ယခုရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ၏ ရှုံးထွက်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် PSG အသင်းတို့ တွေ့ဆုံ နေခြင်းအပေါ် စပိန်မီဒီယာများသည် ဒေါသထွက်နေကြပြီး UEFA သည် ရီးယဲလ်မက်ဒရစ်အသင်း၏ အခြေ အနေကို ပိုမိုခက်ခဲစေရန်အတွက် လိမ်ညာလုပ်ဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းသည် ယင်းမဲခွဲမှုတွင် မူလက ဘင်ဖီကာအသင်းနှင့် တွေ့ဆုံခဲ့သော်လည်း မဲခွဲရာ၌ နည်းပညာပိုင်းအမှားအယွင်းများကြောင့် ပြန်လည်ပြုလုပ်ခဲ့ရပြီး ဒုတိယအကြိမ်တွင်မူ ရီးယဲလ်မက်ဒရစ်အသင်းသည် PSG အသင်းနှင့် ဆုံတွေ့ခဲ့ခြင်းဖြစ်သည်။
စပိန်ထိပ်တန်း သတင်းစာကြီးတစ်စောင်ဖြစ်သည့် Marca က ယခုဖြစ်ရပ်သည် ရှက်စရာကောင်းသည့် ဖြစ်ရပ်တစ်ခု ဖြစ်ကြောင်းနှင့် UEFA သည် ယင်းဖြစ်ရပ်တွင် ၎င်းတို့၏ အမှားကို တာဝန်မယူဘဲ ရီးယဲလ်မက်ဒရစ်အသင်းအပါအဝင် အသင်းတိုင်းကို ကမောက်ကမဖြစ်အောင်ပြုလုပ်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။
ယင်းမဲခွဲမှုသည် အားနည်းချက်များစွာ ရှိခဲ့ပြီးနောက် ပထမအကြိမ် မဲခွဲမှုအပြီးတွင် အက်သလက်တီကိုမက်ဒရစ်အသင်းက ကန့်ကွက်ခဲ့ခြင်းသည်။
UEFA အနေဖြင့် ယင်းအမှားအယွင်းအတွက် အက်သလက်တီကိုမက်ဒရစ်အသင်း ကျေနပ်လောက်သည့် အခြေအနေတစ်ခုကို ပြန်လည်ပြုလုပ်ပေးရမည်ဖြစ်ပြီး ယင်းနည်းလမ်းများထဲတွင် အက်သလက်တီကိုအသင်းကို နစ်နာကြေးပေးခြင်း၊ အက်သလက်တီကိုမက်ဒရစ်အသင်းသာ တရားစွဲဆိုလာပါက ရင်ဆိုင်ဖြေရှင်းခြင်း စသည်တို့ကို ပြုလုပ်ခဲ့သင့်ကြောင်း၊ ယင်းအစား ၎င်းတို့၏ အမှားတစ်ခုလုံးကို မသိကျွိုးကျွံပြုကာ မဲခွဲပွဲကို အစအဆုံးပြန်လည်ပြုလုပ်ခဲ့ခြင်းမှာ ရယ်ရွှင်ဖွယ်ဆုံးဖြတ်ချက်တစ်ခုဖြစ်ကြောင်း၊ ရီးယဲလ်မက်ဒရစ်အသင်းအနေဖြင့် ဘင်ဖီကာအသင်းနှင့် ဆုံတွေ့နေခြင်းအပေါ် မလိုလားသည့်စိတ်ကြောင့်လည်း ပါဝင်နိုင်ပြီး ယင်းမှာ ဥရောပစူပါလိဂ်ကို ရီးယဲလ်မက်ဒရစ်အသင်းက ဦးဆောင်ပြုလုပ်ခဲ့သည့်အပေါ် မကျေနပ်ချက်ကြောင့်လည်း ဖြစ်နိုင်ကြောင်း စပိန်မီဒီယာများက စွပ်စွဲခဲ့ကြသည်။
Marca သတင်းစာက ယင်းကိစ္စသည် UEFA အနေဖြင့် ရီးယဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရင်တီနိုပီရက်ဇ်အား စစ်ကြေညာလိုက်ခြင်းဖြစ်ပြီး မူလပွဲစဉ်ရေးဆွဲမှုတွင် ရီးယဲလ်မက်ဒရစ်သာ PSG အသင်းနှင့် ဆုံတွေ့နေပါက ပွဲစဉ်ဇယားကို ပြန်လည်ရေးဆွဲသည့် နည်းလမ်းအား အသုံးပြုလိမ့်မည်မဟုတ်ဟုလည်း စွပ်စွဲရေးသားခဲ့သည်။
ရီးယဲလ်မက်ဒရစ်အသင်းဘက်က တရားဝင်ထုတ်ပြန်ကြေညာမှု မပြုလုပ်သေးသော်လည်း နိုင်ငံတကာဆက်ဆံရေးဒါရိုက်တာ ဘူထရာဂွယ်နိုကမူ စိတ်ပျက်စရာဖြစ်ကြောင်း ပြောကြားခဲ့သည်။















