ပျောက်ကွယ်သွားတဲ့ လေတံခွန်လေးတွေ

ပျောက်ကွယ်သွားတဲ့ လေတံခွန်လေးတွေ
Published 16 December 2021
မောင်နောင်မွန်

(က)

ဒီအချိန်မှာ တိုးတိုးလေးပျောက်ကွယ်သွားရင်ကောင်းမယ်လို့ တွေးမိတယ်။ လေတိုက်တိုင်း အရှေ့ဘက်အရပ်ကနေ လွင့်လာတဲ့ ပြာမှုန့်တွေလို၊ မိုးစက်တွေအဖြစ် ကမ္ဘာမြေပေါ်ဆင်းသက်ပြီးနောက် ပျောက်ကွယ်သွားတဲ့ တိမ်စိုင်တွေလို ဟိုမိုးသားထဲပျောက်ကွယ်ခွင့် ရသွားချင်တယ်။ လူတွေ။ ဘယ်သူများ သတိရနေကြမလဲ။ မေးနေကြမလဲ၊ မျှော်နေကြမလဲ။ ရာသီဟာ အချိန်မှန်မှန်ရောက်လာပြီး အချိန်မှန်မှန်ပြောင်းသွားနေတယ်။ မျှော်နေတဲ့သူဟာ ဘယ်သူဘယ်ဝါမှန်းမသိ။

နေ့ရက်တွေထဲ ရေတွက်ခဲ့တဲ့အချိန်ကာလတွေ။ ချစ်ခြင်းမေတ္တာတွေ။ သံယောဇဉ်တွေ။ မိုးကျရင် ပွင့်လာတတ်တဲ့ မိုးဆမ်းပန်းကလေးတွေ။ သတိရနေခွင့်တွေ။ ဘယ်အရာဟာ အရေးကြီးလဲ သိချင်ရုံမျှသာဆိုတဲ့ စိတ်တွေ။ ဒီအချိန်ပျောက်ကွယ်ခွင့်ရရင် ကိုယ့်ကိုသတိရနေသူဟာ ဘယ်သူတွေရှိနေမလဲ။

လူတွေဟာ လိုအပ်တဲ့အချိန်တွေရှိမှ သတိရနေတတ်တယ်။ ဒါဟာ သဘာဝပါပဲ။ ဓာတ်ပုံလေးတွေ၊ အမှတ်တရလေးတွေအချို့နဲ့ သူငယ်ချင်းတချို့ကို သတိတရရှိဖူးတယ်။ ဒါပေမဲ့ ဘယ်သူမှ ပြန်သတိမရဖူးဘူး။ အသေးဆုံးဆိုတာ အသေးဆုံးမျှသာ။ အရိုးရှင်းစိတ်နဲ့ လူတွေဆိုတာ အရိုးရှင်းဆုံးပျောက် ကွယ်သွားတတ်ကြတာပါပဲ။ လူတွေဆိုတာက မုသားအပြုံးတွေနဲ့ သူတွေကို ပိုသဘောကျတတ်ကြ၊ သတိရနေတတ်ကြတယ်။ ချိုမြိန်တဲ့ မုသားစကားတွေနဲ့ ပြုံးတတ်သူဟာ ချစ်တဲ့သူတွေ ပေါတယ်။ ဒါဟာ လောကနိယာမ၊ လူဆိုတာက အတွင်းစိတ်ကိုကြည့်တဲ့သူ ရှားတယ်။

(ခ)

ချစ်ခြင်းမေတ္တာတွေဟာ ချိုမြိန်တယ်။ ခံစားတတ်ဖို့တော့ လိုတယ်။ ညနေခင်း အိမ်ပြန်ချိန်တွေဟာ ပျော်စရာနဲ့ ခြေလှမ်းသွက်နေတတ်တယ်။ အိမ်ပြန်ချိန်ခြေလှမ်းတွေဟာ ချစ်ခြင်းမေတ္တာနဲ့ အမြဲလန်းဆန်းနေတတ်တယ်။ ခြံရှေ့က ကွပ်ပျစ်ပေါ်စောင့်ကြိုနေတဲ့ အဘိုးရယ်၊ လှေကားအုတ်ခုံပေါ် ထိုင်စောင့်နေမဲ့ ခြေထောက်တစ်ဖက် ဆာနေတဲ့ကြောင်အိုကြီးရယ်၊ ဒါတွေဟာ ခံစားမိတဲ့ချစ်ခြင်းမေတ္တာတွေ၊ အသွားအပြန်နဲ့ ခံစားတတ်ဖို့သာလိုတဲ့ အေးမြမှုတွေ။ ရင်ထဲတွေးရင် ကြည်နူးစရာအတွေ့အထိတွေ။ မေတ္တာသုတ်အဆိုအရ မေတ္တာသည်လမင်းရဲ့ အေးမြမှုနှင့် တူတယ်လို့ ဖွင့်ဆိုကြတယ်။ အပြန်အလှန်သဘောတရားနဲ့ ဒီလိုချစ်ခြင်းမေတ္တာတွေကို လက်ဆင့်ကမ်းကြတယ်။ မျိုးဆက်တွေဆီ၊ လူသားတွေဆီ၊ တဆင့်ပြီးတဆင့်။

လေလှိုင်းကြားလွင့်ပျံ့လာသော ညမွှေးပန်းတွင် ချစ်ခြင်းမေတ္တာတရားတွေပါတယ်။ သာတူညီမျှမှုတွေပါတယ်။ ရိုးသားမှုတွေပါတယ်။ စေတနာအမှန်တွေပါတယ်။ လူတိုင်းကို မွှေးပျံ့စေတဲ့သဘောတရားနဲ့ ပွင့်တဲ့ညမွှေး ပန်းရနံ့ကို လေပြေလေးကပျံ့လွှင့်စေတဲ့ စေတနာဖြန့်ဝေပေးတယ်။ သဘာဝတရားကြီးဟာ ဘယ်လောက်ချစ်ခြင်းမေတ္တာတရားနဲ့ ပြည့်နှက်နေတာလဲ။ ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တာလဲ။ လိပ်ပြာလေးတွေ၊ ပျားပိတုန်းလေးတွေ၊ လေပြေအေးအေးလေး၊ ပန်းပွင့်၊ ရှုမျှော်ခင်းတွေ၊ သဘာဝတရားကြီး သည် ရယူလိုမှုအပြည့်ဖြင့် ပေးဆပ်နေတယ်။ ဒါဟာ မေတ္တာတရားအပြည့်၊ ချစ်ခြင်းတွင် ရယူလိုခြင်းရှိတာလား၊ တပ်မက်ခြင်းရှိတာလားမသိ။ ချစ်ခြင်းတရားသည်ကအေးမြပြီး မေတ္တာတရားသည်ကား ချစ်စရာကောင်းလှ တယ်။

တစ်ချိန်ချိန်တွင် ကမ္ဘာမြေပေါ်မှ တစ်ထောင့်တစ်နေရာတွင် ချစ်ခြင်းမေတ္တာတရားကို ငတ်မွတ်သူရှိမယ်။ မပြည်စုံတဲ့သူတွေရှိမယ်။ တချို့ဇာတ်ကြောင်းတွေက ရေပေါ်ရေးတဲ့အရုပ်တွေလို၊ မြင်ရမှသိမယ့်အဖြစ်မျိုး၊ တစ်ခဏချင်းပျောက်ကွယ်ပြီး အမှတ်မထင်တတ်ဘူး။ မိဘမဲ့နေသူတွေ၊ စစ်ဘေးရှောင်စခန်းက ကလေးလေးတွေရဲ့ နာကျင်မျက်ဝန်းတွေ၊ တချို့ဇာတ်လမ်းတွေက ဘာမသိတဲ့သူတွေက ခံစားရတယ်။ မျက်ကွယ်ပြုလိုက်နိုင်ရင်တော့ ရင်ထဲတမြေ့မြေ့နဲ့ ဖြစ်နေရတဲ့ ဇာတ်လမ်းမျိုးပင်ဖြစ်တယ်။ ကျွန်တော်တို့ တွေ့နေကြားနေရတဲ့ ‘ယုံတမ်းစကားတွေပါကွာ။ ဇာတ်နာအောင်ပြောနေတဲ့ စကားတွေပါကွာ’ ဆိုတဲ့ စကားတွေက တချို့လူတွေရဲ့ရင်ထဲက မေတ္တာငတ်ပြီး အန်ကျလာတဲ့ ရင်ဖွင့်သံတွေ။ ကြေကွဲသံစဉ်တွေ၊ ကျွန်တော်တို့တွေ ကိုယ်တိုင်ခံစားနိုင်ခဲ့ရင်တောင် မခံစားနိုင်တဲ့အဖြစ်အပျက်တွေ၊ ချစ်ခြင်းမေတ္တာသည် ခံစားလို့မဝနိုင်တဲ့ အေးမြတဲ့ဗြဟ္မစိုရ်တရား တစ်ပါးမဟုတ်လား။ ဖိုးလမင်းကြီးဆီက ထမင်းဆီဆမ်း ရွှေလင်းပန်တောင်းသလိုမျိုး ညအိပ်ရာဝင်ချိန်တွေမှာ လက်ဖြန့်တောင်းခံချင်မိတယ်။

သားချော့တေးသံတွေ၊ အိပ်ယာဝင်တေး တွေ၊ အဘွားရဲ့ပါးစပ်ရာဇဝင်တွေနဲ့ ပုံပြင်တွေ။ ပြန်မရနိုင်တဲ့ငယ်အိပ်မက်တွေ၊ ချစ်ခြင်းရဲ့ဖြူစင်တဲ့ အနှစ်သာရတွေ၊ တွေးလိုက်တိုင်း ရင်ထဲသိမ့်သိမ့်တုန်သွားရတယ်။ ရုရှားစာရေးဆရာကြီး မီခယ်ဆိုလိုကော့ခ်ရဲ့ နာမည်ကြီးဝတ္ထုရှည် တသိမ့်သိမ့်ဒွန်ထဲက အိမ်ပေါ်က ဆင်းသွားတဲ့ သားငယ်ဂရီဂိုကို ဖခင်ကြီး ပင်တာလီမွန် စိတ်ပူနေသလိုမျိုး ဖြူစင်တဲ့ ချစ်ခြင်းမေတ္တာအရင်းခံနားလည်းမှုတွေနဲ့ စိုးရိမ်မှုတွေ ခံစားကြခဲ့ရတယ်။ အလုပ်က အဖေပြန်လာချိန် ပါလာမဲ့မုန့်ထုပ်လေးတွေကို တံခါးဝမှာ စောင့်မျှော်နေတဲ့မြင်ကွင်းတွေ။ ချစ်ခြင်းမေတ္တာဆိုတာ ငွေကြေးထက် စိတ်ချမ်းသာမှုနဲ့ စိတ်ခံစားမှုကို အလေးပေးတယ်မဟုတ်လား။ ချစ်ခြင်းမေတ္တာထုံးလွှမ်းထားတဲ့ နေ့ရက်တွေက ပျော်ရွှင်ဖွယ်အတိ၊ ချစ်ခြင်းမေတ္တာပြည့်နေတဲ့နေအိမ်က ရယ်မောသံတွေအတိ၊ ချစ်ခြင်းမေတ္တာနဲ့ ကြီးပြင်းလာတဲ့ ကလေးငယ်လေးတွေက ကိုယ်ချင်းစာနာစိတ်ပြည့်ဝနေတတ်ကြတယ်။ ငိုသံနဲ့အစပြုတဲ့ ဘဝတွေမှာ ချစ်ခြင်းမေတ္တာတွေဆိုတာ အငိုမျက်ရည်တွေတိတ်စေတဲ့ လက်တစုံပမာ၊  ဘဝတစ်ခုလုံးကို အပြုံးတွေနဲ့ သယ်ဆောင်သွားတတ်ကြတယ်။

(ဂ)

မိုးသားထဲ လွှတ်တင်လိုက်တဲ့ လေပူဖောင်းတွေထဲ ဟိုက်ဒရိုဂျင်ဓာတ်ငွေ့တွေ အပြည့်၊ အောက်ကနေလွှတ်တင်လိုက်တဲ့ ကလေးငယ်လေးရဲ့ရင်ထဲတွင် ပျော်ရွှင်မှုအပြည့်၊ အမြင့်တစ်နေရာသို့ ထိုးတက်သွားတဲ့ လေပူဖောင်းကြီးကို ကြည့်ပြီးပျော်နေပုံရတဲ့ ကလေးငယ်လေးရဲ့ ပျော်ရွှင်မှုကို ပြတင်း ပေါက်ကနေ လှမ်းကြည့်ရင် မြင်နေတယ်။ အဲဒီလိုပျော်ရွှင်မှုမျိုး ရင်ထဲရောက်လာတယ်ထင်တယ်။ ဘာမှလိုချင်မှုမရှိတဲ့ ပျော်ရွှင်မှုမျိုး၊ တဖန်ပြန်ခံစားရတယ်။ ပိုင်ဆိုင်မှုတွေအားလုံးလွှတ်ချလိုက်တဲ့ ပျော်ရွှင်မှုမျိုးနဲ့ ကလေးငယ်လေးရဲ့ မိုးပုံပူးဖောင်းကြိုးကိုဆွဲထားတဲ့ ခံစားချက်မျိုးက ထပ်တူကျလောက်တယ်။  လောကဓံဆိုတာက အသက်အရွယ်အချိန်အခါနဲ့လိုက်ပြီး သေးသေးကြီးကြီးဖြစ်နေတတ်သော်လည်း ရင်ထဲမှာတော့ ဝေဒနာအတူတလို့ မှတ်ယူမိတယ်။

နေသာပြီး ရာသီဥတုသာယာတဲ့နေ့တွေဆို ထိုင်ခုံပေါ်ထိုင်ပြီး ပြတင်းပေါက်ကနေ ကွင်းပြင်ကြီးကို လှမ်းကြည့်နေတတ်တယ်။ အုတ်တံတိုင်းရဲ့တစ်ဖက်ခြမ်းမှာရှိတဲ့ ကွင်းပြင်ကြီးထဲ ကလေးတွေကစားနေတာကို တွေ့ရတတ်တယ်။ အခုလို ရာသီသာယာပြီး လေတိုက်တဲ့ မိုးနှောင်းရာသီဆို ကလေးလေးတွေဟာ စွန်လွှတ်တတ်ကြတယ်။ စွန်မလွှတ်တတ်တဲ့ ကလေးငယ်လေးတွေက မိုးပျံပူးဖောင်းတွေယူလာပြီး လွှတ်တတ်ကြတယ်။ ထိုအရာလေးတွေ မိုးပေါ်ပျံတက်သွားတိုင်း ကလေးလေးတွေရဲ့ ပျော်ရွှင်မြူးတူးသံကို ကြားရတယ်။ အဘိုးရဲ့လက်ဆွဲနှုတ်ဆက်သံနဲ့ သားသမီးတွေရဲ့ပျော်ရွှင်မြူးတူးသံ။ ဒါတွေဟာ ပြန်မရတော့တဲ့ အတိတ်ရဲ့အရိပ်လို ပုံရိပ်တစ်ခု၊ ပြန်လိုချင်မိတဲ့ အခိုက်အတန့်လေးတွေ ဖြစ်နေတယ်။

ရေဒီယိုထဲက ထွက်လာတဲ့သံစဉ်တွေကြားမှာ အိမ်လွမ်းသံစဉ်တွေ ပါလာတယ်။ အိမ်ကိုမရောက်နိုင်သူတစ်ယောက်ရဲ့ အတွေးတွေနဲ့၊ အဖော်မဲ့သူရဲ့အတွေးတွေနဲ့ ဝေ၀ါးနေဆဲ။ မိုးသားဟာ ပြိုမယောင်ယောင် ဖြစ်နေတဲ့အချိန်မှာ စိတ်အစဉ်ဟာ နောက်ကြောင်းပြန်ပြနေတဲ့ ဇာတ်ကွက်တွေကို ထုတ် ပြနေတတ်တယ်။ ရှေးရှေးတုန်းကလို အစချီရမဲ့ ဇာတ်လမ်းတွေက ဒီလိုပါလို့ ပြန်ပြောရမှာ ဖြစ်သလိုအဖြစ်တွေ။ အိမ်အိုကြီးထဲ အဘိုးရယ်၊ အဘွားရယ်၊ ကျွန်တော်ရယ်၊ ကြောင်အိုကြီးရယ်။ ဆည်းလည်းသံတွေနဲ့။ လေဖြတ် ထားတဲ့အဘိုးရဲ့ ရှေ့နောက်စီစဉ်မကျနေတဲ့ စကားသံတွေကို အဓိပ္ပာယ်နားလည်းအောင် ဖော်ယူရတာကိုက အလုပ်ကအပြန် ပျော်စရာအချိန်တွေ။ အဘွားရဲ့ ဆားနဲ့သကြားမှား ထည့်မိတဲ့ဟင်းခွက်တွေကိုက အရသာရှိတဲ့ ညစာတွေ။ ဒါတွေဟာ ယခုမှပြန်ပြီး ဖြစ်ပျက်နေသလို စိတ်ထဲပြန်ပေါ်လာတယ်။ အိမ်လွမ်းသူဟာ တွေဝေဆွေးနေဆဲ။

ချစ်ခြင်းမေတ္တာအကြောင်း ကျွန်တော်တို့တတွေ ပြောကြတဲ့အခါ စိတ်ကို အဖြူစင်ဆုံးထားတာကြရတယ်။ လိုချင်တပ်မက်မှုနဲ့ တွယ်တာမှု ရှင်းထားကြတယ်။ မိဘတွေရဲ့ ချစ်ခြင်းနဲ့ အဘိုးအဘွားတွေရဲ့ အေးမြမှုကို တော့ ရှောင်ဖယ်လို့မရတဲ့ မေတ္တာတွေထဲ ထည့်သီထားကြရတယ်။ မိတဆိုးကျွန်တော်ဟာ အဘွားရဲ့အရိပ်မှာ အဘိုးရဲ့သွန်သင်မှုနဲ့ကြီးပြင်းခဲ့ရတယ်။ ပင်ကိုက ကြောက်စိတ်နဲ့ အားနာစိတ်ရှိတဲ့ ကျွန်တော်ဟာ အပေါင်း အဖော်တွေမရှိဘူး။ သူငယ်ချင်းတွေအတွက် ကျွန်တော်ဆိုတာ လိုအပ်တဲ့အခါမှခေါ်ကြတဲ့ မရှိသုံးတစ်ယောက်ပမာ ကျွန်တော်ဟာ အပေါင်းအဖော်တွေအတွက် မှတ်မှတ်ရရစွဲ ထင်နေခဲ့ရသူမဟုတ်ဘူး။ အမြဲသတိရနေရမဲ့သူမျိုး မဖြစ်ခဲ့ဘူး။ စကားနည်းပြီး အမှန်တွေပဲ ပြောတတ်တဲ့ ကျွန်တော်ဟာ အချိန်တစ်ခုကြာ လာတဲ့အခါ လူတွေကြားကနေ ပျောက်ကွယ်သွားတဲ့သူတစ်ယောက်ဖြစ်လာတယ်။ အပေါင်းအဖော်ဆိုတာက စိတ်အဆာပြေ စကားစမြည်းအတွက် လိုအပ်တဲ့အရာ မဟုတ်လား။ အဲဒီလိုနဲ့ ကျွန်တော်ဟာ စိတ်ဓာတ်တွေ ကျလာတတ်တယ်။ နဂိုကတည်းက တစ်ဦးတည်း သီးသန့်နေတတ်တဲ့ ကျွန်တော်ဟာ ပိုပြီး အထီးကျန်ဆန်လာတယ်။ ဒါပေမဲ့ မသိစိတ်ထဲမှာတော့ ပိုပြီးအပေါင်းအဖော်တွေကို မက်မောလာတတ်တယ်။ ပိုပြီး ပူလောင်လာတတ်တယ်။ ချစ်ခြင်းမေတ္တာမှာ မက်မောမှုပါလာရင် ပူလောင်တတ်တယ်ဆိုတဲ့အကြောင်း ကျွန်တော်သတိမထားမိဘဲ စွဲလန်းတတ်လာခဲ့တယ်။ ကျွန်တော်ဟာ လွှတ်ချလိုက်ရမဲ့အရာတွေကို မသိစိတ်က ဖက်တွယ်မိနေခဲ့တယ်။

(ဃ)

တချို့အကြောင်းအရာတွေပြောကြတဲ့ အခါ ကျွန်တော်တို့ဆီမှာ ခံစားတတ်တဲ့ နှလုံးသားတွေလိုတယ်။ ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံတွေ လိုတယ်။ နာကျင်မှုတွေလိုတယ်။ အဲဒီလိုနဲ့ ကျွန်တော်ဟာ အဘိုးအဘွားအိမ်အရိပ်ကနေထွက်ပြီး ကမ္ဘာမြေကြီးပေါ်ထွက်လာခဲ့တယ်။ မြင််ကွင်းကျယ်ကျယ်ကို တွေ့ရသော်လည်း ဖွင့်ထားတဲ့မျက်လုံးအစုံမရှိတဲ့အခါ အမှောင်တွေကိုသာ မြင်နေသလိုပါပဲ။ ကျွန်တော်ဟာ ကမ္ဘာကြီးဆီထွက်ပြီး ချစ်ခြင်းမေတ္တာတွေကို အာသာငမ်းငမ်းဖွေရှာနေတဲ့ ငှက်တစ်ကောင်ဖြစ်ပေမဲ့ ကျွန်တော့်အမြင်အာရုံတွေက ကျဉ်းမြောင်းနေသယောင်၊ အမှောင်တွေ ကွယ်နေသလိုပင်၊ မြင်ရတဲ့အရာတွေက အနုတ်လက္ခဏာတွေ။ ဝမ်းတစ်ထွာ အဆင်ပြေစေဖို့အတွက် စက်ရုံအလုပ်ရုံတွေထဲမှာ ရုန်းကန်ရင်း ကျွန်တော့်ဆီမှာ အပြုံးတွေ နည်းလာတယ်။ အလုပ်တွေထဲမှာ ခေါင်းထိုးနစ်ရင်း ကျွန်တော့်ဆီမှာ အပေါင်းအသင်းတွေက အရင်ကထက် ရှားလာတယ်။ ငွေကြေးနောက်လိုက်နေရင်း ကျွန်တော့်ဆီမှာ ချစ်တတ်ဖို့ စိတ်နည်းလာတယ်။ ဒါပေမဲ့ ရင်ထဲမှာ အချစ်ခံချင်တဲ့ စိတ္တဇက ကြီးကြီးလာတယ်။ အပေါင်းအဖော်တွေနဲ့ ပျော်ပါးရယ်ရွှင်သူ တွေ့ရင် မနာလိုလာတယ်။

ဂရုစိုက်မှုသေးသေးလေးတစ်ခုက ချစ်ခြင်းမေတ္တာတရားကို ဖော်ပြတယ်ဆိုပါတော့ ကျွန်တော်ဟာ ထိုဂရုစိုက်မှုတွေကို အနီးအနားလူတွေဆီက လိုချင်နေကြတယ်။ ရှာဖွေနေကြတယ်။ ကျွန်တော်လည်း အပေါင်းအဖော်တွေဆီက လုပ်ဖော်ကိုင်ဖက်တွေဆီက ဂရုစိုက်မှု၊ အလေးထားမှုကို လိုချင်တဲ့အတွက်ကြောင့် အေးမြတဲ့အဘိုးအဘွားအိမ်ကနေ ကမ္ဘာမြေပေါ်ထွက်လာခဲ့တာ အခုဆို အိမ်နဲ့ တော်တော်ဝေးဝေး ကိုရောက်နေခဲ့ပြီ။ ထွက်လာပြီးကတည်းက အိမ်ကိုပြန်မရောက်တော့ဘူး။ မပြန်ဖြစ်တော့ဘူး။ ရှာဖွေနေတဲ့ ချစ်ခြင်းမေတ္တာကို ရှာဖွေနေရင်း အနီးအနားက အရာရာပေးစွမ်းနေတဲ့ အေးမြမှုကြီးကို ကျွန်တော် မေ့သွားတယ်။ ကိုယ်ကိုယ့်ကို ဂရုစိုက်ဖို့ မေ့သွားတယ်။ အိမ်နဲ့ အဝေးရောက်နေသူ ကျွန်တော်ဟာ မုတ်ဆိတ်ကျင်စွယ်နဲ့ ဆံရှည်ရှည်နဲ့ ကိုယ့်ကိုယ်ကို မေ့နေတဲ့သူတစ်ယောက်ဖြစ်နေတယ်။ မေ့လျော့နေတဲ့တရားတွေထဲမှာ ဗြဟ္မာစိုရ်တရားလေးပါးပါတယ်။ ပြင်ဆင်ရမယ့် အကြောင်းမေ့လျော့ပြီး ထပ်တလဲလဲမှားနေမိတဲ့ စိတ်အတွေးတွေဟာ ဒီရေယာဉ်ကြောထဲမှာ မျောနေရင် မျောနေတယ်။

ကောင်းကင်ပြင်ထဲ လွှတ်တင်လိုက်တဲ့ လေတံခွန်တွေလို အမြင့်ကို တက်သွားလေ ပျော်လေဆိုတဲ့ ခံစားမှုမျိုးက ငယ်စဉ်ကသာ ခံစားရတဲ့စိတ်ခံစားမှု၊ အဘိုးလုပ်ပေးတဲ့ လေတံခွန်တွေ၊ အဘွားဝယ်ပေးတဲ့ လေပူဖောင်းတွေလိုသာ၊ ချစ်ခြင်းမေတ္တာရဲ့ အေးချမ်းမှုအစစ်ဟာ လွှတ်ချလိုက်မှ ခံစားရတတ်မှန်း မေ့နေခဲ့တယ်။ လေတံခွန်တွေကို ကြိုးစလေးတွေနဲ့ ဆွဲထားမိခဲ့တယ်။ လေစီးကြောင်းထဲမှာ မျောလွင့်နေတဲ့ အချိန်တွေတောင် ဆွဲထားမိတဲ့ အဖြစ်အပျက်တွေ၊ မလွှတ်ချင်တဲ့ အခိုက်အတန့်တွေ။ လွှတ်မချနိုင်တဲ့အခါ ဆွဲမှန်းမသိ ဆွဲထားခဲ့တဲ့ ချစ်ခြင်းတွေဟာ ကြီးမားတဲ့အတ္တတွေနဲ့ ပွန်းရာပဲ့ရာတွေဖြစ်ပြီး ပူလောင်မှန်း မသိပူလောင်လာတယ်။ ချစ်ခြင်းမေတ္တာဟာ ကြိုးဆွဲထားတဲ့ လေတံခွန်တွေလို လွှတ်ရတဲ့အချိန်မသိဘဲ ဆွဲထားမိရင် သူတင်းကိုယ်တင်းနဲ့ ပြတ်ကျသွားတတ်သလိုပဲ။

(င)

ထိုင်နေတဲ့ပြတင်းပေါက်လေးကနေ ကွင်းပြင်ကျယ်ကြီးကို မြင်ရတယ်။ ကလေးတွေ စွန်လွှတ်နေတာကို တွေ့ရတယ်။ ကြာပြီ။ ဒီမြင်ကွင်းက မိုးနှောင်းရာသီရောက်တိုင်း ဒီကွင်းပြင်ကျယ်ကြီးထဲမှာ ကလေးတွေ စွန် လွှတ်ကြတယ်။ လေပူဖောင်းတွေ လွှတ်ကြတယ်။ ဒီပြတင်းပေါက်ကနေ ငေးကြည့်ရင် မြင်ရတဲ့အလှဆုံးပုံရိပ်က ဒီလိုမိုးနှောင်းရာသီရဲ့ညနေခင်းပဲ။ ဒီပြန်လည်ထူထောင်စခန်းမှာ ကျွန်တော်ဟာအတော်ကြာအောင် မူးယစ် ဆေးဖြတ်နေမိတော့တယ်။ သွေးကြောထဲကနေ အကြိမ်ကြိမ် ယင်းထလာတိုင်း လိုချင်တပ်မက်မှုတွေက မူးယစ်ဆေးလား၊ ချစ်ခြင်းမေတ္တာလား ခွဲခြားလို့မရနိုင်ခဲ့ဘူး။

ရေဒီယိုကပျံ့လာတဲ့ သီချင်းသံစဉ်တွေ မှာ Wanted အဖွဲ့ရဲ့ အိမ်ပြေးသီချင်းသံကို ကြားရတယ်။ ကမ္ဘာကြီးကိုမြင်တွေ့ချင်စိတ်နဲ့ ခေါင်းထိုးတိုးဝင်ခဲ့တဲ့ အမှောင်ထုထဲ ကျွန်တော်ပြန်ပြေးထွက်ချင်နေမိတယ်။ အဲဒီအမှောင်ထုဆီမှာက ကျွန်တော်လိုချင်တဲ့ ချစ်ခြင်းမေတ္တာတရားတွေကို စိတ်ကြိုက်ဖန်တီးခွင့်ရတယ်။ စမ်းချောင်းလေးတွေ ဖန်တီးခွင့်ရတယ်။ နေပျော်တဲ့အသိုက်အဝန်းနဲ့ အဖော်အပေါင်းတွေရှိတယ်။ ဖန်တီးထားတဲ့အိမ်ကလေးဆိုတာ စိတ်ကူးထဲက အတွေးချောင်ကလေးတစ်ခုမှာ မှေးနေတဲ့ချိန်ပဲရမယ်။ ခုတော့ ထူထောင်ရေးစခန်းရဲ့ အခန်းငယ်လေးတစ်ခုကနေ ချစ်ခြင်းမေတ္တာတွေခံစားဖို့အတွက် အိမ်ကိုလွမ်းတယ်။ အဘိုးကိုလွမ်းတယ်။ အဘွားကိုလွမ်းတယ်။ ခြေထောက်တစ်ဖက်ဆာနေတဲ့ ကြောင်အိုကြီးကို လွမ်းတယ်။

နေ့ရက်တွေထဲ ရေတွက်ခဲ့တဲ့ အချိန်ကာလတွေ။ သံယောဇဉ်တွေ။ သတိရနေခွင့်တွေ။ ဒီအချိန်ပျောက်ကွယ်ခွင့်ရရင် ကိုယ့်ကိုသတိရနေသူဟာ ဘယ်သူတွေလဲ။ မိုးသားထဲလွှတ်တင်နေတဲ့ လေပူဖောင်းတွေလို၊ လေတံခွန်တွေလို၊ လေစီးကြောင်းထဲရောက်နေတာတောင် ဆွဲထားတဲ့ကြိုးတွေက တင်းနေမှာစိုးတယ်။ (ကျွန်တော့်ရဲ့အတ္တတွေ မပြတ်ဘဲတင်းနေမှာစိုးတယ်) ချစ်ခြင်းမေတ္တာတွေ၊ ခံစားခွင့်တွေ၊ ထူထောင်ရေးစခန်းရဲ့ အခန်းငယ်လေးထဲက မြင်နေရတဲ့ ကွင်းပြင်ကျယ်ကြီးရယ်။ ပျောက်ကွယ်ခွင့်ရယ်။ မိုးသားပြာလဲ့လဲ့ထဲပျံတက်ပျောက်ကွယ်သွားတဲ့ လေတံခွန်လေးတွေရယ်။