ကိုဗစ်ကပ်ရောဂါ၊ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲသားကောင်များ

ကိုဗစ်ကပ်ရောဂါ၊ ပဋိပက္ခနှင့် ဆင်းရဲမွဲတေမှု၏ နောက်ဆက်တွဲသားကောင်များ
(ဓာတ်ပုံ-ကြည်နိုင်)
(ဓာတ်ပုံ-ကြည်နိုင်)
Published 19 December 2021

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်စပြီး နိုင်ငံရေးအခြေအနေ အပြောင်းအလဲဖြစ်ပေါ် ခဲ့ပါတယ်။

နိုင်ငံရေးအပြောင်းအလဲ နောက်ဆက်တွဲအဖြစ် စားနပ်ရိက္ခာ မဖူလုံမှုဟာ မြန်မာပြည်မှာ မြင့်တက်နေပြီး ဘဏ္ဍာရေးအကျပ်အတည်း နက်ရှိုင်းလာတာနဲ့အမျှ လာမယ့်လတွေမှာ လူ သန်းနဲ့ချီပြီး ငတ်မွတ်မှုဒဏ်ကြုံရဖွယ်ရှိတယ်လို့ ကုလသမဂ္ဂက ဧပြီ ၂၂ ရက်မှာ ထုတ်ပြန် ပြောဆိုပါတယ်။

ကုန်ထုတ်လုပ်ရေး၊ ဆောက်လုပ်ရေးနဲ့ ဝန်ဆောင်မှုကဏ္ဍတွေမှာ အလုပ်အကိုင် ဆုံးရှုံးခြင်းနဲ့ စားသောက်ကုန်စျေးနှုန်းတွေ တက်လာခြင်းက မြို့ပြဒေသတွေကို အဆိုးရွားဆုံး ရိုက်ခတ်နေပြီး လာမယ့်သုံးလနဲ့ ခြောက်လအတွင်း လူ ၃ ဒသမ ၄ သန်းကျော်ဟာ စားနပ်ရိက္ခာအခက်အခဲ ကြုံနိုင်တယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP)ရဲ့ သုံးသပ်ချက်တွေက ဆိုထားပါတယ်။

“လူတွေ ပိုပိုပြီး အလုပ်လက်မဲ့တွေ ဖြစ်လာတယ်။ စားနပ်ရိက္ခာ မဝယ်နိုင်ကြတော့ဘူး” လို့ မြန်မာနိုင်ငံဌာနေကိုယ်စားလှယ် Stephen Andersonက ကြေညာချက်မှာ ပြောကြားထား ပါတယ်။

ဖေဖော်ဝါရီလကုန်ကစပြီး ဆန်နဲ့ စားသုံးဆီစျေးးမှာ ငါးရာခိုင်နှုန်းနဲ့ ၁၈ ရာခိုင်နှုန်းစီ တက်သွားတဲ့အတွက်  ရန်ကုန်မြို့က မိသားစု အများစုဟာ အစားလျှော့စားရခြင်းနဲ့ အာဟာရဓာတ်မပြည့်တဲ့ အစားအစာတွေ စားရ တာကို ကြုံတွေ့ရသလို အကြွေးလည်း တင်နေပြီလို့  WFP က ဆိုပါတယ်။

 

ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်

မြန်မာနိုင်ငံမှာ နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပြီး မကြာမီမှာပဲ ကမ္ဘာ့ဘဏ်က ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ နိုင်ငံရေးအပြောင်း အလဲဖြစ်ပြီး ဖရိုဖရဲဖြစ်မှုအခြေအနေဟာ မြန်မာနိုင်ငံက အဆင်းရဲဆုံးနဲ့ ထိခိုက်မှု လွယ်သူတွေ ရင်ဆိုင်နေရတဲ့ လက်ရှိလူမှုဖူလှုံရေး အခက်အခဲတွေကို ပိုမိုဆိုးရွားစေမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ဆင်းရဲနွမ်းပါးမှု ရုတ်တရက် အလျင် အမြန်တိုးလာခြင်း၊ ရိက္ခာဖူလှုံမှု အန္တရာယ် မြင့်မားလာခြင်းနဲ့  ဆင်းရဲနွမ်းပါးပြီးသူတွေ အတွက် ပိုမိုနက်ရှိုင်းတဲ့ အစစအရာရာ ပိုင်ဆိုင်မှု ဆုံးရှုံးခြင်းတွေ ဖြစ်စေနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်က ကိုဗစ်ကြောင့်  မြန်မာနိုင်ငံရဲ့ စုစုပေါင်းထုတ်လုပ်မှုဟာ ၁ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းသွားပေမဲ့ ဒီနှစ်မှာ ခြောက်ရာခိုင်နှုန်းတိုးတက်မယ်လို့ ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေက ခန့်မှန်းထားတာပါ။

ဒါပေမဲ့ နိုင်ငံရေးအပြောင်းအလဲဟာ ဒီနှစ်မှာ မြန်မာ့စီးပွားရေးကို ၁၀ ရာခိုင်နှုန်းကျုံ့သွားမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။

 

UNDP ရဲ့ အစီရင်ခံစာ

နိုင်ငံရေးအပြောင်းအလဲနဲ့ ကိုဗစ်ရဲ့ ထိခိုက်မှုတွေကြောင့် မြန်မာ့လူဦးရေ၏ ထက်ဝက်ဟာ ၂၀၂၂ ခု နှစ်မှာ ဆင်းရဲသွားနိုင်တယ် လို့ ၂၀၂၁ ခုနှစ် မေလမှာ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ် (UNDP) က အစီရင်ခံစာတစ် စောင် ထုတ်ပြန်ပါတယ်။

တစ်နှစ်တာ ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းနဲ့ဖေဖော်ဝါရီ ၁ ရက် နိုင်ငံရေးအပြောင်း အလဲဖြစ်ပေါ်ခြင်းဟာ မြန်မာနိုင်ငံရဲ့ လူမှုစီးပွားအခြေအနေကို ပိုမိုဆိုးရွားသွား စေတယ်လို့ UNDP က ဆိုပါတယ်။

အောက်ခြေက အခြေအနေဟာ ဒီအတိုင်း ဆက်လက်ရှိနေမယ်ဆိုရင် ၂၀၂၂ ခုနှစ် အစမှာတင် ဆင်းရဲနွမ်းပါးမှုနှုန်းက နှစ်ဆ တိုးသွားမှာ ဖြစ်ပါတယ်။ ဒီလိုဆိုးရွားတဲ့ အခြေအနေတွေကြောင့် မြန်မာနိုင်ငံလူဦးရေရဲ့ ၄၈ ဒသမ ၂ သန်းဟာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရမှာ ဖြစ်တယ်လို့ UNDP ရဲ့ အစီရင်ခံစာမှာ ဆိုပါတယ်။

နိုင်ငံရေးအပြောင်းအလဲနဲ့ ကိုဗစ်အကျပ် အတည်းကြောင့် လုပ်အားခနဲ့ ဝင်ငွေ သိသိသာသာ ဆုံးရှုံးမှုဖြစ်စေပြီး အထူးသဖြင့် စီးပွားရေးလုပ်ငန်းငယ်တွေကို ထိခိုက်စေတဲ့ အပြင်ပြည်သူလူထုအတွက် အစားအသောက်၊ အခြေခံဝန်ဆောင်မှုတွေနဲ့ လူမှုရေးအကာ အကွယ်တွေကို ထိခိုက်စေမယ်လို့ ဖော်ပြထားပါတယ်။

UNDP အုပ်ချုပ်ရေးမှူး အာချမ်စတိန်း နားက “မြန်မာနိုင်ငံသည် မျိုးဆက်တစ်ခုတွင် မကြုံဖူးသည့် ဆင်းရဲနွမ်းပါးမှုအဆင့်များဆီ ဦးတည်နေသည့် ရှောင်ရှားမရနိုင်သောနောက် ပြန်လန်မှုနှင့် ကြေကွဲမှုတစ်ခုကို ရင်ဆိုင်နေရ သည်”လို့ ရေးသားခဲ့ပါတယ်။

 မြန်မာနိုင်ငံမှာ၂၀၀၅ ခုနှစ်က ဆင်းရဲ နွမ်းပါးမှု ၄၈ ဒသမ၂ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ ခုနှစ်မှာ ဆင်းရဲနွမ်းပါးမှုကို ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ပါတယ်။

၂၀၂၀ နှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံရဲ့ ရာခိုင်နှုန်း ၈၀ ကျော် မိသားစုတွေအနေနဲ့ ကိုဗစ်ကြောင့် သူတို့ရဲ့ဝင်ငွေဟာ ပျမ်းမျှအားဖြင့် ထက်ဝက်ကျဆင်းသွားတယ်လို့ ဖော်ပြထား ပါတယ်။ ဒါကြောင့် ဆင်းရဲနွမ်းပါးမှုမျဉ်း အောက်မှာနေထိုင်ရတဲ့ မြန်မာနိုင်ငံသား အရေအတွက်ဟာ ၁၁ ရာခိုင်နှုန်းတိုးလာတယ်လို့ UNDP က ဆိုပါတယ်။

ဖေဖော်ဝါရီလ နိုင်ငံရေးအပြောင်းအလဲကြောင့် အခြေအနေဟာ  ပိုမိုဆိုးရွားလာပြီး ဆင်းရဲနွမ်းပါးမှု နောက်ထပ် ၁၂ ရာခိုင်နှုန်းတိုး လာဖို့ ခန့်မှန်းထားတယ်လို့ UNDP ရဲ့ အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။

နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း စီးပွားရေး အစီရင်ခံစာများအားလုံးက နိုင်ငံ့စီးပွားရေး ပြိုကွဲတော့မယ်လို့ ဖော်ပြနေကြောင်းကိုလည်း UNDP က သတိပေးထားပါတယ်။

အထူးသဖြင့် ဝင်ငွေနည်းပါးတဲ့ မိသားစုတွေနေထိုင်ရာ မြို့ပြဒေသတွေက အမျိုးသမီး တွေနဲ့ ကလေးတွေဟာ ကိုဗစ်နဲ့ နိုင်ငံရေးအပြောင်းအလဲကြောင့် အထိအနာဆုံးဖြစ်မယ် လို့  UNDP က ဆိုပါတယ်။

“ကလေးသူငယ် ဆင်းရဲနွမ်းပါးမှုသည် ဆက်လက်မြင့်မားနေမည်ဟု မျှော်လင့်ရပြီး အဆိုးဆုံးအနေအထားတွင် ကလေးများ၏ ထက်ဝက်ကျော်သည် ဆင်းရဲနွမ်းပါးမှုတွင် နေထိုင်ရမည်။ ထို့ကြောင့် မျိုးဆက်များအကြား ဆင်းရဲနွမ်းပါးမှုကို ပိုမိုဆိုးရွားစေပြီး ကျောင်းများ ပိတ်ထားရနိုင်ခြင်းသည် လာမည့်မျိုးဆက်တွင် လူသားအရင်းအနှီးကို ထိခိုက်စေနိုင်သည်” လို့ UNDP က ဆိုပါတယ်။

စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးနဲ့ လူ့အခွင့် အရေးမူဝါဒတွေကို အလျင်အမြန်ပြင်ဆင်ခြင်း မရှိပါက ၂၀၃၀ မှာ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်တွေ အောင်မြင်ရေးအတွက် မြန်မာနိုင်ငံရဲ့ အားထုတ်မှုတွေကို ထိခိုက်စေမှာ ဖြစ်တယ်လို့ UNDP က သတိပေးထားပါတယ်။

 

မြန်မာနိုင်ငံ ဆင်းရဲနွမ်းပါးမှုအခြေအနေ

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးသူဦးရေ ၁၁ ဒသမ ၈ သန်းရှိတယ်လို့  ဗဟိုစာရင်းအင်းအဖွဲ့၊ ကမ္ဘာ့ဘဏ် နဲ့ UNDP တို့ ပူးတွဲပြုစုတဲ့  မြန်မာ့နေထိုင်မှုအခြေအနေစစ်တမ်း ၂၀၁၇- ဆင်းရဲနွမ်းပါးမှုအစီရင်ခံစာက ဆိုပါတယ်။ ဒါဟာ နိုင်ငံ့လူဦးရေရဲ့ ၂၄ ဒသမ ၈ ရာခိုင် နှုန်းအထိ ကျဆင်းလာပေမဲ့ လူဦးရေအများ အပြား ဆင်းရဲတွင်းထဲ ပြန်ဆင်းနိုင်တဲ့ ထိလွယ် ရှလွယ်အခြေအနေ ဆက်ရှိနေသေးတယ်လို့ အစီရင်ခံစာ ဖော်ပြထားပါတယ်။

၂၀၀၅ ခုနှစ်ကနေ၂၀၁၇ ခုနှစ်အတွင်း ဆင်းရဲနွမ်းပါးသူဦးရေ အများအပြား ကျဆင်းသွားပြီး နိုင်ငံရဲ့ဆင်းရဲနွမ်းပါးမှုမျဉ်းအောက် ရောက်ရှိနေတဲ့ လူဦးရေဟာ ၂၀၀၅ ခုနှစ်မှာ ၄၈ ဒသမ ၂ ရာခိုင်နှုန်းရှိရာကနေ ၂၀၁၇ ခု နှစ်မှာ ၂၄ ဒသမ ၈ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပါတယ်။

လူဦးရေ တိုးပွားလာပေမဲ့ ဆင်းရဲနွမ်းပါး သူအရေအတွက်ဟာ ၂၀၀၅ ခုနှစ်မှာ ၁၈ ဒသမ ၇ သန်းကနေ ၂၀၁၇ ခုနှစ်မှာ ၁၁  ဒသမ ၈ သန်းအထိ လျော့ကျခဲ့ခြင်းလည်း ဖြစ်ပါ တယ်။           

ဒီလိုဆင်းရဲနွမ်းပါးမှုနှုန်း အများအပြား လျော့ကျသွားမှုဟာ မြန်မာနိုင်ငံရဲ့စီးပွားရေး အလျင်အမြန် တိုးတက်လာမှုကို ထင်ဟပ်ပြသခဲ့တာပါ။၂၀၀၅ နဲ့၂၀၁၇ ခုနှစ်ကြားမှာ မြန်မာနိုင်ငံရဲ့ တစ်ဦးကျ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုတန်ဖိုး (PerCarpita GDP) နှစ် စဉ်တိုးတက်မှုနှုန်းဟာ ကမ္ဘာ့ဘဏ်စာရင်းအရ ၇ ဒသမ ၈ ရာခိုင်နှုန်းရှိတာကြောင့် အရှေ့ တောင်အာရှနိုင်ငံများအနက် အမြင့်မားဆုံး ဖြစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှုနှုန်းဟာ ပထဝီအနေအထားအရ နေရာဒေသကွဲပြားမှု အပေါ် သက်ရောက်မှုကြီးမားကြောင်း တွေ့ရှိရပါတယ်။

ချင်းပြည်နယ်ဟာ ဆင်းရဲနွမ်းပါးမှုနှုန်း ၅၈ ရာခိုင်နှုန်းနဲ့ အမြင့်မားဆုံးဖြစ်ပြီး လူ ၁၀ ဦးမှာ ခြောက်ဦးဟာ ဆင်းရဲနွမ်းပါးဒဏ်ကို ခံနေရတာပါ။ ရခိုင်ပြည်နယ်ကတော့ ဆင်းရဲ နွမ်းပါးမှုနှုန်း ၄၁ ဒသမ ၆ ရာခိုင်နှုန်းနဲ့ ဒုတိ ယအမြင့်မားဆုံးဖြစ်ပါတယ်။

 တနင်္သာရီတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး စတဲ့ တိုင်း ဒေသကြီးတွေကတော့ ဆင်းရဲနွမ်းပါးမှုနှုန်း အနည်းဆုံးဖြစ်ပြီး ၁၃ ဒသမ ၂ ရာခိုင်နှုန်း၊ ၁၃ ဒသမ ၂ ရာခိုင်နှုန်းနဲ့ ၁၃ ဒသမ ၇ ရာခိုင်နှုန်း အသီးသီးရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီးမှာ ဆင်းရဲနွမ်းပါးသူ ၁ ဒသမ ၈ သန်းရှိပြီး သူ့နောက်မှာတော့ ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့က အသီးသီး ရပ်တည်နေပါတယ်။ ကယားပြည်နယ်ဟာ တခြားတိုင်းဒေသကြီး/ပြည်နယ်တွေ နဲ့ နှိုင်းယှဉ်ပါက ဆင်းရဲနွမ်းပါးမှုနှုန်းမြင့်မားပေမဲ့ ဆင်းရဲနွမ်းပါးသူဦးရေ ကိုးသောင်းကျော်သာရှိတာကြောင့် အရေအတွက်အားဖြင့် အနည်းဆုံးဖြစ်တာ တွေ့ရပါတယ်။

UNICEF Myanmar ထုတ်ပြန်ချက်

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ၊ လက်နက်ကိုင်ပဋိပက္ခနဲ့ ဆင်းရဲမွဲတေမှုတိုးလာတဲ့ အတွက် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကလေးသူငယ် တစ်သန်းကျော်ဟာ လူသား ချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်၊ ပဋိပက္ခနဲ့ ဆင်းရဲ နွမ်းပါးမှုတိုးလာတဲ့အတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေတဲ့ လူဦးရေ များပြားလာတယ်လို့ UNICEF Myanmar က ထုတ်ပြန်ပါတယ်။ အဲဒီလို ခြိမ်းခြောက်မှုတွေဟာ ကလေးသူငယ်တွေရဲ့ အသက်၊ ကျန်းမာရေးနဲ့ သာယာဝပြောရေး ကို ဆိုးရွားစွာအန္တရာယ်ဖြစ်စေတယ်လို့ UNICEF Myanmar က ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလှုပ်ခတ်မှုနဲ့ ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကလေးသူငယ်တွေအပေါ် လူသားချင်း စာနာထောက် ထားမှုဆိုင်ရာ အကျပ်အတည်းက သက်ရောက်မှု ပိုမိုကြီးမားပြင်းထန်နေတယ် လို့ UNICEF Myanmar က ထောက်ပြပါတယ်။

မြန်မာနိုင်ငံမှာ ကလေးသူငယ် ငါးသန်း အပါအဝင် ခန့်မှန်းလူဦးရေ ၁ ဒသမ ၄ သန်း ဟာ ပြင်းထန်လာတဲ့ ပဋိပက္ခနဲ့ အကြမ်းဖက်မှုတွေ၊ ဆက်လက်ဖြစ်ပွားနေတဲ့ ကိုဗစ်ကပ်ရောဂါ၊ ဆင်းရဲမွဲတေမှုတိုးလာခြင်းနဲ့ ယိုယွင်းနေတဲ့ အများပြည်သူဝန်ဆောင်မှုတွေကြောင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လို အပ်နေတယ်လို့ UNICEF Myanmar က ဆိုပါတယ်။

UNICEF Myanmar အနေနဲ့ ကလေး သူငယ်တွေရဲ့ အသက်ကို ကယ်တင်ဖို့၊ အနာဂတ်တွေကို ကာကွယ်ဖို့နဲ့ မျိုးဆက်တစ်ဆက်စာ ဆုံးရှုံးမှုကို ရှောင်ရှားနိုင်ဖို့ ၂၀၂၂ ခုနှစ်မှာ ရန်ပုံငွေ ဒေါ်လာ ၁၅၁ ဒသမ ၄ သန်း လိုအပ် နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဘေးအန္တရာယ်ကျရောက်မှုအများဆုံး မှာ မြစ်ဝကျွန်းပေါ်ဒေသတွင် ၅၈ ရာခိုင်နှုန်း နှင့် အပူပိုင်းဒေသတွင် ၄၂ ရာခိုင်နှုန်းတို့ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကမ်းရိုးတန်းဇုန်တွင် နေထိုင်သူများသည် ဘေးအန္တရာယ် နှင့်  ထိတွေ့နိုင်ခြေပိုနည်းပြီး လူငါးဦးတွင် တစ်ဦး (၂၁ ရာခိုင်နှုန်း) သာ ကြုံတွေ့ဖူးကြောင်း သိရပါတယ်။

အရွယ်ရောက်သူတစ်ဦး တစ်ရက်စားသုံးမှုနှင့်ညီမျှသောတန်ဖိုးကျပ် ၁၅၉၀ ကို ၂၀၁၇ ခုနှစ် နိုင်ငံ၏ဆင်းရဲနွမ်းပါးမှုမျဉ်းအဖြစ် သတ်မှတ်ထားပါတယ်။ ဆင်းရဲနွမ်းပါးမှုမျဉ်းသည် လူတစ်ဦးကို အလွန်အမင်းဆင်းရဲနွမ်းပါးသည်ဟု သတ်မှတ်နိုင်ခြင်းမရှိစေရန် လိုအပ်သည့် အနိမ့်ဆုံးသော လူမှုဘဝပြည့်စုံ ဖူလုံမှုအဆင့်ကို သတ်မှတ်ပေးထားသော မျဉ်းဖြစ်ပါတယ်။ အိမ်ထောင်တစ်စု၏ ကျပ်ငွေဖြင့် ဖော်ပြသော အရွယ်ရောက်သူတစ်ဦးကျ စားသုံးမှုအဆင့်သည် မြန်မာနိုင်ငံရှိ အနိမ့်ဆုံးသော အခြေခံလူနေမှုအဆင့်အတန်း ပြည့်မီ ရန်လိုအပ်သည်ဟု ယူဆသောအဆင့်အောက် ရောက်ရှိနေပါက ထိုအိမ်ထောင်စုကို ဆင်း ရဲနွမ်းပါးသည်ဟု ယူဆပါတယ်။ မြန်မာနိုင်ငံတွင် အရွယ်ရောက်သူတစ်ဦး တစ်ရက်စားသုံး မှုနှင့် ညီမျှသော တန်ဖိုးကျပ် ၁၅၉၀ သာရှိသော သို့မဟုတ် ထို့ထက်နည်းသော အိမ်ထောင် တစ်စုတွင် နေထိုင်သူဖြစ်လျှင် ထိုသူကိုဆင်းရဲ နွမ်းပါးသူဟု ယူဆကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

Most Read

Most Recent