ဖာရေးယူနိုက်တက်နှင့်လမ်းခွဲခဲ့သော တိုက်စစ်မှူး ကျော်ကိုကို ထိုင်းလိဂ်-၂ ကလပ် Rayang FC သို့ရောက်ရှိ

ဖာရေးယူနိုက်တက်နှင့်လမ်းခွဲခဲ့သော တိုက်စစ်မှူး ကျော်ကိုကို ထိုင်းလိဂ်-၂ ကလပ် Rayang FC သို့ရောက်ရှိ
Photo: Rayang FC
Photo: Rayang FC
Published 1 January 2022

 

ထိုင်းလိဂ်-၂ ကလပ် ဖာရေးယူနိုက်တက်အသင်းနှင့် လမ်းခွဲခဲ့သော မြန်မာ့လက်ရွေးစင်တိုက်စစ်မှူးဟောင်း ကျော်ကိုကိုသည် ထိုင်းလိဂ်-၂ ကလပ်  Rayang FC အသင်းထံသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကျော်ကိုကို၏အေးဂျင့်အဖြစ်ဆောင်ရွက်ပေးနေသော Pro 24 က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ကျော်ကိုကိုသည် အသင်းဟောင်း ဖာရေးယူနိုက်တက်အသင်းနှင့် ရာသီဝက်သာ လက်တွဲခဲ့ပြီးနောက် နှစ်ဦးသဘောတူလမ်းခွဲ ခဲ့ခြင်းဖြစ်ပြီး  Rayang FC အသင်းထံပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ကျော်ကိုကိုနှင့်  Rayang FC အသင်းတို့၏စာချုပ်သက်တမ်းကို တရားဝင်ထုတ်ပြန်ခြင်းမရှိသေးသော်လည်း စာချုပ်သက်တမ်းမှာ ကျန်ရှိနေသည့် ရာသီဝက်သာဖြစ်နိုင်ဖွယ်ရှိကြောင်း သတင်းများက ဖော်ပြနေကြသည်။ 

ကျော်ကိုကိုသည် ဒီဇင်ဘာ၂၉ ရက်က ဖာရေးယူနိုက်တက်နှင့်လမ်းခွဲခဲ့ပြီးနောက် ဒီဇင်ဘာ ၃၀ ရက်တွင်  Rayang FC အသင်း နှင့်လက်တွဲနိုင်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်တွင် ထိုင်းလိဂ်သို့စတင်ပြောင်းရွှေ့ကစားခဲ့သူ ကျော်ကိုကိုသည် (၃)နှစ် ဝန်း ကျင်ကာလအတွင်း ကစားခဲ့သည့် ထိုင်းကလပ်အသင်း ခြောက်သင်းအထိ ရှိလာပြီ ဖြစ်ကြောင်း သိရသည်။  

ပြီးခဲ့သည့် ၂၀၁၈၊ ၂၀၁၉ ခုနှစ်များတွင် ကျော်ကိုကိုသည် ထိုင်းကလပ်အသင်းများထံ အငှားစာချုပ်ဖြင့်သာ ပြောင်းရွှေ့ကစားခဲ့ပြီး ၂၀၂၀ ရောက်မှသာ ထိုင်းကလပ်အသင်းများ သို့ အပြီးသတ်ပြောင်းရွှေ့ကစားခဲ့ကြောင်း သိရှိရသည်။ ကျော်ကိုကိုသည် ပြီးခဲ့သည့် ၂၀၁၈ ဘောလုံးရာသီတွင် ထိုင်းလိဂ်-၁ ကလပ် ချင်းရိုင်အသင်းသို့ စတင်ပြောင်းရွှေ့ခဲ့ပြီး ယင်းနှစ်မှာပင် ဒူးဒဏ်ရာ ရရှိခဲ့သောကြောင့် ကလပ်အသင်း၏ပွဲစဉ်များအပါအဝင် မြန်မာလက်ရွေးစင်အသင်း၏ ပွဲစဉ်များကိုပါ လွဲချော်ခဲ့ရသည်။ 

ချင်းရိုင်အသင်း နှင့်လမ်းခွဲပြီးနောက် ကျော်ကိုကိုသည် ထိုင်း လိဂ် -၁ ကလပ် ဆာမက်ပရာကန်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ယင်းနောက် ကျော်ကိုကိုသည် ဆူခိုထိုင်းအသင်းနှင့် ထိုင်းလိဂ် -၂ ကလပ် ချင်းမိုင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သည်။ ကျော်ကိုကိုသည် ၂၀၂၀-၂၀၂၁ ဘောလုံးရာသီအစတွင် ဖာရေးယူနိုက်တက် အသင်းထံသို့ ပြောင်းရွှေ့ခဲ့သည်။ 

အသင်း ပြောင်းရွှေ့ပြီး ပထမရာသီဝက်တွင် ခြေစွမ်းပြဂိုးများ သွင်းယူနိုင်ခဲ့သော်လည်း ရာသီဝက်ပြီးဆုံးခါနီးတွင် ပုံမှန် ပွဲထွက်ခွင့် ပျောက်ဆုံးခဲ့ရသည်။ ထို့ကြောင့် ကျော်ကိုကိုသည် အသင်းနှင့်နှစ်ဦးသဘောတူလမ်းခွဲရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent