CRPH ၊ NUCC ၊ NUG နှင့် PDF တို့ ပေါ်ပေါက်လာမှု

CRPH ၊ NUCC ၊ NUG နှင့် PDF တို့ ပေါ်ပေါက်လာမှု
Published 2 January 2022
အလင်းဒီ

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်များ အဓိကပါဝင်သော ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ဖွဲ့စည်းမှုသည် နိုင်ငံကို အရေးပေါ်အခြေအနေကြေညာပြီး ငါးရက်အကြာတွင်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကို စတင်ဖွဲ့စည်းခဲ့သည်။

ပြည်သူတို့ ယုံကြည်အပ်နှင်းသော တာဝန်များကို ဦးလည်မသုန် ထမ်းဆောင်ရေး၊ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးခံရသူများ ခြွင်းချက်မရှိ လွတ်မြောက်ရေး၊ ပြည်ထောင်စုလွှတ်တော်၏ ပုံမှန်လုပ်ငန်းများ လုပ်ကိုင်နိုင်ရေး လိုအပ်သောကိစ္စရပ်များ ဆောင်ရွက်ရန် CRPH ကို ဖွဲ့စည်းလိုက်ကြောင်း ဖေဖော်ဝါရီ ၅ ရက် ကြေညာချက်တွင် ဖော်ပြသည်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် အသုံးပြုသည့် မဲစာရင်းများတွင် မဲမသမာမှုများ ရှိသည်ဆိုကာ တပ်မတော်က ဖေဖော်ဝါရီ ၁ ရက် နံနက်ပိုင်းတွင် နိုင်ငံကိုအရေးပေါ် အခြေအနေကြေညာပြီး နိုင်ငံတော် အာဏာအရပ်ရပ်ကို လွှဲယူခဲ့သည်။

ထို့နောက် ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးများ၊ ပါတီခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသည့် လူပုဂ္ဂိုလ်အများစုကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

လွှတ်တော်တက်ရောက်ရန် နေပြည်တော် စည်ပင်ဝင်းဧည့်ရိပ်သာတွင် ရောက်ရှိနေသော အနိုင်ရ ကိုယ်စားလှယ်များကို ဖမ်းဆီးမှုမရှိသည့်တိုင် ရက်အနည်းငယ် ထိန်းသိမ်းပြီး ပြန်လွှတ်ပေးခဲ့သည်။

မဲစာရင်းပြဿနာကို ဖြေရှင်းရန် ငြင်းပယ်ပြီး လွှတ်တော်အစည်းအဝေးများ အစီအစဉ်အတိုင်း ဆက်လက်လုပ်ဆောင်ရန် ဆောင်ရွက်ခြင်းသည် နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့် ရယူရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို အာဏာလွှဲအပ်သည့် ယာယီသမ္မတ၏ ဖေဖော်ဝါရီ ၁ ရက် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် NLD ပါတီ၏ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ ဖွဲ့စည်းကြောင်း ကြေညာချက်တွင် ခိုင်လုံမှုမရှိသော အကြောင်းပြချက်၊ ဖွဲ့စည်းပုံအခြေခံဥပေဒနှင့် ဆန့်ကျင်သောစသည့် စကားရပ်များဖြင့် တပ်မတော်၏ အာဏာရယူမှုအပေါ် တုံ့ပြန်ဝေဖန်ခဲ့သည်။

အာဏာလွှဲယူမှုအပေါ် ဖေဖော်ဝါရီ အစောပိုင်းမှစ၍ လက်သုံးချောင်းထောင်ပြီး ဆန့်ကျင်ဆန္ဒပြမှုများကို ပုံသဏ္ဌာန်မျိုးစုံဖြင့် ပြုလုပ်လာကြပြီး ညအချိန် သံပုံးတီး လှုပ်ရှားမှုများလည်း ပေါ်ပေါက်ခဲ့သည်။

ယနေ့တိုင် ရန်ကုန်မြို့ အပါအဝင် မြို့နယ်အချို့တွင် ဆန္ဒပြကန့်ကွက်မှုများကို တွေ့နေရဆဲဖြစ်သလို လွှတ်တော်ကော်မတီများ၊ PDF အဖွဲ့များ ဖွဲ့စည်းပြီး အစိုးရတစ်ရပ်အသွင်ဖန်တီးဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ တပ်မတော်ဘက်ကလည်း ပြင်းထန်သည့်အရေးယူမှုများ ဆောင်ရွက်သည်ကို တွေ့မြင်ရသည်။

CRPH သည် ဖေဖော်ဝါရီ ၃ ရက်တွင် ထုတ်ပြန်သော ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ ထုတ်ပြန်တောင်းဆိုချက်များကို အကောင်အထည်ဖော်ကာ ပြည်ထောင်စုလွှတ်တော်ကို ကိုယ်စားပြုသော ကော်မတီအဖြစ် ရပ်တည်မည်ဟု ကြေညာချက်တွင် ဖော်ပြသည်။

အလားတူ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း၊ အစိုးရဖွဲ့စည်းခြင်းတို့ကိုလည်း ဆောင်ရွက်သွားမည်ဟု တစ်ဆက်တည်း ဖော်ပြထားသည်။  

တစ်ဖက်တွင် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက CRPH ကို မတရား အသင်းအဖြစ် မတ် ၂၁ ရက်တွင် ကြေညာခဲ့သည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌသည် CRPH နှင့် အဖွဲ့ဝင်များ၊ ၎င်းနှင့် ဆက်စပ်သော အဖွဲ့အစည်းများ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ်များသည် နိုင်ငံ၏ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို အနှောင့်အယှက် ဖြစ်စေသည်ဟု ယုံကြည်ယူဆ၍ ထိုသို့ကြေညာခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ထိုသို့မကြေညာမီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကော်မရှင်အနေဖြင့် မဲစာရင်းစစ်ဆေးခြင်းများကို ဆောင်ရွက်ဆဲအဆင့်တွင် သဘောဆန္ဒအလျောက် လွှတ်တော်ကိုယ်စားပြုကော်မတီများ ဖွဲ့စည်းခြင်း၊ ကြေညာချက်များ ထုတ်ပြန်ခြင်းနှင့် လွှတ်တော်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေခြင်းတို့သည် တရားဝင်ခြင်းမရှိကြောင်းနှင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်တွင် ကြေညာသည်။

CRPH ကလည်း ၎င်းတို့အနေဖြင့် မည်သည့်ဝန်ကြီးဌာန၊ အစိုးရအဖွဲ့ကိုမျှ အသိအမှတ်မပြုကြောင်းနှင့် အဆိုပါအစိုးရအဖွဲ့အနေဖြင့် တရားမဝင်ကြောင်း ဖေဖော်ဝါရီ ၅ ရက် ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ထို့အတူ ၎င်းတို့ကို ပြည်သူက ယုံကြည်စွာအပ်နှင်းသည့် တာဝန်များအား ထမ်းရွက်ခြင်းကို တရားဝင် ဟန့်တားနိုင်မည် မဟုတ်ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြသည်။

CRPH ပြီးနောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ဆိုသည့် အဖွဲ့တစ်ခုကို မတ် ၈ ရက်တွင် ထပ်မံဖွဲ့စည်းခဲ့သည်။

NUCC ကို ဖွဲ့စည်းပြီး ရှစ်လအကြာမှ အွန်လိုင်းမှတစ်ဆင့် ကောင်စီ၏ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပထမဆုံးအကြိမ် မီဒီယာများကို ချပြရှင်းလင်းခဲ့သည်။

အဆိုပါ NUCC တွင် CRPH ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့၊ သပိတ်ကော်မတီများ၊ CDM လှုပ်ရှားမှုတွင် ပါဝင်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ကျောင်းသားသမဂ္ဂများ စသဖြင့် အဖွဲ့ပေါင်း ၃၀ နီးပါး ပါဝင်ကြောင်း သိရသည်။

ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်ရာတွင် စုပေါင်းခေါင်းဆောင်မှုဖြင့်သွားမည်ဟု NUCC က ကြေညာချက်တွင် ဖော်ပြသည်။

ထို့နောက် CRPH နှင့် NUCC တို့ ညှိနှိုင်းတိုင်ပင်၍ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ဖွဲ့စည်းကြောင်း ဧပြီ ၁၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

ထိုသို့ ဖွဲ့စည်းမှုများ ရှိလာပြီးနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက CRPH ၊ NUG နှင့် PDF တို့ကို မတရားအသင်းအဖြစ် ကြေညာပြီး အဖွဲ့တွင် ပါဝင်သူများကို အမှုဖွင့်လှစ်၍ ဖမ်းဝရမ်းထုတ်ခြင်းများ ပြုလုပ်ခဲ့သည်။

ထို့ပြင် နိုင်ငံရေးပါတီများနှင့် ရွေးကောက်ပွဲအနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ CRPH ၊ NUG တို့နှင့်ပတ်သက်ခြင်းရှိ မရှိ ပြည်ထဲရေးဝန်ကြီးဌာနကို စစ်ဆေးစေကာ ပတ်သက်မှုရှိလျှင် ဖမ်းဆီးအရေးယူပြီး ပတ်သက်မှုမရှိလျှင် ခံဝန်ကတိရေးထိုးစေသည့် ဖိအားပေးမှုများကို ဇွန်လပထမပတ်တွင် ပြုလုပ်ခဲ့သည်။

ရဲ၊ SB ၊ CID ၊ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ)၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန (စစစ) တို့က ပါတီအချို့၏ ရုံးချုပ်များအထိ သွားရောက်၍ CRPH ၊ NUG တို့နှင့် ပတ်သက်ခြင်းမရှိရန် ဖိအားပေးမှုများ ရှိခဲ့ကြောင်း သိရသည်။

NUG အနေဖြင့် အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) နှင့် ညှိနှိုင်းပြီး ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပဋိညာဉ်၏ အစိတ်အပိုင်း(၁)ပါ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် လမ်းပြမြေပုံ အဆင့်ဆင့်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကို တာဝန်ခံမည်ဟု ထုတ်ပြန်သည်။

NUG က ဦးဝင်းမြင့်ကို နိုင်ငံတော်သမ္မတနှင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ဆက်လက်တင်မြှောက်ကြောင်း ထုတ်ပြန်သည်။

သို့သော် ၎င်းတို့ နှစ်ဦး လက်ရှိတွင် ဖမ်းဆီးထိန်းသိမ်းခံရခြင်းကြောင့် ဒုတိယသမ္မတအဖြစ် ဆောင်ရွက်သည့် ကချင်အမျိုးသား အတိုင်ပင်ခံအဖွဲ့ဥက္ကဋ္ဌ ဒူဝါလရှီးလကို ယာယီသမ္မတအဖြစ် ဆောင်ရွက်စေပြီး ပြည်ထောင်စုဝန်ကြီးချုပ်အဖြစ် မန်းဝင်းခိုင်သန်းက ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြသည်။

ထို့ပြင် ဝန်ကြီးဌာန ၁၆ ခု ဖွဲ့စည်းပြီး ဝန်ကြီးများအဖြစ် ပါတီလွှတ်တော်ကိုယ်စားလှယ်များ အပါအဝင်  အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ ခေါင်းဆောင်တို့ကို ခန့်အပ်ထားသည်ကို တွေ့ရသည်။

ပြီးနောက် မေ ၅ ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ကို NUG ၏ ကာကွယ်ရေးဆိုင်ရာ မူဝါဒနှင့်အညီ ဖွဲ့စည်းတည်ထောင်ကြောင်း ထုတ်ပြန်သည်။

ထိုသို့ NUG မဖွဲ့စည်းမီကပင် ရန်ကုန်၊ မန္တလေးနှင့် မြို့နယ်အချို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များကို တိုက်ခိုက်မှုများ၊ မြို့နယ်အုပ်ချုပ်ရေးယန္တရားတွင် ပါဝင်သူများကို ပစ်ခတ်မှုများ၊ ဗုံးထောင်မိုင်းခွဲဖြစ်စဉ်များ ရှိခဲ့သည်။

လက်ရှိတွင် ကရင်၊ စစ်ကိုင်း၊ ကချင်၊ ကယားနှင့် ချင်းပြည်နယ် အပါအဝင် နေရာအများပြား၌ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အချို့ တိုက်ပွဲဖြစ်ပွားရာတွင် PDF တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်မှုများရှိသလို အချို့သော နယ်မြေဒေသများတွင် PDF တပ်ဖွဲ့များနှင့် အဓိကတိုက်ပွဲဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

လက်ရှိအချိန်အထိ ရန်ကုန်မြို့ အပါအဝင် မြို့နယ်အချို့တွင် ပစ်ခတ်မှုဖြစ်စဉ်များရှိနေဆဲဖြစ်သလို ကရင်ပြည်နယ် လေးကေ့ကော်မြို့သစ်တွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများကြောင့် မြို့နေလူထု ထောင်ဂဏန်းခန့် စစ်ဘေးရှောင်နေရသည့် အခြေအနေရှိနေသည်။ 

Most Read

Most Recent