၂၀၂၁ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ၊ လက်ရှိကစားနေသူများနှင့် အားကစားမီဒီယာလောကမှ အထင်ကရပုဂ္ဂိုလ်များ

၂၀၂၁ ခုနှစ်အတွင်း ကွယ်လွန်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားဟောင်းကြီးများ၊ လက်ရှိကစားနေသူများနှင့် အားကစားမီဒီယာလောကမှ အထင်ကရပုဂ္ဂိုလ်များ
ကွယ်လွန်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ဦးတင်ဟန် (ယာအပေါ်)၊ ဦးခင်မောင်တင့် (ယာအောက်) နှင့် ဒေါ်ခင်ခင်ထွေး (ဝဲပုံ)
ကွယ်လွန်ခဲ့သည့် နိုင်ငံ့ဂုဏ်ဆောင်အားကစားသမား ဦးတင်ဟန် (ယာအပေါ်)၊ ဦးခင်မောင်တင့် (ယာအောက်) နှင့် ဒေါ်ခင်ခင်ထွေး (ဝဲပုံ)
Published 2 January 2022

၂၀၂၁ ခုနှစ်တွင် မြန်မာ့အားကစားလောကမှာ အောင်မြင်မှု၊ တိုးတက်မှုထက် ကျရှုံးမှု၊ ဆုံးရှုံးမှုများစွာ ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်အား ကစားသမားဟောင်းကြီးများ၊ လက်ရှိကစားနေသည့် အားကစားသမားများနှင့် အားကစားမီဒီယာလောကမှ အထင်ကရပုဂ္ဂိုလ်များ ကွယ်လွန်မှုများရှိခဲ့သည်။

မြန်မာ့ဘောလုံးလောက၏ ရွှေခေတ်ဘောလုံးသမားဟောင်းကြီးများဖြစ်သည့် ဦးတင်ဟန်၊ ဦးခင်မောင်တင့်တို့ ကွယ်လွန်ခဲ့သည်။ ဦးတင်ဟန်သည် ကစားသမားဘဝတွင် အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သလို  နည်းပြဘဝတွင်လည်း အောင်မြင်မှု ရခဲ့သူဖြစ်သည်။ သက်တမ်းအလိုက် လူငယ်လက်ရွေးစင်အသင်းများနှင့် မြန်မာ့လက်ရွေးစင်အသင်းတို့ကို နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးပြီး ၂၀၀၂ အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ ၂၀၀၃ အာဆီယံ ယူ-၁၈ ပြိုင်ပွဲနှင့် ၂၀၁၄ ဘင်းစတက်နိုင်ငံများ ယူ-၁၈ ပြိုင်ပွဲတွင် ချန်ပီယံဆုရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ ဦးခင်မောင်တင့်မှာလည်း လူငယ်လက်ရွေးစင်အသင်းနည်းပြချုပ်အဖြစ် ဆောင်ရွက်ဖူးပြီး ၂၀၀၅ အာဆီယံ ယူ-၁၇ ပြိုင်ပွဲတွင် ချန်ပီယံဆုရယူနိုင်ခဲ့သည်။ ၎င်းတို့နှစ်ဦးအပြင် ဧရာဝတီ လူငယ်အသင်းနည်းပြ ဦးကျော်မင်းထူးနှင့် MNL ကလပ် ဟံသာဝတီ အသင်းအုပ်ချုပ်သူ ဦးထွန်းထွန်းလင်းတို့လည်း ကွယ်လွန်ခဲ့သည်။

ထို့ပြင် မြန်မာ့ပြေးခုန်ပစ်အားကစားလောက၏ အထင်ကရပုဂ္ဂိုလ်များဖြစ်သည့် နည်းပြဦးကျော်ခင်၊ ရွှေတံဆိပ်ဆုများရှင် ဒေါ်ခင်ခင်ထွေးနှင့် လက်ဝှေ့လက်ရွေးစင်ဟောင်း ဦးဝင်းမောင်တို့ ကွယ်လွန်ခဲ့သည်။ ဦးကျော်ခင်သည် နည်းပြဘဝတွင် ကစားသမားကောင်းများစွာ မွေးထုတ်ပေးခဲ့သူဖြစ်သည်။ ဒေါ်ခင်ခင်ထွေးမှာ ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ဆီးဂိမ်းစ်ရွှေဆု အပါအဝင် ကစားသမားဘဝတွင် ရွှေတံဆိပ် ၂၈ ခုအထိ ရယူနိုင်ခဲ့သူ ဖြစ်သည်။ လက်ဝှေ့သမားဟောင်း ဦးဝင်းမောင်မှာ ဆီးဂိမ်းစ်၌ ရွှေနှစ်ခု၊ အာရှအားကစားပြိုင်ပွဲ၌ ငွေတစ်ခု၊ ကြေးတစ်ခုရရှိခဲ့ပြီး ၁၉၇၂ မြူးနစ် အိုလံပစ်ပြိုင်ပွဲတွင်လည်း ယှဉ်ပြိုင်ခဲ့သူဖြစ်သည်။

မြန်မာ့အားကစားလောကတွင် ထင်ရှားခဲ့သည့် ၀ါရင့်အားကစား ကလောင်ရှင် ဦးထွန်းသာ (ခ) မောင်ရဲဝင်းမှာ ဇူလိုင် ၂၅ ရက်တွင် ကွယ်လွန်ခဲ့ပြီး ၎င်းအနေဖြင့် အိုလံပစ်ပြိုင်ပွဲအပါအဝင် ပြည်ပနိုင်ငံများ၌ကျင်းပသည့် အားကစားပြိုင်ပွဲများတွင် လိုက်ပါသတင်းရယူခဲ့သူဖြစ်သည်။ မြန်မာ့အားကစားလောက၌ နှစ်ပေါင်း ၅၀ ကျော် ကျင်လည်ခဲ့သည့် အားကစားဓာတ်ပုံသတင်းထောက် ဦးစိုးညွန့် (ခ) အရှည်ကြီးနှင့် ဦးဖေဒီတို့လည်း ကွယ်လွန်ခဲ့သည်။

Most Read

Most Recent