စွယ်စုံရ အနုပညာရှင်ကြီး စည်သူဗိုလ်ကလေးတင့်အောင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ကွယ်လွန်

စွယ်စုံရ အနုပညာရှင်ကြီး စည်သူဗိုလ်ကလေးတင့်အောင် ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက ကွယ်လွန်
Published 17 December 2021

စွယ်စုံရအနုပညာရှင်ကြီး စည်သူ ဗိုလ်ကလေးတင့်အောင် ဒီဇင်ဘာ ၁၆ ရက်ည က ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

ကွယ်လွန်ချိန်တွင် အသက် ၁၀၀ ရှိပြီ ဖြစ်သည်။

“ ဘဘ ဘိုကလေးတင့်အောင်က ဒီဇင်ဘာ ၁၆ ရက် ည ၁၁ နာရီလောက်က SSC ဆေးရုံမှ လူကြီးရောဂါနဲ့ ဆေးကုသမှုခံယူရင်း ကွယ်လွန်ခဲ့တာပါ။ အသက် ၁၀၀ နှစ်ထဲ ရောက်နေပါပြီ” ဟု မြန်မာနိုင်ငံ ရုပ်ရှင်အ စည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

စည်သူ ဘိုကလေးတင့်အောင်သည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၏ နာယက ကြီးဖြစ်ပြီး ၂၀၁၈ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန် ဆုပေးပွဲတွင် တစ်သက်တာရုပ်ရှင်ထူးချွန်ဆု ကို ရရှိခဲ့သူဖြစ်သည်။

၁၉၉၆ ခုနှစ် တွင် အမျိုးသားစာပေဆုရရှိခဲ့ပြီး လူမှုထူးချွန်(ပထမအဆင့်)၊ ၀ိဇ္ဇာထူးချွန်(ပထမအဆင့်) တို့ကိုလည်း ရရှိခဲ့ကာ နိုင်ငံတော်က ပေးအပ်ချီးမြှင့်သည့် စည်သူဘွဲ့ကို လည်း ရရှိထားသည်။

ဘိုကလေးတင့်အောင်သည် ၁၉၄၀ ပြည့်နှစ်တွင် သီချင်းများစတင်ရေးသားခဲ့ပြီး ၁၉၄၇ ခုနှစ်တွင် သူ၏ သီချင်းများကို အသံ လွှင့်ခဲ့ရပြီး ၁၉၄၉ ခုနှစ်တွင် ရန်ကုန်သို့ ပြောင်းရွေ့လာကာ မောင်ကိုကို တူရိယာအ ဖွဲ့တွင် ဂစ်တာတီးသူအဖြစ် ပါဝင်ခဲ့သည်။ ပြဇာတ်ဝိဇ္ဇာ ဒဂုန်ဆရာတင်၏ တပည့်ဖြစ်ပြီး ပြဇာတ်သီချင်းရေးသားခြင်းနှင့် ဇာတ် ညွှန်း ရေးသား ခြင်းတို့မှတစ်ဆင့် တွဲ ဖက်ဒါရိုက်တာ အဖြစ် စတင်ခဲ့ပြီး ၁၉၅၀ ပြည့် နှစ်တွင် “အပြုံးလက်ဆောင်”  ပြဇာတ်ကို ဒါရိုက်တာအ ဖြစ် တင်ဆက်ခဲ့သည်။ ယင်းနောက်တွင် ပြဇာတ်ကြီးပေါင်း ၄၀ ကျော်အပြင် ပြဇာတ်တို၊ တစ်ခန်းရပ်ပြဇာတ်၊ တေးသရုပ်ဖော်ပြဇာတ် စသည်ဖြင့် ပြဇာတ်ပေါင်း ၁၀၀ ခန့်ကို စီစဉ် တင်ဆက်နိုင်ခဲ့သူဖြစ်သည်။

၁၉၄၈ ခုနှစ်တွင်တင်ဆက်ခဲ့သည့် မြတ်မွန်ရတနာ ပြဇာတ်ကို စာပေဗိမာန်က စာအုပ်အဖြစ်ထုတ်ဝေခဲ့ပြီး စာပေအနုပညာ နယ်ပယ်သို့ ရောက်ရှိခဲ့သည်။ ၁၉၆၁ ခုနှစ် တွင်လည်း ရုပ်ရှင်ဇာတ်ညွှန်းအဖြစ်ရေးသား ခဲ့သည့်  မမမိုး ကို ဝတ္ထုအသွင်ပြန်လည်ရေး သားထုတ်ဝေခဲ့ပြီး သတင်းစာ၊ ဂျယ်နယ်၊ မဂ္ဂ ဇင်းများတွင် ဆောင်းပါးများကို ရေးသားခဲ့ သည်။ ယင်းဆောင်းပါးများအနက် ၁၉၈၀ မှ ၁၉၈၂ နှစ်ခုနှစ်အထိ ဂီတပဒေသာမဂ္ဂဇင်း တွင် ရေးသားခဲ့သည့် ‘ ပန်းဝင်္ကပါ’ ဆောင်ပါး များမှ ထင်ရှားပြီး စာအုပ်အဖြစ်ပြန်လည်စု စည်းထုတ်ဝေရာတွင်လည်း ၁၉၉၆ ခုနှစ်အ တွက် အမျိုးသားစာပေဆုကို ရရှိခဲ့သည်။

ဂီတအနုပညာနယ်ပယ်တွင်လည်း တေးသီချင်းကောင်းများစွာကို ရေးသားခဲ့သူဖြစ် ပြီး ၁၉၅၃ ခုနှစ်တွင် ကြည်ကြည်ဌေးသီဆို ကာ ဓာတ်ပြားရခဲ့သည့် ‘ သက်ဆိုင်သူသို့’ သီချင်း၊ ၁၉၅၁ ခုနှစ်တွင် ပြဇာတ်သီချင်းအ ဖြစ်အသုံးပြုခဲ့သည့် ‘ နှစ်သစ်ချစ်ဦး’ သီချင်း၊ ၁၉၅၈ ခုနှစ်တွင် မေမြတ်နွယ်ဇာတ်ကား၏ ဇာတ်ဝင်တေးဖြစ်သည့် ‘ သံယောဇဉ်’ သီချင်း၊ မှုန်ရွှေရည်ဇာတ်ကားတွင် ဝင်းဦးသီဆိုခဲ့သည့် ‘ မျက်ဝန်းလဲ့ပြာပြာ’ သီချင်း၊ ၁၉၆၈ ခုနှစ် တွင် မင်းနောင်သီဆိုခဲ့သည့် ‘ ဇရာ’၊ ‘ ဂျင်မ လေးဂျမ်း’ စသည့် သီချင်းများ၊ ၁၉၇၀ ပြည့် နှစ်တွင် စန္ဒရားချစ်ဆွေသီဆိုခဲ့သည့် ‘ မွှေး လွန်းသည့်ပန်း’ စသည်တို့မှာ မြန်မာ့ဂီတတွင် ယနေ့ထက်တိုင် ရှင်သန်နေဆဲ ဂန္တဝင်သီချင်း များဖြစ်သည်။

ရုပ်ရှင်အနုပညာနယ်ပယ်တွင်လည်း ၁၉၆၂   နှစ်တွင် ‘ ဆောင်းတစ်ညဝယ်’ ရုပ် ရှင်ဇာတ်ကားကြီးကိုလည်းကောင်း၊ ပြဇာတ် တွင် အောင်မြင်ခဲ့သည့် ‘ ငယ်ကျွမ်းဆွေ’ ပြ ဇာတ်ကို ၁၉၇၅ ခုနှစ်တွင်လည်းကောင်း ဒါ ရိုက်တာအဖြစ် ရိုက်ကူးခဲ့ပြီး ရုပ်ရှင်ဇာတ်ကား ကောင်းများစွာကို ရိုက်ကူးဖန်တီးခဲ့သူလည်း ဖြစ်သည်။

စည်သူ ဘိုကလေးတင့်အောင် ၏ ရုပ်အလောင်းကို ဒီဇင် ဘာ ၁၈ တွင် ရန်ကုန် မြို့ ရေဝေးသုဿန်၌ ဂူသွင်းသဂြိုဟ်မည်ဟု သိရသည်။

Most Read

Most Recent