ဂျီဆဲဗင်း ခေါ် စက်မှုထိပ်သီးခုနစ်နိုင်ငံ အုပ်စု (The Group of Seven-G7) သည် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ သတ်မှတ်ချက်အရ စီးပွားရေးတိုးတက်မှုအမြင့်ဆုံးနိုင်ငံများအဖွဲ့ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ဓနအကြွယ်ဝဆုံး လစ်ဘရယ်ဒီမိုကရေစီ နိုင်ငံများဖြစ်သော ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ ပါဝင်သည်။ G7 နိုင်ငံခြားရေးဝန် ကြီးများနှင့် အာဆီယံတို့ ပူးပေါင်းအစည်းအဝေးကို ၂၀၂၁ ခု ဒီဇင်ဘာအတွင်း အင်္ဂလန်၌ ကျင်းပခဲ့သည်။
မရှေးမနှောင်းမှာပင် ဘေဂျင်း၏ ကနဦး တောင်းဆိုချက်အရ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ၂၀၂၁ ခု၊ ဒီဇင်ဘာ ၁၅ ရက်တွင် လေလှိုင်းပေါ်မှ ရုပ်သံအစည်းအဝေး တွေ့ဆုံခဲ့ကြသည်။ ရုရှားနယ်စပ်အနီး အနောက်နိုင်ငံများ၏ စစ်အင်အားကို တပ်ဖြန့်ချထားချိန် ပထဝီ နိုင်ငံရေးအရ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (North Atlantic Treaty Organization-NATO) ၏ အရှေ့ဘက်ဆီသို့ အလွန်အမင်း ချဲ့ထွင်လာချိန်လည်း ဖြစ်နေသည်။
ဘေဂျင်းနှင့်မော်စကို အစည်းအဝေး ပြုလုပ်မည့်ကြေညာချက်သည် G7 နိုင်ငံများ၏ နိုင်ငံခြားရေးဝန်ကြီးများ အင်္ဂလန်နိုင်ငံ၊ လီဗာပူးတွင် အစည်းအဝေး ပြုလုပ်သော ဒီဇင်ဘာ ၁၂ ရက်၊ တနင်္ဂနွေနေ့တွင် ပေါ် ထွက်လာခဲ့ခြင်းဖြစ်သည်။ G7 အစည်းအဝေးတွင် ယူကရိန်းနယ်စပ်၌ ရုရှားတပ်များ နေရာချထားခြင်းကို ၀ါရှင်တန်အစိုးရက “အပြန်အလှန်အားဖြင့် ကြီးမားသော အကျိုးဆက်နှင့် တန်ဖိုးကြီးသော ပေးဆပ်မှုများ” ပြုရလိမ့်မည် ဆိုသည့် ပြောကြားချက်အပေါ် တန်ပြန် ဆောင်ရွက်လိုက်ခြင်းပင် ဖြစ်သည်။
G7 တွေ့ဆုံမှုသည် အနောက်နိုင်ငံများ၏ စည်းလုံးညီညွတ်မှုကို ရုရှားနှင့် တရုတ်တို့ အပေါ် ပြသလိုရင်းဖြစ်သည်။ ထို့ပြင် ပထမဆုံးအနေနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် အစိုးရ၏ အစီအမံအရ အာဆီယံနိုင်ငံများ သည် G7 ဝန်ကြီးအဆင့် အစည်းအဝေး၌ ပါဝင်တက်ရောက်ခဲ့၏။ ထိုအစီအစဉ်မှာ “အင်ဒို-ပစိဖိတ်ဒေသ စီးပွားရေး အခြေခံမူဘောင်” အတွက် အသစ်ပြင်ဆင်ရန်၊ တစ်နည်းအားဖြင့် ဒေသတွင်း တရုတ်၏သြဇာ လွှမ်းမိုးမှုကို တုံ့ပြန်အန်တုရန်ပင် ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ သံအမတ်ကြီး ဝမ်ဝင်ပင်းက ရှီနှင့် ပူတင်တို့၏ အစည်းအဝေးက နှစ်နိုင်ငံ အကြားဆက်ဆံရေးကို ပိုမိုခိုင်မာစေရန်နှင့် ယခုနှစ်အတွင်း ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ထွက်ပေါ်လာစေရန်၊ လာမည့်နှစ်အတွက် ထိပ်တန်းအရာရှိကြီးများအဆင့် ဆက်ဆံရေး ဒီဇိုင်း ချမှတ်ရန်၊ အဓိကကျသော နိုင်ငံတကာရေးရာများနှင့် ဒေသတွင်းကိစ္စရပ်များ အပေါ် အမြင်ချင်း ဖလှယ်ရန် မျှော်လင့်ထား ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။
ရှီ-ပူတင်တို့၏ ဗီဒီယိုဆွေးနွေးမှုက “ကျွန်တော်တို့ရဲ့ ခေါင်းဆောင်အချင်းချင်း အပြန်အလှန်ယုံကြည်မှုကို တိုးမြင့်လာစေပြီး တရုတ်-ရုရှား “ကျောချင်းကပ်” မဟာဗျူဟာ ပေါင်းစည်းမှုကို အားတက်သရော မြှင့်တင် နိုင်မှာပါ။ ကဏ္ဍပေါင်းစုံ လက်တွေ့ပူးပေါင်း ဆောင်ရွက်မှုကိုလည်း ခိုင်ခိုင်မာမာ ဖွံ့ဖြိုးလာစေမှာဖြစ်တယ်”ဟု ကြိုတင်မျှော်မှန်းခဲ့သည်။ ထို့ပြင် “ဒီကွန်ဖရင့်က ရှုပ်ထွေးပြီး ဘောင်ဘင်ခတ်နေတဲ့ နိုင်ငံတကာမြင်ကွင်းကို ပိုမို တည်ငြိမ်လာစေပြီး အပေါင်းလက္ခဏာ ဆောင်စေပါလိမ့်မယ်”ဟု ကောက်ချက်ပြုခဲ့ သည်။
ကရင်မလင်၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့က ပူတင်နှင့် ရှီတို့သည် NATO ၏ ရန်လိုသောစကားတင်းဆိုမှုများ နှင့် ဥရောပ၏ တင်းမာနေသော အခြေအနေများကို ထည့်သွင်းဆွေးနွေးသွားကြလိမ့်မည်ဟု ထုတ်ဖော်ပြောဆိုခဲ့၏။ ပက်စ်ကော့၏ စကားအရ ခေါင်းဆောင်နှစ်ဦးတို့သည် “နိုင်ငံတကာရေးရာနဲ့ပတ်သက်တဲ့ သူတို့အမြင်တွေကို ဖလှယ်ကြပါလိမ့်မယ်။ နိုင်ငံတကာ လက်တွေ့ပြဿနာနဲ့ ပတ်သက်တဲ့ အသုံးချ အိုင်ဒီယာတွေ၊ အထူးသဖြင့် ဥရောပဒေသမှာ အလွန်ရှုပ်ထွေးနေတဲ့အတွက် မဟာမိတ်အချင်းချင်း မော်စကိုနဲ့ ဘေဂျင်းအကြား သေချာပေါက် ဆွေးနွေးကြရမှာပါ”ဟု ပြောကြားခဲ့ သည်။
ရုရှားသည် NATO နှင့် အမေရိကန် ပြည်ထောင်စု၏ အလွန်မတန် ရန်စသော စကားများနှင့် ရင်ဆိုင်နေရသည့်အတွက် ယခုလို ဆွေးနွေးပွဲမျိုး လိုအပ်နေကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။ အကျိုးဆက်အဖြစ် ဥရောပ၌ အရေးပေါ်ရှုပ်ထွေးနေသည့် အခြေအနေက ရုရှားကို သူ၏မဟာမိတ်ဖြစ်သော တရုတ်နှင့် ညှိနှိုင်းတိုင်ပင်ရန် တွန်းအားပေးနေကြောင်း ပက်စ်ကော့က မီးမောင်းထိုးပြခဲ့သည်။
ပေါ်ပေါက်လျက်ရှိသော အခြေအနေများက ရုရှား-တရုတ် မဟာမိတ်ခိုင်မာမှုကို ထူးခြားစွာ တွန်းပို့နေကြောင်း သံသယဖြစ်ရန် မလိုပါ။ သူ့နိုင်ငံ၊ သူ့ကဏ္ဍအလိုက် မည်သို့ ဆောင်ရွက်နေကြသည်ဖြစ်စေ တရုတ်အနေ နှင့် တရွေ့ရွေ့ပြောင်းလဲလာသောဖြစ်စဉ်အရ ဥရောပအရှေ့ပိုင်းနှင့် အာရှ-ပစိဖိတ်၏ နိုင်ငံရေးမိုးလေဝသမှာ လေပြင်းမှ မုန်တိုင်းအသွင် ပြောင်းမပြောင်းကို စိတ်အားထက်သန်စွာ စောင့်ကြည့်လျက်ရှိသည်။
အရေးအကြီးဆုံးအချက်မှာ ထိပ်သီး ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြသည့်အခါ နိုဝင်ဘာ ၂၃ ရက်က လက်မှတ်ရေးထိုးခဲ့သော ၂၀၂၁- ၂၀၂၅ ခုနှစ်အတွင်း ရုရှား-တရုတ် စစ်ရေးပူးပေါင်းဆောင်ရွက်မှု စီမံချက်အပေါ် ဆွေးနွေးအကောင်အထည်ဖော်ကြမည့် အရေး ဖြစ်ပါသည်။
စာချုပ်လက်မှတ်ရေးထိုးပွဲတွင် ရုရှား ကာကွယ်ရေးဝန်ကြီး ဆာဂီရွှိုင်ဂုက “တရုတ် နဲ့ရုရှားဟာ မဟာဗျူဟာမြောက် လက်တွဲဘက်များအဖြစ် နှစ်ရှည်လများ တည်ရှိခဲ့ပါတယ်။ ဒီနေ့တော့ အခြေအနေတွေက ပထဝီဝင် နိုင်ငံရေးအရ ပြင်းထန်စွာ နှောက်ယှက်ခံနေရပြီး ကမ္ဘာအရပ်ရပ်မှာ ပဋိပက္ခမီးတောက်မယ့် အလားအလာတွေ တိုးလာနေပါတယ်။ ကျွန်တော်တို့ရဲ့ လက်တွဲညီညီ အပြန်အလှန် တုံ့ပြန်ချက်ဟာ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်ရပါလိမ့်မယ်” ဟု ထည့်သွင်းပြော ကြားခဲ့သည်။ အထူးသဖြင့် ယခုလအတွင်း ရုရှားပိုင်နက်နှင့် ကီလိုမီတာ ၂၀ အကွာအဝေး၌ အမေရိကန်ပြည်ထောင်စု၏ မဟာဗျူ ဟာအဆင့် နျူကလီးယားဗုံးကြဲလေယာဉ် ၁၀ စင်း လေ့ကျင့်နေပုံနှင့် ရုရှားနိုင်ငံ၏ အရှေ့ နှင့်အနောက်ဘက်ဒေသရှိ ပစ်မှတ်များကို ချိန်ရွယ်ဖြိုခွင်းနိုင်စွမ်းရှိပုံကို အထူးအလေးထား သတိပေးခဲ့သည်။
Okhotsk ပင်လယ်ပြင်ထက်မှ အဆိုပါ အမေရိကန်ဗုံးကြဲလေယာဉ်များသည် သင်္ဘောပေါ်ရှိ တိုက်ချင်းပစ်ဒုံးပျံများနှင့် ချိတ်ဆက်လေ့ကျင့်နေခြင်းမှာ ရုရှားနှင့် တရုတ် နှစ်နိုင်ငံလုံးကို ခြိမ်းခြောက်နေခြင်း ဖြစ်သည်။ “ဒီလိုအခြေအနေမျိုးက ရုရှား-တရုတ် ညီညီ ညွတ်ညွတ် ချိတ်ဆက်တုံ့ပြန်နိုင်မှသာ ကမ္ဘာ့ ရေးရာတွေကို တည်ငြိမ်အောင် ထိန်းနိုင်မှာပါ” ဟု ရွှိုင်ဂုက မှတ်ချက်ပေးခဲ့သည်။
တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ အနှစ်ချုပ် ထုတ်ပြန်ချက်တွင် နှစ်ဘက်စစ်တပ် များအနေနှင့် “တပ်မတော်နှစ်ရပ်အကြား မဟာဗျူဟာမြောက် ပူးပေါင်းမှု ပိုမိုနက်ရှိုင်းလာစေရန်၊ မဟာဗျူဟာမြောက် လေ့ကျင့်မှု များတွင် ပိုမိုအားဖြည့်လုပ်ဆောင်ရန်၊ အခြားဒေသများတွင် ပူးတွဲကင်းလှည့်ကြရန်၊ တရုတ် နှင့်ရုရှား၏ အဓိကကျသော ဘုံအကျိုးစီးပွားကို ဖြည့်ဆည်းကာကွယ်ရန်၊ နိုင်ငံတကာနှင့် ဒေသတွင်း လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းသွားကြရန်” ဖော်ပြခဲ့သည်။
ရုရှားကာကွယ်ရေးဝန်ကြီး၏ ပြောကြားချက်ထွက်ပေါ်လာပြီးနောက် ရက်သတ္တပတ် အနည်းငယ်အတွင်း South China Morning Post သတင်းစာက တရုတ်နှင့်ရုရှားကိစ္စကို “အမေရိကန်ပြည်ထောင်စု၏ ကြီးထွားလာသော ဖိအားပေးမှုကြောင့် နှစ်နိုင်ငံတပ်မတော်များ ပိုမိုနီးကပ်သွားကြပြီ” ဟု ထင်မြင်ချက် ရေးသားခဲ့သည်။
အနိမ့်ဆုံးသေချာသည့် အချက်မှာ တရုတ်နှင့် ရုရှားတို့သည် စစ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းပြမြေပုံကို စိတ်တူကိုယ်မျှ လက်မှတ်ရေးထိုးခဲ့ကြခြင်းမှာ အမေရိကန်ပြည်ထောင်စု၏ ဖိအားကို လို အပ်လာသောအချိန်၌ စစ်ရေးအရ ပူးတွဲခုခံရန် အားထုတ်ခြင်းပင် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုသည် တရုတ် နှင့် ရုရှားတပ်မတော် နှစ်ရပ်ပေါင်းကို တစ်ပြိုင်နက် ရင်ဆိုင်နိုင်စွမ်းမရှိဘဲ နောက်ပိုင်းတွင် သူ၏စစ်အင်အားနှင့် နိုင်ငံခြားရေးမူဝါဒ ရည်မှန်းချက်များကိုပါ သိသာစွာ အပြောင်း အလဲလုပ်ရပါမည်။ ယူရေးရှား ခေါ် အာရှဥရောပဒေသတွင် အမေရိကန်၏ ပါလေရာ ကိစ္စများကို လျှော့ချရပေလိမ့်မည်။
အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့အင်အားအကြီးဆုံး တပ်မတော်ကို ပိုင်ဆိုင်ထားသည့်အတွက် တရုတ် သို့မဟုတ် ရုရှား တစ်နိုင်ငံချင်းစီထက် သာလွန်မှုရှိမရှိကို မေးခွန်းမထုတ်လိုသော်လည်း နောင်တွင် ပူး ပေါင်းလာမည့် တပ်မတော်နှစ်ခု၏စွမ်းဆောင်ရည်က ၀ါရှင်တန်ကို မဟာဗျူဟာ မြောက် ကိုင်လှုပ်သွားလိမ့်မည်။
Naval War College မှ ပါမောက္ခ၊ တရုတ်နှင့် ရုရှားရေးရာကျွမ်းကျင်သူအဖြစ် နှစ် ၂၀ ကျော် သုတေသနပြုခဲ့သူ လိုင်လီဂိုး စတိန်းက “မော်စကိုနဲ့ဘေဂျင်းဟာ မရေရာမှု အမြင့်ဆုံးနဲ့ ၀ါရှင်တန်ကို အယောင်ပြထိန်း ချုပ်ထားနိုင်ဖို့ ကောင်းကောင်းတွက်ထားပြီးပြီ။ ဘာလို့လဲဆိုတော့ အထူးပြုရာ စစ်ဒေသ တစ်ခုနဲ့ နောက်တစ်ခုက သိပ်ဝေးပြီး တိုက်ပွဲဝင်မယ့်တပ်ချင်းလည်း တစ်ဘာသာစီ ကွဲနေတယ်။ ကျွန်တော် သေချာပေါက်တွေးထားတာကတော့ တစ်ချိန်တည်းမှာ မတူညီရာ အရပ်ဒေသနှစ်ခုကနေ အမေရိကန်ကို စစ်ထဲ ဆွဲခေါ်သွားမှာ” ဟု သူ့ပူပန်မှုကို Newsweek မဂ္ဂဇင်းသို့ ထုတ်ပြောခဲ့သည်။
ဂိုးစတိန်းက “ကျွန်တော်တော့ အမေရိကန် ပြည်ထောင်စုဟာ ယူကရိန်းကို စစ်တိုက်ဖို့ ပြင်ထားတယ်လို့ မထင်ပါဘူး။ ကျွန်တော်တော့ အမေရိကန် ပြည်ထောင်စုဟာ တိုင်ဝမ်ကို ဝင်တိုက်ခံရရင် ပြန်တိုက်ဖို့ ပြင်ထားတယ်လို့ မထင်ပါဘူး။ အဲဒီနှစ်နေရာလုံးကို စစ်မြေပြင်အဖြစ် ထောက်ကြည့်ရင် နှစ်ခုလုံးကို သူလုံးဝ လုပ်မှာ မဟုတ်ပါဘူး”ဟု ခန့်မှန်းထားသည်။
မည်သို့ပင်ဆိုစေ နှစ်နိုင်ငံဗီဒီယိုအစည်းအဝေးမှတစ်ဆင့် မကြာမီ ဖေဖော်ဝါရီ ၄ ရက် မှ ၂၀ ရက်အတွင်း ကျင်းပတော့မည့် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပွဲသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရန် သမ္မတ ရှီကျင့်ဖျင်၏ ဖိတ်ကြားချက်ကို ပူတင်က လက်ခံလိုက်ပြီဖြစ်သည်။
သို့ဖြစ်၍ ဖေဖော်ဝါရီလဆန်း၌ ဘေဂျင်းတွင် ခေါင်းဆောင်နှစ်ဦး၏ မျက်နှာချင်း ဆိုင်တွေ့ဆုံမှုသည် ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်ရေးနှင့် နှစ်နိုင်ငံအကြား မဟာဗျူဟာမြောက် လက်တွဲဖက်အဖြစ် နက်ရှိုင်းသောပေါင်းစည်းမှုကို ဖြစ်ထွန်းလာစေတော့မည်။
ခေါင်းဆောင်နှစ်ဦး၏ ရုပ်သံအစည်းအဝေးသည် အမေရိကန်နှင့် ရုရှားအကြား တင်းမာလျက်ရှိသော အနေအထားကို ဘေဂျင်းက နားလည်သဘောပေါက်ကြောင်း ပြသခဲ့ပြီးနောက် “အမေရိကန်ဦးဆောင်တဲ့ အုပ်စုကို တုံ့ပြန်နိုင်အောင် တရုတ်နဲ့ရုရှားဟာ လက်ချင်း မြဲမြဲဆုပ်ပြီး မတုန်မလှုပ်အခြေ အနေကနေ ရုန်းထွက်တော့မှာပါ” ဟု East China Normal University မှ ရုရှားရေးရာ သောတုဇနစီဟန်းက Global Times သတင်းဌာနသို့ ပြောခဲ့သောအချက်မှာ ဖြစ်တန်ရာရှိသည်။
အကြောင်းမှာ ၂၀၀၁ ခုနှစ်က တရုတ် နှင့်ရုရှားတို့ ရေးထိုးခဲ့သော အိမ်နီးချင်းကောင်းနှင့် မိတ်ဆွေရင်းချာဆက်ဆံရေး သဘောတူစာချုပ်တွင် အထင်ကရ စာပိုဒ် တစ်ပိုဒ်ပါဝင်၏။ ယင်းမှာ “ရုရှားသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရကို တရုတ်နိုင်ငံ တစ်ခုလုံး၏ တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုသည်။ ထိုင်ဝမ်သည် တရုတ်၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။”
အဆိုပါစာချုပ်သည် တရုတ်-ရုရှား မဟာမိတ်ဖြစ်ထွန်းမှုကို ကြာရှည်လေးမြင့်စွာ တည်တ့ံသွားစေမည့် အုတ်မြစ်ကောင်း ဖြစ်ပါသည်။ ဤသုံးသပ်ချက် မှန်မမှန်ကို ခေါင်းဆောင်နှစ်ဦး၏ ရုပ်သံတွေ့ဆုံပွဲ၌ ပြောကြားခဲ့ သော စကားများက သက်သေခံလျက် ရှိပါသည်။
လက်ရှိ နိုင်ငံတကာမျက်နှာစာတွင် အင်အားစုအချို့က ‘ဒီမိုကရေစီ’၊ ‘လူအခွင့် အရေး’ ကို ဘန်းပြ၍ တရုတ်-ရုရှား နှစ်နိုင်ငံပြည်တွင်းရေးကိုစွက်ဖက်ကာ နိုင်ငံတကာ ဥပဒေနှင့် အများအသိအမှတ်ပြုထားသည့် နိုင်ငံတကာဆက်ဆံရေးမူအား ကြမ်းကြုတ်စွာ နင်းချေဖျက်ဆီးမှုရှိကြောင်း၊ တရုတ်-ရုရှား နှစ်ဖက်ပူးတွဲလှုပ်ရှားမှုများ ပိုမိုများပြားစွာ ဆောင်ရွက်ပြီး နှစ်ဖက်လုံခြုံရေးအကျိုးစီးပွားကို ထိရောက်စွာ ပို၍ကာကွယ်ထိန်းသိမ်း ရမည်ဖြစ်ကြောင်း သမ္မတရှီကျင့်ဖျင်က ထောက်ပြပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်က ရုရှားနိုင်ငံသည် တရုတ်နိုင်ငံ၏ တိုင်ဝမ်ရေးရာနှင့်ပတ်သတ်သည့် ရပ်တည်ချက်အား အခိုင်မာဆုံးထောက် ခံအားပေးသွားမည်ဖြစ်ပြီး ထိုင်ဝမ်အရေး၌ တရုတ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်အောင် ဆောင်ရွက်သည့် မည်သည့်အင်အားစုကို မဆို ပြတ်သားစွာ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ အာရှပစိဖိတ်ဒေသတွင် အုပ်စုအဖွဲ့ ငယ်တည်ဆောက်သည့် မည်သည့်ပုံစံမျိုးကို မဆို ပြတ်ပြတ်သားသား ဆန့်ကျင်သွားမည် ဖြစ်ကြောင်း၊ ရုရှား-တရုတ် ဆက်ဆံရေးကို သွေးခွဲသည့် မည်သည့်ကြံစည်မှုမျိုးမဆို အောင်မြင်မည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။