အချုပ်အခြာအာဏာပိုင်နိုင်ငံဟူသည် ပြည်တွင်းပြည်ပ အချုပ်အခြာအာဏာ သက်ရောက်မှုရှိခြင်း၊ လူဦးရေအတည်တကျရှိခြင်း၊ အုပ်ချုပ်သည့်အစိုးရရှိခြင်း၊ အခြားသောအချုပ်အခြာအာဏာပိုင်နိုင်ငံများနှင့် ဆက်ဆံနိုင်သည့် အခြေအနေရှိခြင်း စသည့်ဂုဏ်အင်္ဂါများနှင့် ပြည့်စုံသောနိုင်ငံကို ခေါ်ဆိုခြင်းပင်ဖြစ်သည်။ ယေဘုယျအားဖြင့် အခြားနိုင်ငံတစ်ခုအား မှီခိုမနေသော၊ လွှမ်းမိုးခြင်းခံမနေရသောနိုင်ငံကို ခေါ်ဆိုခြင်းဖြစ်သည်။ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုသည် အခြားအချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခုကမျှ အသိအမှတ်မပြုဘဲ နိုင်ငံအဖြစ်ရပ်တည်နိုင်သော်လည်း စာချုပ်စာတမ်းများ ချုပ်ဆိုခြင်းနှင့် သံတမန်ဆက်ဆံရေးတို့တွင်မူ အခက်အခဲရှိမည်ဖြစ်သည်။
ခေတ်သစ်ကမ္ဘာတွင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံ၏ အင်အားကို ပုံဖော်သော (တစ်နည်းအားဖြင့် နိုင်ငံ၏ သြဇာကို ပုံဖော်သော) အရာများတွင် ပထဝီအနေအထား (Geography)၊ နယ်မြေအကျယ်အဝန်းအရွယ်အစား (Size)၊ တည်နေရာ (Location)၊ ရာသီဥတု (Climate)၊ မြေမျက်နှာသွင်ပြင်အနေအထား (Topography)၊ သဘာဝသယံဇာတနှင့် ကုန်ကြမ်းရရှိနိုင်မှု (Natural Resources and Availability of Raw Materials)၊ စီးပွားရေးဖွံ့ဖြိုးမှု (Economic Development)၊ စစ်ရေးပြင်ဆင်ထားရှိမှု (Miligarty Preparedness)၊ အမျိုးသားစရိုက်လက္ခဏာနှင့် အမျိုးသားရေးစိတ်ဓာတ် National Character and National Morale)၊ နိုင်ငံရေးတည်ဆောက်ပုံနှင့် ခေါင်းဆောင်မှု (Political Structure and Leadership)၊ ၀ါဒရေး/၀ါဒကိုင်စွဲမှုသဘောတရားရေး (Ideology)၊ လူဦးရေ (Population)၊ လူသားအရင်းအမြစ် (Human Resources) နှင့် နည်းပညာဖွံ့ဖြိုးမှု (Technology Development) ဟူသည့်အချက်များ မဖြစ်မနေ ပါဝင်လာသည်။
နိုင်ငံ (Country) ဟူသည့် စကားလုံးကို အကြမ်းဖျင်းအားဖြင့် အချုပ်အခြာအာဏာပိုင်နိုင်ငံများကို ရည်ညွှန်းသုံးနှုန်းကြသည်။ အစပိုင်းက နိုင်ငံဆိုသည်မှာ ပထဝီဒေသကိုသာ ရည်ညွှန်းသော်လည်း နောက်ပိုင်းတွင် အချုပ်အခြာအာဏာနှင့် ပထဝီအနေအထား ထိန်းချုပ်နိုင်မှုကိုပါ ရည်ညွှန်းလေသည်။ မည်သို့ပင်ဆိုစေကာမူ အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်ခု၌ အဓိကအာဏာ သုံးရပ်ရှိသည်။ ၎င်းတို့မှာ အုပ်ချုပ်ရေးအာဏာ၊ ဥပဒေပြုရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ ဖြစ်ကြသည်။
အုပ်ချုပ်ရေးအာဏာ - အုပ်ချုပ်ရေးအာဏာကို ပြည်သူတို့ ရွေးကောက်ထားသည့် သက်ဆိုင်ရာ နိုင်ငံ့အကြီးအကဲက ကိုင်တွယ်အုပ်ချုပ်သည်။ ပါလီမန်ဒီမိုကရေစီစနစ် ကျင့်သုံးသည့်နိုင်ငံများတွင် ဝန်ကြီးချုပ်၊ သမ္မတစနစ်ကျင့်သုံးသည့် နိုင်ငံများတွင် သမ္မတများက အုပ်ချုပ်ရေးအကြီးအကဲအဖြစ်ဖြင့် ယင်းအုပ်ချုပ်ရေးအာဏာကို စွဲကိုင်ကျင့်သုံးသည်။
ဥပဒေပြုရေးအာဏာ - ဥပဒေပြုရေးအာဏာကိုမူ လူတစ်ဦးတစ်ယောက်၏ ဦးစီးမှုအောက်တွင် ထားလေ့မရှိဘဲ ပြည်သူတို့ ရွေးကောက်တင်မြှောက်ထားသည့် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော လွှတ်တော်သို့ အပ်နှင်းထားသည်။ ထိုလွှတ်တော်၏တာဝန်မှာ နိုင်ငံတွင် လိုအပ်သည့်ဥပဒေများကို အချိန်အခါနှင့် အခြေအနေအရ သတ်မှတ်ပေးရန်ဖြစ်သည်။ ထိုသို့ဆုံးဖြတ်ရာတွင် ဥပဒေတစ်ရပ်ကို အတည်ပြု၊ မပြု မဲပေးခြင်းစနစ်ကို ကျင့်သုံးသည်။
တရားစီရင်ရေးအာဏာ - တရားစီရင်ရေးအာဏာကို တရားသူကြီးချုပ်နှင့် ဗဟိုတရားရုံးချုပ်အဖွဲ့ဝင် တရားသူကြီးများထံ အပ်နှင်းသည်။ ပြစ်မှုဆိုင်ရာကိစ္စတစ်ခုကို အဆုံးအဖြတ်ပေးခြင်းသည် အတွေ့အကြုံရင့်ကျက်မှုနှင့် သက်ဆိုင်ရာဥပဒေသများကို ကျေညက်စွာ နားလည်မှုတို့ပေါ်တွင် မူတည်သဖြင့် တရားသူကြီးချုပ်ရာထူးကို ပြည်သူတို့ ရွေးကောက်ခြင်းဖြင့် ခန့်အပ်၍မရနိုင်ပေ။ တရားသူကြီးချုပ်နှင့် အဖွဲ့ဝင်များကို နိုင်ငံ့အကြီးအကဲ (သမ္မတ/ဝန်ကြီးချုပ်) က ရွေးချယ်ပေးပြီး လွှတ်တော်က အတည်ပြုပေးခြင်းဖြင့် ခန့်အပ်လေ့ရှိကြသည်။
မည်သို့ပင်ဆိုစေကာမူ ယင်းအာဏာသုံးရပ်ကို ကောင်းစွာကျင့်သုံးနိုင်မှသာလျှင် အချုပ်အခြာအာဏာပိုင်နိုင်ငံတစ်နိုင်ငံဟု ခေါ်ဆိုနိုင်မည်ဖြစ်သကဲ့သို့ နိုင်ငံ၏အင်အားကို ပုံဖော်သော (တစ်နည်းအားဖြင့် နိုင်ငံ၏ သြဇာကို ပုံဖော်သော) အရာများကိုလည်း အစဉ်တစိုက် ဂရုပြုနေရမည်ဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသား အပ်ပါသည်။
ဒီဇင်ဘာ ၂၃ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်