ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့၌ ဒီဇင်ဘာ ၁၈ ရက် ညနေ ၆နာရီ မိနစ် ၅၀ ဝန်းကျင်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ကွတ်ခိုင် တပ်မတော်ဗျူဟာကုန်းနှင့် ကင်းစခန်းကို ဝင်ရောက်တိုက်ရာမှ တိုက်ပွဲဖြစ်ပွားမှုကြောင့် တိုးဂိတ်ဝန်ထမ်းနှစ်ဦး လက်နက်စထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အချို့ လက်နက်စထိမှန်ခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက ညနေ ၆နာရီ ၅ဝမိနစ်ဝန်း ကျင်လောက်က စတယ်။ သတင်းကြားရတာ တော့ KIA နဲ့ MHH ပူးပေါင်းအဖွဲ့က ကွတ်ခိုင်ဗျူဟာကို ဝင်တိုက်တာလို့ သိရတယ်။ကွတ်ခိုင်မြို့တွင်းမှာ လက်နက်ကြီး လက်နက် ငယ်ပစ်ခတ်သံ နာရီဝက်ကြာဆက်တိုက် ပစ်ခတ်သံကြားနေရတယ်။ တိုးဂိတ်ဝန်ထမ်းနှစ်ဦး လက်နက်စထိမှန်ခဲ့တယ်။ နေအိမ်အချို့ လည်းထိတယ်”ဟု လုံခြုံရေးကြောင့် အမည်မဖော်လိုသူ ကွတ်ခိုင်မြို့ဒေသခံတစ်ဦးက ပြောကြားသည်။
KIA နှင့် MHH တို့ ဝင်ရောက်တိုက်ခိုက်သည်ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သော်လည်း အတည်ပြုနိုင်ခြင်းမရှိသေးပေ။
မူဆယ်ဘက်မှ ကွတ်ခိုင်မြို့အဝင် တိုးဂိတ်မှ စတင်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ရာ နှစ်ဖက် အပြန်အလှန် လက်နက်ကြီးလက်နက်ငယ် ဆက်တိုက်ပစ်ခတ်ခဲ့ကာ တိုက်ပွဲကြောင့် OHC တိုးဂိတ်ဝန်ထမ်းများနေသည့် အဆောင်အတွင်းရှိ ဝန်ထမ်းနှစ်ဦးမှာ လက်နက်စထိမှန်ခဲ့ကြောင်း သိရသည်။
“တစ်ယောက်က ကျောကုန်းထိတယ်။နောက်တစ်ယောက်က ခြေသလုံးနဲ့ ပေါင်နဲ့ထိတယ်။သူတို့ကိုတော့ ကွတ်ခိုင်ပြည်သူ့ဆေးရုံ ကို ပို့ဆောင်ပြီး ဆေးဝါးကုသမှုပေးထားပါတယ်” ဟု လူနာများအား သွားရောက်ကူညီပို့ ဆောင်ပေးသော ပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကွတ်ခိုင်မြို့နယ်အတွင်းတွင် TNLA၊ MNDAA ကိုးကန့်၊ KIA နှင့် မြန်မာတပ်မတော်တို့ သွားလာလှုပ်ရှားနေပြီး တိုက်ပွဲများ မကြာခဏဖြစ်ပွားတတ်သော မြို့နယ်ဖြစ် သည်။















