သမိုင်းဖြစ်စဉ်ဆိုသည်မှာ လူ့လောက၏ မြေဧရိယာအတွက် တိုက်ပွဲဖြစ်စဉ်သာဖြစ်ကြောင်း၊ ထို့ကြောင့် သုတေသနပြုမှုသည် မြေဧရိယာမျက်နှာစာမှနေ၍ စတင်ရမည်ဖြစ်ကြောင်း ကနဦး ပထဝီနိုင်ငံရေးဆရာတို့က ရှုမြင်ခဲ့ကြသည်။ သမိုင်းသည် ဇာတ်ကောင်များ၏ ဇာတ်စင်ကို မေ့လျော့ထားရာ ပထဝီနိုင်ငံရေးပညာကမူ ဇာတ်စင်ကို ရှေ့တန်းသို့ရောက်အောင် ပို့ပေးသည်ဟု ၎င်းတို့က ယုံကြည်သည်။
အစောပိုင်း ပထဝီနိုင်ငံရေးဆရာတစ်ဦးဖြစ်သော ဂျာမန်လူမျိုး ပထဝီဝင်ပါမောက္ခ ဖရက်ဒရစ်ရက်ဇယ် (၁၈၄၄-၁၉၀၄) က တင်ပြခဲ့သော ပထဝီနိုင်ငံရေးသဘောတရားတစ်ရပ်ရှိသည်။ ရက်ဇယ်၏ အယူအဆသည် ‘အင်အားကြီးသူ အနိုင်ယူစတမ်း မူဝါဒ’ (Winer Take All) အရ သန်စွမ်းသောမျိုးစိတ်များ ကြီးထွားရန် မြေနေရာလိုအပ်မှုအပေါ် အခြေခံ၍ ထွက်ပေါ်လာခဲ့သည်။ သင့်တော်သော သဘာဝပတ်ဝန်းကျင်တွင် တည်ရှိသည့် နုပျိုသောနိုင်ငံသည် ယင်း၏နယ်နိမိတ်ကို ချဲ့ထွင်နိုင်ပြီး အင်အားကြီးနိုင်ငံဖြစ်လာနိုင်သည်ဟု ဆိုသည်။ ရက်ဇယ်၏ အယူအဆများသည် ကုန်းမြေကိုအခြေခံသည့် ယူဆချက်များသာ ဖြစ်သောကြောင့် ရက်ဇယ်၏ ပထဝီနိုင်ငံရေးသဘောတရားကို Land Power သီအိုရီဟု ဆိုနိုင်သည်။ ထို့ပြင် ပါမောက္ခရက်ဇယ်၏ နယ်ချဲ့သဘောတရားရေးများသည်လည်း ကုန်းမြေပေါ်တွင် အခြေပြု၍ ကုန်းမြေနယ်ချဲ့မှု သဘောတရားများပင် ဖြစ်နေကြောင်း တွေ့ရသည်။
ပါမောက္ခရက်ဇယ် တင်ပြခဲ့သော နယ်ချဲ့နိယာမ ခုနစ်ချက်ရှိသည်။ ၎င်းတို့မှာ (၁) နိုင်ငံများ၏ မြေဧရိယာသည် ယဉ်ကျေးမှုဖွံ့ဖြိုးမှုအလိုက် တိုးတက်လာသည်။ (၂) နိုင်ငံ၏ ကြီးထွားမှုအလိုက် ကုန်သွယ်ရေး၊ အတွေးအခေါ်၊ အယူအဆ၊ သံတမန်လှုပ်ရှားမှု စသည်တို့ ဖွံ့ဖြိုးတိုးတက်လာသည်။ (၃) နိုင်ငံများသည် သေးငယ်သော ယူနစ်များကို သိမ်းပိုက်ခြင်း၊ ပေါင်းစပ်ခြင်းဖြင့် ကြီးထွားလာကြသည်။ (၄) နယ်စပ်ဒေသများသည် နိုင်ငံ၏ အဖျားစွန်ပြဒါးတိုင်ဖြစ်ပြီး နိုင်ငံအတွင်း ကြီးထွားမှု၊ အင်အားပြောင်းလဲမှု စသည်တို့၏ အရိပ်နိမိတ်ကို ညွှန်ပြသည်။ (၅) ကြီးထွားမှုဖြစ်စဉ်တွင် နိုင်ငံသည် ကမ်းရိုးတန်းများ၊ မြစ်ဝှမ်းများ၊ လွင်ပြင်များ၊ ပစ္စည်းအင်အား ကြွယ်ဝသောဒေသများ စသည့်နိုင်ငံရေးအရ တန်ဖိုးရှိသောဧရိယာများကို သိမ်းသွင်းရန် ကြိုးပမ်းသည်။ (၆) နယ်ပယ်ကြီးထွားရေးအတွက် ပထမကြိုးပမ်းမှုမှာ ဝေးရပ်မြေရှိ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော ဒေသက ခေတ်နောက်ကျသောနိုင်ငံကို သိမ်းပိုက်ခြင်းဖြစ်သည်နှင့် (၇) ပေါင်းစပ်မှု၏ ယေဘုယျလမ်းကြောင်းသည် တစ်နိုင်ငံမှ တစ်နိုင်ငံသို့ နယ်ချဲ့မှုအလားအလာများ ဖြစ်ပေါ်စေပြီး သောက်လေသောက်လေ ငတ်မပြေဆိုသကဲ့သို့ ဆက်လက်နယ်ချဲ့မှုကို ဖြစ်ပေါ်စေသည်တို့ဖြစ်သည်။
ရက်ဇယ်၏ ပထဝီနိုင်ငံရေးဆိုင်ရာ အယူအဆများအရ အပြည်ပြည်ဆိုင်ရာနယ်နိမိတ်သည် ယာယီမျှသာဖြစ်ကြောင်း၊ အင်အားကြီးသောနိုင်ငံများက ပတ်ဝန်းကျင်မှ အင်အားနည်းသောနိုင်ငံများကို သိမ်းသွင်းရမည်ဖြစ်ကြောင်း၊ ဤနည်းဖြင့် ကမ္ဘာပေါ်တွင် အင်အားကြီးမားသော နိုင်ငံအနည်းငယ်သာ ကျန်ရမည်ဖြစ်ကြောင်း၊ ၎င်းတို့အချင်းချင်း ကမ္ဘာကြီးတစ်ခုလုံးကို စိုးမိုးရေးအတွက် တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်းနှင့် ဤသည်မှာ တိုးတက်ခြင်း၏ နိယာမဖြစ်ကြောင်း ပြဆိုထားသည်ကို သိရသည်။
ရက်ဇယ်၏ သဘောတရားတွင် (၁) ပြန့်ကျဲတည်ရှိနေသော ကိုလိုနီများကို ပိုင်စိုးသည့် ပင်လယ်အင်အားကြီးနိုင်ငံ၏ ခေတ်ကာလသည် ကုန်ဆုံးမည်ဖြစ်ပြီး ကုန်းမြေအင်အားကြီးနိုင်ငံကသာ လွှမ်းမိုးအောင်ပွဲခံမည်။ (၂) လွှမ်းမိုးနိုင်ရေးအတွက် ကြိုးပမ်းလျှင် စစ်မက်ခင်းပြီး အောင်ပွဲခံရန်မဟုတ်ဘဲ အတွင်းသို့ ဝင်ရောက်ပူးကပ်ချေဖျက်ပြီး အောင်ပွဲခံရန်ဖြစ်သည်။ (၃) အင်အားကြီးမားရန် နယ်မြေချဲ့ရန်မလို၊ ယဉ်ကျေးမှုနှင့် အတတ်ပညာပိုင်းတွင် ခေတ်မီတိုးတက်ရန် ကြိုးပမ်းမှုသာ အဓိကဖြစ်သည်။ (၄) နိုင်ငံတစ်ခု အင်အားတိုးတက်ရန်မှာ ပြည်ပတွင် ကောင်းမွန်သော သဘာဝနယ်ခြားများရှိပြီး ပြည်တွင်း၌ စည်းလုံး ညီညွတ်ရန်လိုသည်နှင့် (၅) အပြိုင်အဆိုင်ဖြစ်နေသော ကမ္ဘာကြီးတွင် ကြာရှည်စွာတည်တံ့နိုင်ရန် တန်ခိုးအင်အားကြီးရန်လိုအပ်ပြီး ယဉ်ကျေးမှုသည် ဆက်လက်ရှင်သန်ကြီးထွားရန်အတွက် နေရာလိုအပ်သောကြောင့် ပတ်ဝန်းကျင်မှ အင်အားနည်းသော ယဉ်ကျေးမှုများကို ချေမှုန်း၍ နေရာချဲ့ထွင်ရမည်ဟူသည့် အချက်များလည်း ပါဝင်သည်။
ယနေ့ခေတ်သစ်တွင် အင်အားကြီးနိုင်ငံတို့၏ နယ်ချဲ့ဝါဒနှင့် ပထဝီနိုင်ငံရေးတွင် Hard Power အစား Soft Power ကို ပို၍တွင်ကျယ်စွာ ပြောင်းလဲကျင့်သုံးလာသော်လည်း ပထဝီနိုင်ငံရေးဆရာ ပါမောက္ခ ဖရက်ဒရစ်ရက်ဇယ်၏ သဘောတရားများမှာမူ သတိပြုဖွယ်ဖြစ်နေဆဲပင်ဖြစ်ကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။
ဒီဇင်ဘာ ၁၆ ရက်နေ့ထုတ် The Daily Eleven သတင်းစာ၏ အယ်ဒီတာ့အာဘော်