နာလန်ထူလာဖွယ်မရှိသေးသည့် ခရီးသွားကဏ္ဍနှင့် တစ်ပူပေါ်နှစ်ပူဆင့် ပြန်လည်ပေးဆပ်ရမည့် ကိုဗစ်ချေးငွေများ

နာလန်ထူလာဖွယ်မရှိသေးသည့် ခရီးသွားကဏ္ဍနှင့် တစ်ပူပေါ်နှစ်ပူဆင့် ပြန်လည်ပေးဆပ်ရမည့် ကိုဗစ်ချေးငွေများ
ကိုဗစ်ချေးငွေ လာရောက်လျှောက်ထားနေသူများကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
ကိုဗစ်ချေးငွေ လာရောက်လျှောက်ထားနေသူများကို ယခင်နှစ်က တွေ့ရစဉ် (ဓာတ်ပုံ-ကုန်သည်စက်မှုအသင်းချုပ်)
Published 19 December 2021
နီလာ

ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့ ဖြစ်ပွားမှုကြောင့် ကမ္ဘာ့နိုင်ငံအများစု၏စီးပွားရေး စံချိန်တင်ကျဆင်းမှု များဖြစ်ပေါ်နေသည်။ ရောဂါကူးစက်မှုအချိန် ပိုမိုကြာမြင့်လာသည်နှင့်အမျှ စီးပွားရေးပြန်လည်နာလန် ထူလာရန်ပင် မနည်းရုန်းကန်နေရဦးမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင်လည်း ကိုဗစ်ရောဂါကူးစက်မှုခံစားနေရသဖြင့် ကိုဗစ်ကြောင့် နဂိုမူလကပင် ယိုင်နဲ့နဲ့ ဖြစ်နေသည့်စီးပွားရေးလုပ်ငန်းများအပေါ် ကြီးမားသည့်ဂယက် ရိုက်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ဆိုသည်။

COVID-19 ကပ်ရောဂါ ဖြစ် ပွားမှုကြောင့် စီးပွားရေးလုပ်ငန်းများ နှင့်အလုပ်အကိုင်ရရှိမှုတို့အပေါ် ဂယက်ရိုက်ခတ်မှုဖြစ်ပေါ်နေသော အခြေအနေများကို ကုစားနိုင်ရန်အတွက် အစိုးရက ချေးငွေများ ထုတ်ချေးရန် ဆောင်ရွက်ခဲ့သည်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်က ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ နေပြည်တော်၌ ကျင်းပသည့် Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးကော်မတီ၏အစည်းအဝေးအမှတ်စဉ် (၂/ ၂၀၂၀) ၏ဆုံးဖြတ်ချက်အရ COVID-19 ကြောင့် လတ်တလော စီးပွားရေးထိခိုက်မှု အများဆုံးခံစားရသည့်လုပ်ငန်း ကဏ္ဍများအဖြစ် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းများနှင့် အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများကို ဦးစားပေးကုစားရမည့်ကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည်။

ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် နိုင်ငံတော်လှည့်ပတ်ရန်ပုံငွေ (Revolving Fund) မှ ကျပ် ဘီလျံ ၅၀ နှင့် လူမှုဖူလုံရေးရန်ပုံငွေမှ ကျပ်ဘီလျံ ၅၀ စုစုပေါင်း ကျပ် ဘီလျံ ၁၀၀ ကို ကနဦးမတည်ငွေ အဖြစ် မြန်မာ့စီးပွားရေးဘဏ်တွင် COVID-19 Fund ထူထောင်ခဲ့သည်။

COVID-19 ကြောင့် စီးပွားရေးထိခိုက်မှုအများဆုံးခံစားရသည့် CMP လုပ်ငန်းများ၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းများနှင့် အသေးစားအလတ်စားစီးပွားရေး လုပ်ငန်းများ (SME) ကို အတိုးနှုန်းတစ် - ရာခိုင်နှုန်းဖြင့် ကနဦးမတည်ရန်ပုံငွေ ကျပ်ဘီလျံ  ၁၀၀ မှ ချေးငွေထုတ်ချေးခဲ့သည်။

အဆိုပါလုပ်ငန်းများ၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း သုံးလတစ်ကြိမ် ပေးဆောင်ရမည့်ဝင်ငွေခွန်နှင့် လစဉ်ပေးဆောင်ရမည့် ကုန်သွယ်လုပ်ငန်းခွန်တို့နှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက်တွင် ကုန်ဆုံးမည့်ဒုတိယသုံးလပတ်အတွက်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ် ဇွန် ၃၀ ရက်တွင် ကုန်ဆုံးမည့် တတိယသုံးလပတ်အတွက်လည်းကောင်း သုံးလတစ်ကြိမ်ပေးဆောင်ရမည့် ဝင်ငွေခွန်များကို စက်တင်ဘာ ၃၀ ရက်အထိ ပေးဆောင်နိုင်ရန် ခွင့်ပြုခဲ့သည်။

“ခရီးသွားကဏ္ဍက ကိုဗစ်ကြောင့် ပထမဆုံး စထိတယ်။ ပြန်ပြီးတော့ နာလန်မထူနိုင်ဘူးပေါ့။ ကိုဗစ်တွေ တစ်ခုပြီးတစ်ခုသာဖြစ်နေတယ်။ နိုင်ငံတကာမှာလည်း ခရီးသွားတွေကျဆင်းသွားတယ်။ လုံးဝ ရပ်ဆိုင်းသွားတယ်ပေါ့နော်။ ကျွန်တော်တို့က အကျိုးဆက်အနေနဲ့ အများကြီးခံစားရသလို ကိုယ်ကိုယ်တိုင်မှာလည်း ပြည်တွင်းမှာအများကြီး ထိခိုက်သွားတယ်။ ရောဂါပိုးတွေ့ရှိမှုတွေ သေဆုံးမှုတွေ အများကြီးရှိခဲ့တယ်” ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်နေသူ ဦးနောင်းနောင်းဟန်က ပြောကြားသည်။

ပထမအကြိမ် COVID-19 Fund မှ ခုနစ်ကြိမ်ခွဲ၍ ချေးငွေကျပ် ၁၀၁ ဘီလျံကျော် ထုတ်ချေးထားသည်။ လုပ်ငန်းကော်မတီ၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် လုပ်ငန်း ၃၃၉၃ ခုကို ချေးငွေခုနစ် ကြိမ်ခွဲ၍ထုတ်ချေးခဲ့ခြင်းဖြစ်သည်။

ကိုဗစ်ကာလ ထုတ်ချေးထားသည့် ချေးငွေအထောက်အပံ့များနှင့် ဒုတိယအကြိမ် COVID-19 Fund မှ  ထုတ်ချေးခြင်း

COVID-19 ကာလအတွင်း အစိုးရက ထောက်ပံ့မှုများတွင် တောင်သူလယ်သမားများအတွက် ချေးငွေကျပ်ဘီလျံ ၆၀၀ ၊ လက်ဖက်ရည်ဆိုင်များအတွက် ချေးငွေကျပ် ဘီလျံ ၁၀၀၊ စိုက်ပျိုးရေး၊ မွေးမြူရေး ကဏ္ဍအတွက် ကျပ် ၉၃ ဘီလျံ၊ မြန်မာ အမျိုးသားလေကြောင်းလိုင်းအတွက် ကျပ် ၃၄ ဘီလျံ၊ အခွန်အခ ကင်းလွတ်ခွင့်အတွက် ကျပ် ၃၄၂ ဘီလျံ၊ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် ချေးငွေကျပ်ဘီလျံ ၂၀၀၊ အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေကျပ် ၃၆၃ ဘီလျံ၊ လျှပ်စစ်ဓာတ်အားခ ကင်းလွတ်ခွင့်အတွက် ကျပ် ၁၀၉ ဘီလျံ၊ အရန်စားနပ်ရိက္ခာအတွက် ကျပ် ၃၈ ဘီလျံ၊ ကျန်းမာရေး စောင့်ရှောက်မှုအတွက်  ၂၆၈ ဘီလျံ၊ လူမှုကာကွယ်စောင့်ရှောက်ရေးအတွက် ကျပ် ၃၆ ဘီလျံ၊ အသေးစားချေးငွေအတွက် ကျပ် ဘီလျံ ၁၀၀ ထောက်ပံ့ပေးထားသည်။

COVID-19 ကြောင့် ထိခိုက်ခဲ့သည့် စီးပွားရေးလုပ်ငန်း ၁၀၄၁ ခုသို့ ချေးငွေကျပ် ၂၀ ဒသမ ၇၇၇၅ ဘီလျံကို ဒုတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်အဖြစ် ချေးငွေထုတ်ယူခွင့်ပြုလိုက်ကြောင်း Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ထုတ်ပြန်ထားသည်။

ဒုတိယအကြိမ်ချေးငွေ ထုတ်ပေးရာတွ င် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ရေထွက်ပစ္စည်း ထုတ်လုပ်သည့် လုပ်ငန်းများ၊ ပြည်ပပို့ကုန်ထုတ်လုပ်သည့်ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်တွင်းထုတ်လုပ်မှုမှ ပြည်ပတင်ပို့သည်အထိ ထုတ်လုပ်မှုကွင်းဆက် (Supply Chain) တစ်လျှောက် ပါဝင်ဆောင်ရွက်သည့်လုပ်ငန်းများ၊ စားသောက်ကုန်ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်းများ၊ ပြည်ပ အလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းများနှင့် အသက်မွေးဝမ်းကျောင်း ပညာသင်ကျောင်းများသို့ ထုတ်ပေးခဲ့သည်။       

တတိယအကြိမ် COVID-19 Fund မှ ပထမအသုတ်အဖြစ် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ချေးခြင်း

COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ COVID-19 ရန်ပုံငွေမှ ချေးငွေ ထုတ်ချေးမည်ဖြစ်သဖြင့် လျှောက်လွှာခေါ်ယူခဲ့ပြီး လျှောက်ထားရမည့်ရက်ကို ယခင်က ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၃ ရက်မှ  ၃၀ ရက်အတွင်း ချေးငွေများ လျှောက်ထားရန် သတ်မှတ်ခဲ့ရာမှ အောက်တိုဘာ ၁၀ ရက်အထိ တိုးမြှင့်လက်ခံခဲ့ကြောင်း ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီမှ သိရသည်။

အဆိုပါမွေးမြူရေးလုပ်ငန်းများ၊ ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းများသို့ ထုတ်ချေးမည့် ချေးငွေများကို အတိုးနှုန်းတစ်-ရာခိုင်နှုန်း၊ ချေးငွေ ကာလတစ်နှစ်သတ်မှတ်၍ ချေးယူခွင့်ပြုခဲ့သည်။

ချေးငွေလျှောက်ထားနိုင်သည့် လုပ်ငန်းများအနေဖြင့် ကိုဗစ်ကြောင့် ထိခိုက်မှုရှိနေသော နိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း၊ လက်ရှိလည်ပတ်ဆောင်ရွက်နေသည့် လုပ်ငန်း သို့မဟုတ် လုပ်ငန်းယာယီ ရပ်စဲထားသော်လည်း ချေးငွေရရှိပါက ချက်ချင်းပြန်လည်စတင်နိုင်မည့်လုပ်ငန်း၊၂၀၁၉ ခုနှစ် မတ် ၃၁ ရက်မတိုင်မီက သက်ဆိုင်ရာဌာနမှ ခွင့်ပြုချက်/လုပ်ငန်းလိုင်စင်ရထားပြီးဖြစ်သည့်လုပ်ငန်း၊ လွန်ခဲ့သည့် နှစ်နှစ်တာကာလအတွင်း နှစ်စဉ်ဝင်ငွေ ရရှိနေသောလုပ်ငန်း၊ ချေးငွေကို ပြန်လည်ပေးဆပ်နိုင်မည့် ခိုင်လုံသော အခြေအနေရှိသော လုပ်ငန်း၊ ချေးငွေအား လက်ရှိလုပ်ငန်းလည်ပတ်ရန်ကိစ္စအတွက်သာ အသုံးပြုမည့်ကုမ္ပဏီ/ လုပ်ငန်းဖြစ်ရမည်ဟု သတ်မှတ်ထားသည်။

ထို့ပြင် ဝင်ငွေခွန်၊ကုန်သွယ်ခွန်၊ အထူးကုန်စည်ခွန်ပေးဆောင်ထားသည့်ကုမ္ပဏီ၊ ကုမ္ပဏီဖြစ်ပါက ကုမ္ပဏီ ဒါရိုက်တာအဖွဲ့၊ ကုမ္ပဏီမဟုတ်ပါက ချေးငွေရယူထားသည့် လုပ်ငန်းပိုင်ရှင်မှ ချေးငွေအား ပြန်လည်ပေးဆပ်ရန် အာမခံချက်ပေးနိုင်မှု၊ ဘဏ်တစ်ခုခုမှ ချေးငွေရယူထားပြီးနောက် ပြန်လည်ပေးဆပ်ရန် ပျက်ကွက်လျက်ရှိသည့် လုပ်ငန်းများ၊ ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်မှုကြောင့် ဘဏ်တစ်ခုခုက တရားစွဲဆိုခြင်း ခံထားရသည့်လုပ်ငန်း မဖြစ်စေရ၊ ကိုဗစ်-၁၉ ရန်ပုံငွေမှ ထုတ်ပေးသည့် ချေးငွေကို ယခင်က ရယူထားပြီးဖြစ်သည့် လုပ်ငန်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ ရယူထားသည့်လုပ်ငန်း မဖြစ်စေရလို့လည်း ပါရှိသည်။

ထို့အတူချေးငွေလျှောက်ထားသည့် မွေးမြူရေးလုပ်ငန်း သို့မဟုတ် ငါး၊ ပုစွန်မွေးမြူရေးလုပ်ငန်းသည် မိသားစုတစ်ပိုင်တစ်နိုင်/ ဝမ်းစာအတွက် မဟုတ်ဘဲ စီးပွားဖြစ် ဆောင်ရွက်နေသောလုပ်ငန်း၊ ပြည်တွင်းတွင် ရောင်းချသူဖြစ်ပါက ပြည်တွင်းရောင်းချနေသော အထောက်အထား/ ပြည်ပသို့ တင်ပို့ရောင်းချသူဖြစ်ပါက ပြည်ပသို့ ရောင်းချနေသော အထောက်အထားပြနိုင်ရမည်ဖြစ်ကြောင်း ချေးငွေဆိုင်ရာ စည်းကမ်းချက်များတွင် ဖော်ပြထားသည်။

ယင်းနောက် ချေးငွေလျှောက်လွှာများကို စိစစ်မှုများပြုလုပ်ခဲ့ပြီးချိန်တွင် ငါး၊ ပုစွန်မွေးမြူရေးအပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားသည့် ကုမ္ပဏီ/ လုပ်ငန်းများအနက် ကုမ္ပဏီ/ လုပ်ငန်း ၁၁၄ ခုသို့ COVID-19 ရန်ပုံငွေမှ ချေးငွေထုတ်ယူ ခွင့်ပြုလိုက်ကြောင်း COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်း ကော်မတီက သတင်းထုတ်ပြန်ခဲ့သည်။

တတိယအကြိမ်  COVID-19 ရန်ပုံငွေမှ ပထမအသုတ်ချေးငွေ ခွင့်ပြုပေးရန် စိစစ်အတည်ပြုသည့် ကုမ္ပဏီလုပ်ငန်းများ စာရင်းတွင် လုပ်ငန်းအများစုမှာ ဧရာဝတီတိုင်းဒေသကြီးမှဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်စသည်တို့မှ လုပ်ငန်းများ ပါဝင်သည်။

ထို့ပြင် COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေးအမှတ်စဉ်(၉/ ၂၀၂၁) ဆုံးဖြတ်ချက်အရ နိုင်ငံသားပိုင် ငါး၊ ပုစွန်မွေးမြူရေး အပါအဝင် မွေးမြူရေးကဏ္ဍသို့ ချေးငွေထုတ်ပေးရန် လျှောက်ထားလာသည့် ကုမ္ပဏီ/လုပ်ငန်းများအနက် ကုမ္ပဏီ/ လုပ်ငန်း ၂၃၂ ခုကို COVID-19 Fund မှ ချေးငွေထုတ်ယူခွင့်ပြုကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အလားတူ COVID-19 ကြောင့် ထိခိုက်မှုရှိနေသော ရုပ်ရှင်၊ ဂီတ၊သဘင်၊ စာနယ်ဇင်းများနှင့် မီဒီယာများကို အတိုးနှုန်းတစ်-ရာခိုင်နှုန်း၊ ချေးငွေကာလတစ်နှစ် သတ်မှတ်၍ COVID-19 ရန်ပုံငွေမှ ကျပ် ၁၅ ဘီလျံ ထုတ်ချေးပေးမည်ဟုဆိုကာ ချေးငွေလျှောက်လွှာများ ခေါ်ယူခဲ့သည်။

ချေးငွေပြန်ဆပ်ရန်ကာလ သက်တမ်းတိုးမြှင့်ခြင်း

COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို သက်တမ်း တစ်နှစ်ခြောက်လ ပြည့်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ခြောက်လ ထပ်မံသက်တမ်း တိုးမြှင့်ကြောင်း COVID-19 ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ၂၀၂၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် အသိပေးကြေညာခဲ့သည်။

ယင်းကော်မတီက ကိုဗစ် ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေ သက်တမ်း တစ်နှစ် (အတိုးနှုန်း တစ်-ရာခိုင်နှုန်း) ဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၉ ရက်မှ စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

အစောဆုံးထုတ်ပေးခဲ့သည့်  ချေးငွေများမှာ ၂၀၂၁ ခုနှစ် မတ်လကုန်တွင် တစ်နှစ်ပြည့်မြောက်ပြီး  ပြန်လည်ပေးဆပ်ရမည့်ကာလ ပြည့်မြောက်မည်ဖြစ်သည်။

COVID-19 မှ ချေးငွေရယူထားသူများ အဆင်ပြေစေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် မတ် ၁၇ ရက်တွင် ချေးငွေပြန်ဆပ်ရန် ကာလကို ချေးငွေကာလသက်တမ်း တစ်နှစ်ပြည့်မြောက်သည့်နေ့မှစ၍  ခြောက်လသက်တမ်း တိုးမြှင့်ပေးကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

ထို့ပြင်  COVID-19 မှ ပထမအသုတ် ချေးငွေရရှိသူများသည် မူလချေးငွေသက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် ခြောက်လကာလမှာ ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် ချေးငွေသက်တမ်းကာလ ထပ်မံပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ကိုဗစ်တတိယလှိုင်းသက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းရှင်များက ပြန်လည်ပေးဆပ်ရန် အခက်အခဲများရှိနေသဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် ချေးငွေ ပြန်လည်ပေးဆပ်ရမည့် ကာလကို နောက်ထပ်ခြောက်လ ထပ်မံသက်တမ်း တိုးမြှင့်ပေးရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

COVID-19 ရန်ပုံငွေမှ ချေးငွေရယူထားသည့်လုပ်ငန်းရှင် အများစုအနေဖြင့် သတ်မှတ်ကာလအတွင်း ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိသည့်အတွက် ချေးငွေသက်တမ်းတိုးပေးရန်နှင့် လုပ်ငန်းရှင်အချို့က အတိုးသာ ဆပ်ခွင့်ပြုပြီး အရင်းအား ခေတ္တဆိုင်းငံ့ပေးရန် ကော်မတီသို့ တင်ပြမှုများရှိခဲ့သည်။

ထို့ကြောင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို  ချေးငွေကာလသက်တမ်းတစ်နှစ် ခြောက်လပြည့်မြောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ်ခြောက်လ ထပ်မံသက်တမ်းတိုးမြှင့်ပေးခဲ့သည်။

ချေးငွေပြန်ဆပ်ရန် အချိန်မည်မျှလိုမည်နည်း

ကိုဗစ်သက်ရောက်မှုကြောင့် ထိခိုက်ခဲ့သည့် ကဏ္ဍများအနက် ခရီးသွားကဏ္ဍကို ပြန်လည်ကုစားနိုင်ရေးအတွက် ချေးငွေများထုတ်ချေးကာ ဆောင်ရွက်ခဲ့သော်လည်း ချေးငွေရရှိမှုပမာဏ နည်းပါးခဲ့ကြောင်း၊ ရရှိခဲ့သည့် ချေးငွေပမာဏမှာ ဝန်ထမ်းများအတွက် သုံး၊ လေး၊ ငါးလစာ လစာပေးသာရုံလောက်သာ ပံ့ပိုးမှုရခဲ့သည်ဟုလည်း ခရီးသွားကုမ္ပဏီအချို့မှ သိရသည်။

“ ကျွန်တော်တို့ခရီးသွားကဏ္ဍကိုချေးငွေပေးပြီး ကုစားပေးပေမဲ့လည်း အဲဒီချေးငွေက ရရှိတဲ့ပမာဏ အင်မတန်မှနည်းတယ်။ နည်းတဲ့ဟာကလည်း ဝန်ထမ်းတွေကို မျှော်လင့်ချက်လေးတစ်ခုနဲ့ ထိန်းသိမ်းပြီးတော့ ဝန်ထမ်းလစာ သုံးလေးငါးလစာ ခြောက်လစာလောက် ပေးရုံလောက်လေးပဲ ကျွန်တော်တို့ဆီကို ပံ့ပိုးမှုလေးပဲ ရလိုက်တယ်ပေါ့လေ။  နိုင်ငံတော်ကဆီက ချေးငွေကလေ။ အဲဒီဟာက တကယ်တမ်းမှာ ကျွန်တော်တို့ကို ပြန်ပြီးနာလန်ထူအောင် လုပ်မပေးနိုင်သေးဘူး။ ဆိုတော့ ယူပြီးလည်း ချေးငွေရရှိထားတဲ့သူတွေက အဲဒီဝန်ထမ်းလစာတွေ ပေးပြီးတော့ ဆက်လည်းမလုပ်ရတဲ့အခါ အခုဆို တစ်နှစ်ခွဲ၊ နှစ်နှစ် နီးပါးဖြစ်သွားပြီ။ အဲဒီလောက်ကာလအတွင်းမှာ နိုင်ငံတော်ကို ပြန်လည်းအကြွေး ပြန်မဆပ်နိုင်သေးဘူး။ ဝန်ထုပ်ဝန်ပိုးပေါ့နော်။ ချေးငွေယူထားတဲ့ ဝန်ထုပ်ဝန်ပိုးပဲထပ်ရှိနေသေးတယ်” ဟု  ခရီးသွားကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

သို့သော် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ခြင်း မရှိပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်သည့်အပြင် ချေးငွေရယူထားသည့် ကုမ္ပဏီသို့မဟုတ် လုပ်ငန်းများအနေဖြင့် ချေးငွေပေးဆပ်မှု ပျက်ကွက်ပါက Credit Bureau တွင် Negative List အဖြစ် ထည့်သွင်းခံရမည်ဖြစ်ပြီး ဘဏ်၊ ဘဏ် မဟုတ်သော ငွေရေးကြေးရေး အဖွဲ့အစည်း၊ အသေးစားငွေကြေးရေး လုပ်ငန်းတို့မှ ချေးငွေရယူနိုင်ခြင်း မရှိစေရန် စီစဉ်သွားမည်ဖြစ်ကြောင်း ချေးငွေဆိုင်ရာ စည်းကမ်းချက်များအရ သိရသည်။

မည်သို့ပင်ဆိုစေကာမူ ချေးငွေရယူထားသည့်လုပ်ငန်းများအနက် ခရီးသွားလုပ်ငန်းများအနေဖြင့် လက်ရှိအချိန်တွင် လုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေး၊ ချေးငွေ ပြန်ဆပ်နိုင်ရေး အခက်အခဲများစွာ ရှိနေသေးကြောင်း သိရသည်။

“ ဆိုတော့ တစ်ဖက်မှာ ခရီးသွားလုပ်ငန်း လုပ်ချင်ပေမဲ့လည်း တခြားနိုင်ငံတွေမှာတော့ ပြန်စနေပြီ။ ကျွန်တော်တို့ဆီမှာတော့ နိုင်ငံရေးအခြေအနေတွေ တင်းမာမှုတွေ ရှိနေသေးတဲ့အတွက် ကျွန်တော်တို့မှာက ဘာမှပြန်စလို့မရသေးဘူး ဖြစ်နေတယ်ပေါ့နော်။ ပြည်တွင်းခရီးသွားလေးတွေတော့ ပြန်စတာတွေ ရှိတယ်။ ဒါပေမဲ့ ခရီးသွားလုပ်ငန်း ပုံစံနဲ့ပြန်စတာမဟုတ်ဘဲနဲ့ မိသားစုခရီးသွားတဲ့ ကိုယ်ပိုင်ကားလေးနဲ့ ကိုယ့်ဟာကိုယ်သွားတယ်။ အပန်းဖြေတယ်။ ဒီလောက်ပဲရှိတဲ့အတွက် တကယ်တမ်းခရီးသွားလုပ်ငန်းက ကုမ္ပဏီတွေ၊ ခရီးသွားကုမ္ပဏီတွေ၊ ခရီးသွားလုပ်ငန်းလုပ်နေတဲ့ လက်မှတ်အရောင်းဌာနတွေက အလုပ်လုပ်လို့မရဘူး ဖြစ်နေသေးတယ်ပေါ့နော်။ ဒါကြောင့်မို့ ထိခိုက်မှုတွေက ဆက်ပြီးရှိနေတုန်းပါပဲ။ လူသားအရင်းအမြစ်တွေလည်း တော်တော်များများဆုံးရှုံးသွားပြီးပြီ။ လုပ်ငန်းပိတ်သိမ်းတဲ့အထိလည်း ရှိနေပြီ။ ဒီဆိုးကျိုးတွေကတော့ ပြောမကုန်ဘူးပေါ့နော်။ အများကြီး ရှိနေသေးတယ်” ဟု ဦးနောင်းနောင်ဟန်က ပြောကြားသည်။

ထို့ပြင် မြန်မာ့ခရီးသွားလုပ်ငန်းများ ပြန်လည်လည်ပတ်နိုင်ရေးအတွက် အချိန်တစ်နှစ်၊ နှစ်နှစ်မက စောင့်ဆိုင်းရဖွယ်ရှိနေသေးကြောင်း ခရီးသွားလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။

ခရီးသွားလုပ်ငန်း ပြန်လည်လည်ပတ်လာနိုင်သည်ဟုဆိုသော်လည်း ပုံမှန်အတိုင်း ကောင်းမွန်လာရန် မလွယ်ကူသေးကြောင်း၊ လက်ရှိအချိန်တွင် ပြည်တွင်းခရီးသွားစျေးကွက်မှာ အင်မတန်မှပင် သေးငယ်နေသေးကြောင်း သိရသည်။

“ ဆိုတော ့ခရီးသွားလုပ်ငန်းက စျေးကွက်ကြီးကကြီးသွားပြီးတော့ ယခင်ကလိုမျိုး ခရီးသည်တွေ သန်းနဲ့ချီပြီးလာဖို့ဆိုတာ လေး၊ ငါးနှစ်မက စောင့်ရဦးမယ်။ အဲဒီလိုမျိုးစျေးကွက် တအားသေးနေတဲ့အပေါ်မှာလည်း ခရီးသွားလုပ်ငန်းတွေက သိတယ်။ ဘယ်လိုမှ အဆင်မပြေနိုင်သေးဘူးပေါ့နော်။ ဆိုတော့ ကျွန်တော်တို့က ချေးငွေတွေ လောလောဆယ်မှာ ပြန်ဆပ်နိုင်တဲ့အနေအထားမျိုးလည်း မရှိကြဘူး” ဟု ဦး နောင်းနောင်းဟန်က ပြောကြားသည်။

သို့ဖြစ်ရာ အမှန်တကယ် ခရီးသွားလုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်မှသာလျှင် အမြတ်ငွေများ ပြန်လည်ရရှိပြီး ချေးငွေများပြန်ဆပ်နိုင်မည့် အနေအထားရှိနေကြောင်းနှင့် လတ်တလောတွင် အခက်အခဲများစွာရှိနေသေးကြောင်း ခရီးသွားလုပ်ငန်းရှင်များက ပြောကြားသည်။