ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီးပွားရေးမူဝါဒ

ဆင်းရဲမွဲတေမှု လျှော့ချရေးနှင့် စီးပွားရေးမူဝါဒ
Published 29 December 2021

လူ့ဘဝအသက်ရှင်ရပ်တည်ရေးအတွက် အခြေခံလိုအပ်ချက်များဖြင့် ချဉ်းကပ်ပုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ပကတိဆင်းရဲမွဲတေမှုကိုတိုင်းတာရန် အဓိကနည်းလမ်းများအနက် တစ်ရပ်ဖြစ်သည်။ ယင်းချဉ်းကပ်ပုံသည် ရေရှည်ရုပ်ပိုင်းဆိုင်ရာဖူလုံမှုအတွက် အနိမ့်ဆုံးလိုအပ်သည့် ရင်းမြစ်များကို သတ်မှတ်ရန် ကြိုးပမ်းခြင်းဖြစ်ပြီး ကုန်ပစ္စည်းများသုံးစွဲမှုဖြင့် တိုင်းတာလေ့ရှိသည်။ ထို့ကြောင့် ဆင်းရဲမွဲတေမှုသတ်မှတ်ချက်မျဉ်းကို ယင်းလိုအပ်ချက်များ ပြည့်ဝနိုင်ရန်လိုအပ်သည့် ဝင်ငွေပမာဏဖြင့် သတ်မှတ်သည်။ ဆင်းရဲမွဲတေမှုလျှော့ချရေးအတွက် စီးပွားရေးမူဝါဒများကိုကြည့်လျှင် အောက်ပါအချက်များကို တွေ့ရှိရမည်ဖြစ်သည်။

(၁) စဉ်ဆက်မပြတ် စီးပွားရေးကြီးထွားမှု စီးပွားရေးကြီးထွားမှုကို တွန်းအားပေးခြင်းသည် လူ့အဖွဲ့အစည်းအတွင်း စုစုပေါင်းဝင်ငွေကို တိုးတက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးနိုင်ကာ ပြန်လည်ခွဲဝေပေးနိုင်သောဝင်ငွေကို ဖြစ်ပေါ်စေသည်။ စီးပွားရေးကြီးထွားမှုသည် ဆင်းရဲမွဲတေမှုအဆင့်များကို လျှော့ချရန်အတွက် အဓိကအကြောင်းတရားတစ်ရပ်ဖြစ်သည်။

(၂) အလုပ်လက်မဲ့လျှော့ချရေး အလုပ်လက်မဲ့ဖြစ်မှုသည် ဝင်ငွေနည်းပါးစေပြီး နိုင်ငံတော်၏ဘဏ္ဍာအပေါ် မှီခိုမှုကိုဖြစ်စေသောကြောင့် အလုပ်လက်မဲ့ဖြစ်မှုသည် ဆင်းရဲမွဲတေမှု၏ အဓိကအကြောင်းတရားဖြစ်သည်။ အလုပ်လက်မဲ့ဖြစ်နေသူများကို အသက်မွေးမှုသင်တန်းများ အခမဲ့ပေးခြင်းကဲ့သို့သော မူဝါဒများချမှတ်ခြင်းသည် အလုပ်လက်မဲ့ဖြစ်မှုကို လျှော့ချရန် အထောက်အကူပြုသည်။ ဆင်းရဲမွဲတေမှုနှင့် အလုပ်လက်မဲ့ဖြစ်မှုသည် ပထဝီအနေအထားနှင့်လည်း သက်ဆိုင်တတ်သည်။ ယင်းကဲ့သို့သော ဆင်းရဲမွဲတေမှုမျိုးကိုလျှော့ချနိုင်ရန် အစိုးရအနေဖြင့် မဖွံ့ဖြိုးသောဒေသများကို ဦးစားပေးလျက် ကူညီထောက်ပံ့မှုများ ပြုလုပ်ပေးရမည်ဖြစ်သည်။ ၎င်းအပြင် ယင်းဒေသများ၌ အခြေခံအဆောက်အအုံများ ပိုမိုကောင်းမွန်အောင် တည်ဆောက်ပေးပြီး အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးရန်အတွက် စီးပွားရေးအရထည့်ဝင်မှုများလည်း ပြုလုပ်သင့်သည်။

(၃) အခွန်ကောက်ခံရေးမူဝါဒ ဝင်ငွေမြင့်မားသည့်အဆင့်များကို ပိုမိုမြင့်မားသည့် ဝင်ငွေ ခွန်ကောက်ခံရမည်ဖြစ်သည်။ ယင်းအခွန်ငွေများဖြင့် လူမှုဖူလုံရေးအကျိုးအမြတ်များ ပိုမိုပေးနိုင်သောကြောင့် ဆင်းရဲသူများ၏ဝင်ငွေများ တိုးတက်စေရန် အထောက်အကူ ပြုသည်။

(၄) ဆင်းရဲသူများ၏ အကျိုးအမြတ်ကို မြှင့်တင်ပေးခြင်း ဝင်ငွေနည်းပါးသောသူများအား လူမှုဖူလုံရေးအကျိုးအမြတ်များ မြှင့်တင်ပေးရမည်ဖြစ်သည်။ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးကဏ္ဍများ၌ ဝင်ငွေနည်းပါးသူများအတွက် အကျိုးအမြတ်များ မြှင့်တင်ပေးခြင်းသည် ဆင်းရဲမွဲတေမှုလျှော့ချရေး၌ အထောက်အကူပြုသည်။

(၅) နိုင်ငံတော်၏ အနည်းဆုံးလုပ်ခ အစိုးရအနေဖြင့် နိုင်ငံတော်၏ အနည်းဆုံးလုပ်ခသတ်မှတ်ချက်ကို တတ်နိုင်သမျှ မြှင့်တင်ပေးရမည်ဖြစ်သည်။ ယင်းသည် ဝင်ငွေနည်းပါးသူများ၏ ဝင်ငွေကိုမြှင့်တင်ပေးရန် ထိရောက်သော နည်းလမ်းတစ်ရပ်ဖြစ်ပြီး လုပ်ခမညီမျှမှုကို လျှော့ချပေးနိုင်သည်။

(၆) ဝင်ငွေနည်းပါးသူတို့အတွက် အကျိုးခံစားခွင့်များ ယင်းတို့သည် အခမဲ့ထောက်ပံ့ပေးသည့် အရေးကြီးသော ပြည်သူ့ဝန်ဆောင်မှုများဖြစ်သည်။ ယင်းတွင်အဓိကအားဖြင့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ပါဝင်သည်။ ဝင်ငွေနည်းပါးသော မိသားစုဝင်များကို အခမဲ့ပညာရေးပေးခြင်းဖြင့် ကျွမ်းကျင်မှုနှင့် အရည်အသွေးများတိုးတက်စေပြီး ယင်းတို့က အနာဂတ်တွင် ပိုမိုကောင်းမွန်သောအလုပ်နှင့် ဝင်ငွေကိုရရှိစေမည်ဖြစ်သည်။

(၇) ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် မူဝါဒများ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် ကွဲပြားခြားနားသောမူဝါဒများ ရှိနိုင်သည်။ ၎င်းတို့တွင် ပညာရေးနှင့် သင်တန်းများပေးခြင်းအတွက် ပိုမိုသုံးစွဲခြင်းဖြင့် ကျွမ်းကျင်မှုပိုမိုမြင့်မားသော လုပ်သားအင်အားစုကို ရရှိနိုင်သည်။ ၎င်းအပြင် နိုင်ငံခြားအကူအညီအထောက်အပံ့များ ရရှိအောင်ပြုလုပ်ခြင်းကလည်း ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့၌ ပိုမိုရင်းနှီးမြှုပ်နှံနိုင်စေသည်။ ၎င်းအပြင် စိုက်ပျိုးရေးမှသည် ကုန်ထုတ်လုပ်ရေးအထိ အမျိုးအစားစုံလင်သော စီးပွားရေးကဏ္ဍများရှိရန်လိုသည်။ ယင်းကဲ့သို့ရှိခြင်းသည် စီးပွားရေးဖွံ့ဖြိုးမှု ပိုမိုကြီးထွားလာနိုင်စေသော်လည်း သင့်တော်သည့်ကျွမ်းကျင်မှုများနှင့် အခြေခံအဆောက်အအုံများမရှိဘဲ ပြုလုပ်နိုင်ရန် ခက်ခဲလှသည်။

မည်သို့ပင်ဆိုစေကာမူ ဆင်းရဲမွဲတေမှုလျှော့ချနိုင်ရန်မှာ မှန်ကန်သော စီးပွားရေးမူဝါဒများ ချမှတ်နိုင်မှုအပေါ်၌ မူတည်နေပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

ဒီဇင်ဘာ ၃၀ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်