(၁)
တစ်ခါကတော့ စစ်ကိုင်းတောင်ရိုးက ရေရှားရပ်ဝန်းဒေသ ဖြစ်သည်။ တောင်ထိပ်သို့ မြစ်ရေတင်စီမံကိန်း မရောက်မီကာလများက မိုးရေကိုသာ အားကိုးအားထားပြုကြရသည်။ သို့ရကား စစ်ကိုင်းတောင်ထိပ်ရှိ ဘုန်းတော်ကြီးကျောင်း (ချောင်) အချို့၌ မိုးရေကို သိုလှောင်ဖို့ သောက်ရေကန်ကြီးများကို တူးကြရသည်။ ကန်ထဲကို မိုးရေသန့်သန့်ဝင်စေဖို့ အင်္ဂတေကိုင်ထားသည့် မိုးရေကျ ကွင်းပြင်ကျယ်ကြီးများလည်း ရှိသည်။
ကိုယ်တို့ နေထိုင်ခဲ့ရာချောင်က တိုက်ခွဲပေါင်း ခုနစ်တိုက်ရှိသည်မို့ ပရိသတ်ကလည်း များသည်။ သည်တော့ ချောင်နှင့်ဆက်စပ်ရာရာ ကုန်းမြင့်ဒေသနှင့် လျှိုကြားအရပ်တို့၌ တည်ထားသော မိုးရေလှောင်ကန်ကြီးများ သုံးလုံးတိတိ ရှိသည်။ ကန်ကြီးတစ်လုံးက ‘မဟာနန္ဒာ’ တဲ့။ မဟာနန္ဒာ အမည်ပေးရလောက်အောင်လည်း ကန်ကြီး၏ ရေကျလွင်ပြင်က ဘောလုံးကွင်း တစ်ကွင်းနီးပါးမျှ ကျယ်ဝန်းသည်။ မိုးတွင်းကာလ နေ့ရက်များ၌ ကန်ရေကျလွင်ပြင်ထဲကို ဆိတ်များ ဆင်းလာပြီဆိုလျှင် ကိုယ်တို့ ကိုရင်ငယ်သုံးပါးက စာကျက် ရင်းတန်းလန်းပင်ဖြစ်သော်ငြား ဆိတ်ခြောက် ဆိတ်မောင်းဖို့ ပြေးကြရစမြဲ။
“ကန်ကြီးပေါ် ဆိတ်တွေရောက်နေသတဲ့ဟ၊ ကိုရင်လေးတွေ တက်မောင်းလိုက်ကြဦး”ဆို ကိုယ်တို့ပြေးပြီ။ အပေါ်ရောက်တော့ ရေကန်ကြီးထိပ်ပိုင်းရှိ သမုန်းပင်ပတ်လည်မှာ တွေ့ရသော ဆိတ်အုပ်ကို ‘ဟူးဟူး ဟေးဟေး’ ညာသံပေး၍ ခြောက်ကြလှန့်ကြသည်။ ပြီးလျှင် အခွင့်အရေးကို ဦးစားပေးသည့်အနေဖြင့် ထင်းခွေလမ်းအတိုင်း သုံးထပ်ကန်ဘက်ကို ဆက်တက်သွားကြသည်။
(၂)
သုံးထပ်ကန်မှာ စားသောက်ဆိုင်များသာမက ကိုအောင်သန်းတို့ ညီအစ်ကိုများ ဖွင့်ထားသည့် ‘အောင်သပြေ’ ဓာတ်ပုံဆိုင်လည်း ရှိသည်။ သည်တော့ သုံးထပ်ကန်က လူစည်ကားသည်။ ကိုအောင်သန်းတို့ ဆိုင်က ‘အကိုင်း’ တိပ်ရီကော်ဒါကြီးဖြင့် သီချင်းတွေကို အကျယ်ကြီးဖွင့်ထားလေ့ရှိသည်။ ခေတ်က ဂျင်မီဂျက်တို့ စိုးပိုင်တို့ခေတ်။
သုံးထပ်ကန်ကို ရောက်ပြီဆို ကိုယ်တို့က ကိုအောင်သန်းတို့ ဓာတ်ပုံကူးခန်းထဲကို ဝင်ကြသည်။ သုံးထပ်သား များ ကာရံထားသော အခန်းငယ်လေးထဲကို ကိုယ်တို့ရောက်သွားချိန်၌ သူတို့က အလုပ်များနေကြသည်။ အလုပ်များသော်လည်း သည်အရှုပ်တွေကို မောင်းမထုတ်။ ကိုရင်လေးတွေဆိုပြီး ခွင့် လွှတ်ထားကြဟန်တူသည်။ ဓာတ်ပုံကိစ္စဖြင့် သူတို့တွေ အရေးတကြီးဖြစ်နေသည့်အဖြစ်ကို ကိုယ်တို့က နားမလည်။ ထိုအခန်းကို ‘အမှောင်ခန်း’ ဟုလည်း မသိသေး။ ရိုက်လာသောဖလင်ကို ထုတ်ပြီး ထိုအခန်းထဲမှာ ဆေးကြ ကူးကြသည်ကို ငေးကြသည်။
အထက်ထောင့်မှာ ဖလင်ကို နေရာချထား၊ ပုံကူးစက္ကူကိုခံကာ မီးခလုတ်ကို ဖွင့်လိုက်ပြီးနောက် ထိုစက္ကူကို ဆေးရည်စိမ်ထားသည့် ခွက်ထဲထည့်သည်။ စက္ကန့်ပိုင်းမျှအကြာ၌ ဇာဂနာဖြင့်ညှပ်ပြီး ဘယ်ပြန်ညာပြန် အ ထက်အောက် လှန်ပေးသည်။ မျက်စိအောက်မှာပင် စက္ကူဖြူဖြူ၌ ပုံရိပ်က တစ်စတစ်စထင်လာသည်။ အဆုံး၌ လူရုပ်ပုံက ထင်ထင်ရှားရှားကြီး ပေါ်လာတော့သည်။ ပြီးလျှင် ဓာတ်ပုံကို နေပြ၊ အခြောက်ခံ၊ ပြန်ဖိ။ ဒီလောက်ဆို ဓာတ်ပုံတစ်ပုံဖြစ်ပြီ။ ပြန်တွေး၍ ရသလောက်ကို ပြောပြခြင်းပေမို့ အလွဲအချော် ရှိကောင်း ရှိနိုင်ပါသည်။
စစ်ကိုင်းတောင်ကို ရောက်လာသည့် ဘုရားဖူးအများစုက သုံးထပ်ကန်စခန်း၌ ခေတ္တအနားယူကာ ဓာတ်ပုံရိုက်ကြသည်။ ဥမင်ကိုးဆယ်ဘုရားနောက်ခံဖြင့် ရိုက်ကြသူများရှိသလို သုံးထပ်ကန်ထဲဝင်ပြီး ရိုက်ကြသူ များလည်း ရှိသည်။ အချို့ကလည်း တရုတ် စံကားပွင့်ကြွေကို နားမှာပန်လျက် တရုတ်စံကားပင်နောက်ခံဖြင့် ရိုက်ကြသည်။ စစ်ကိုင်းတောင်နောက်ခံဖြင့် ရုပ်ရှင်ဇာတ်ကားများ လာရိုက်ကူးကြသည့် မင်းသားမင်းသမီးတို့၏ ဓာတ်ပုံများကို ရှိုးကေ့စ်များဖြင့် အလှပြထားသည်။ ထိုပုံများ၏ထိပ်၌ စာတန်းတစ်ခုကိုလည်း ထင်းနေအောင် ရေးထားသည်။ ‘ဆယ့်ငါးမိနစ် အမြန်’ တဲ့။
ရုပ်ရှင်မင်းသမီးများကလှသော်လည်း ဘုရားဖူးမမများက ရွက်ကြမ်းရေကျိုမျှသာ။ ရံခါ ကံထူးသူတစ်ဦးစ နှစ်ဦးစ ပါလာတတ်သော်လည်း အများစုကတော့ သူလိုကိုယ်လိုတွေသာ။ မင်းသမီးများလို မလှပသော်ငြား မမတို့လည်း ဓာတ်ပုံရိုက်ကြသည်။ အိုက်တင် အမျိုးမျိုးပေး၍ ရိုက်ကြသည်။ တောင်ပေါ်ဘုရားများကို ဖူးမြော်ပြီးချိန်၌ သူတို့ပုံများကို သည်စခန်းမှာ လာရွေးကြသည်။ ‘ဆယ့်ငါး မိနစ်အမြန်’ ဆိုသော်လည်း နာရီဝက်မက ကြာချင်ကြာတတ်သည်။ ပုံလာရွေးသူအများ စုက ဓာတ်ပုံဆိုင်နှင့် မနီးမဝေးရှိ စိန်ပန်းပင် ပုလေးအောက်က အုတ်ခုံထက်မှာ စကားတပြောပြောဖြင့် စောင့်နေတတ်ကြသည်။
ထိုစဉ်က သုံးထပ်ကန်မှာ ‘အောင်သပြေ’ ရှိ၍ ဆွမ်းဦးပုညရှင်မှာ ‘မလိခ’ ရှိသည်။ ၀ိဇ္ဇာဓိုရ်နှင့် လွမ်းစေတီဘက်မှာလည်း ဓာတ်ပုံဆိုင်တွေ ရှိသေးသည်။ သမ္ဗုဒ္ဓေတို့၊ မန္တလေးတောင်တို့ကို ဘုရားဖူးရောက်ကာမှသာ စေတီပုထိုးတိုင်းလိုလိုမှာ ဓာတ်ပုံဆိုင်များရှိနေကြောင်း သိလာရသည်။ အားလုံးကလည်း ‘ဆယ့်ငါး မိနစ်အမြန်’ ဆိုကြသည်ချည်း။ သို့သော် ဘယ်ဓာတ်ပုံဆိုင်မှာမှ ဆယ့်ငါးမိနစ်လောက်နှင့် အမြန်ရသည်မရှိခဲ့။ ခေတ်က အဖြူအမည်းခေတ်။
နောက်တော့ ကာလာဓာတ်ပုံခေတ်ကို ရောက်လာသည်။ ဘုရားဖူးရောက်လာသူ တိုင်းလိုလိုက အမှတ်တရအဖြစ် အနည်းဆုံးဓာတ်ပုံတစ်ပုံတော့ ရိုက်သွားတတ်ကြသည်။ ထိုစဉ်က ကိုယ်ပိုင်ကင်မရာကိုင်နိုင်သူ အရေအတွက်ကလည်း နည်းသေးသည်။ ကနဦး အစပိုင်းက စက်ပိုင်းဆိုင်ရာ အရည်အသွေး ညံ့ဖျင်းခြင်းကြောင့်လား၊ ကင်မရာမင်းတို့ဘက်က အလျင်စလို နိုင်မှုကြောင့်ပဲလား မသိ။ အမြန်ဓာတ်ပုံ အတော်များများက ပုံထွက်ညံ့ကြသည်။ ‘ရောင်စုံ ဓာတ်ပုံ’ အမည် တပ်ထားသော်လည်း တကယ်က အရောင်မစုံ။ ပုံအများစုမှာ မရမ်းရောင်နှင့် ပန်းရောင်တွေသာ လွှမ်းနေတတ်သည်။ အများစုက တော့ ပုံကိုမကြိုက်လှသော်လည်း ‘အမှတ်တရပေါ့လေ’ ဆိုပြီး ကျေနပ်လိုက်ကြသည်သာ။
ကိုယ်ငယ်စဉ်က ဓာတ်ပုံရိုက်တာ ၀ါသနာပါသည်။ ဘုရားကြိုဘုရားကြား၊ နေဝင်ချိန် နောက်ခံ စသည်ဖြင့် ရိုက်ချင်ပြီဆိုလျှင် အနောက်တောင်မှာနေသည့် ‘နန်းသဇင်’ ကိုစိုးဝင်းကို လှမ်းခေါ်သည်။ သူကလည်း မညည်း မညူ လိုက်ရိုက်ပေးသည်။ လသာတစ်ည၌ သူ့ကို လှမ်းခေါ်ပြီး ညရှုခင်းပုံ ရိုက်ချင်သည် ပြောမိတော့ သူက လူတစ်ရပ် နီးပါးရှိသည့် ကင်မရာ ဒေါက် (Tripod) ကိုပါ သယ်လာသည်။ ‘ဒါကြီးက ဘာအတွက်လဲ’ မေးမိတော့ ‘ကင်မရာ ငြိမ်အောင်လို့’ ဟု ဆိုသည်။ မြင်ကွင်းထဲမှာတော့ ထိန်ထိန်သာနေသော လရောင်က ဧရာဝတီမြစ်ပေါ်မှာ ရွှေရောင်ဖိတ်ဖိတ် အရိပ်ထင်လို့။ စေတီပုထိုးများကလည်း ညထဲမှာ ရိုးတိုးရိပ်တိပ်ဟန်ဖြင့် အသရေတင့်လို့။ ညက အလှကြီး လှနေသည်။ မျက်စိဖြင့် မြင်ရသည့်အလှက ပုံထဲမှာလည်း ထိုအတိုင်းပေါ် လာလိမ့်မည်ဟု ကိုယ်ကထင်ထားသည်။
တကယ်တော့ ထိုသို့မဟုတ်။ ‘ညမြင်ကွင်းကို ကင်မရာက အကုန်လိုက်မဖတ်နိုင်ဘူး’ ဟု သူက ဆိုသည်။ ကိုယ်လိုချင်သည့် ဟန်ကိုပြောပြီး အုတ်ထိုင်ခုံစောင်း၌ ကိုယ်တစောင်းထိုင်လိုက်သည်။ ‘လှုပ်ရင်တော့ ပုံထဲမှာ လှိုင်းတွေ ထမှာနော်’ ဆိုသဖြင့် အသာလေးငြိမ်နေရသည်။ အလင်းရောင်များကို အတိအကျဖတ်နိုင်ဖို့ ကင်မရာကို အကြာကြီး ချိန်ထားသည်။ ဒေါက်တိုင်ထက်မှ ကင်မရာက သူ့အလုပ်သူလုပ်နေစဉ် သူက မလှမ်း မကမ်းမှာ လာရပ်ပြီး Flash ဖြင့် အလင်းတစ်ချက် လှမ်းပေးသည်။ နေ့ခင်းနေ့လည်မှာ ရိုက်သလို ‘ဖျပ်’ ခနဲ ခလုတ်နှိပ်ရုံဖြင့် ပြီးမည်ထင်ခဲ့သော်လည်း အဖြစ်က ထိုသို့မဟုတ်။ သူ့ပညာဖြင့် မည်သို့လုပ်လိုက်သည်မသိ။ ဓာတ်ပုံထွက်လာချိန်မှာ သိပ်မဆိုးလှသော ပုံတစ်ပုံကို ရလိုက်သည်။
အရွယ်ကလေး ရလာချိန်မှာတော့ Nikon ကင်မရာလေးတစ်လုံး ဝယ်ဖြစ်သွားသည်။ အသစ်တော့ မဟုတ်၊ တစ်ပတ်ရစ်။ ထိုတစ်ပတ်ရစ်သည်ပင် ကိုယ့်အတွက်တော့ အဖိုးသားနား ကြီးမားနေသေးသည်။ ကင်မရာလေး လက်ထဲရောက်လာတော့ ဖလင်ထည့်သည့်ကိစ္စကို အရင်သင်ရသည်။ ဖလင်၏ ဘေးနှုတ်ခမ်းသားနေရာမှာ ပါသော လေးထောင့်ကွက် အပေါက်လေးများကို ကင်မရာထဲမှ ခွေးသွားစိပ်ဖြင့် ချိတ်ပြီး ကင်မရာခလုပ်ကို နှိပ်လိုက်တော့ ဖလင်က ငုတ်တိုင်မှာ တစ်ချက်ရစ်သွားသည်။ ဖလင်ရစ်မရစ်ကို လက်ကသိသည်။ ရစ်သွားပြီဆိုလျှင် အိုကေ။ ဒါဆို ရိုက်လို့ရပြီ။
တစ်ခါတစ်ခါ ဖလင်က မရစ်ဘဲ အံချော်နေခဲ့လျှင် ဖလင်ကိုပြန်ထုတ်ပြီး အသစ်ပြန်စရသည်။ ထိုအခါမျိုး၌ ဖလင်ကို အလင်းမထိစေဖို့ စောင်ထူထူခြုံပြီး အမှောင်ခန်းတစ်ခုဖန်တီးကာ ဖလင်ပြန်ထည့်ရသည်။ ‘Light ဝင်သွားသည့် ဖလင်က ပုံရိပ်ကို မှတ်သားနိုင်စွမ်း မရှိတော့ပါ’ ဆိုသည့် အဓိပ္ပာယ်။
နောက်တော့ Canon အမျိုးအစား ကင်မရာကို မျက်စိကျလာသည်။ သည်တော့ လက်ရှိ Nikon ကို ပြန်ရောင်းလိုက်ရသည်။ ထိုကင်နွန်က ဂျပန်ပြည်တွင်းသုံးသီးသန့်။ ကိုယ်ထည်တစ်ခုလုံးကို ဂျပန်စာတွေချည်း ရေးထားသည်။ နောက်ပြီး ဓာတ်ခဲကလည်း သီးသန့်လာသည့်အမျိုး။ ကင်မရာလေး လက်ထဲရောက်လာချိန်က စလို့ လှုပ်လှုပ်ရှိ ဓာတ်ပုံရိုက်ဖို့ပဲ စိတ်ကူးနေတော့သည်။ ထိုစဉ်က မေမြို့မှာဆိုတော့ ပန်းပင်တွေနား ရစ်သီရစ် သီလုပ်ပြီး ရှုထောင့်စုံမှ ရိုက်သည်။ အနားကို လူတစ်ယောက် ရောက်လာလျှင် ‘ဓာတ်ပုံများ မရိုက်ချင်ဘူးလား’ မေးပြီး ရိုက်သည်။ ဖလင်တစ်လိပ် ကုန်ခါနီးပြီဆိုလျှင် ဖလင်ကို လက်စသတ်ချင်ဇောဖြင့် ကိုရင်လေးတွေကို တန်းစီခိုင်းပြီး အဆုံးသတ်လိုက်သည်။ ပြီးလျှင် ‘ချယ်ရီ’ ကို သွားကူးသည်။ ဖလင်တစ်လိပ်ကုန်တော့ နောက်တစ်လိပ် ထပ်ဝယ်သည်။ ‘ကိုယ်တော်ကတော့ ဒါနဲ့ပဲမွဲမှာပါ’ ဟု အချို့က ကောင်းချီးပြုကြသည်။
ဒစ်ဂျစ်တယ်ကင်မရာများ ပေါ်လာချိန်၌ ဖလင်ကင်မရာများ နိဂုံးချုပ်သွားသည်။ ဒစ်ဂျစ်တယ်ကင်မရာ၏ အားသာချက်က ဖလင်ကိုချွေတာနေစရာမလို။ နောက်ပြီး ကင်မရာကိုယ်နှိုက်က အလုပ်တွေအများကြီး လုပ်နိုင်စွမ်းသည်မို့ ကိုယ့်ဘက်က မြင်ကွင်းကို ဘောင်ခတ်တတ်ရုံလောက်ဆိုရပြီ။ မှန်ဘီလူး အကောင်းအညံ့ကိုလိုက်၍ ဓာတ်ပုံ အရည်အသွေးအနိမ့်အမြင့်တော့ ကွာခြားပါလိမ့်မည်။ ပြည်ပခရီးစဉ်တစ်ခုမှ အပြန်၌ Nikon ကင်မရာ အသစ်တစ်လုံးကို အမှတ်တရအဖြစ် ဝယ်လာခဲ့သည်။ အများကြီး ရိုက်ဖြစ်ခဲ့သော် လည်း ဖလင်ခေတ်ကလို ပုံတွေကို သိပ်မကူး ဖြစ်တော့။ စိတ်ကြိုက်ပုံအချို့ကို အွန်လိုင်းမှာ မျှဝေဖြစ်တာလောက်ပဲရှိသည်။ ခေတ်က Facebook ခေတ်။
(၃)
၁၇ ရာစုခေတ်ဦးပိုင်းမှစ၍ ဓာတ်ပုံပညာရပ်ဆိုင်ရာ သုတေသနများကို ပြုလုပ်ခဲ့ကြသည်။ ဂျိုဟန်အိတ်ရွှွတ်၊ (ဂျာမန်)၊ သောမတ်ဝက်ချ်ဝု၊ ဟန်ဖရီဒေဗီ (အင်္ဂလိပ်) စသူတို့လက်ထက်မှ စတင်ခြေရာခံမိသည့် ဓာတ်ပုံ ပညာသည် ဂျော့အီစမင်း (အမေရိကန်) တို့ လက်ထက်ရောက်သော် အဆများစွာ တိုး တက်ပြောင်းလဲလာခဲ့၏ဟု ဆိုသည်။ ခုတော့ ဓာတ်ပုံပညာက အစွမ်းကုန် ပွင့်လင်းတိုးတက်ခဲ့ပြီ ဖြစ်သည်။ လူတိုင်းဓာတ်ပုံဆရာ မဖြစ်နိုင်သော်လည်း လူတိုင်းလက်ထဲမှာတော့ ကင်မရာပါသော စမတ်ဖုန်းကိုယ်စီ ရှိနေခဲ့ပါပြီ။
လွန်ခဲ့သည့် သုံးနှစ်လောက်က ဧည့်မိသားစုနှင့်အတူ ကျောက်စိမ်းဘုရားကို ညအချိန် ရောက်သွားသည်။ ‘ဓာတ်ပုံရိုက်ကြဦးမလား’ ဆိုသည့် အမေးနှင့်အတူ အနားကို အမြန်ဓာတ်ပုံဆရာတစ်ယောက် ရောက်လာ သည်။ ကိုယ့်မှာ ကင်မရာပါသော်လည်း ဧည့်သည်ကလေးငယ်က သူ့ပုံကို ‘ခုချက်ချင်း ကြည့်ချင်ပါသည်’ ဆို၍ အမြန်ဆရာနှင့် တစ်ပုံနှစ်ပုံ ရိုက်ပေးလိုက်ရသည်။ ‘ခုခေတ်က လူတိုင်းမှာ ဖုန်းကင်မရာတွေနဲ့ဆိုတော့ မင်းတို့ ဓာတ်ပုံလုပ်ငန်းက အဆင်ကောပြေကြရဲ့လား’ မေးမိတော့ ‘ဒီလိုပါပဲဘုရား’ ဟု သူက ဆိုသည်။ လွယ်အိတ်ထဲက ကင်မရာကို ထုတ်ပြီး ဝန်းကျင်ရှုခင်းကို လေးငါးကွက် ရိုက်မိချိန်မှာ သူက ‘ဦးဇင်းမှာလည်း ကင်မရာပါသားပဲ’ ဟု ဆိုလာသည်။ ‘ဒီလိုပါပဲကွာ’ ဟု သူ့ကို ပြန်ပြောခဲ့မိသည် ထင်ပါသည်။