက်၍ (IPCC) အစီရင်ခံစာတွင် သတိပေး
ကုလသမဂ္ဂ၏ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အစိုးရချင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (IPCC) က ရှစ်နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရပ်အပေါ် ကျယ်ကျယ်ပြန့်ပြန့်ဆန်း စစ်အကဲဖြတ်ထားသည့် အစီရင်ခံစာတွင် ကမ္ဘာမြေ၏အခြေအနေကို မြင်သာထင်သာရှိစေရန် ကွက်ကွက် ကွင်းကွင်း ထင်ဟပ်ဖော်ပြခဲ့သည်။ သက်ဆိုင်ရာ အစိုးရများအနေဖြင့် ဖန်လုံအိမ် အာနိသင်ဓာတ်ငွေ့ထုတ် လွှတ်မှုများ ရပ်တန့်စေရန် လုပ်ဆောင်ခြင်းမရှိပါက ကမ္ဘာတစ်ဝန်းရှိ လူမှုအသိုက်အဝန်းများကို အကြီးအကျယ် ဖိစီးနှိပ်စက်နေသော စံချိန်တင် မိုးခေါင်မှုများ၊ တောမီးလောင်ကျွမ်းမှုများနှင့် ရေကြီးရေလျှံမှုများသည် ပို၍ပင် ဆိုးရွားလာနိုင်သည် ဟုလည်း အစီရင်ခံစာတွင် သတိပေးထားသည်။ ကမ္ဘာကြီးသည် ၁၈၅၀ မှ ၁၉၀၀ ပြည့်နှစ်အထိ ကာလများ နှင့် နှိုင်းယှဉ်လျှင် ၁.၁ ဒီဂရီ ဆဲစီး ယပ် ပိုမိုပူနွေးလာခဲ့သည်ဟု အစီရင် ခံစာတွင် ဖော်ပြထားပြီး လက်ရှိ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုပမာဏအတိုင်း ဆက်ရှိနေမည်ဆိုလျှင် ဆယ်စုနှစ်တစ်ခုအတွင်း အပူချိန် ၁.၅ ဒီဂရီ ဆဲစီးယပ်ကို ကျော်လွန်လာဖွယ်ရှိကာ ယခင်က နှစ် ၅၀ တွင် တစ်ကြိမ်သာ ဖြစ်ပေါ်တတ်သည့် အပူချိန်လွန်ကဲမှု ဖြစ်စဉ်များသည် နှစ်အနည်းငယ်အတွင်း၌ပင် ဖြစ် ပေါ်လာနိုင်ပြီး လူသေဆုံးမှုနှင့် ထိခိုက်ဆုံးရှုံးမှုများ မြင့်တက်လာဖွယ် ရှိသည်ဟုလည်း ဖော်ပြထားသည်။
■ အစိုးရသစ်လက်ထက်တွင် အာဖဂန်သုတေသနပညာရှင်များအဖို့ ရတက်မအေးစရာ ဖြစ်လာ
အာဖဂန်နစ္စတန်တွင် နောက်ဆုံးကျန်ရှိနေသည့် အမေရိကန်တပ်ဖွဲ့ဝင်များ ပြန်ရုပ်သိမ်းနေစဉ် ယခုနှစ် သြဂုတ်လ ၁၅ ရက်တွင် တာလီဘန်အစွန်းရောက်အုပ်စုက အာဖဂန်နစ္စတန်၏မြို့တော် ကဘူးကို သိမ်းယူခဲ့ပြီး နိုင်ငံကို ပြန်လည်ထိန်းချုပ်ခဲ့ရာ အမျိုးသမီးထုနှင့် အမေရိကန်ကျောထောက်နောက်ခံပြု အာဖဂန်အစိုးရနှင့် ဆက်နွှယ်နေသူများ အပါအဝင် အာဖဂန်နိုင်ငံတစ်ဝန်းမှ ပြည်သူအများအပြားအတွက် ထိတ်လန့်တုန်လှုပ်စရာ ဖြစ်လာခဲ့သည်။ ပညာရေးနယ်ပယ်မှ အတတ်ပညာရှင်များသည် နိုင်ငံတကာနှင့် ပတ်သက်ဆက်နွှယ်နေမှု၊ ထိပ်တန်းနယ်ပယ်များ၌ ကျွမ်းကျင်တတ်မြောက်မှုနှင့် အမျိုးသမီးများ ပညာသင်ကြားရေးကို စိတ်အားထက်သန်ကြသူများဖြစ်သည့်အလျောက် ၎င်းတို့၏ ဘေးကင်းလုံခြုံမှုအတွက် စိုးရိမ်လာကြသည်။ ထို့အပြင် အစိုးရသစ်လက်ထက်၌ သုတေသနအစီအစဉ်များ၏ အနာဂတ်နှင့် ပညာရေး လွတ်လပ်ခွင့် ဆုံးရှုံးသွားမည်ကိုလည်း ၎င်းတို့က စိုးရိမ်လျက်ရှိသည်။
အာဖဂန်ကို တာလီဘန်တို့ ထိန်းချုပ်ထားသည်မှာ သုံးလကျော်ကြာမြင့်ပြီဖြစ်သော်လည်း နိုင်ငံတကာအ သိုင်းအဝိုင်းက တာလီဘန်ဦးဆောင်သည့် အစိုးရကို အသိအမှတ်ပြုခြင်း မရှိသေးသကဲ့သို့ နိုင်ငံထဲမှ တက္က သိုလ်များနှင့် သုတေသနအဖွဲ့အစည်းအများစုကိုလည်း ပိတ်ထားရဆဲဖြစ်သည်။ တာလီဘန်တို့က တန် ဖိုးမထားခြင်း၊ ခြိမ်းခြောက်ခြင်းများကြောင့်လည်း သုတေသနပညာရှင် အများစုသည် နိုင်ငံထဲမှ ထွက်ခွာရန် စိုင်းပြင်းလျက်ရှိသည်။
■ သဘောတူညီချက်တစ်ရပ်ဖြင့် အဆုံးသတ်ခဲ့သည့် ၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ညီလာခံ
၂၆ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာညီလာခံ (COP-26) တွင် သက်ဆိုင်ရာနိုင်ငံများ၏ တာဝန်ရှိသူများက ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှု ကန့်သတ်ထိန်းချုပ်ရေးကတိကဝတ်များကို ထပ်မံကြေ ညာခဲ့ပြီး ရာသီဥတုဖောက်ပြန်ခြင်း၏ အဆိုးရွားဆုံးအကျိုးဆက်များကို ရှောင်လွှဲနိုင်ရန်အလို့ငှာ ၎င်းဓာတ် ငွေ့များထုတ်လွှတ်မှုကို ထပ်မံလျှော့ချမှုများ လုပ်ဆောင်သွားရန် လိုအပ်ကြောင်းလည်း သဘောတူညီခဲ့ကြ သည်။
ဂလက်စ်ဂို ရာသီဥတုဆိုင်ရာ သဘောတူညီချက်တွင် လက်မှတ်ရေးထိုးထားသည့် နိုင်ငံပေါင်း ၁၉၆ နိုင်ငံမှ အစိုးရများက ၂၀၁၀ ပြည့် နှစ်တွင်ဖြစ်ပေါ်ခဲ့သည့် အခြေအနေများနှင့် ချိန်ထိုးဆွေးနွေးခဲ့ကြသည်။ ယင်းသဘောတူညီချက်၌ ၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်ဝန်း ကာဗွန်ဒိုင်အောက်ဆိုက်ထုတ် လွှတ်မှုများကို ၄၅ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ရန် တိုက်တွန်းထားသည်။ ၎င်းညီလာခံကျင်းပခဲ့သည့် အစောပိုင်းရက်များ၌ တက်ရောက်လာသည့် ကမ္ဘာ့ခေါင်းဆောင်များက သစ်တောပြုန်းတီးခြင်းကို ရပ်တန့်ရန်၊ မီသိန်းဓာတ်ငွေ့ ထုတ်လွှတ်မှုကို လျှော့ချရန်နှင့် ကျောက်မီးသွေးစွမ်းအင်အသုံးပြုမှုကို တစ်ဆင့်ချင်းစီ လျှော့ချသွားရန် ကတိပြုခဲ့ကြသည်။
ယင်းကတိကဝတ်များကို အပြည့်အဝဖော်ဆောင်သွားလျှင်ပင် ကမ္ဘာကြီးသည် စက်မှုလုပ်ငန်း ထွန်း ကားသည့်ခေတ်မတိုင်မီကထက် ၂.၄ ဒီဂရီ ဆဲစီးယပ် ပိုမိုပူနွေးလာ နိုင်သည့်အခြေအနေတွင် ရှိနေဦး မည်ဖြစ်ကြောင်း သုတေသီများက သတိပေးခဲ့ပြီး အစိုးရများအနေဖြင့် အနာဂတ်စိန်ခေါ်မှုများကို အပြည့် အဝ ရင်ဆိုင်ဖြေရှင်းနိုင်ခြင်း ရှိမရှိ ဆိုသည်ကိုလည်း မေးခွန်းထုတ်မှု အများအပြားရှိနေသည်။