တိုင်းပြည် နိုင်ငံတော် ငြိမ်းချမ်းသာယာဝပြောစေရေးအတွက် အခြေခံလိုအပ်ချက်မှာ လောကပါလတရားများ ထွန်းကားပြန့်ပွားလာစေရေးဖြစ်သည်ကို မိမိတို့ တိုင်းပြည် နိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းစဉ် အချိန်ကာလကတည်းကပင် သိမြင်နားလည်ခဲ့ကြပါသည်။
အဆိုပါ လောကပါလတရားများမှာ တရားမျှတခြင်း၊ လွတ်လပ်ခြင်းနှင့် အခွင့်အရေးတန်းတူညီမျှခြင်းတို့ ဖြစ်ကြပါသည်။ ဤတွင် ပထမဆုံး ဦးစားပေးအနေနှင့် ဖော်ပြထားချက်မှာ တရားမျှတခြင်းပင် ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ လောကပါလတရားများထဲတွင် တရားမျှတခြင်းသည် အရေးအကြီးဆုံး ဦးစားပေးရမည့် အကြောင်းအရာအဖြစ် တည်ရှိနေသည်ဟု ပြောနိုင်ပါသည်။
တရားမျှတခြင်းနှင့် ပတ်သက်သည့် အကြောင်းအရာကို အနည်းငယ် ဆွေးနွေးရှင်းလင်းတင်ပြပါမည်။ တရားမျှတခြင်း၏ အဓိပ္ပာယ်နှင့် သဘောတရားများသည် ဘာသာရပ်မျိုးစုံ၊ ကဏ္ဍမျိုးစုံ၊ နေရာမျိုးစုံတွင် ကျယ်ပြန့်စွာ တည်ရှိဖြစ်ပေါ်နေပါသဖြင့် ပြီးပြည့်စုံအောင် တင်ပြနိုင်စေရန်မှာ ယခုဆောင်းပါးအဆင့်နှင့် မဖြစ်နိုင်ပါ။ ထို့ကြောင့် တရားမျှတခြင်းကို ရှေးယခင်က စဉ်းစားတွေးခေါ်ခဲ့သည့် ဆရာကြီး ပလေတို၏ ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အကျင့်သိက္ခာကို အခြေခံသည့် တင်ပြချက်နှင့် အုပ်ချုပ်ရေး လုပ်ငန်းစဉ် များတွင်လည်း အကျုံးဝင်သည့် ဥပဒေ၏ တရားမျှတခြင်း နှစ်ရပ်ကိုသာ စတင်မိတ်ဆက်တင်ပြပါမည်။
ရှေးအလွန်ကျသည့် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အကျင့်သိက္ခာကို အခြေခံသော အဓိပ္ပာယ် ဖွင့်ဆိုချက်ကို တင်ပြပါမည်။ အင်တာနက်စာမျက်နှာများတွင် အလွယ်တကူ ရရှိနိုင်သည့် ဖော်ပြထားချက်ကိုသာ အသုံးပြုပါမည်။ According to Plato (428/27-348/47 BC) “Justice was doing one’s job for which one was naturally fitted without interfering with other people.” ပလေတို၏ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ “တရားမျှတမှုဆိုသည်မှာ အခြားသော ပြင်ပလူပုဂ္ဂိုလ်များ အနှောင့်အယှက်မရှိဘဲ ပင်ကို သဘာဝအလျောက် ကိုက်ညီသည့်အတိုင်း သတ်မှတ်ပြဋ္ဌာန်းထားရှိသည့် မိမိ၏အလုပ်တာဝန်ကို ကျေပွန်စွာလုပ်ကိုင်နိုင်ကြခြင်းပင် ဖြစ်ပါသည်။” (Reference 1)
တိုင်းပြည် နိုင်ငံတော် အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင်လည်း အကျုံးဝင်သည့် ဥပဒေ၏ တရားမျှတခြင်းကို တင်ပြပါမည်။ စာဖတ်သူတို့နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်မည်ဟု ယူဆရသည့်အပြင် အချို့သော စာဖတ်သူတို့ အနေဖြင့် မလွဲမသွေ ကြုံတွေ့ခဲ့ကြရမည့် အကြောင်းအရာများကို လေ့လာထားသည့် မြန်မာနိုင်ငံ တရားမျှတမှု ဆိုင်ရာစစ်တမ်း (၂၀၁၇) ၏ တွေ့ရှိချက်များ (Reference 2) တွင် ဖော်ပြထားချက်များကို အခြေခံကာ တင်ပြမည် ဖြစ်ပါသည်။
စစ်တမ်းတွင် ဖော်ပြချက်အရ တရားမျှတမှုဆိုသည်မှာ (က) ပွင့်လင်းမြင်သာမှုရှိခြင်း၊ (ခ) တစ်ပြေးညီကျင့်သုံးသည့် စနစ်ရှိခြင်းနှင့် (ဂ) ဘက်လိုက်အမှုကင်းသည့် တရားမျှတမှုဆိုင်ရာ တာဝန်ရှိသူများအား လက်လှမ်းမီနိုင်ခြင်း စသည့် ရှုထောင့်များနှင့် လေ့လာကြည့်ရှုခြင်း ဖြစ်ပါသည်။ တရားမျှတမှုကို အဓိပ္ပာယ် အကျဉ်းအနေနှင့် ဖွင့်ဆိုရပါလျှင် “ တရားမျှတမှုဆိုသည်မှာ မည်သူ့ကိုမဆို လေးစားမှုနှင့် မျှမျှတတ ဆက်ဆံခြင်းဖြစ်သည်။” (Reference 2:pp-21). စစ်တမ်းတွင် တရားမျှတမှု၏ အဓိပ္ပာယ်အပေါ် ဖြေဆိုသူများက တစ်ညီတစ်ညွတ်တည်း ဖော်ပြခဲ့ကြသည့် အဖြေများမှာ (၁) မျှတသည့် လုပ်ငန်းစဉ်၊ (၂) သာတူညီမျှမှုနှင့် (၃) ခွဲခြားဆက်ဆံခြင်း ကင်းမှုတို့ဖြစ်ကြပါသည်။ (Reference 2:pp-22).
မိမိတို့ တိုင်းပြည်နိုင်ငံတွင် နေထိုင်လျက်ရှိကြသည့် ပြည်သူပြည်သားများအနေဖြင့် တရားမျှတမှုနှင့် သက်ဆိုင်သည့် အုပ်ချုပ်ရေးကိုယ်စားပြုရုံးများအား လက်လှမ်းမီမှု အခြေအနေအကျဉ်းကို တင်ပြပါမည်။ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံး၊ မြို့နယ်အုပ်ချုပ်ရေးရုံး၊ ရဲတပ်ဖွဲ့စခန်း (ရဲစခန်း)၊ တရားရုံး၊ ရှေ့နေရုံး စသည့်ရုံးများနှင့် ပတ်သက်ပြီး အလွယ်တကူ ဆက်သွယ်လက်လှမ်းမီနိုင်သည့်ရုံးမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးရုံးသာလျှင် ရှိနိုင်ပါသည်။ ကျန်ရုံးများမှာ အကွာအဝေးအားဖြင့်သော်လည်းကောင်း၊ ဆက်သွယ်ရရှိနိုင်မှု အခြေအနေ အရသော်လည်း ကောင်းလွန်စွာ ခက်ခဲသည့် အနေအထားတွင် တည်ရှိနေပါသည်။
ထို့ပြင် စာရေးသူတစ်ဦးတည်း၏ အမြင်အရတင်ပြရပါလျှင် မိမိတို့ တိုင်းပြည်နိုင်ငံရှိ ပြည်သူပြည်သား အများစုသည် တရားမျှတမှုသဘောတရားများကို ရှာဖွေချဉ်းကပ်လေ့လာကြရာတွင် အထက်ဖော်ပြပါ အစိုးရအုပ်ချုပ်ရေးကိုယ်စားပြုရုံးများထက် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဟိန္ဒူဘုရားကျောင်း၊ မွတ်ဆလင် ဗလီ စသည် မိမိတို့ကိုးကွယ်သည့် ဘာသာအလိုက် တည်ရှိနေသည့် နေရာများတွင်ရှိ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်ကြီးများထံနှင့် စာအုပ်စာပေများ၊ ယနေ့ခေတ်တွင် မီဒီယာပစ္စည်းများဖြင့်သာ လောကီ၊ လောကုတ္တရာ နှစ်ဖြာသော အကြောင်းအရာများကို လေ့လာလေ့ရှိကြပါသည်။
စာရေးသူ အလေးထား တင်ပြလိုသည့် အချက်တစ်ရပ်မှာ ကိုလိုနီခေတ်ကာလအချိန်ကတည်းကပင် စွဲမြဲစွာကျင့်သုံးလာစေခဲ့သည့် အလေ့အကျင့် တစ်ရပ်ဖြစ်သော သာမန်ပြည်သူပြည်သားများအနေနှင့် ရုံးပြင်ကနား (Court of Law) သို့ သွားရောက်ခဲ့ရပါလျှင် မိမိနေထိုင်သည့် ရပ်ကွက်ကျေးရွာအတွင်း ဂုဏ်သိက္ခာထိခိုက်စေနိုင်ခြင်းနှင့် ရုံးပြင်ကနား ရောက်ရှိခဲ့ပါလျှင်လည်း ကြောက်ရွံ့စိတ်ဖြစ်ပေါ်နေစေရန် ဖန်တီးဖော်ဆောင်ထားခဲ့သည်မှာ ယနေ့ထက်တိုင်တည်ရှိ ကျင့်သုံးလျက်ပင် ရှိနေပါသေးသည်ဟု ထင်မြင်ပါသည်။ အထက်ဖော်ပြပါ အခြေအနေများကြောင့် သာမန်ပြည်သူပြည်သားများအနေဖြင့် အစိုးရကိုယ်စားပြု အုပ်ချုပ်ရေးရုံးများအား သွားရောက်ဆောင်ရွက်ရန် တတ်နိုင်သမျှ ရှောင်ကြဉ်လိုကြပါသည်။ စာရေးသူ တင်ပြလိုသည့်အချက်မှာ အစိုးရကိုယ်စားပြု အုပ်ချုပ်ရေးရုံးများထံမှ တရားမျှတမှု ရှာဖွေနိုင်ရန် လွန်စွာခက်ခဲသည့် အခြေအနေကို မီးမောင်းထိုး တင်ပြခြင်းဖြစ်ပါသည်။
သာမန် ပြည်သူ ပြည်သားများအနေဖြင့် မလွှဲသာ မရှောင်သာ မသွားမဖြစ် သွားရောက်ရခဲ့ရပါလျှင်လည်း အစိုးရကိုယ်စားပြု အုပ်ချုပ်ရေးရုံးများရှိ ဝန်ထမ်းများ၏ သာမန်ပြည်သူပြည်သားများအပေါ် ဆက်ဆံတုံ့ပြန်မှုများမှာ လွန်စွာပြင်းထန်လှပါသည်။ စာဖတ်သူများအနေနှင့်လည်း မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိသည့် အစိုးရကိုယ်စားပြု အုပ်ချုပ်ရေးရုံးများရှိ ဝန်ထမ်းများနှင့် စကားပြောသည့် အတွေ့အကြုံရှိမည်ဟု ယုံကြည်ပါသည်။ ချောင်ပိတ်ပြီး လှုပ်မရအောင် ဒုက္ခဖြစ်စေသည့် နည်းလမ်းများကို သင်တန်းပေးရန် မလိုအပ်ဘဲ တတ်ကျွမ်းနေကြသည်မှာ စာရေးသူအနေဖြင့် အံ့သြတုန်လှုပ်မိပါသည်။ စာဖတ်သူများအနေဖြင့် အစိုးရ ကိုယ်စားပြု အုပ်ချုပ်ရေးရုံးများသို့ လက်တွေ့သွားရောက်ပြီး လေ့လာကြည့်ရန် အကြံပြုပါသည်။ ဆိုလိုသည့် အဓိပ္ပာယ်မှာ အစိုးရကိုယ်စားပြု အုပ်ချုပ်ရေးရုံးများရှိ ဝန်ထမ်းများထံမှလည်း တရားမျှတမှုကို ရှာဖွေရန် မဖြစ်နိုင်ပါ။
ထိုသို့ဖြစ်ပါက တရားမျှတမှုကို မည်သည့်နေရာ၊ မည်သည့်ပစ္စည်း၊ မည်သည့်ပုဂ္ဂိုလ်များထံတွင် ရှာဖွေကြရပါမည်လဲ ဆိုသောမေးခွန်းနှင့် တရားမျှတမှုရှိသော လူမှုပတ်ဝန်းကျင် ဖြစ်ပေါ်လာစေရန် မည်ကဲ့သို့ တည်ဆောက်ရပါမည်လဲ ဆိုသည့် မေးခွန်းများ ဖြစ်ပေါ်လာစေပါသည်။ ဖော်ပြပါမေးခွန်းများ၏ အဖြေကို အတိအကျရရှိဖြေကြားနိုင်ရန် လွန်စွာခက်ခဲမည်ဖြစ်ပါသော်လည်း စာရေးသူအနေနှင့် မိမိသင်ယူလေ့လာခဲ့ရသည့် စာရင်းအင်းပညာဘာသာရပ်ကို အခြေခံကာ အဆိုပြုဆွေးနွေး တင်ပြပါမည်။
စာရေးသူ ယခုဆောင်းပါးကို ရေးသားတင်ပြရသည့် အကြောင်းရင်းမှာ မိမိတို့တိုင်းပြည်နိုင်ငံတွင် လောကပါလ တရားများ ဆိတ်သုဉ်းပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်လာသည့်အတွက် ငြိမ်းချမ်းသာယာဝ ပြောသော တိုင်းပြည်နိုင်ငံတော် တည်ဆောက်နိုင်စေရေးမှာ လောကပါလတရားများထဲတွင် ပထမဆုံး ဦးစားပေးဖော်ပြခြင်း ခံထားရသည့် တရားမျှတခြင်း ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် လူ့အဖွဲ့အစည်း ပတ်ဝန်းကျင်ကို စာရင်းအင်းပညာ ဘာသာရပ်တွင် ပါရှိသည့် သဘောတရားများ၊ သီအိုရီများ၊ နည်းလမ်းများ၊ နည်းပညာရပ်များကို အသုံးပြုကာ စတင်တည်ဆောက်နိုင်စေရေးကို ရည်ရွယ်ပါသည်။
ပထမဦးစွာ စာရင်းအင်းပညာ ဘာသာရပ်၏ သဘောသဘာဝနှင့် တရားမျှတသည့် လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မည့် အခြေခံအချက်အချို့ကို ရှင်းလင်းတင်ပြပါမည်။ စာရင်းအင်းပညာ ဘာသာရပ်သည် အခြေခံကိန်း ဂဏန်းအချက်အလက်များ (Data) နှင့် သတင်းအချက်အလက်များ (Information) ကို အသုံးပြုကာ လူ့အဖွဲ့အစည်းတွင် တည်ရှိဖြစ်ပေါ်လျက်ရှိသည့် အခြေအနေ၊ အကြောင်းအရာများကို တိုင်းတာ တွက်ချက်ဖော်ထုတ်အဖြေရယူရသည့် ဘာသာရပ်ဖြစ်သည့် အားလျော်စွာ ဘာသာရပ်အရ ထုတ်ဖော်ရရှိသည့် အဖြေများ၊ ကောက်ချက်ချခြင်းများ၊ ဆုံးဖြတ်ချက်ချခြင်းများသည် သီအိုရီများ၊ နည်းလမ်းများ၊ နည်းပညာရပ်များကို အခြေခံရသဖြင့် လူတို့၏ ဘက်လိုက်ခြင်းကင်းသည့် အခြေအနေကို ရရှိနိုင်မည်ဖြစ်ပါသည်။
အခြေခံကိန်းဂဏန်းအချက်အလက်များ (Data) တွင်လည်း အရည်အသွေးအရ တိုင်းတာနိုင်သည့် အခြေခံကိန်းဂဏန်းအချက်အလက်များ (Qualitative Data) နှင့် အရေအတွက်အရ တိုင်းတာနိုင်သည့် အခြေခံ ကိန်းဂဏန်းအချက်အလက်များ (Quantitative Data) ကို အသုံးပြုရသည့်အပြင် သတင်းအချက်အလက်များ (Information) နှင့်ပတ်သက်၍လည်း အရည်အသွေးအရ ဖော်ပြရသည့် သတင်းအချက်အလက်များ (Qualitative Information) နှင့် အရေအတွက်အရ ဖော်ပြရသည့် သတင်းအချက်အလက်များ (Quantitative Information) ကို အသုံးပြုရပါသည်။ ဖော်ပြပါ အချက်အလက်များအား စာရင်းအင်းပညာ သီအိုရီ၊ နည်းလမ်းများကို အသုံးပြုပြီး ကောက်ချက်ချ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်းများကို ပြုလုပ်ခဲ့ပါလျှင် အပြန်အလှန်စစ်ဆေးနိုင်သဖြင့် ဘက်လိုက်မှု ကင်းခြင်း၊ တစ်သမတ်တည်းရှိခြင်း၊ ထိရောက်မှုရှိခြင်း၊ လုံလောက်မှု ရှိခြင်းစသည့် ဂုဏ်သတ္တိများနှင့် ပြည့်စုံမည်ဖြစ်ပါသည်။
သဘာဝအတိုင်း တည်ရှိနေသည့် အခြေအနေ (Normal Condition) တစ်ရပ်တွင် ကောက်ချက်ချ စာရင်းအင်း ပညာဘာသာရပ်ကို အသုံးပြုပြီး ကောက်ချက်ချမှတ်ရာတွင်သော်လည်းကောင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင်သော်လည်းကောင်း အများဆုံးအသုံးပြုသည့် သဘောတရား အကြောင်းအရာကို ပုံတွင် ဖော်ပြထားပါသည်။ သို့သော်လည်း ပြည်သူ ပြည်သားအများစုမှာ စာရင်းအင်းပညာ ဘာသာရပ်ကို တတ်ကျွမ်းနေစေရန်မှာ မဖြစ်နိုင်ပါသဖြင့် စာရင်းအင်းပညာ ဘာသာရပ်၏ သဘောတရား အခြေခံများကို အသုံးပြုပြီး သာမန် ပြည်သူပြည်သားများ၊ နိုင်ငံသားများ အလွယ်တကူ သိမြင်နားလည်ပြီး လိုက်ပါဆောင်ရွက်နိုင်စေမည့် အချက်များကို အဆိုပြုတင်ပြပါမည်။
ဒုတိယအနေဖြင့် ပြည်သူ ပြည်သားများ၊ နိုင်ငံသားများနှင့် သတင်းအချက်အလက်တို့အကြား အလိုအလျောက် ဆက်သွယ်လျက်ရှိနေပုံကို တင်ပြပါမည်။ လူသည် အသိဉာဏ်ရှိပြီး စဉ်းစားတွေးတောဆင်ခြင်နိုင်သည့် သတ္တဝါဖြစ်သည့်အား လျော်စွာ တရားခြင်း၊ မတရားခြင်း၊ မှန်ခြင်း၊ မမှန်ခြင်း၊ ကောင်းခြင်း၊ မကောင်းခြင်း (ဆိုးခြင်း) စသည် ကိစ္စရပ်များကို မိမိတို့ပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိကြသည့် လူအများစုထံမှ အလိုအလျောက်သိမြင် ရရှိနေတတ်ပါသည်။ သာမန်အားဖြင့် လူတို့သည် မတရားခြင်း၊ မမှန်ကန်ခြင်း၊ မကောင်းမှုတို့ကို သိမြင်မည်ဆိုပါက ပြုလုပ်ဆောင်ရွက်ရန် ရှက်ကြောက်တတ်သည့် သဘာဝရှိပါသည်။
အထက်ဖော်ပြပါ ယဉ်ကျေးမှု၊ အလေ့အထကို အခြေခံကာ မတရားသည့်၊ မမှန်ကန်သည့်၊ မကောင်းသည့် လုပ်ငန်းရပ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို အချိန်မီချက်ချင်း ပြည်သူပြည်သားများ၊ နိုင်ငံသားများအနေဖြင့် အလွယ်တကူ သိမြင်နားလည်လက်လှမ်းမီ ရရှိနေစေရန် လိုအပ်ပါသည်။ ထို့အတူ တရားသည့်၊ မှန်ကန်သည့်၊ ကောင်းမွန်သည့် လုပ်ငန်းရပ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း အချိန်နှင့်တစ်ပြေးညီ သိရှိနေစေရန် အရေးကြီးလှပါသည်။
တတိယအနေဖြင့် တရားမျှတခြင်းသဘောတရားသည် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အကျင့်သိက္ခာကို အခြေခံရသည့်အတွက် လူတစ်ဦးချင်းစီနှင့် အကြောင်းအရာများကို အသေးစိတ် တရားဝင် မှတ်တမ်းထားရှိနိုင်ရန်မှာ အရေးအကြီးဆုံးအချက် ဖြစ်လာပါသည်။ လူတို့၏ သဘောသဘာဝသည် မိမိ၏ မကောင်းမှု၊ ဆိုးသွမ်းမှု၊ မတရား ပြုလုပ်မှုများကို တရားဝင်သတင်း အချက်အလက်များအဖြစ် မှတ်တမ်းတင်ခံရမည်ဆိုပါက မတရားမှုများကို ကျူးလွန်ရန် အလိုအလျောက် တွန့်ဆုတ်သွားမည် ဖြစ်ပါသည်။ ထိုကဲ့သို့ မှတ်တမ်းများထားရှိသည်ကို ပြည်သူပြည်သားအားလုံး၊ နိုင်ငံသားအားလုံးက သိရှိနေမည်ဆိုပါက မတရားမှုများကို ပေါ်ပေါက်လာခြင်း မရှိနိုင်စေရန် ကြိုတင်တားဆီးနိုင်မည့် ပတ်ဝန်းကျင် ဖြစ်ပေါ်လာစေပါမည်။ သို့သော်လည်း သတင်းအချက်အလက် မှတ်တမ်းတင်သူများအား အာဏာကိုအလွဲသုံးစား ပြုလုပ်သူ၊ လက်ရှိအာဏာရယူထားသူများက ၎င်းတို့၏ မတရားမှုများကို ထည့်သွင်းခြင်းမပြုလုပ်နိုင်ရန် ကြိုးပမ်းအားထုတ်ခြင်းတို့ကို ကြိုတင်ကာကွယ်နိုင်ရန်လည်း လိုအပ်ပါသည်။
နောက်ဆုံးအနေဖြင့် တင်ပြလိုသည်မှာ တရားမျှမှုရှိသည့် ပတ်ဝန်းကျင် တည်ရှိဖြစ်ပေါ်လာစေရေးအတွက် နယ်မြေဒေသအလိုက် ယဉ်ကျေးမှုဓလေ့ထုံးစံများအရ တည်ရှိနေသည့် ကိုယ်ကျင့်တရား၊ အကျင့်စာရိတ္တနှင့် အကျင့်သိက္ခာစသည်တို့နှင့်သော် လည်းကောင်း၊ ခေတ်အဆက်ဆက်က ပြဋ္ဌာန်းထားရှိခဲ့ပြီး ယနေ့အချိန်အထိ သက်ဝင်လျက် တည်ရှိနေသော တည်ဆဲဥပဒေများနှင့်သော်လည်းကောင်း ချိန်ထိုး ပေါင်းစပ်လေ့လာကာ ပြည်သူပြည်သား နိုင်ငံသူနိုင်ငံသားများအား ဆောင်ရန်၊ ရှောင်ရန်အချက်များကို ရှင်းလင်းပြတ်သားစွာ အလွယ်တကူ သိမြင်နားလည်နိုင်စေရေးကို တာဝန်ရှိသူများအနေဖြင့် အစွမ်းကုန် ကြိုးပမ်းအားထုတ်ဆောင်ရွက်ကြရန် အဆိုပြုတင်ပြပါသည်။
ပြည်သူပြည်သား နိုင်ငံသား အားလုံးတို့အနေဖြင့် အားသွန်ခွန်စိုက် ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် မိမိတို့နှင့် သက်ဆိုင်ခြင်းမရှိသဖြင့် မပါဝင်ဘဲ ရှောင်ရှားရမည့် လုပ်ငန်းစဉ်များကို ရှင်းရှင်းလင်းလင်း တိတိကျကျ ပြတ်ပြတ်သားသားအချိန်နှင့် တစ်ပြေးညီ ကြေညာဖော်ထုတ်ပေးရန်နှင့် ပြည်သူပြည်သားနိုင်ငံသားများအား မရှင်းမလင်းနှင့် ဇဝေဇဝါဖြစ်စေမည့် သတင်းအချက်အလက်များ တင်ပြခြင်းကို မပြုလုပ်မိစေရန်နှင့် ထိန်းသိမ်းနိုင်ရန် ဖြစ်ပါသည်။ အဓိပ္ပာယ်မှာ ပြည်သူ ပြည်သား နိုင်ငံသားများ အလွယ်တကူ သိမြင်နားလည်နိုင်စေပြီး အလွယ်တကူ လိုက်ပါ ဆောင်ရွက်နိုင်စေမည့် တရားမျှတသော ပတ်ဝန်းကျင်ကို တည်ဆောက်ရန် ဖြစ်ပါသည်။
နိဂုံးချုပ်အနေဖြင့် တင်ပြလိုသည်မှာ မိမိတို့ တိုင်းပြည်နိုင်ငံတွင် လောကပါလတရားများ ဆိတ်သုဉ်း ပျောက်ကွယ်လုနီးပါး ဖြစ်ပေါ်လာသည့်အခြေအနေကို ကျော်လွှားလွန် မြောက်စေပြီး ငြိမ်းချမ်းသာယာဝ ပြောသော တိုင်းပြည်နိုင်ငံတော် တည်ဆောက်နိုင်စေရေးအတွက် လောကပါလ တရားများထဲတွင် ပထမဆုံး ဦးစားပေးဖော်ပြခြင်း ခံထားရသည့် တရားမျှတခြင်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေမည့် လူမှုအဖွဲ့အစည်း ပတ်ဝန်းကျင်ကို ရရှိနိုင်စေရေးအလို့ငှာ စာရင်းအင်းပညာ ဘာသာရပ်တွင် ပါရှိသည့် သဘောတရားများ၊ သီအိုရီများ၊ နည်းလမ်းများ၊ နည်းပညာရပ်များကို အခြေခံပြီး လွယ်ကူရှင်းလင်းသည့် လုပ်ငန်းစဉ်များကို အသုံးပြုကာ တရားမျှတမှုရှိသည့် ပတ်ဝန်းကျင်ကို စတင်တည်ဆောက်နိုင်စေပါကြောင်း ရေးသားတင်ပြအပ်ပါသည်။
Reference:
1. “Plato’s Theory of Justice”, Third Paragraph, http://www.surendranathcollege.org/new/upload/PARAMITA_CHAKRABORTYPlatos...
2. My Justice (2018), “Searching for Justice in Law; Understanding Access to Justice in Myanmar.” British Council, London.