ဆောင်းရာသီသည် ဝင်ရိုးစွန်းနှင့် သမပိုင်းဒေသတို့၏ တစ်နှစ်တာအတွင်း အအေးဆုံး ကာလတစ်ခုဖြစ်သည်။ ဆောင်းရာသီသည် မိုးရာသီနှင့် နွေရာသီအကြားတွင်ရှိပြီး ဥတုလေးခုရှိသော ဒေသများတွင် ဆောင်းဦးကာလနှင့် နွေဦးကာလအကြားတွင် ကျရောက်သည်။ မိမိဝင်ရိုးပေါ်တွင် လည်ပတ်နေသော ကမ္ဘာ၏ နေနှင့် အဝေးဆုံးဘက်၌ ကျရောက်သော ကမ္ဘာခြမ်းတွင် ဆောင်းရာသီ ဖြစ်ပေါ်သည်။ မတူညီသော ယဉ်ကျေးမှု များနည်းတူ ဆောင်းရာသီ စတင်သည့်နေ့ရက်သည်လည်း ကွဲပြားကြသည်။ အချို့သည် ရာသီဥတုအခြေအနေအပေါ်မူတည်၍ ရာသီ၏ စတင်ရာ ရက်ကို သတ်မှတ်ကြသည်။
မြောက်ဘက်ကမ္ဘာခြမ်း၌ ဆောင်းရာသီဖြစ်ပေါ်နေချိန်၌ အပြန်အလှန်အားဖြင့် တောင်ကမ္ဘာခြမ်းတွင် နွေရာသီ ဖြစ်ပေါ်နေသည်။ ဒေသအများအပြား၌ ဆောင်းရာသီတွင် နှင်းများကျကာ အပူချိန်က ရေခဲမှတ်အောက်သို့ ရောက်နေလေ့ရှိသည်။ ဆောင်းယဉ် စွန်းချိန်တွင် နေ၏ အမြင့်သည် မြောက် (သို့) တောင်ဝင်ရိုးစွန်း၏ အနုတ်အောက် အများဆုံးရောက်နေသော အပူချိန်နှင့် ဆက်နွှယ်နေသည်။ ဝင်ရိုးစွန်းမှ တိုင်းတာကြည့်မည်ဆို ပါက နေသည် မိုးကုတ်စက်ဝိုင်းအောက် အဝေးဆုံးသော အကွာအဝေးတွင် ရောက်ရှိနေပြီး ထိုနေ့သည် နေ့တာအတိုဆုံးနှင့် ညတာအရှည်ဆုံး နေ့တစ်နေ့ဖြစ်နေသည်။ အစောဆုံး နေဝင်ချိန်နှင့် နောက်အကျဆုံး နေထွက်ချိန် ဖြစ်ပေါ်သော ဝင်ရိုးစွန်းအပြင်ဘက်ဒေသများ၏ ဆောင်းယဉ်စွန်းချိန်သည် ကွဲပြားကြသည်။ ဘဲဥပုံလမ်းကြောင်းအတိုင်း လည်ပတ် နေသောကမ္ဘာကြောင့် တစ်နှစ်ပတ်လုံး ဖြစ်ပေါ်နေသည့် နေရောင်ရသော နေ့များ ပြောင်းလဲမှုသည် လတ္တီကျူများပေါ်တွင် မူတည်နေသည်။
မြန်မာနိုင်ငံတွင် လ ၁၂ လရှိသည့်အနက် တန်ဆောင်မုန်း၊ နတ်တော်၊ ပြာသို၊ တပို့တွဲ လေးလသည် ဆောင်းရာသီကာလ ဖြစ်သည်။
နတ်တော်လသည် မြန်မာပြက္ခဒိန်၏ ကိုးလမြောက်လ ဖြစ်ပြီး နိုဝင်ဘာ၊ ဒီဇင်ဘာ အတွင်း ကျရောက်လေ့ရှိသည်။ ပုဂံခေတ်ကျောက်စာများတွင် နတ်တော်လကို “နတ္တာဝ်၊ နတ်တာဝ်” စသည်ဖြင့် အမျိုးမျိုးရေးထိုးခဲ့ကြသည်။ ရက်မစုံသောလဖြစ်၍ နတ်တော်လတွင် ၂၉ ရက်သာ ရှိသည်။ နတ်တော်လ၏ အဓိပ္ပာယ်မှာ အရှင်နတ်မင်း (နတ်တော်) များကို ပူဇော်ပသသောလဟု ဆိုလိုသည်။ နတ်ပူဇော်ပွဲကျင်းပသောလ ဖြစ်သောကြောင့် မြန်မာမှုတွင် နတ်တော်လဟု အမည်ပေးခဲ့ခြင်း ဖြစ်သည်။ ပုဂံမင်းအဆက်ဆက်တို့ ပုပ္ပားတောင်သို့ တက်၍ မဟာဂီရိနတ်ပူဇော်ပွဲကို နှစ်စဉ်ကျင်းပလေ့ရှိကြသည်။ ရှေးမြန်မာတို့ နတ်ကိုးခြင်းမှာ ဗုဒ္ဓသာသနာအား လက်ခံရရှိခြင်း မရှိခဲ့စဉ်ကတည်းက ဖြစ်သောကြောင့် “တဝ်” ဝေါဟာရသည် “မြတ်သည်” ဟု အဓိပ္ပာယ်ရသည်။ နတ်တော်လအတွင်း တောင်သူများ ကောက်ကြီးစပါး ရိတ်သိမ်းကြသောကြောင့် ကောက်ပဲသီးနှံ ရိတ်သိမ်းသည့်အခါ သီးနှံ အများအပြား ရစေရန် နတ်ကိုးလေ့ရှိကြသည်။ “နတ်တော်ရောက်ငြား၊ မိုးသားမငြိမ်၊ ဆင်ရာတိမ်” ဟူ၍ မိုးသားလည်း မငြိမ်သော ဆောင်းအဝင်ကာလ ဖြစ်သည်။
မြန်မာလများတွင် ၁၀ လမြောက်ဖြစ်သော ပြာသိုလသည် ဒီဇင်ဘာလမှ ဇန်နဝါရီလ အတွင်း ဖြစ်ကာ အလွန်အေးသော အချိန်အခါလည်း ဖြစ်သည်။ ယနေ့ခေတ် အခါတွင်မူ ပြာသိုလတွင် ဘုရားပွဲများ ကျင်းပလေ့ရှိကြသည်။ ရှေးယခင်က မြန်မာဘုရင်များသည် မြင်းခင်းသဘင်ပွဲကို လတစ်လလုံး ကျင်းပစေသည်။ မြင်းခင်းသဘင်ပွဲတွင် မြင်းစီးပွဲ၊ ဓားပြိုင်ပွဲ၊ လှံပြိုင်ပွဲ၊ လေးတင်ပွဲနှင့် ဆင်ဖြင့် စီးချင်းထိုးခြင်း အစရှိသည့် စစ်စွမ်းရည်ပြသသော ပွဲများကို ထည့်သွင်းကျင်းပလေ့ရှိပြီး ရှေးခေတ်မြန်မာ့တပ်မတော်ရေးရာနှင့် စစ်လက်နက်များကို ခင်းကျင်းပြသသော ပွဲလည်းဖြစ်သည်။ အဆိုပါပြိုင်ပွဲများဖြင့် နိုင်ငံတော်၏ ကာကွယ်ရေးအတွက် လူစွမ်းကောင်းများကို ရွေးချယ်တင်မြှောက်လေ့ရှိကြသည်။ အချို့သော ဘုရားပွဲများကိုလည်း ပြာသိုလတွင် ကျင်းပလေ့ရှိသည်။ ထင်ရှားသော ပုဂံ အာနန္ဒာ ဘုရားပွဲကိုလည်း ပြာသိုလတွင် ကျင်းပပြုလုပ်သည်။
တပို့တွဲလသည် မြန်မာလများတွင် ၁၁ လမြောက်သော လဖြစ်ပြီး အလွန်ချမ်းအေးသည့် ဆောင်းရာသီ၏ နောက်ဆုံးကာလဖြစ်သော ဇန်နဝါရီ နှင့် ဖေဖော်ဝါရီလအတွင်း ကျရောက်လေ့ရှိသည်။ တပို့တွဲလသည် ကောက်ရိတ်သိမ်းချိန်ဖြစ်ပြီး လယ်ယာမြေများမှ ရိတ်သိမ်းရရှိလာသည့် ကောက်ညှင်း၊ နှမ်း၊ နှမ်းဆီ၊ အုန်းသီး၊ မြေပဲ၊ ချင်း စသည်တို့ဖြင့် ထမနဲကို စီမံပြုလုပ်ကြပါသည်။ ထမနဲထိုးပွဲကို အများသူငါနှင့် စုပေါင်းပြုလုပ်၍ဖြစ်စေ မိသားစုဆွေမျိုးအပေါင်းအသင်းများနှင့်ဖြစ်စေ ကျင်းပဆင်နွှဲလေ့ရှိသည်။ မည်သို့ပင် ကျင်းပသည်ဖြစ်စေ ထမနဲပွဲတော်၏ အဓိပ္ပာယ်မှာ အားလုံးပေါင်းစည်းဆောင်ရွက်ကြခြင်းပင် ဖြစ်သည်။ စုပေါင်းပြုလုပ်သည့် ထမနဲထိုးပွဲများတွင် ကောက်ညှင်းဆန်နှင့် အခြားပါဝင် ပစ္စည်းများကို စုပေါင်းအကုန်ကျခံကြလေ့ရှိပြီး လုပ်အားစိုက်ထုတ်သူများလည်း ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ထူးထူးခြားခြား အအေးပို၍လာသော ဆောင်းနှင့်အတူ မြန်မာပြည်သူပြည်သားအပေါင်း အေးချမ်းကြပါစေကြောင်း The Daily Eleven သတင်း စာက ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။
ဒီဇင်ဘာ ၁၈ ရက်ထုတ် The Daily Eleven သတင်းစာ အယ်ဒီတာ့အဘော်