တိုက်ပွဲများ ပြင်းထန်နေသည့် လေးကေ့ကော်မြို့သစ်နှင့် စစ်ဘေးရှောင်များအရေး

တိုက်ပွဲများ ပြင်းထန်နေသည့် လေးကေ့ကော်မြို့သစ်နှင့် စစ်ဘေးရှောင်များအရေး
ထိုင်းဘက်ခြမ်းသို့ရောက်ရှိလာကြသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Panya)
ထိုင်းဘက်ခြမ်းသို့ရောက်ရှိလာကြသည့် လေးကေ့ကော်ဒေသမှ စစ်ဘေးရှောင်များကို ဒီဇင်ဘာ ၁၆ ရက်က တွေ့ရစဉ် (ဓာတ်ပုံ-Panya)
Published 19 December 2021

မြန်မာ-ထိုင်းနယ်စပ် လေးကေ့ကော်မြို့သစ်တွင် ဒီဇင်ဘာ ၁၅ ရက်မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA) တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တပ်မတော်နှင့် KNLA တပ်မဟာ (၅) အကြား မကြာခဏ တိုက်ပွဲများဖြစ်ပွားနေသဖြင့် တောင်ပိုင်းတိုင်းစစ်မျက်နှာတွင် တိုက်ပွဲဖြစ်ပွားမှုမှာ မထူးဆန်သော်လည်း ယခုတစ်ကြိမ် တိုက်ပွဲဖြစ်ပွားမှုမှာ ထိတွေ့တိုက်ပွဲ ပုံစံမဟုတ်ပေ။

KNU သတင်းနှင့် ပြန်ကြားရေးဌာန၏ သတင်းဖော်ပြချက်အရ ဒီဇင်ဘာ ၁၃ ရက်တွင် စကခ (၁၃) လက်အောက်ခံ ခမရ (၅၆၀) တပ်သည် လေးကေ့ကော်မြို့၏ ရှုခင်းသာတောင်ကုန်းပေါ်၌ တပ်ချထားခဲ့သည်။

ယင်းလုံခြုံရေးတပ်ဖွဲ့၏ အစီအစဉ်မှာ လေးကေ့ကော်မြို့တွင် နိုင်ငံရေးအရ လာရောက်ခိုလှုံနေသူများကို ဝင်ရောက်ရှာဖွေဖမ်းဆီးရန် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် တပ်မတော်က နိုင်ငံတော်၏တာဝန်ကိုရယူပြီးနောက် နိုင်ငံရေးဆန့်ကျင်သူများ၊ CDM ဝန်ထမ်းများနှင့် တက်ကြွလှုပ်ရှားသူများသည် လေးကေ့ကော်မြို့တွင် လာရောက်ခိုလှုံနေကြသည်။

လေးကေ့ကော်မြို့သည် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ထိန်းချုပ်မှုအောက်တွင်ရှိပြီး ယင်းအစီအစဉ်ကို ကြိုတင်သိရှိထားသည့် လေးကေ့ကော်မြို့တာဝန်ရှိသူများက နိုင်ငံရေးအရ လာရောက်ခိုလှုံနေသူများကို ရှောင်တခင်တိမ်းရှောင်ကြရန် အသိပေးခဲ့သည်။

ထိုသို့ လေးကေ့ကော်မြို့ တာဝန်ရှိသူများက အသိပေးခဲ့သော်လည်း အချို့မှာ ရှောင်တခင် ထွက်ပြေးတိမ်းရှောင်ခဲ့ကြပြီး အချို့မှာ တိမ်းရှောင်ခြင်းမရှိဘဲ နေမြဲအတိုင်း နေထိုင်ခဲ့ကြသည်။

ဒီဇင်ဘာ ၁၄ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လေးကေ့ကော်မြို့တွင်းသို့ ဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ကာ နိုင်ငံရေးအရ လာရောက်ခိုလှုံနေသူများကို ဖမ်းဆီးသွားခဲ့သည်။

ထိုသို့ ရှာဖွေစစ်ဆေးဖမ်းဆီးခံရမှုများအတွင်း NLD လွှတ်တော်ကိုယ်စားလှယ်တချို့ ပါဝင်ခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် လေးကေ့ကော်မြို့အတွင်းသို့ ထပ်မံဝင်ရောက်လာပြီး ရှာဖွေစစ်ဆေးမှုများ လုပ်ဆောင်သည့်အပြင် နေအိမ်အချို့ကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့သည်။

ထို့ကြောင့် ဒီဇင်ဘာ ၁၅ ရက် နံနက် ၁၀ နာရီမှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLA တပ်ရင်း (၂၇) (ပူးပေါင်းတပ်ဖွဲ့) တို့ ထိတွေ့တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်ဟု KNU သတင်းနှင့်ပြန်ကြားရေးဌာနက သတင်းဖော်ပြခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်တွင် ဖြစ်ပွားခဲ့သော ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဒီဇင်ဘာ ၁၈ ရက်အထိ တပ်မတော်၏ သတင်းများကို ဖော်ပြပေးနေသော တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက ယင်းဖြစ်စဉ်အပေါ် သတင်း ဖော်ပြခြင်းမရှိပေ။

ဒီဇင်ဘာ ၁၅ ရက် ညနေ ၅ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် KNLAပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက် ပစ်ခတ်တိုက်ခိုက်မှု နှစ်ကြိမ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များဘက်မှ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦးအပါအဝင် လေးဦး သေဆုံးခဲ့ပြီး ဒုတိယဗိုလ်မှူးကြီးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နယ်ခြားစောင့်တပ်ဖွဲ့ (BGF) များ ပူးပေါင်း၍ လေးကေ့ကော်တွင် တပ်အင်အားတိုးချဲ့ရန် လာရောက်ရာတွင် ကျွန်းတောအရပ်၌ အဆိုပါအဖွဲ့များနှင့် KNLA တို့အကြား တစ်နေကုန်နီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲအတွင်း လုံခြုံရေး တပ်ဖွဲ့ဝင်များဘက်မှ သေဆုံးဒဏ်ရာရရှိမှုစာရင်းကို KNLA ဘက်က အတည်ပြုနေဆဲဖြစ်သည်ဟု KNU သတင်းနှင့်ပြန်ကြားရေးဌာနက ဒီဇင်ဘာ ၁၆ ရက် ညပိုင်းတွင် သတင်းဖော်ပြခဲ့သည်။

ပြည်သူလူထုကို အကျိုးပြုသော၊ ကာကွယ်စောင့်ရှောက်သောသူများ ပီသစွာ လက်နက်မဲ့ပြည်သူများအပေါ် စာနာသနား၊ ငဲ့ညှာသောအားဖြင့် ခိုကိုးရာမဲ့၊ အားထားရာမဲ့ ဖြစ်နေကြသော ပြည်သူလူထုများ၏ ခိုလှုံရာနေရာကို စစ်တလင်းမဖြစ် အောင်ဆောင်ရွက်ပေးစေလိုသည်ဟု လက်နက်ကိုင်အဖွဲ့များကို KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံသည်။

လေးကေ့ကော်သည် KNU တပ်မဟာ (၆) နယ်မြေ၌ တည်ရှိပြီး KNU ဒူးပလာယာခရိုင်ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းသည် အဆိုပါ မေတ္တာရပ်ခံစာကို ဒီဇင်ဘာ ၁၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လေးကေ့ကော်မြို့သည် ယခင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မင်းနှင့် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးတို့က ငြိမ်းချမ်းရေး အမှတ်သင်္ကေတပြယုဂ်အဖြစ် တည်ဆောက်ထားခြင်းဖြစ်ပြီး အပစ်ရပ်ဆောင်ရွက်မှု၊ ငြိမ်းချမ်းရေးအမှတ်သညာဖြစ်သည်ဟု ပဒိုစောရွှေမောင်းက ၎င်း၏ မေတ္တာရပ်ခံစာတွင် ဖော်ပြထားသည်။

လေးကေ့ကော်မြို့ကို ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုများဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး စစ်ဘေးရှောင် ပြည်သူများ ခိုလှုံနေထိုင်နိုင်ရန်အတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သည်။

၂၀၂၁ ခုနှစ် မြန်မာ့နိုင်ငံရေး အပြောင်းအလဲတစ်ခုတွင် နိုင်ငံရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုသူများ၏ လှုံ့ဆော်စည်းရုံးလှုပ်ရှားမှု၊ ဆောင်ရွက်မှုများကြောင့် လေးကေ့ကော်မြို့တွင်း၌ ပစ်ခတ်မှု ဖြစ်ပေါ်လာသည့် အခြေအနေရောက်ရှိလာခဲ့သည်ဟု ပဒိုစောရွှေမောင်းက ဆိုသည်။

ယခုအခါ စစ်ပွဲလိုလားသူ၊ ပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ဖြေရှင်းလိုသူများ၏ ပြဿနာ ရှင်းလင်းခြင်းကြောင့် လေးကေ့ကော်မြို့သစ် အကျည်းတန်၊ အရုပ်ဆိုးသည့် အနေအထားသို့ ဝမ်းနည်းဖွယ် တွေ့မြင်နေရပြီဟု ပဒိုစောရွှေမောင်းက ၎င်း၏ မေတ္တာရပ်ခံစာတွင် ရေးသားဖော်ပြခဲ့သည်။

တစ်ဖက်နှင့် တစ်ဖက် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် စစ်ဘေးဒဏ် တိမ်းရှောင်နေရသူ ပြည်သူများအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၏ ကြီးကြပ်ကွပ်ကဲမှုအောက်တွင် စည်းလုံးညီညွတ်စွာ တစ်ဦးကို တစ်ဦး အပြန်အလှန်ကူညီကြရန်ကိုလည်း ပဒိုစောရွှေမောင်းက မေတ္တာရပ်ခံခဲ့သည်။

ဒီဇင်ဘာ ၁၅ ရက်မှ စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် အရပ်သား ၄၀၀၀ ကျော် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရပြီး ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။

“ အေးကလည်း အေး၊ ချမ်းကလည်း ချမ်း။ ဒီလို လက်နက်ကြီးသံတွေ၊ ကျည်ဆန်သံတွေကြားထဲမှာ ပြေးရမယ်လို့ ဘယ်တုန်းကမှ မတွေးထားပါဘူး။ ကလေးလေးကို သနားလိုက်တာ” ဟု လေးကေ့ကော်မြို့တွင် နေထိုင်သည့် လသားအရွယ်ကလေးငယ်တစ်ဦး၏ မိခင်က ပြောသည်။

ဒီဇင်ဘာ ၁၇ ရက် စာရင်းများအရ လေးကေ့ကော်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် မြန်မာနိုင်ငံသား ၂၅၀၀ ကျော် ရှိလာခဲ့သည်။

၎င်းတို့ကို ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းမှစတင်ကာ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပြီး စစ်ဘေးရှောင်များထဲတွင် လူမမယ်ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများလည်း အများအပြားပါဝင်နေသည်။

ထိုင်းနိုင်ငံဘက်သို့ စစ်ဘေးရှောင်နေရသူများကို ထိုင်းအာဏာပိုင်များက မဲဆောက်မြို့တောင်ဘက် မဲတောင်းရွာရှိ အစိုးရစာသင်ကျောင်းတွင် စောင့်ရှောက်ထားသည်။

မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်လာသော စစ်ဘေးရှောင်များ၏ စားဝတ်နေရေးကို ထိုင်းအာဏာပိုင်များက ကူညီပေးထားသကဲ့သို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း စားနပ်ရိက္ခာများနှင့် အဝတ်အထည်များ ကူညီပေးထားသည်။

မြန်မာနိုင်ငံမှ ရောက်ရှိလာသော စစ်ဘေးရှောင်များကို လူသားချင်း စာနာထောက်ထားမှုအရ ထိုင်းနိုင်ငံ ကယာယီလက်ခံကူညီစောင့်ရှောက်ပေးထားခြင်းဖြစ်ပြီး တိုက်ပွဲများ ပြီးဆုံးပါက မူလနေရပ်သို့ ပြန်လည်စေလွှတ်မည်ဖြစ်သည်။

“ ရာသီဥတုက အေးတော့ အနွေးထည်တွေ၊ စောင်တွေ၊ ခေါင်းအုံးတွေအဓိကလိုတာပေါ့။ စားသောက်ဖို့လည်း လိုနေတယ်။ ဒီတစ်ရက်နှစ်ရက်အတွင်းတော့ အဆင်ပြေပေမဲ့ တိုက်ပွဲဆက်ဖြစ်လာရင် ကျွန်မတို့အတွက် အရမ်းခက်ခဲလာလိမ့်မယ်။ ရက်သတ္တပတ်ထက် ကြာလာရင်တော့ ကျွန်မတို့လည်း ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ ဒီလူအုပ်ကြီးနဲ့ အမြန်ဆုံး ငြိမ်းချမ်းချင်ပါပြီ” ဟု စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

လေးကေ့ကော်မြို့သစ်သည် မြဝတီမြို့နှင့် ကိုးမိုင်ခန့်ကွာဝေးပြီး ယခင်က KNU တပ်မဟာ (၆) လက်အောက်ခံ ဖလူးစခန်း တည်ရှိခဲ့သည်။

ယခင်က တပ်မတော်နှင့် KNU အကြီးအကျယ် စစ်မက်ဖြစ်ပွားရာ နေရာဖြစ်ခဲ့သည်။

၂၀၁၅ ခုနှစ်တွင် KNU က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်လက်မှတ် ရေးထိုးခဲ့ပြီးနောက် တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသူများ နေထိုင်ရန်အတွက် လေးကေ့ကော်မြို့သစ်ကို တည်ထောင်ခဲ့ခြင်းဖြစ်သည်။

နီပွန်ဖောင်ဒေးရှင်း၏ ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့သည့် လေးကေ့ကော်မြို့သစ်ကို ၂၀၁၉ ခုနှစ်တွင် နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာကာဝါကိုယ်တိုင် တက်ရောက်၍ အစိုးရထံ အိမ်ရာများ လွှဲပြောင်းပေးအပ်ခဲ့သည်။

ငြိမ်းချမ်းရေး၏ အမှတ်သင်္ကေတဖြစ်သည့် လေးကေ့ကော်မြို့တွင် ယခုအခါ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာရန် အကြောင်းဖန်လာပြီ ဖြစ်သည်။

“ ဆုံးရှုံးမှုလား၊ မသိသေးပါဘူး။ အိမ်မှာဆို ဆိုင်ကယ်နှစ်စီး ကျန်ခဲ့တယ်။ တစ်စီးက အိမ်ထဲမှာ၊ တစ်စီးက အပြင်မှာ။ ပရိဘောဂတွေ၊ အသုံးအဆောင်တွေ ဘာတွေဆုံးရှုံးသလဲဆိုတာ အိမ်ပြန်ရောက်မှ သိပါတော့မယ်။ တချို့ဆိုရင် ကားတွေကျန်ခဲ့တယ်။ လက်ဝတ်ရတနာပစ္စည်းတွေ ကျန်ခဲ့တဲ့လူတွေ ရှိတယ်။ အိမ်ပြန်ရောက်မှပဲ ဘာတွေဆုံးရှုံးမှုရှိသလဲ သိရမှာပါ။ တိုက်ပွဲတွေ မဖြစ် အေးအေးချမ်းချမ်းဖြစ်ချင်ပါတယ်။ ကျွန်တော်တို့လည်း အိမ်ပြန်ချင်တာပေါ့။ တိုက်ပွဲတွေမဖြစ်တော့ရင် ကျွန်တော်တို့လည်း ကိုယ့်ရွာကိုယ်ပြန်ပြီး လုပ်ကိုင်စားသောက်လို့ ရတာပေါ့။ အခုလိုဖြစ်နေတဲ့ အခါကျတော့ ကျွန်တော်တို့လည်း ရွာမပြန်ရဲဘူးလေ” ဟု ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ  ထွက်ပြေးတိမ်းရှောင်ခဲ့ရသူများက အေးချမ်းစွာ နေထိုင်လိုသော ဆန္ဒရှိကြသော်လည်း လက်ရှိတွင် လေးကေ့ကော်၌ စစ်ရေးတင်းမာလျက်ရှိသည်။

မြန်မာ-ထိုင်းနယ်စပ်တွင် ဖြစ်ပွားသည့် တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်သို့ လက်နက်ကြီးကျည် ကျရောက်ခဲ့သဖြင့် ဒီဇင်ဘာ ၁၇ ရက်တွင် ထိုင်းစစ်တပ်က နယ်စပ်တွင် ကင်းလှည့်ခဲ့သည်။

KNU အဖွဲ့သည် တစ်နိုင်ငံ လုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ရေးထိုးထားပြီး ယခင်က တပ်မတော်ခေါင်းဆောင်များနှင့် KNU ခေါင်းဆောင်များအကြား ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ထားနိုင်ခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ဖြစ်ပေါ်ခဲ့သော နိုင်ငံရေး အပြောင်းအလဲနောက်တွင် တပ်မတော်နှင့် KNU ခေါင်းဆောင်များအကြား ဆက်ဆံရေး ရပ်တန့်နေသည့်အတွက် လက်ရှိပြဿနာအပေါ် မည်သို့ချဉ်းကပ်ကြမည်ကို စောင့်ကြည့်ရမည် ဖြစ်သည်။

ကရင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် သတင်းများကို အဓိကဖော်ပြပေးနေသည့် KIC ၏ ဒီဇင်ဘာ ၁၈ ရက် သတင်းဖော်ပြချက်အရ လေးကေ့ကော်တွင် ပစ်ခတ်မှုအချို့ ရှိနေဆဲပင်ဖြစ်သည်။

လေးကေ့ကော်သို့ စစ်အင်အား ဖြည့်တင်းမည့် စစ်ကြောင်းများနှင့် KNU တပ်မဟာအချို့ စစ်ရေးတင်းမာနေပြီး ဒီဇင်ဘာ ၁၇ ရက်တွင် စစ်လေယာဉ် ငါးကြိမ်၊ ဒီဇင်ဘာ ၁၈ ရက်တွင် စစ်လေယာဉ် တစ်ကြိမ် လေးကေ့ကော်ဘက်တွင် ပျံသန်းခဲ့သည်ဟု KIC က သတင်းဖော်ပြသည်။

ထို့ပြင် စစ်ယာဉ်တန်းများနှင့် တင့်ကားများသည်လည်း လေးကေ့ကော်ဘက်သို့ တက်လာနေသည်ဟု KIC က သတင်းဖော်ပြထားသည်။

လက်ရှိအခြေအနေအရပ်ရပ်အရ လတ်တလောတွင် စစ်ရေးအခြေအနေတင်းမာမှု၊ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်မှုအခြေအနေများမှာ အလွန်အားကောင်းနေသည့် အနေအထားဖြစ်သည်။

တွေ့ဆုံဆွေးနွေးရေး သို့မဟုတ် လက်ရှိစစ်ရေးအခင်းအကျင်းကို ပြေလည်အောင် ဖြေရှင်းနိုင်မည့် အခြေအနေမရှိသေးသည့်အတွက် စစ်ဘေးရှောင်များ နေရပ်ပြန်ချိန်မှာ ခန့်မှန်းရခက်ခဲနေဦးမည်ဖြစ်သည်။