အာဆင်နယ်အသင်းခေါင်းဆောင်သစ်ကို တရားဝင်မခန့်အပ်ဘဲ အလှည့်ကျစနစ်ဖြင့် သွားဖွယ်ရှိဟု အာတီတာ ဖွင့်ဟ

အာဆင်နယ်အသင်းခေါင်းဆောင်သစ်ကို တရားဝင်မခန့်အပ်ဘဲ အလှည့်ကျစနစ်ဖြင့် သွားဖွယ်ရှိဟု အာတီတာ ဖွင့်ဟ
Photo: Getty Images
Photo: Getty Images
Published 16 December 2021

စည်းကမ်းပိုင်းချိုးဖောက်မှုကြောင့် အူဘာမီယန်းအား အသင်းခေါင်းဆောင်ရာထူးမှ ရုပ်သိမ်းပြီးနောက် အာဆင်နယ်အသင်းအနေဖြင့် အသင်းခေါင်းဆောင်သစ်ကို လတ်တလော ခန့်အပ်သွားဖွယ်မရှိကြောင်း နည်းပြအာတီတာက ဝက်စ်ဟမ်းနှင့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

အာတီတာက အသင်းကို ဦးဆောင်နိုင်သည့် ကစားသမားအစုအဖွဲ့ရှိသည်ဟု ဆိုခဲ့ပြီး အသင်းခေါင်းဆောင်ရာထူးကို အလှည့်ကျပေးသွားဖွယ်ရှိသည်ဟု ဗြိတိန်မီဒီယာများက သုံးသပ်ရေးသားခဲ့သည်။

"ကျွန်တော်တို့မှာ အသင်းကို ကောင်းကောင်းဦးဆောင်နိုင်တဲ့ အစုအဖွဲ့ရှိပါတယ်။ နောက်ဆုံးကစားတဲ့ပွဲ(ဆောက်သမ်တန်ပွဲကို ဆိုလို)မှာ လာကာ (လာကာဇက်)က အသင်းခေါင်းဆောင်ဖြစ်ခဲ့တယ်။ ချာကာကလည်း ဒီလိုဦးဆောင်နိုင်တဲ့သူပါ။ သိသာမြင်လွယ်တာက အခုအခိုက်အတန့်ဟာ မကောင်းတဲ့အခြေအနေတစ်ခုမှာ ရောက်နေပါပြီ။ ဘယ်ဆုံးဖြတ်ချက်ကိုမှ အပူတပြင်းချမှတ်သွားမှာ မဟုတ်ပါဘူး" ဟု အာတီတာက ပြောကြားခဲ့သည်။

အာတီတာသည်  လာကာဇက်ကို ပထမဦးစားပေး၊ ချာကာကို ဒုတိယဦးစာပေး၊ ဟိုးလ်ဒင်းကို တတိယဦးစားပေးအဖြစ် ရွေးချယ်ထားသည်ဟု မီဒီယာအချို့က ရေးသားခဲ့သည်။

အာဆင်နယ်အသင်းတွင် နောက်ဆုံး ၁၄ နှစ်အတွင်း အသင်းခေါင်းဆောင် ၁၁ ဦးရှိခဲ့ပြီး ယင်းထဲတွင် နည်းပြ အာတီတာလည်း တစ်ဦးအပါအဝင်ဖြစ်ခဲ့သည်။

အူဘာမီယန်းသည် အာဆင်နယ်အသင်းခေါင်းဆောင်လက်ပတ်ကို ၂၀၁၉ ခုနှစ် နိုဝင်ဘာလက ရရှိထားခြင်းဖြစ်သည်။

Most Read

Most Recent